Tuesday, January 1, 2013

Bum Re Bum တွင် မြန်မာအစိုးရတပ်နှင့် KIA တပ် ညအချိန်ထိ တိုက်ပွဲဖြစ်ပွားနေ

(ကချင်သတင်းဌာန)


KIO/KIA ဗဟိုဌာနချူပ် လိုင်ဇာမြို့ လုံခြုံရေးအတွက် အရေးကြီးသော Bum Re Bum တောင်တွင် ယနေ့နံနက်မှစပြီး ညအချိန်ထိ မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ကြား တိုက်ပွဲများပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း KIA ရှေ့တန်းသတင်းရပ်ကွက်မှပြောသည်။

Bum Re Bum တောင် KIA အမာခံစခန်း သို့ ယမန်နေ့ တနင်္ဂနွေနေ့မှစပြီး အစိုးရစစ်ကြောင်းများ ထိုးဖောက်ဝင်ရောက်လာသည်ဟု KIA ကဆိုသည်။


ကောင်းကင်းမှ ဂျက်တိုက်လေယာဉ်များနှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များ၏ အဆက်မပြတ် ဗုံးများ၊ ဓာတုအဆိပ်ငွေ့ဗုံးများ ကျဲချပြီး စက်သေနတ်များ ပစ်ကူပေးနေချိန် အစိုးရ မြေပြင်တပ်များ Bum Re Bum တောင်ပေါ်သို့ ချီတက်လာခြင်းကြောင့် KIA တပ်များ ၎င်းတို့၏စခန်းများမှ ဆုတ်ခွာပေးခဲ့ရသည်ဟု ရှေ့တန်းမှ KIA အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

Bum Re Bum မှ အစိုးရတပ်များကို မောင်းထုတ်ရန် ကြိုးပမ်းမှုအနေဖြင့် KIA တပ်များ ယနေ့နံနက်မှ ယခုညအချိန်ထိ တိုက်ခိုက်နေကြောင်း သိရသည်။

ဒီဇင်ဘာ၂၈ ရက်နေ့မှစ၍ မြန်မာအစိုးရတပ်သည် ဂျက်တိုက်လေယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အသုံးပြုပြီး ခြေလျှင်တပ်အင်အား ၃၀၀၀ ကျော်ဖြင့် KIO/KIA ဗဟိုဌာနချူပ် လိုင်ဇာကို တိုက်ခိုက်နေခြင်း ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။