Thursday, January 10, 2013

ကချင်ပြည်နယ် ဟိုပင်တွင် ပေါက်ကွဲမှုဖြစ်ပွား၊ ရဲဝန်ထမ်း တစ်ဦး သေဆုံး


(Democratic Voice of Burma)


ကချင်ပြည်နယ် ဟိုပင်မြို့နယ်နဲ့ နန်းခွင်ဘူတာကြား ကြာကြီးကွင်းရွာနားမှာ မနေ့ည ၁၀ နာရီကျော်က ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး နဘား-မြစ်ကြီးနားကို သွားတဲ့ ကုန်တင်ရထား အမှတ် ၄၉ ကို ထိမှန်တဲ့အတွက် ရဲဝန်ထမ်း ၁ ဦး သေဆုံးခဲ့ပါတယ်။


“ဟိုပင်နဲ့ မြစ်ကြီးနားသွားတဲ့ နဘားခေါက်ပြန်ဆိုတဲ့ ရထား ၅ တွဲ တွဲချော်တယ်။ ပါလာတဲ့ ရဲတပ်သား ကိုမြင့်နိုင် သေသွားတယ်။ ဒဏ်ရာရ စာရင်း အတိအကျ မသိဘူး။ စက်ခေါင်းရဲ့ အနောက် ၃ တွဲမြောက်က စကွဲတာ။ အဲမှာ လူစီးတွဲ ပါလာတယ်လေ၊ အဲက စကွဲတာပေါ့။”



ရထားလာတဲ့အချိန် မိုင်တိုင်အမှတ် ၆၅၄ နားမှာ ကွက်တိပေါက်ကွဲခဲ့တာ လို့ ရထားဝန်ထမ်းနဲ့ ဒေသခံတွေ ခန့်မှန်းပြောဆိုကြပါတယ်။


ဟိုပင်မြို့အနီးမှာ ပစ်ခတ်မှုတွေ မရှိခဲ့ပေမယ့်လည်း အစိုးရတပ်ဘက်က ပစ်ခတ်ခြောက်လှန့်တာတွေ လုပ်လေ့ရှိတဲ့အတွက် မြို့နယ်ထဲ လှုပ်ရှား နေတဲ့ ကေအိုင်အေနဲ့ တိုက်ပွဲ အချိန်မရွေးဖြစ်မှာကို စိုးရိမ်ပြီး ဒေသခံ တွေဟာ ည ၇ နာရီ နောက်ပိုင်း အပြင်ထွက်သူ မရှိသလောက်ပဲလို့ ဒေသခံက ဆိုပါတယ်။


ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတ ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒု-၀န်ကြီး ဦးရဲထွဋ်ကလည်း ဇန်န၀ါရီ ၉ ရက်နေ့ မနက် ၅ နာရီ ၁၅ မိနစ်က နဘားဘူတာကနေ ထွက်ခွာလာတဲ့ နဘား-မြစ်ကြီးနား အမှတ် ၄၉ အဆန်ရထားဟာ ည ၁၀ နာရီ ၅ မိနစ်မှာ မိုင်းခွဲတိုက်ခိုက်ခံရပြီး လူစီးတွဲ ၂ တွဲ၊ တိရစ္ဆာန်တင် ကုန်တင်တွဲ ၂ တွဲနဲ့ ကုန်စုံတင်တွဲ ၁ တွဲ လမ်းချော်ခဲ့တယ်။ အစောင့်ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ခရီးသည် ၂ ဦး ဒဏ်ရာရတယ်လို့ သူ့ရဲ့ ဖေ့စ်ဘုတ် အင်တာနက်စာမျက်နှာမှာ ဖော်ပြ ထားပါတယ်။


အခုလပိုင်းအတွင်း ကချင်ပြည်နယ်ထဲ ပြေးဆွဲနေတဲ့ မီးရထားတွေ မကြာခဏ ဗုံးခွဲတိုက်ခိုက်ခံရပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၁ ရက်နေ့က မိုးညှင်းမြို့နယ် နမ္မားဘူတာအနီး ဗုံးခွဲမှုမှာ ရထားမောင်းသူ ၁ ဦးနဲ့ ခရီးသည် ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။


၂၀၁၂ ခု၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ညမှာလည်း မိုးညှင်းဘူတာအနီး အုတ်ကျင်းရပ်ကွက်ထဲက ရထားသံလမ်းပေါ်မှာ ဗုံးပေါက်ကွဲပြီး ရထားလမ်း ပျက်စီးကာ ကုန်တင်ရထား ခရီးစဉ် နှောင့်နှေးစေခဲ့ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။