Saturday, January 19, 2013

အပစ်ရပ် အစိုးရသတင်း ထုတ်ပြန်ချက်နဲ့ မြေပြင်တိုက်ပွဲများ အားပြိုင် လျက်ရှိ

(စည်းလုံးခြင်းရဲ့အင်အား)


အစိုးရက တပ်မတော်ကို (၁၈-၁-၂၀၁၃) ယနေ့မှစပြီး တစ်ဖက်သတ် အပစ်ရပ်ခိုင်း လိုက်ကြောင်း မြန်မာ့အသံနဲ့ မြဝတီ ရုပ်မြင်သံကြားတို့မှ သတင်း ထုတ်ပြန်ရေး အဖွဲ့က သတင်း ထုတ်ပြန်ခဲ့တာကို သိရှိရပါတယ်။ အစိုးရသတင်း ကြေငြာပြီးတာ သိလိုက်ရလို့ သာဓု ခေါ်လို့မှ မပြီးဆုံးသေး ပါ။ စိတ်မချမ်းမြေ့ဖွယ် တိုက်တိုက်ဆိုင်ဆိုင် ရှေ့တန်းစစ်မျက်နှာမှ သတင်း ဝင်လာပါတယ်။ ဒါကတော့ စည်းလုံးခြင်းရဲ့ အင်အားဝက်ဘ်ဆိုဒ် သို့ စစ်မြေပြင် တိုက်ပွဲဝင်နေတဲ့ KIA တပ်များထံမှ တိုက်ပွဲများ ပြင်းပြင်း ထန်ထန် ဆက်လက် ဖြစ်ပွားလျက် ရှိနေသေးကြောင်း သတင်းဖြစ်ပါ တယ်။ KIA စစ်တပ်မှ တိုက်ပွဲဝင်နေတဲ့အရာရှိ စစ်သည်များက သတင်း ပေးပို့လာပါတယ်။

KIA အကြပ်။  ။ “ကျွန်တော်တို့ ယနေ့ စခန်းထိုင်နေတဲ့ Bum Re Bum စခန်းကို အစိုးရတပ်က လေကြောင်းပစ်ကူ သုံးပြီး ပြင်းပြင်းထန်ထန် တိုက်လာတယ် ဗျ။ တိုက်လေယာဉ် ဝမ်းဗိုက်မှာ အနီရောင်ဖြစ်ပြီး ကိုယ် ထည်က အဖြူရောင်ဖြစ်တယ်။ ဒီနေ့ နေ့လည် ၁၅း၄၅ နာရီမှာ တိုက် လေယာဉ် ရောက်လာပြီး စခန်းတစ်ခုလုံးကို ဗုံးကြဲချတော့တာပဲ ဗျာ။ ညနေ ၁၇း၀၀ နာရီထိ ဆက်တိုက်ဆိုသလို တိုက်လေယာဉ် သုံး ခေါက် ထက်မနည်း စိစိညှက်အောင် ဗုံးတွေ ကြဲချတာပဲဗျာ။”


အယ်ဒီတာ။          ။ “ကျွန်တော်တို့ ယခုသိထားတာက အစိုးရက တစ်ဖက်သတ် အပစ်ရပ်ပြီးပြောတယ်။ အခု တိုက်ပွဲတွေ ဖြစ်နေတော့ အံ့ဩမိတယ်။ နှစ်ဖက်အင်အားနဲ့ စခန်းအခြေအနေ ရှင်းပြပေးပါ။ စစ်မျက်နှာ တစ်ခုလုံး အစိုးရတပ်တွေ နံပါတ်သိရရင် ပြောပါ။”

၁၈ ရက်နေ့ Bum Re Bum စခန်းပေါ်သို့ ဖြတ်ကျော် ဗုံးကြဲသွားသော တိုက်လေယာဉ် (ဓာတ်ပုံ - eedynews)

KIA အကြပ်။  ။ “အစိုးရတပ်က အင်အားခန့်မှန်း (၁၀၀၀) ကျော်ရှိတယ် ဗျ။ မကွေး အခြေစိုက် တပ်မ ၈၈ နှင့် ပခုက္ကူ အခြေစိုက် တပ်မ ၁၀၁ တပ်တွေ ပါတယ်လို့ သိရတယ်။ ကျွန်တော်တို့ စခန်း အင်အားကတော့ ခန့်မှန်း ၃၀၀ ခန့် ရှိမယ်။ လေယာဉ်နဲ့ ဗုံးကြဲတာ မခံနိုင်လို့ ကျွန်တော်တို့ ယခုဘဲ စခန်းက ဆုတ်ပေးလိုက်ရတယ်။ သူတို့က သတ္တိရှိရင် လေကြောင်းပစ်ကူ မသုံးဘဲ ခြေလျင်တပ်နှင့် တိုက်ဖို့ကောင်းတယ်။ ယှဉ်တိုက်ရဲတယ်။”
အယ်ဒီတာ။          ။ “ကျသွားတဲ့ စခန်းတွေနဲ့ လက်ရှိစခန်း အခြေ အနေ ရှင်းပြပေးပါ။”

KIA အကြပ်။  ။ “အင်အားခြင်း မမျှလို့ ကျသွားတဲ့ စခန်းတွေကတော့ Bum Re Bum၊ M Tnt Bum၊ ဝိုင်းမော်ပို့ စခန်းသုံးခု ဖြစ်တယ်။ လဂျားယန်စခန်းနှင့် လိုင်ဇာအကြားရှိ တောင်ကြော တစ်လျှောက်မှာရှိတယ်။ အကွာအဝေးအားဖြင့် လဂျားယန်စခန်းနှင့် လိုင်ဇာအကြား သုံးပုံတစ်ပုံ နေရာမှာ ရှိနေတယ်။ စခန်းတစ်ခုနဲ့ တစ်ခုဆက်နေတယ်။ ကျွန်တော်တို့ ကြံ့ကြံ့ခံ တိုက်ပွဲဝင်နေတဲ့ ခံစစ် စခန်းတွေကတော့ Hka Ya Bumနဲ့ Htun Tyel Bum၊ စခန်းနှစ်ခုဖြစ် တယ်။ ယခု သတင်းပို့နေတုန်းမှာဘဲ သူတို့(အစိုးရတပ်) သိမ်းလိုက်တဲ့ Bum Re Bum မှာ အမြောက်တင်ပြီး ကျွန်တော်တို့ ခံစစ်စခန်းတွေကို ဆက်ပစ်နေတယ် ဗျ။”

အယ်ဒီတာ။          ။ ယခု တရုတ်နိုင်ငံကလည်း အစိုးရနှင့် KIA ကို နှစ်ဖက်အပစ်ရပ်ဖို့ တိုက်တွန်းတဲ့ ကြေငြာချက် ထုတ်ရမှာ အစိုးရဘက်ကို တင်းမာတဲ့ အသုံးနှုန်းတွေနဲ့ ထုတ်တာတွေ့ရတယ်။ သူတို့နယ်ထဲမှာ အမြောက်ကျည်ဆံ ရောက်လို့ ဒေါကန်နေပြီး ဖိအားပေးတဲ့ သဘောဖြစ် တယ်။ ပြည်သူ့လွှတ်တော်ကလည်း အရေးကြီး အဆို တင်သွင်းပြီး နှစ်ဖက် အပစ်ရပ်ဖို့နဲ့ ဆွေးနွေးကြဖို့ တိုက်တွန်းနေပြီး ဖြစ်ပါတယ်။ အခုလို သတင်း ပေးပို့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘုရားသခင် ကျေးဇူးတော်ကြောင့် ငြိမ်းချမ်းရေး အမြန်ဆုံး ရပါစေ။

အစိုးရရဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ ကြေညာချက်အရ တပ်မတော်က အပစ်ရပ်မှု စနေနေ့ မနက် (၆) နာရီကစလို့ စတင် သက်ရောက်မှု ရှိသည်ဟို ဆိုရသော်လည်း စစ်မြေပြင်အခြေအနေအရ ခန့်မှန်းရခက် နေပြီး မြေပြင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေတဲ့ ဖြစ်စဉ်များအရ စစ်ရေးအသာစီး ရရှိမှုကို အခွင့်ကောင်းယူကာ လိုင်ဇာမြို့ကို ထိန်း ချုပ်နိုင်ရေးအတွက် KIA ခံစစ်ကုန်းများကို အောင်မြေချဲ့တွင် အမြတ် ထုတ် စစ်ဆင်ရေး လုပ်နိုင်တယ်လို့ စစ်ဖက်နီး စပ်သူများက သုံးသပ်ကြ ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။