Tuesday, January 22, 2013

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဖန်သုံးသပ်ခြင်း (စ ဆုံး)


အောင်ထူး (ရှေ့နေ)

“ကချင်စစ်ပွဲကို ဒေါ်အောင်ဆန်းစုကြည် ဥပက္ခာပြုမထားသင့်တော့ပါ။ တပြည်လုံး ပြည်တွင်းငြိမ်းချမ်းရေးအတွက် စတင်လှုပ်ရှားရန် အခွင့်အလမ်းအနေဖြင့် မှတ်ယူပြီး အမြန်ဆုံး အရေးယူဆောင်ရွက်သင့်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ တာဝန်ယူထားသော ဥပဒေစိုးမိုးရေးကော်မတီကို အသုံးချဆောင်ရွက်ရန် ကြိုးပမ်းနိုင်လျှင် သင့်လျော်ပါမည်။ ဘယ်အလုပ်ကို လုပ်ပါဟု သမ္မတ ဦးသိန်းစိန်က တာဝန်ပေးမှ ဥပဒေစိုးမိုးရေးကော်မတီအနေဖြင့် အလုပ်လုပ်၍ ရနိုင်မည်ဟူလျှင်မူ ဥက္ကဌနေရာမှ အမြန်ဆုံး ထွက်သင့်ပါသည်။ လူထုက အားကိုးသော ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ကြီးသည် အစိုးရ၏ ခိုင်းဖတ်မဖြစ်သင့်ပါ။ မိမိကိုယ်တိုင်၏ လွတ်လပ်သော ဦးဆောင်မှုဖြင့် ကမကထပြု ဖော်ဆောင်ခြင်းသည်သာ အသင့်မြတ်ဆုံး ဖြစ်ပါမည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတဖြစ်နိုင်ပါမည်ဟူ၍ မက်လုံးချပေးထားသည်ကို ဟုတ်ယောင်နိုးနှင့် စစ်ခေါင်းဆောင်များ မနှစ်သက်မှာ စိုးရိမ်သဖြင့် တိုင်းပြည်နှင့်လူထုအတွက် လက်တွေ့နှင့် အမြန်ဆုံး လိုအပ်နေသော ငြိမ်းချမ်းရေးကိစ္စများအား လက်ရှောင်တာမျိုးဖြစ်လျှင် မသင့်တော်ပါ။”


စာရေးသူသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်အရ မဆက်ဆံခဲ့ဖူး သော်လည်း ယုံကြည်ချက်အတွက် သူမ၏
စွန့်လွှတ်အနစ်နာခံခဲ့မှု များအား လေးစားအသိအမှတ်ပြုသူဖြစ်သည်။ ကမ္ဘာသိခေါင်းဆောင် တဦး ပေါ်လာပြီဟူ၍ သူမအတွက် ဂုဏ်ယူသူများအနက်တွင်လည်း တဦးအဖြစ် ပါဝင်သည်။ မိမိအနေဖြင့် မီဒီယာများတွင် အကြောင်း အမျိုးမျိုးဖြင့် အကြိမ်ပေါင်းများစွာ ပြောဆို၊ ရေးသားခဲ့ဖူးသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် စပ်လျဉ်း၍ တကြိမ်မျှ မဝေဖန်ခဲ့ဖူးပါ။ ဘီဘီစီသို့ ယခု ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်တွင် ပေးခဲ့သော အင်တာဗျူး တွင်မူ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်ချင်သည် ဟူသော ပြောဆိုချက်နှင့် စပ်လျဉ်း၍ အနည်းငယ် စတင်ထောက်ပြခဲ့ သည်။ အင်တာဗျူးကို ဤတွင် နားဆင်ပါ။

- အင်တာဗျူး နားဆင်ရန် click

(အင်တာဗျူးသည်လည်းကောင်း၊ ဤဆောင်းပါးသည်လည်းကောင်း မိမိတဦးတည်း၏ အမြင်သာဖြစ်သည်။ မည်သည့် အဖွဲ့အစည်းကိုမျှ ကိုယ်စားမပြုပါ။)

ယခုမူ သူမကိုယ်တိုင်သာမက လူထုပါ စဉ်းစားနိုင်အောင် တစုံတရာ ထုတ်ဖော်ဝေဖန်သင့်သောအချိန် ရောက်ပြီဟု ယူဆသဖြင့် ဤဆောင်းပါးတွဲတစုံ ကို ရေးသားလိုက်ခြင်းဖြစ်သည်။ အမှားအမှန် တိုင်းတာရန် မလွယ်ကူလှသည့် နိုင်ငံရေးအမြင်၊ မျှော်မှန်းချက်၊ ရပ်တည်ချက်များအပေါ် အခြေခံ၍ ဝေဖန်မည် မဟုတ်ပါ။ အခိုင်အမာ ပြောနိုင်သည့် “ဥပဒေစိုးမိုးရေး” [i] ရှုထောင့်မှ အပြုသဘောဖြင့်သာ တင်ပြပါမည်။

“တိုင်းပြည်” [ii] အတွက် ဟူသော စကားလုံးကို မသုံးချင်ပါ။ ယင်းကို သုံး၍ စစ်အစိုးရအဆက်ဆက်က လူထုအပေါ် အမျိုးမျိုး ဖိနှိပ်ခဲ့၊ ဖိနှိပ်ဆဲ ဖြစ်၍ပင်။ တိုင်းရင်းသားပေါင်းစုံလူထုအကျိုးအတွက် ရိုးသားစွာ ဝေဖန်ခြင်းဖြစ်ပါမည်။

မိမိ၏ ဤဝေဖန်ရေးဆောင်းပါး ထွက်သွားပြီးနောက်တွင် ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်လုပ် ထောက်ခံမည့် လူထုများအနက် အချို့ထံမှ တိုက်ခိုက်မှုများ ပေါ်လာလိမ့်မည်ဟု မျှော်လင့်ထားပြီးဖြစ် သည်။ ယင်းသို့ ပေါ်လာလျှင်လည်း မိမိအနေနှင့် မည်သို့မျှ ပြန်လည် တုံ့ပြန် မည် မဟုတ်ပါ။ သူ့အမြင် ကိုယ့်အမြင် တင်ပြခြင်းဟုသာ သဘော ထားပါမည်။ အရာကိစ္စများကို တချိန်တွင် သမိုင်းက အဆုံးအဖြတ်ပေး ပါမည်။

စာရေးသူ၏ အမြင်ကို ပွင့်ပွင့်လင်းလင်း တင်ပြပါမည်။ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဤပုံစံအတိုင်း ဆက်လက် ဦးဆောင်လျှောက် လှမ်းပါက မြန်မာနိုင်ငံတွင် ဥပဒေစိုးမိုးရေး ရရန် ဝေး၍ တရားမျှတမှုပင် ဖော်ဆောင်နိုင်မည်မဟုတ် ဟူသည်ပင်။

 “ဥပဒေစိုးမိုးရေး” နှင့် “ တရားမျှတမှု” [iii] တို့ကို ဘယ်လို နှိုင်းယှဉ်လေ့ လာမလဲ။

ဥပဒေစိုးမိုးရေး၏ အခြေခံမှာ ပြစ်မှုကျူးလွန်သူကို အဓိကထားသည်။ တရားမျှတမှု၏ အခြေခံမှာ ပြစ်မှုကျူးလွန်ခံရသူအား အဓိကထားသည်။ ဥပဒေစိုးမိုးရေးကို တကယ်တမ်း လိုက်နာကျင့်သုံးလျှင် ပြစ်မှုကျူး လွန်သူအား အပြစ်ပေးကို ပေးရပါမည်။ ရှောင်လွှဲ၍ မရပါ။ ပြစ်မှုကျူး လွန်သူအား အပြစ်ပေးရေးမူကို ကျင့်သုံးခြင်းမှာ ထိုသူအား အာဃာတ ထားလို၍ မဟုတ်။ အပြစ်ပေးခြင်းအားဖြင့် ပြစ်မှုကျူးလွန်သူကိုယ်တိုင် နောင်တရသွားစေခြင်သည့်အပြင် အခြားသူများကလည်း သင်ခန်းစာ ယူ၍ နောင်ကို အလားတူ ပြစ်မှုများ ထပ်မံ မကျူးလွန်စေရန် ဟန့်တား လို၍ ဖြစ်သည်။ ထို့အပြင် ပြစ်မှုကျူးလွန်သူအား အပြစ်ပေး၍ မရ လောက် အောင် ဟန့်တားထားသည့် ဥပဒေအခြေခံများ၊ တည်ဆဲ မတရားဖိနှိပ်သည့် ဥပဒေများကို ပြင်ဆင်၊ ဖျက်သိမ်းရပါမည်။

အခြေအနေအကြောင်းကြောင်းကြောင့် ပြစ်မှုကျူးလွန်သူကို အပြစ်ပေး နိုင်ခြင်းမရှိပါက “တရားမျှတမှု” ကို ရှာဖွေရပါသည်။ ဤတွင် အနည်းဆုံး အားဖြင့် ပြစ်မှုကြီးများ ဖြစ်ပွားခဲ့ပုံများနှင့် စပ်လျဉ်း၍ အမှန်တရားကို ဖော်ထုတ်ရသည်။ နောင် အလားတူပြစ်မှုများ ဆက်လက်ဖြစ်ပွား လာလျှင် ထိရောက်စွာ အရေးယူနိုင်စေရန် တိုင်းပြည်အုပ်ချုပ်ရေးယန္တရား အဆောက်အအုံများကို ပြင်ဆင်ဖွဲ့စည်းရသည်။ ပြစ်မှုကျူးလွန်ခံခဲ့ရသူ များ၏ ဘ၀နစ်နာမှုများအား အသိအမှတ်ပြု၊ ပြုပြင်ကုစား၊ လျော့ပါးသက် သာအောင် လုပ်ပေးရပါသည်။

“ဥပဒေစိုးမိုးရေး” ရှုထောင့်

ဝမ်းနည်းဖွယ်ကောင်းသည်မှာ လူထုထောက်ခံမှုကိုသာမက နိုင်ငံတကာ ၏ အသိအမှတ်ပြုမှုကိုပါ အကြီးအကျယ်ရနေသော ဒေါ်အောင်ဆန်း စုကြည်သည် ဥပဒေစိုးမိုးရေး စကားလုံးကို ထပ်ခါတလဲလဲ သုံးနေ သော်လည်း ယင်းကို ရည်ညွန်း၍ ပြစ်မှုကျူးလွန်သူအား အပြစ်ပေးရေးကို မည်သည့်အခါတွင်မျှ ဇောင်းမပေးခဲ့။ တည်ဆဲ မတရားဖိနှိပ်သည့် ဥပဒေ များ ဖျက်သိမ်းရေးကို ထိထိရောက်ရောက် မတောင်းဆိုခဲ့။ လူထု၏ အခွင့်အရေးကို အကာအကွယ်မပေးဘဲ အစိုးရအာဏာပိုင်များ၏ လုပ်ပိုင်ခွင့်ကို တိုးမြှင့်၊ စစ်အာဏာရှင်များနှင့် စီးပွားဘက် ခရိုနီကြီးများ ဆက်လက် ကြီးပွားတိုးတက်စေမည့် ဥပဒေများအား လွှတ်တော်မှ ဟောတခု၊ ဟောတခု ပြဌာန်းနေသည်ကို ထိုင်၍ အတည်ပြုပေး လျက် ရှိနေသည်။ ဤပုံအတိုင်း ဆက်သွားပါက “ဥပဒေစိုးမိုးရေး” ဟူသည်မှာ အသံသာရှိပြီး အဆံမရှိသည့် အမြောက်ထက် ပိုနိုင်ဖွယ် မမြင်။ စစ် အာဏာရှင်များ ကြံ့ခိုင်ကြီးထွားလာသော်လည်း လူထု အင်အား ချည့်နဲ့သည်ထက် ချည့်နဲ့လာရုံကလွဲ၍ ဘာမှ ဖြစ်လာမည် မဟုတ်။

“တရားမျှတမှု” ရှုထောင့်

ဒေါ်အောင်ဆန်းစုကြည်သည် တရားစီရင်ရေးယန္တရားမှစ၍ တိုင်းပြည် လုံခြုံရေးတပ်ဖွဲ့များဖြစ်သည့် တပ်မတော်၊ ရဲ၊ ထောက်လှန်းရေး၊ လုံခြုံမှု ထိန်းသိမ်းရေးတပ်ရင်း စသည့် တိုင်းပြည်အုပ်ချုပ်ရေးယန္တရား အဆောက်အအုံဟောင်းများအား ပြင်ဆင်ဖွဲ့စည်းရန် တိတိကျကျ လှုံ့ဆော်သည်ကို တကြိမ်တခါမျှ မကြားမိ။ ဖိနှိပ်ရေးယန္တရားဟောင်း များသည် အုံနှင့်၊ ကျင်းနှင့်၊ ထုနှင့်၊ ထည်နှင့် ဆက်လက် တည်ရှိဆဲဖြစ် သည်။ တိုင်းပြည်အုပ်ချုပ်ရေးယန္တရားများကို သုံး၍ အတင်းအကျပ်ပြုနိုင် ခွင့်အာဏာ [iv] သည် ဥပဒေစိုးမိုးရေးအတွက် ဖြစ်ရပါမည်။ စစ်အာဏာ ရှင်များအတွက် မဖြစ်စေရပါ။ ယခုမူ ပြောင်းပြန်ဖြစ်နေဆဲပင်။

သာဓကအားဖြင့် သံဃာတော်များအား မီးလောင်တိုက်သွင်းရာ၌ မြေပြင်တွင် ဦးဆောင် အကောင်အထည်ဖော်ခဲ့သော စစ်ကိုင်းတိုင်း ရဲမှူးကြီး ဦးစန်းယုသည် ဒုတိယဗိုလ်မှူးကြီးဟောင်းတဦး ဖြစ်သည်ဟု ကြားရသည်။ ဤသတင်းမှန်လျှင် ရဲတပ်ဖွဲ့၏ သမာသမတ်ဖြစ်မှု [v]  မှာ များစွာ သံသယဖြစ်ဖွယ်ရှိပါသည်။ စစ်ခေါင်းဆောင်များ ကြီးစိုးထားသော အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ (ကာလုံ) က ဦးစန်းယု အား တိုက်ရိုက် အမိန့်ပေး ဖြိုခွဲခိုင်းခဲ့သည်ဟု မှတ်ယူနိုင်သည်။
သို့ဖြစ်ပါက တိုင်းပြည်အုပ်ချုပ်ရေးယန္တရားများအနက် အရေးကြီးသော ရဲတပ်ဖွဲ့အား လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်သည့် အဆောက်အအုံ တခု ဖြစ်လာအောင် တည်ဆောက်နိုင်ရေးအတွက် နည်းလမ်းမျိုးစုံ ရှာဖွေရာ၌ လက်ပံတောင်းတောင်မှုခင်းမှ မည်သည့် သင်ခန်းစာယူ မည်နည်း။ စစ်ခေါင်းဆောင်ဟောင်းများအား တပြည်လုံးရှိ ရဲတပ်ဖွဲ့၏ အချက်အချာကျသော နေရာများအားလုံးမှ ဖယ်ရှားလိုက်ရန်ပင်။ ယင်းမှာ “တရားမျှတမှု” ကို ရှာဖွေရာ၌ အခြေခံအားဖြင့် ဆောင်ရွက်ရမည့် “တိုင်းပြည်အုပ်ချုပ်ရေး ယန္တရားများ ပြုပြင်ပြောင်းလဲရေး” [vi] လုပ်ငန်း ၏ အရေးကြီးသော ခြေလှမ်းတရပ်လည်း ဖြစ်ပါမည်။

ဥပဒေစိုးမိုးရေးအရ ပြစ်ကျူးလွန်သူကိုလည်း အပြစ်မပေးနိုင်၊ “တရား မျှတမှု” အခြေခံတွင် “တိုင်းပြည်အုပ်ချုပ်ရေးယန္တရားများ ပြုပြင်ပြောင်း လဲရေး” ကိုမျှ မလုပ်နိုင်ပါက နောင်ကို အလားတူပြစ်မှုမျိုး ထပ်မံမဖြစ်ပွား အောင် မည်သို့ကာကွယ်မည်နည်း။ သို့ဖြစ်လျှင် သံဃာတော်များသည် ယခု မီးလောင်ဗုံးနှင့် အပစ်ခံရပြီး နောင်ကို ဒုံးကျည်နှင့်ပါ အပစ်ခံရဖို့ရှိ သည်။

စစ်အာဏာရှင်စနစ်အောက်၌ တနိုင်ငံလုံးတွင် သန်းတချို့မျှရှိမည့် လူထုကြီးသည် အတိဒုက္ခရောက်ခဲ့သည်။ အထူးသဖြင့် မြန်မာ မဟုတ် သည့် တိုင်းရင်းသား အမျိုးသား အမျိုးသမီး မြောက်မြားလှစွာ ပြစ်မှုကြီး များ ကျူးလွန်ခံခဲ့ကြရသည်။ ပေါ်တာဆွဲ၊ မုဒိန်းကျင့်၊ လူမဆန်စွာ နှိပ်စက်ညှဉ်းပန်း၊ လူသတ်၊ စားရေရိက္ခာများ ဖျက်ဆီး၊ ကျေးရွာပေါင်း သုံးထောင်ကျော် မီးရှို့ခံခဲ့ရသည်ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့ကြီးက စနစ်တကျ သတင်းအချက်အလက် စုဆောင်း အစီရင်ခံစာ တင်သွင်းထားခဲ့ပြီးဖြစ်သည်။ [vii] ယင်းအစီရင်ခံစာမှာ ၂၀၀၈ ခုနှစ် အထိသာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သဖြင့် ၂၀၀၉ မှ ၂၀၁၂ ခုနှစ်အတွင်း ထပ်မံကျူးလွန်ခဲ့သည့် ပြစ်မှုကြီးများ မပါသေးပါ။

ဒေါ်အောင်ဆန်းစုကြည်သည် အထူးသဖြင့် တိုင်းရင်းသားလူထုများ ခံစားခဲ့ရသည့်ပြစ်မှုကြီးများနှင့် စပ်လျဉ်း၍ “ဥပဒေစိုးမိုးရေး” ရှုထောင့်မှ မချည်းကပ်နိုင်သည့်တိုင် “တရားမျှတမှု” ရှုထောင့်မှ ချည်းကပ်လိမ့် မည်ဟု မျှော်လင့်ခဲ့သည်။ သို့ရာတွင် ယင်းမှာလည်း ယခုအချိန်အထိ ဖြစ်မလာသေးပါ။

စစ်အစိုးရအဆက်ဆက်က ကျူးလွန်ဖြစ်ပွားခဲ့သော ပြစ်မှုကြီးများနှင့် စပ်လျဉ်း၍ အမှန်တရား ပေါ်ထွက်လာအောင်သော်လည်းကောင်း၊ ဘ၀ဆုံးရှုံးခဲ့ကြသော တိုင်းရင်းသားလူထုများအား တိုင်းပြည်က နည်း လမ်း တကျ အသိအမှတ်ပြု၊ ပြုပြင် ကုစား၊ ထိုက်သင့်သည့် လျော်ကြေး များပေး၊ အခြားနည်းများဖြင့်ပါ ၄င်းတို့၏ နစ်နာမှုများ လျော့ပါးသက်သာ အောင် လုပ်ဆောင်ရန်ကိုသော်လည်းကောင်း ဒေါ်အောင်ဆန်း စုကြည်သည် ယခုအချိန်အထိ တိတိကျကျ ဦးဆောင်လှုပ်ရှားမှုမပြုခဲ့ပါ။ ဘယ်တော့ ဦးဆောင်မည်ကိုလည်း မမျှော်လင့်နိုင်။ လေသံမျှပင် မဟသေး၍ ဖြစ်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဥပဒေစိုးမိုးရေး

၁၉၈၈ ခုနှစ်တွင် စစ်တပ်က ထပ်မံအာဏာသိမ်းပြီးနောက်ပိုင်းတွင် တိုင်းရင်းသားပေါင်းစုံလူထုအပေါ် ပြစ်မှုကြီးပေါင်းများစွာကို ဆက်တိုက် ကျူးလွန်နေခဲ့ချိန်မှာပင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ နိုင်ငံရေး ပါတီ အဖွဲ့အစည်း အတော်များများကလည်း “အမျိုးသားပြန်လည် သင့်မြတ်ရေး” [viii] ဟူသည်ကို လွှင့်တင်လာခဲ့ကြသည်။ သို့ရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း စာနှင့် ရေးသားကာ တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်ကို မတွေ့ရ။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဥပဒေစိုးမိုးရေးနှင့် ဆက်စပ်၍ ရှင်းလင်းထားသည်ကို မမြင်ရ။

အမျိုးသားပြန်လည်သင့်မြတ်ရေး ဟူသည်ကို ဥပဒေစိုးမိုးရေးအခြေခံမှ တည်ဆောက်မည်လား။ တရားမျှတမှု ရှာဖွေရေး အခြေခံမှ တည် ဆောက် မည်လား။ စစ်အစိုးရအာဏာပိုင်များ၏ လုပ်ဆောင်ခဲ့မှုများနှင့် စပ်လျဉ်း၍ ပြစ်မှုကြီးများ ကျူးလွန်ခဲ့မှုများ အပါအ၀င် အတိတ်က ဖြစ်ပျက်ပြီးခဲ့သမျှ ကိစ္စရပ်များအားလုံးကို ပြည်ဖုံးကားချလိုက်ပြီး ဘာတခုမျှ အရေးယူဆောင်ရွက်မှု မပြုတော့ဘူးလား။ သို့မဟုတ် တစုံတရာ အရေးယူဆောင်ရွက်သွားမည်လား။

အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်၍ သင်ပုန်းချေသွားမည် ဆိုလျှင်လည်း လူသားဖြစ်မှုကို ဆန့်ကျင်ကျူးလွန်သည့် ပြစ်မှု [ix]၊ လူမျိုးတုံးသတ်ဖြတ်မှု [x]၊ စစ်ရာဇ၀တ်မှုများ [xi] ဟူသည့် နိုင်ငံတကာ ရာဇ၀တ်မှုကြီးများကိုပါ အရေးမယူတော့ဘူးလား။ အဆိုပါ ပြစ်မှုကြီး သုံးမျိုးမှာ နိုင်ငံတကာဥပဒေအရ ပြစ်မှုကျူးလွန်သူအား လွတ်ငြိမ်းခွင့်ပေး ၍ရသော ပြစ်မှုမျိုး မဟုတ်သဖြင့် ယင်းတို့အား အမျိုးသားပြန်လည်သင့် မြတ်ရေးရှုထောင့်မှ မည်သို့ ကိုင်တွယ်မည်နည်း။ သို့မဟုတ်လျှင် နိုင်ငံ တကာရာဇ၀တ်မှုကြီးများ မပါဘဲ ပြည်တွင်းပြစ်မှုများကိုသာ ရည်ညွှန်း မှာလား။

ပြစ်မှုကျူးလွန်သူများကို အကြောင်းကြောင်းကြောင့် အရေးမယူနိုင်ဟု ယူဆလျှင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အပံ့ဖြစ်စေ ရေးအတွက် တခုခု စီစဉ်ဆောင်ရွက်မည်လား။ စစ်အစိုးရခေတ်အဆက် ဆက်တွင် ပြစ်မှုကြီးများ ကျူးလွန်ခံခဲ့ရသူ လူထုများအား အသိအမှတ်ပြု သည့်အနေဖြင့် ၄င်းတို့၏ စာရင်းကို မှတ်တမ်းကောက်ယူမှာလား။ သို့မဟုတ် ဘာတခုမှ လုပ်ဆောင်ခြင်းမပြုတော့ဘဲ သည်အတိုင်း မေ့ထား၊ ပြည်ဖုံးကားချထားခဲ့တော့မည်လား။

လုံးဝ ပြည်ဖုံးကားချထားခဲ့လျှင် အမျိုးသားပြန်လည်သင့်မြတ်ရေး ဟူ သည်မှာ စစ်ခေါင်းဆောင် ဟောင်းသစ်တစုနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးခေါင်းဆောင်တစု အတွင်းတွင်သာ ပြန်လည် သင့်မြတ်ရေးသဘော ဆောင်နေမည်ဖြစ်သောကြောင့် တနိုင်ငံလုံး အတိုင်းအတာ လူထုအသွင်လက္ခဏာဆောင်အောင် (အထူးသဖြင့် အခံခဲ့ရဆုံးဖြစ်သော တိုင်းရင်းသားလူထုများ ကျေနပ်အောင်) မည်သည့် နည်းနာများဖြင့် ဖော်ဆာင်မည်နည်း။

ပြစ်မှုကြီးများ ကျူးလွန်ခံရ၍ ဘ၀နစ်နာပျက်စီး ဆုံးရှုံးခဲ့ကြရသူများကို မည်သည့် မှတ်တမ်းမျှ မကောက်ယူတော့ဘဲ သည်အတိုင်း ထားခဲ့၍ မရနိုင်ဘူးလား။ တိုင်းပြည်အနေဖြင့် မှတ်တမ်းတင် စနစ်တကျ အသိ အမှတ်ပြုခြင်းအားဖြင့် ပြစ်မှုကျူးလွန်ခံခဲ့ရသူများ၏ ကျန်ရစ်သူမိသားစု များ စိတ်ဖြေသိမ့်နိုင်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူဖြစ်နိုင်မည်လား။ မှတ်တမ်းကောက်ကူမည်ဆိုလျှင် လည်း မည်သည့်ခေတ်မှ စတင်၍ ကောက်မည်နည်း။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်းခေတ်မှ စတင်မည်လား။ ၁၉၈၈ ခုနှစ် ဗိုလ်ချုပ်မှူးကြီး စောမောင်ခေတ်မှ စတင်မည်လား။ မှတ်တမ်းရရှိပြီးလျှင် ဘ၀နစ်နာဆုံး ရှုံးခဲ့သူများအား မည်မျှလောက် အတိုင်းအတာအထိ ပြန်လည် ကုစား ပေးနိုင်မည်နည်း။ မည်သို့ ပြန်လည်ကုစားမည်နည်း။ ကုစားခြင်းအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အကျိုးရှိမည်လား။ ဘာမျှ မကုစားဘဲသည်အတိုင်း ထားလျှင်လည်း အမျိုးသားပြန်လည်သင့်မြတ် ရေးအတွက် မထိခိုက်ဟု ယူဆနိုင်မလား။
အမျိုးသားပြန်လည်သင့်မြတ်ရေး ဟူသည်နှင့် စပ်လျဉ်း၍ ဘာတခုမျှ ရေရေရာရာ မသိသော မေးခွန်းပေါင်း သောင်းခြောက်ထောင် ရှိနေသည်။ အတိတ်က ဖြစ်ပျက်ပြီးခဲ့သမျှ ကိစ္စရပ်များ ဟူရာတွင်လည်း ကာလ အပိုင်း အခြား အကန့်အသတ်နှင့် စပ်လျဉ်း၍ မည်သူမျှ တိတိကျကျ မသိ။ မည်သည့်နှစ်၊ လ၊ နေ့ရက်ကို နောက်ဆုံးထားပြီး ကျူးလွန်ပြီးခဲ့ သမျှ ပြစ်မှုကြီးများအပေါ် အရေးယူဆောင်ရွက်မည်မဟုတ်ကြောင်း၊ လွတ်ငြိမ်းခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ မည်သည့် နှစ်၊ လ၊ ရက်မှ ကျော်လွန်လျှင်မူ အမျိုးသားပြန်လည်သင့်မြတ်ရေးရှုထောင့်မှ မစဉ်းစားတော့ဘဲ ဥပဒေစိုးမိုးရေး အခြေခံမှနေ၍ ပြစ်မှုကျူးလွန် သူမှန်သမျှကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း စသဖြင့် သတ်မှတ်ထားခြင်းလည်း မတွေ့ရ။

သို့ဖြစ်၍ စစ်အစိုးရအာဏာပိုင်များအနေဖြင့် မျက်မှောက်အချိန်တွင် လည်းကောင်း၊ အနာဂတ်တွင်လည်းကောင်း လူထုအပေါ် မည်သို့ပင် ပြစ်မှုကြီးများ ဆက်လက် ကျူးလွန်နေသော်လည်း ၄င်းတို့အား အရေးယူ အပြစ်ပေးရေးကို ရှေ့တန်းမတင်ဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေး အမြင်အရ အစဉ်တစိုက် ခွင့်လွှတ်သွားရမည့် သဘောဆောင် လျက်ရှိ သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လျက်ရှိသော အမျိုးသားပြန်လည် သင့်မြတ်ရေးမှာ ရည်ရွယ်ချက်ကောင်းမွန်သော်လည်း တိတိကျကျ ဖော်ညွှန်းကျင့်သုံးခြင်း မရှိခဲ့သဖြင့် စကတည်းက ဥပဒေစိုးမိုးရေး အခြေခံနှင့် ဆန့်ကျင်လာခဲ့သည်။ သို့ဖြင့် မည်သည့်အရာမှန်း တိတိ ကျကျ မသိရသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကာလအကန့် အသတ်မရှိ ဆက်၍ ဆက်၍ ကျင့်သုံးလေလေ ဥပဒေစိုးမိုးရေးကို လှိုက်၍ လှိုက်၍ ဖျက်ဆီးလာလေ ဖြစ်နေသည်။ ဥပဒေစိုးမိုးရေး ကင်းမဲ့သော နိုင်ငံတွင် မည်သို့လျှင် ပြည်တွင်းငြိမ်းချမ်းရေး ရမည်နည်း။ ဥပဒေစိုးမိုး ရေးလည်း မရှိ၊ ပြည်တွင်းငြိမ်းချမ်းရေးလည်း မရှိလျှင် လူထု၏ စီးပွားရေး တိုးတက်မှုကို မည်သို့ မျှော်မှန်းနိုင်အံ့နည်း။

ဒေါ်အောင်ဆန်းစုကြည်သည် ဖြစ်ပြီးခဲ့သမျှ လူထုဘ၀ နစ်နာမှုများ အားလုံးကို ပြည်ဖုံးကားချထားခဲ့ပြီလား။

ပြစ်မှုကြီးပေါင်း မြောက်မြားစွာ ကျူးလွန်ခံခဲ့ရသည့် တိုင်းရင်းသား လူထုများသည် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူများ မဟုတ်ဘူးလား။ သူမအနေဖြင့် ခရီးရှည် ခရီးတိုများစွာ ထွက်ခဲ့သည့်အနက် မဲဆွယ်ခရီး၊ စည်းရုံးရေးခရီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ဆောက်ရေးခရီး များသာ များပြားနေပြီး ပြစ်မှုကြီးများ ကျူးလွန်ခံခဲ့ရသည့် တိုင်းရင်းသား လူထုများကို သွားရောက်တွေ့ဆုံသည့်ခရီးမျိုး ဘာကြောင့်မထွက်သလဲ။ စစ်အာဏာရှင်များ ငြိုငြင်မည်ကို စိုးရိမ်သောကြောင့် အမျိုးသားပြန် လည်သင့်မြတ်ရေးဟူသည့် လှပသော စကားလုံးအောက်တွင် လူထုဘ၀နစ်နာမှုများအားလုံးကို လုံးဝပင် ပြည်ဖုံးကားချထားခဲ့ပြီလား။

အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ကူးပြောင်းရာတွင် ဖြစ်ပြီးခဲ့သမျှ အားလုံးကို ပြည်ဖုံးကားချ၊ ဘာတခုမျှ အရေးယူ ဆောင်ရွက်မှုမပြုခြင်း သည် “ဥပဒေစိုးမိုးရေး” နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ရုံသာမက လူထုအတွက် “တရားမျှတမှု” ပင် မမျှော်မှန်းနိုင်တော့ ဟူသည်ကို ဒေါ်အောင်ဆန်းစုကြည် မသိတာလား။ မသိယောင်ဆောင်နေတာလား။ သူမကဲ့သို့ ပညာတတ်ခေါင်းဆောင်သည် မသိတာတော့ မဖြစ်နိုင်။ မသိယောင်ဆောင်နေတာဟုလည်း မပြောရက်ပါ။ ယခု ဤသို့ ပြောရမည့် အခြေသို့ ရောက်နေပါသည်။ ဘာကြောင့်ပါလဲ။ စစ်အာဏာ ရှင် သစ်၊ ဟောင်းများနှင့် ထိပ်တိုက်မတွေ့လို၍သာ ဖြစ်မည်ဟု သုံးသပ် ပါသည်။ ယခု သူမ လျှောက်လှမ်းနေသော လမ်းကြောင်းမှာ စစ်အစိုးရ နှင့် အဖိနှိပ်ခံ လူထုနှစ်ဘက်၏ ကြားမှာနေ၍ စေ့စပ်ဖြန်ဖြေရေး [xii] ဖြစ်နေသည်။ နှစ်ဘက်လုံးမှနေ၍ သူမအပေါ် အမုန်းမပွားစေဘဲ မေတ္တာ ခံယူသွားနိုင်စေမည့် လမ်းကြောင်းမျိုးဖြစ်သည်။ သူမအတွက်တော့ ကောင်းခြင်ကောင်းပါမည်။ လူထုအတွက် လုံးဝမကောင်းပါ။

စာရေးသူ မျှော်လင့်ခဲ့သည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် လူထုရှေ့၌ မားမားမတ်မတ် ရပ်ပြီး ၄င်းတို့ ဆုံးရှုံးနေသော အခွင့်အရေးအများ အတွက် ခိုင်ကျည်စွာ ရပ်တည်တောင်းဆို တိုက်ပွဲဝင်သွားလိမ့်မည်ဟူ၍ ဖြစ်သည်။ ယခု ယင်းသို့ ဖြစ်မလာပါ။ “ဥပဒေစိုးမိုးရေး” ပျက်သည့် အခြေအနေကြီးတခုလုံးကြောင့် ပေါ်ပေါက်သည့် လူထုဘ၀ ခံစားမှု များကို ဒေါ်အောင်ဆန်းစုကြည်သည် ကွက်ကွက်ကွင်းကွင်း ထောက်ပြ၊ ပြတ်ပြတ်သားသား လှုပ်ရှားဆောင်ရွက်သည်ကို မတွေ့ရပါ။

“ဥပဒေစိုးမိုးရေး” ပျက်ခြင်းနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည် တဦးထဲမှာ တာဝန်ရှိသလား။ အခြားလူထုတွေမှာရော တာဝန်မရှိဘူးလား။

ဤမေးခွန်းကို မေးဖွယ်ရှိသည်။ လူထုများ၏ တာဝန်ကို သိစေချင်၍ အားလုံး လေ့လာခွင့်ရအောင် ဤဆောင်းပါးကို ရေးခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို အဓိက ရည်ညွှန်းရခြင်းမှာ သူမ တဦး တည်းက လူထုခေါင်းဆောင်နေရာတွင် ရယူထား၍ ဖြစ်သည်။ ခေါင်း ဆောင်က ဥပဒေစိုးမိုးရေးမျက်နှစာတွင် ထိရောက်စွာ ခေါင်းမဆောင် သည့်အခါ လူထုအနေဖြင့် ထိုးဖောက်ကျော်တက်ပြီး လုပ်၍ မရနိုင်သည့် အခြေအနေကို တွေ့မြင်နေရ၍ဖြစ်သည်။

စာရေးသူ၏ ဆောင်းပါးတခုတွင်တွင် ပုံနှိုင်းရာ၌ အစိုးရမှာ ကျားကြီး၊ လူထုက ယုန်ကလေး ဖြစ်နေသဖြင့် အစိုးရ၏ အာဏာကို ထိန်းညှိနိုင် သည့် ညီမျှခြေ လူထုတွင် ရှိလာစေရန် လူထုအား ယုန်ကလေးများဘ၀မှ ဆင်ကြီးဖြစ်လာအောင် အသွင်းပြောင်းဖို့လိုကြောင်း တင်ပြခဲ့သည်။ စင်စစ်အားဖြင့်မူ လူထုယုန်ကလေးများအနက် ခေါင်းဆောင်တင်လိုက် သည့် တကောင်မှာမူ ဆင်ကြီးဘ၀သို့ ပြောင်းလဲခဲ့ပြီးဖြစ်သည်။ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည်ပင်။ ယင်းဆင်ကြီးသည် ရှေ့မှာ မားမားရပ်ပြီး နှာမောင်းကြီးကို မြှောက်၊ ဖွေးဖွေးဖြူ ကြံ့ခိုင်သော မိမိ၏ အစွယ်ကြီးကို ပင့်လျက် ကျားကြီးကို ရဲရဲတင်းတင်း ရင်ဆိုင်ကာ ယုန်ကလေးများကို ကာကွယ်စောင့်ရှောက်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။

သို့ရာတွင် ယင်းသို့ ပြုရမည့်အစား ကံမကောင်းစွာပင် ဆင်ကြီးသည် ကျားကြီး၏ ကျောကို နှာမာင်းကြီးနှင့် ပွတ်သပ်ကာ အကျွမ်းတ၀င် ပြုလျက်ရှိသည်။ ကျားကြီး မည်သို့တော်ကြောင်း ချီးမွမ်းခန်းတွေ တခုပြီး တခု ဖွင့်နေသည်။ နောက်တွင် ကပ်ရက်ပါရှိနေသော ယုန်ကလေးများ ကိုမူ မိမိ၏ အမြီး ကလေးမျှသာ လှုပ်ခါပြပြီး ချော့မြူထားသည်။ နှစ်သိမ့်ထားသည်။ ဆင်ကြီးက လမ်းပိတ်ထားသဖြင့် ယုန်ကလေးများ ကလည်း ရှေ့ကို ဆက်မတက်နိုင်။ လူထုမှာ ယုန်ကလေးများဘ၀မှာပင် ရှိနေသေးသဖြင့်လည်း ကျားဆွဲမည့် အန္တရာယ်ကို ကြောက်နေရဆဲရှိ သေး သည်။ ဤသည်မှာ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေဟု စာရေးသူ ရှုမြင်သည်။

ရည်ညွှန်းချက်များ

[i] The Rule of Law
[ii] State
[iii] Justice
[iv] Enforcement power
[v] Neutrality of police
[vi] Institutional reform
[vii] Amnesty International Report: Crimes Against Humanity in Eastern Myanmar; June, 2008.
[viii] National Reconciliation
[ix] Crime against humanity
[x] Genocide
[xi] War crime
[xii] Mediation

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဖန်သုံးသပ်ခြင်း - အပိုင်း (၂)


ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် လှုပ်ရှား ဆောင်ရွက်နိုင်သူအဖြစ် အသိအမှတ်ပြုကာ နိုဗယ်ဆု ရထားခြင်းဖြစ် သည်။ ဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌလည်း ဖြစ်သည်။ ဥပဒေစိုးမိုးရေး မရှိလျှင် မည်သည့်အခါတွင်မျှ ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်ကြောင်း သူမ အသိဆုံးပင်။ သို့ပါလျက် သိန်းနှင့်ချီသည့် ကချင်လူထုများ စစ်ပြေး ဒုက္ခသည်ဖြစ်နေသည်အထိ မီးဟုန်းဟုန်းတောက်နေသည့် ကချင်ပြည် တွင်းစစ်ကို ဥပဒေစိုးမိုးရေးရှုထောင့်မှနေ၍ ချဉ်းကပ်ဆောင် ရွက်ခြင်း မရှိသေးသည်မှာ ၀မ်းနည်းဖွယ်ဖြစ်သည်။

လက်ရှိ ကချင်ပြည်တွင်းစစ်ကို အရေးယူဆောင်ရွက်ရင်း တပြည်လုံး ငြိမ်းချမ်းရေးအတွက် ဖော်ဆောင်နိုင်မည့် အခွင့်အလမ်း ရှိနေပါလျက် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် လူထုခေါင်းဆောင်သည် အဘယ်ကြောင့် လုံးဝပင် ငြိမ်သက်တိတ်ဆိတ်နေသည်ကို နားမလည်ပါ။ ပြည်တွင်းငြိမ်း ချမ်းရေးပြသနာအား ဥပဒေစိုးမိုးရေးနှင့် ဆက်စပ်ဆွေးနွေးပါမည်။ ဥပဒေ၏သဘော အခြေခံမှ စတင် တင်ပြပါမည်။

လူ့အဖွဲ့အစည်း၊ လူမှုဗေဒနှင့် ဥပဒေ

ဥပဒေသည် လူ့အဖွဲ့အစည်းအတွင်းရှိ အရာကိစ္စတိုင်းကို မလွှမ်းခြုံပါ။ နေရာတကာတွင် ဥပဒေနှင့် ဖြေရှင်း၍မရ၊ ဖြေလည်း မဖြေရှင်းသင့်ပါ။ သို့ရာတွင် ဥပဒေအား လူ့အဖွဲ့အစည်းက မွေးထုတ်ပေးလိုက်သဖြင့် ဥပဒေပြဿနာများ [i] အား စဉ်းစားသုံးသပ်ရာတွင် လူ့အဖွဲ့အစည်း [ii] နှင့် ကင်းကွာ၍ မရပါ။ ဥပဒေသည် လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်း တရပ်မျှသာ ဖြစ်သည်။

လူ့အဖွဲ့အစည်းက ဥပဒေကို လွှမ်းမိုးသည်။ တချိန်တည်းမှာပင် လူ့အဖွဲ့ အစည်းက ဥပဒေအပေါ် မှီလည်း မှီခိုရသည်။ သို့ဖြစ်၍ လူ့အဖွဲ့အစည်းနှင့် ဥပဒေသည် နီးကပ်သည့် ဆက်ဆံရေး [iii] ရှိသည်။ လူ့အဖွဲ့အစည်း အကြောင်းကို လေ့လာသည့် လူမှုဗေဒပညာ [iv] နှင့် ဥပဒေ [v] သည် ဆက်စပ်လျက်ရှိသည်။ တချိန်တည်းမှာပင် ယင်းနှစ်ခုသည် သီးခြားစီ လည်း ဖြစ်သည်။ လူမှုဗေဒပညာက ကျယ်ပြန့်၍ ယျေဘုယျဆန်သည်။ လူ့အဖွဲ့အစည်းတခုလုံးကို လေ့လာသည်။ ဥပဒေက ကျဉ်းမြောင်း၍ တိကျသည်။ လူ့အဖွဲ့အစည်း၏ လူမှုနိုင်ငံရေးရှုထောင့်များ [vi] မှသာ လေ့လာသည်။ ဥပဒေက အခိုင်အမာ အချက်အလက်ရှိသော ဖြစ်ရပ်များ ကိုသာ စူးစိုက်သည်။ အခိုင်အမာ အချက်အလက် မရှိသည့် ဖြစ်ရပ်များ ကို မစူးစိုက်။ လူမှုဗေဒပညာက နှစ်ခုလုံး [vii] ကို စူးစိုက်သည်။

မြန်မာနိုင်ငံ၏ တိုင်းရင်းသားအရေးကို လူမှုဗေဒနှင့် ဥပဒေအခြေခံများမှ မည်သို့ ချဉ်းကပ်မည်နည်း။

ပြည်ထောင်စု တည်ဆောက်ခြင်း၊ ပြည်ထောင်စု တည်ဆောက်ရာမှာ ပါဝင်ခြင်း၊ ညီညွတ်ခြင်း၊ ပြိုကွဲခြင်း၊ ပေါင်းစည်းလိုစိတ်ရှိခြင်း၊ ခွဲထွက် လိုစိတ်ရှိခြင်း ... စသည်တို့အား လူ့အဖွဲ့အစည်းတခုလုံး တည်ရှိနေသည့် အနေအထားများအပေါ်တွင် အခြေပြု၍ လူမှုဗေဒပညာက လေ့လာ သည်။ အင်္ဂလိပ်နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးအတွက် တိုက်ပွဲ ၀င်နေစဉ် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်စည်းရုံးမှုအရ လူများစုဖြစ် သည့် မြန်မာများနှင့် အတူတကွ လွတ်လပ်ရေး အရယူရန် ရှမ်း၊ ကချင်၊ ချင်း ... စသည့် တိုင်းရင်းသားများက ဆုံးဖြတ်ခဲ့ကြသည်။ ဤအခြေ အနေကြီးတရပ်လုံးမှာ လူမှုဗေဒနှင့် ဆိုင်သည်။ ဥပဒေနှင့် အကျုံးမ၀င် သေးပါ။ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကို စုပေါင်း လက်မှတ်ရေးထိုး လိုက်ကြသောအခါ ယင်းစာချုပ်သည် လူမှုဗေဒအရ လူ့အဖွဲ့အစည်း၏ အဆင့်အမြင့်ဆုံး သဘောတူညီချက် ဖြစ်သွားခဲ့သည်။ ဤအဆင့်အထိ လည်း ဥပဒေ၏ အခန်းကဏ္ဍ မပါသေးပါ။

ပင်လုံစာချုပ်ကို လက်တွေ့အရ မည်သို့ အကောင်အထည်ဖော်မည်နည်း ဟူရာတွင်မူ ဥပဒေကိစ္စ ဖြစ်လာသည်။ လူ့အဖွဲ့အစည်း၏ အဆင့်အမြင့် ဆုံး သဘောတူညီချက်ကို စနစ်တကျ ဖော်ဆောင်ရေးအတွက် ဥပဒေ၏ အခန်းကဏ္ဍ လိုအပ်လာသည်။ ပင်လုံစာချုပ်ကို ဖော်ဆောင်နိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်နှင့် အခြားလိုအပ်သော ဥပဒေတစုံလုံးကို အတည်ပြုကျင့်သုံးရပါမည်။ ယင်းသို့ အတည်ပြုပြီးသော ဥပဒေများကို ပြန်လည်မှီခိုကာ လူ့အဖွဲ့အစည်းတရပ်လုံး လည်ပတ်စေရပါမည်။ ဤသည်မှာ မြန်မာနိုင်ငံ လက်တွေ့အရ လူ့အဖွဲ့အစည်းနှင့် ဥပဒေဆက် စပ်လည်ပတ်မှု ဖြစ်သည်။ လူမှုဗေဒ သဘောအရ ပြည်ထောင်စုတခုလုံး တည်ဆောက်မှု၏ အခြေခံသည် ပင်လုံစာချုပ်ဖြစ်သည်။ ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်တွေ့ အကောင်အထည်ဖော်ရမည့် ဥပဒေများသည် ယင်းစာချုပ်၏ အခြေခံကို ဆန့်ကျင်၍ မရပါ။

ပင်လုံစာချုပ်ကို ဘက်နှစ်ဘက်မှ ရှုမြင်ဖို့ လိုသည်။ တဘက်တွင် ပြည် ထောင်စုအဖွဲ့ဝင်အဖြစ် ပါဝင်သည့် ပြည်နယ်များ၏ တာဝန်ဖြစ်သည်။ ပြည်ထောင်စုအဖွဲ့ဝင်အဖြစ် ပါဝင်ရန် သဘောတူလိုက်သည့်အချိန်တွင် လွတ်လပ်သည့် သီးခြားနိုင်ငံ တည်ထောင်ခွင့်ကို လက်လွှတ်လိုက် ရသည်။ အခြားတဘက်တွင် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ၏ အခွင့်အရေး ဖြစ်သည်။ စာချုပ်အရ ပြည်နယ်တခုစီအတွင်းတွင် ဒီမိုကရေစီအခွင့်အရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခွင့်အရေးနှစ်ရပ် ပေးရသည်။ ဤနှစ်ခုလုံးကို တပြိုင်နက် ထိန်းသိမ်းနိုင်မှသာ ပင်လုံစာချုပ် ကို ဖော်ဆောင်ခြင်းဖြစ်ပါမည်။

လက်ရှိအချိန်တွင် မည်သည့်တိုင်းရင်းသားအင်အားစုမျှ လွတ်လပ်သည့် သီးခြားနိုင်ငံ တည်ထောင်ရန် တိုက်ပွဲဝင်နေခြင်းမရှိပါ။ တိုင်းရင်းသားများ သည် ပင်လုံစာချုပ်၏ ဘက်တဘက်ကို လိုက်နာနေပြီးဖြစ်သည်။ ပြဿနာ မှာ တန်းတူရေးအပေါ် အခြေခံသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ နိုင်ငံရေးအခွင့်အရေးများအား တိုင်းရင်းသားများ မရရှိသေးခြင်းဖြစ်သည်။ တိုင်းရင်းသားများအနေဖြင့် ယင်းအခွင့်အရေး များ မရမချင်း ပြည်တွင်းစစ်မီးကို ငြှိမ်းနိုင်မည် မဟုတ်ပါ။

တိုင်းရင်းသားများအတွက် နိုင်ငံရေးအခွင့်အရေး ရရှိရေးနှင့် အပစ်ရပ်ရေး ဘယ်ဟာ အရေးကြီးသလဲ။ အပစ်ရပ်လိုက်ရုံမျှနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရမည်လား။

လူထုအများစု၏ နားလည်မှုမှာ အပစ်ရပ်လျှင် ပြည်တွင်းငြိမ်းချမ်းရေး ရမည်ကဲ့သို့ ဖြစ်နေသည်။ “အပစ်အခတ် ချက်ချင်းရပ်” ဟူသည့် ဆန္ဒပြ တောင်းဆိုမှုအချို့ကို တွေ့ရသည်။ တိုက်ပွဲများ မဖြစ်စေလိုသည့်အတွက် စေတနာကောင်းနှင့် တောင်းဆိုသူ လူထုများ၏ ဆန္ဒကို လေးစားရပါ မည်။ သို့ရာတွင် တိုင်းရင်းသားများ တောင်းဆိုနေသော နိုင်ငံရေးအခွင့် အရေးကို ပထမဦးစွာ ပေးအပ်ဖို့ လိုသည်။ အပစ်ရပ်ရေးမှာ ဒုတိယ ဦးစားပေးသာ ဖြစ်သင့်သည်။

ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) သည် ၁၇ နှစ်တာ အပစ်ရပ်ခဲ့သည်။ သို့ရာတွင် မည်သည့် နိုင်ငံရေးအခွင့်အရေးမျှ မရခဲ့ပါ။ ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်ဖြစ်လာခဲ့ပြီးနောက် ကေအိုင်အို အနေဖြင့် ပင်လုံစာချုပ်ကို ကိုးကားလျက် ကချင်အမျိုးသားများ အပါ အ၀င် တိုင်းရင်းသားများ ရသင့်သည့် နိုင်ငံရေးအခွင့်အရေးများ ရရှိရေး အတွက် အဓိက ဆွေးနွေးရန် တောင်းဆိုလာခဲ့သည်။ စာရေးသူသည် ကချင်လူမျိုးမဟုတ်၊ မြန်မာတဦးသာဖြစ်သည်။ စာရေးသူအနေဖြင့်မူ ကေအိုင်အို၏ တောင်းဆိုချက် လမ်းမှန်သည်ဟု ယူဆသည်။ တနှစ်ခွဲ ကြာသွားခဲ့ပြီဖြစ်သော်လည်း ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသည် ကေအိုင်အိုက တောင်းဆိုသည့် နိုင်ငံရေးဆွေးနွေးမှုကို တိတိကျကျ မလုပ်၊ တရားဝင် မလုပ်။ ဟိုလိုလို သည်လိုလိုနှင့် အချိန်ဆွဲလာခဲ့သည်။

အခြားတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများမှာ လည်း အလားတူပင် ဖြစ်သည်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အလွတ်သဘော တွေ့ဆုံမှုများဖြင့်သာ ချွေးသိပ်ထားခဲ့သည်။ မည်သည့် အဖွဲ့၏ တောင်းဆိုချက်ကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းကာ ဥပဒေပါ အခွင့်အရေးအဖြစ် ပြဌာန်းပေးလိုက်သည်ဟူ၍ တကြိမ်တခါမျှ မရှိ။ ၂၀၀၈ ဖွဲ့စည်းပုံကို မထိမခိုက် ထားရှိပြီး ယင်း အောက် ကိုသာ တနည်းမဟုတ်တနည်းနှင့် ဆွဲသွင်းရန် အစိုးရက တဘက်က ကြိုးစားလာခဲ့သည်။ အခြားတဘက်က အပစ်အခတ် ရပ်စဲရေး ကိုသာ ဖိအားပေးခဲ့သည်။ ကေအိုင်အိုကို တိုက်နေသော စစ်တွင် ဦးသိန်းစိန်အစိုးရ၏ နည်းဗျူဟာရည်မှန်းချက်မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရေးအတွက် စစ်ရေးအရ ဖိအားပေးရန် ဖြစ်သည်။ မဟာဗျူဟာ ရည်မှန်းချက်မှာ ကချင်ပြည်နယ်အတွင်းရှိ မြေယာကို ထင်သလို စီမံခန့်ခွဲခွင့်ရရန်၊ အဓိကအားဖြင့် ဖားကန့် ကျောက်စိမ်းမြေကို ပြန်လည်ထိန်းချုပ် အမြတ်ထုတ်ရန်ဖြစ်သည်။

ကချင်စစ်ပွဲ

ဒီဇင်ဘာလ ၁၄ ရက်နေ့ကပင် ၁၂၀ နှင့် ၁၀၅ မီလီမီတာ လက်နက်ကြီး များ၊ စစ်ရဟတ်ယာဉ်များကို သုံးကာ အစိုးရစစ်တပ်က လိုင်ဇာကို ထိုးစစ်ဆင်ခဲ့သည်။ ခရစ်စမတ်ကာလအတွင်းမှာပင် အမြောက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။ အင်အားကြီးသူက အင်အားငယ်သူကို အနိုင်ကျင့်ခြင်း၊ မတရားမှုပြုနေခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် နိုဗယ်ဆု ရထားသော လူထုခေါင်းဆောင်သည် ဤစစ်ပွဲမှာ သူမနှင့် မည်သို့မျှ ပတ်သက်ခြင်းမရှိဟုများ သဘောထား နေလေရော့သလားဟု မပြောရက်ပါ။ သို့သော် ဤသို့ ပြောရမလို ဖြစ်နေသည်။ ငြိမ်သက်လွန်းလှသည်။

ကချင်စစ်ပွဲသည် “အင်အားကြီးသူက အင်အားငယ်သူကို အနိုင်ကျင့်ခြင်း၊ မတရားမှုပြုခြင်း” ထက်ပိုသော အဓိပ္ပာယ်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဦးဆောင်ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်အပေါ် အခြေပြု၍ ကချင်ပြည်နယ်သည် ပြည်ထောင်စုအတွင်းသို့ ပါဝင်လာခဲ့သည်။ ပင်လုံစာချုပ်၏ တရားဝင် ခိုင်ကျည်မှုကို ယနေ့အထိ မည်သူမျှ မငြင်းနိုင်။ ပင်လုံစာချုပ်အရ ကချင်တို့သည် မိမိတို့ပြည်နယ်ကို မိမိတို့ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရှိသည်။ မိမိတို့ ပြည်နယ်အစိုးရကို မိမိတို့ ရွေးချယ်တင်မြှောက် ခွင့်ရှိသည်။ မိမိတို့မြေယာကို မိမိတို့ စီမံခန့်ခွဲခွင့်ရှိသည်။ ပြည်ထောင်စု အစိုးရ အနေဖြင့် ကချင်ပြည်နယ်အတွင်းမှ မြေပေါ်မေအောက် သယံ ဇာတများကို တူးဖော်ထုတ်လုပ်ရောင်းချလိုသည်ဆိုလျှင် ကချင်လူထု ထံမှ သဘောတူညီချက် ယူရမည်။ ကချင်ခေါင်းဆောင်များနှင့် ညှိရမည်။

ကချင်ပြည်နယ် အပါအ၀င် တိုင်းရင်းသားပြည်နယ်များ ပြည်ထောင်စု အဖွဲ့ဝင် ဖြစ်လာခြင်းမှာ မိမိတို့ ပြည်နယ်အတွင်းရှိ မြေယာများအား ပြည်ထောင်စုအစိုးရက ထင်သလို စီမံခန့်ခွဲပါဟု ၀ကွက် အပ်နှံလိုက်ခြင်း မဟုတ်။ မိမိတို့ပြည်နယ်အား မိမိတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြ ဌာန်း ခွင့် အခြေခံများကို မပျက်စေဘဲ ပြည်ထောင်စုအတွင်းသို့ ၀င် ရောက် လာခြင်းဖြစ်သည်။ ဤသဘောတရားသည် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအားလုံးကို လွှမ်းခြုံသည်။ မည်သည့် ပြည်ထောင်စုအစိုးရ တွင်မျှ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအတွင်းရှိ မြေယာအပေါ် ထင်သလို စီမံခန့်ခွဲခွင့်မရှိပါ။ ယခုလက်ရှိ ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရသစ်တွင် ပို၍ပင် မရှိပါ။ အဘယ်ကြောင့်ဆိုသော် ပြည်ထောင်စုအစိုးရစစ်စစ် မဟုတ်သောကြောင့်ဖြစ်သည်။

မြေယာအပေါ် စီမံခန့်ခွဲခွင့်ကို လက်ပံတောင်းတောင်နှင့် ဖားကန့် နှိုင်းယှဉ်ခြင်း

လက်ပံတောင်းတောင်သည် စစ်ကိုင်းတိုင်းတွင် ရှိသည်။ ဖားကန့်သည် ကချင်ပြည်နယ်တွင် ရှိသည်။ ၄င်းဒေသနှစ်ခု၏ တူညီချက်နှင့် ကွာခြား ချက်တို့ကို နှိုင်းယှဉ်ကြည့်ကြရအောင်ပါ။ လက်ပံတောင်းတောင်ရှိ လယ်သမားများတွင် လယ်မြေကို တဦးချင်း ပိုင်ဆိုင်ခွင့် (လယ်လုပ်သူ လယ်ပိုင်ခွင့်) နှင့် ၄င်းတို့ အခြေစိုက် နေထိုင်လျက်ရှိသော ကျေးရွာဝန်း ကျင်ရှိ မြေယာများအား စုပေါင်းအသုံးချခွင့်ရှိသည်။ ဆိုလိုသည်မှာ လက်ပံ တောင်း ဒေသခံလူထုတွင် တဦးချင်း အခွင့်အရေးနှင့် စုပေါင်း အခွင့်အရေးများ ဟူ၍ အခွင့်အရေးနှစ်ရပ် ရှိသည်။ ထိုနည်းတူစွာပင် ဖားကန့်ဒေသခံ ကချင်လူထုတွင်လည်း အလားတူ အခွင့်အရေးနှစ်ရပ် ရှိသည်။ ကွာခြားချက်သည် အဘယ်နည်း။

စစ်ကိုင်းတိုင်းသည် ပြည်နယ်မဟုတ်ပါ။ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် နယ်သည် အဆင့်အတန်းချင်း မတူပါ။ ကချင်ပြည်နယ်သည် ပင်လုံ စာချုပ်အခြေခံတွင် ပြည်ထောင်စု ဖွဲ့စည်းရာမှာ ပါဝင်လာသော အဖွဲ့ဝင် ယူနစ်ကြီး [viii] တခု ဖြစ်သည်။ စစ်ကိုင်းတိုင်းသည် ယင်းသို့မဟုတ်ပါ။ စစ်ကိုင်းတိုင်းသည် စာရေးသူကဲ့သို့သော မြန်မာလူမျိုးအများစု နေထိုင် ရာ ဒေသကြီး တနည်းအားဖြင့် (ပြည်ထောင်စု အဖွဲ့ဝင်ယူနစ်ကြီး) ၏ အစိတ်အပိုင်းတရပ်သာ ဖြစ်သည်။ စစ်ကိုင်းတိုင်း တခုတည်းက ပြည် ထောင်စု ဖွဲ့စည်းရာမှာ ပါဝင်သည့် အဖွဲ့ဝင်ယူနစ်ကြီးတခု မဟုတ်ပါ။ သို့ဖြစ်၍ ပြည်နယ်ဟု မခေါ်ဘဲ တိုင်းဟုသာ ခေါ်ထားခြင်းဖြစ်သည်။

ပြည်နယ်အတွင်း နေထိုင်သော လူထုက တိုင်းအတွင်း နေထိုင်သော လူထုထက် သာလွန်သည့် အခွင့်အရေးတရပ် ရှိသည်။ ယင်းမှာ မြေယာ အပေါ် ပြည်နယ်များအလိုက် စီမံခန့်ခွဲခွင့်ဖြစ်သည်။ တိုင်းများသည်လည်း ယင်းအခွင့်အရေးကို လိုချင်လျှင် တိုင်းများအားလုံးကို စုပေါင်း၍ ပြည်နယ် တခုအဖြစ် ပြန်လည်ဖွဲ့စည်းရပါမည်။ ပြည်ထောင်စုအဖွဲ့ဝင် ယူနစ်တခုအဖြစ် အသွင်ပြောင်းရပါမည်။

မြေယာအပေါ် စီမံခန့်ခွဲခွင့်သည် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးအပေါ် အခြေခံသည့် လုပ်ပိုင်ခွင့်အာဏာအတွင်း တွင် ပါဝင်သည်။ ဤသည်ကို “နိုင်ငံတော် ” ဟူသော စကား၏ အဓိပ္ပာယ် နှင့် ဆက်စပ်လျက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉ တွင် အောက်ပါ ရှင်းလင်းဖွင့်ဆိုချက်တွင် လေ့လာနိုင်သည်။ “နိုင်ငံတော် ” ဟူသော စကားမှာ ပြည်ထောင်စုနိုင်ငံ၏ သို့တည်းမဟုတ် ပြည်ထောင်စု အဖွဲ့ဝင်၏ အုပ်ချုပ်မှု အခွင့်အာဏာကိုသော်လည်းကောင်း၊ ဥပဒေပြုမှု အခွင့်အာဏာကိုသော်လည်းကောင်း ဆိုလိုသည်။

၎င်းအရ “နိုင်ငံတော်” ဟူသော စကားလုံးကို ပြည်ထောင်စုတခုတည်းက ကိုယ်စားပြုသုံးစွဲခွင့် ရှိသည်မဟုတ်။ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ လည်း ကျင့်သုံးခွင့်ရှိသည်။ လက်တွေ့အရ မြေယာအပေါ် စီမံခန့်ခွဲခွင့်ကို ပြည်ထောင်စုနှင့် ပြည်နယ် ပူးတွဲ၍ ကျင့်သုံးခွင့်ရှိသည်ဟု မှတ်ယူရပါ မည်။ ယင်းမှာ ပြည်ထောင်စု၏ ပူးပေါင်းစုစည်းမှု သဘောကိုလည်း ပြ၊ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တခုချင်းစီ၏ စီမံခန့်ခွဲခွင့်ကိုလည်း အသိ အမှတ်ပြုရာရောက်သည်။ အဖွဲ့ဝင် ပြည်နယ်တခု၏ ဓနချမ်းသာအား လိုအပ်ပါက ပြည်ထောင်စုအဖွဲ့ဝင် အခြားပြည်နယ်များ၏ အကျိုးစီးပွား အတွက် မျှဝေခံစားခွင့်ရကြစေရန် ဦးတည်သည်။ ဤသည်မှာ ပင်လုံ စာချုပ်၏ အခြေခံနှင့် ကိုက်ညီကြောင်း တွေ့ရပါမည်။

ပြည်ထောင်စုတခုလုံး၌ လက်ရှိဖြစ်ပေါ်နေသောပြဿနာမှာ ၂၀၀၈ ဖွဲ့စည်းပုံကို ကိုးကားလျက် “နိုင်ငံတော်” ဟူသည်ကို ဦးသိန်းစိန်အစိုးရ တခုတည်းက ကိုယ်စားပြုသုံးစွဲကာ ကချင်ပြည်နယ် အပါအ၀င် ပြည် ထောင်စုအဖွဲ့ဝင် ပြည်နယ်များအတွင်းရှိ မြေယာများအပေါ် အစိုးရအနေ ဖြင့် ထင်သလို စီမံခန့်ခွဲနေခြင်းဖြစ်သည်။ တိုင်းရင်းသားပြည်နယ်တိုင်း နီးပါး၌ ဒေသခံ ပြည်နယ်လူထု၏ စီမံခန့်ခွဲခွင့်နှင့် အကျိုးစီးပွားမှာ ပျောက် ဆုံးလျက်ရှိနေသည်။

ဖားကန့် ကျောက်စိမ်းမြေကို စီမံခန့်ခွဲမှု ပြဿနာ

ဦးသိန်းစိန်အစိုးရသည် ပြည်ထောင်စုအဖွဲ့ဝင် ကချင်ပြည်နယ်အတွင်းရှိ ကချင်လူထု ရသင့်သည့် နိုင်ငံရေးအခွင့်အရေး မပေးဘဲ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန်သာ ကေအိုင်အိုအား ဖိအားပေးကာ ထိုးစစ် များ ဆင်နွှဲလျက်နေသည်။ “သမ္မတဦးသိန်းစိန်က အပစ်ရပ်ဖို့ သူ့တပ်ကို အမိန့်ပေးထားတယ်လို့ တဘက်က ပြောနေပေမယ့် အခြားတဘက် ကတော့ လက်နက်ကြီးတွေ စစ်ရဟတ်ယာဉ်တွေပါ သုံးပြီး ကေအိုင်အိုကို ထိုးစစ်ဆင်နေတယ်။” ဟု ထောက်ပြသူများ ရှိလာသည်။ လက်တွေ့အရ ယင်းထောက်ပြချက်များ မှန်ကန်ကြောင်း မည်သူမျှ မငြင်းနိုင်ပါ။

“စစ်တပ်က သမ္မတအမိန့်ကို မနာခံလို့ပဲ” ဟု ဝေဖန်သူများ ရှိလာသည်။ ယင်းဝေဖန်ချက်နှင့် စပ်လျဉ်း၍မူ လက်ခံသည့် အပိုင်းရှိသလို ဖြည့်စွက် ချင်သည့် အပိုင်းလည်း ရှိသည်။ လက်ခံရခြင်းမှာ သမ္မတအနေဖြင့် စစ်ခေါင်းဆောင်သစ်များ ကြီးစိုးထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) ကို အမိန့်မပေးနိုင်ခြင်းကြောင့်ဖြစ်သည်။ ကာလုံက ပေးလိုက်သည့် ညွှန်ကြားချက်ကိုသာ ဦးသိန်းစိန်က လိုက်နာ နေရခြင်းကြောင့်ဖြစ်သည်။ စစ်ခေါင်းဆောင်ဟောင်းဖြစ်သော ဦးသိန်းစိန် သည် စစ်ခေါင်းဆောင်သစ်များဖြစ်သည့် ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယကာကွယ်ရေးဦးစီးချုပ်တို့ကို အမိန့်ပေးနိုင်သူ မဟုတ်၍ ဖြစ်သည်။

ဤသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံ၏ လက်တွေ့ဖြစ်သည့်အပြင် ဤဖွဲ့စည်းပုံ တည်ရှိနေသမျှ လူထုတရပ်လုံး ရင်ဆိုင်ရမည့် ပြဿနာကြီးလည်း ဖြစ်သည်။ ဖြည့်စွက်ချင်သည့် အပိုင်းမှာ ကေအိုင်အိုကို ထိုးစစ်များ ပြန်လည်ဆင်နွှဲနေခြင်းမှာ သမ္မတနှင့် စစ်ခေါင်းဆောင်များအကြားတွင် သဘောထားကွဲလွဲ၍ မဟုတ်ပါ။ သဘောထားကွဲချင်ယောင်ပြု၍ ထိုးစစ်ဆင်နေခြင်းသာဖြစ်သည်။ အဘယ်ကြောင့်နည်း။ စီးပွားရေး အကျိုးအမြတ်ကြောင့်ဖြစ်သည်။ ဖားကန့် ကျောက်စိမ်းဒေသကို ပြန်လည် လွှမ်းမိုး အမြတ်ထုတ်လိုခြင်းနှင့် ကေအိုင်အိုက လိုင်ဇာမှတဆင့် ထိမ်း ချုပ်ထားသည့် တရုတ်နှင့် ကုန်သွယ်ရေးလမ်းကြောင်းကို စိုးမိုးလိုခြင်း တို့ကြောင့်ဖြစ်သည်။

ဖားကန့်ဒေသ၏ အခြေအနေကို အကြမ်းဖျင်း လေ့လာကြည့်ရအောင်ပါ။ ဖားကန့်ဒေသမှ ထွက်သော ကျောက်စိမ်းများအား ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ရောင်းချုပြီး နှစ်စဉ်ပင် စစ်အစိုးရအဆက်ဆက်က အမေရိကန်ဒေါ် လာ သန်းပေါင်း မြောက်မြားစွာ ရနေကြောင်း အားလုံးအသိဖြစ်သည်။ ဦးသိန်းစိန် အစိုးရတွင် ဘဏ္ဍာရေးအရ အကျပ်အတည်းနှင့် လက်ရှိ ရင်ဆိုင်ရလျက်ရှိသည်။ ကေအိုင်အိုနှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွား လာပြီးနောက်တွင် ဦးသိန်းစိန် အစိုးရက ကျောက်စိမ်းတူးဖော်ခွင့် လိုင်စင် ချပေးထားသည့် ကုမ္ပဏီကြီးငယ်ပေါင်း ၃၇၀ ကျော်မှာ လုပ်ငန်း များ ရပ်ဆိုင်းထားရသည်။ ၄င်းတို့ ရှာဖွေထားသည့် ကျောက်စိမ်း အမြောက် အမြားမှာ ဖားကန့်ဒေသမှ အပြင်သို့ မထုတ်နိုင်သေးဘဲ ဂိုဒေါင်များအတွင်း ယခုတိုင် အောင်းလျက်ရှိနေသည်။

အစိုးရနှင့် ကေအိုင်အိုအကြား စစ်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီးနောက် တွင် ဖားကန့်ကျောက်စိမ်းမြေ အများစုကို ကေအိုင်အိုက ပြန်လည် ထိမ်းချုပ်ထားနိုင်ခဲ့သည်။ ကုမ္ပဏီတခုလျှင် အစောင့်သဘော ငါးဦးမှ ဆယ်ဦးအကြားတွင်သာ ဆက်လက်နေထိုင်ခွင့်ပေးပြီး ကျန်သူအားလုံးကို ဖားကန့်မှ ထွက်ခွာခိုင်း၊ တူးဖော်ရေးလုပ်ငန်းများအားလုံးကို ရပ်ဆိုင်းခိုင်း ထားလိုက်သည်။ ပုဂ္ဂလိကပိုင် ကုမ္ပဏီဟူ၍ အမည်ခံ လုပ်ဆောင်နေ ကြသဖြင့် ၄င်းတို့၏ ပစ္စည်းများအား ကေအိုင်အိုက ၀င်ရောက်နှောင့် ယှက် ဖျက်ဆီးခြင်းမပြု။ စင်စစ်အားဖြင့်မူ ကျောက်စိမ်းတူးဖော်ခွင့် ရထားသည့် ကုမ္ပဏီကြီးများတွင် အစုရှယ်ယာပါသူ အတော်များများမှာ စစ်ခေါင်းဆောင်ဟောင်းသစ်များနှင့် ၄င်းတို့၏ ဆွေမျိုးသားချင်း များ၊ ခရိုနီများ ဖြစ်နေကြောင်း ကြားရသည်။ ချုပ်၍ တင်ပြရလျှင် ကျောက် စိမ်းတူးကုမ္ပဏီများ၏ ဂိုဒေါင်ကြီးများတွင် အောင်းနေသော ကျောက်စိမ်း များအား အမြန်ဆုံး ထုတ်ယူကာ နေပြည်တော်တွင် ၂၀၁၃ ခုနှစ် နှစ်ဦးပိုင်း (မတ်လ ဖြစ်မည်ဟု ခန့်မှန်းရသည်။) တွင် ခင်းကျင်းပြသမည့် ရတနာပြပွဲတွင် ရောင်းချရန် ဖြစ်သည်။ ထို့ကြောင့် ကေအိုင်အိုကို စစ်ရေးအရ ဖိအားပေး အပစ်ရပ်ခိုင်းပြီး ဖားကန့် ကျောက်စိမ်းဒေသကို ထင်သလို အမြတ်ထုတ်ရန်မှာ ဦးသိန်းစိန်အစိုးရနှင့် ကာလုံ၏ ရည်မှန်း ချက် ဖြစ်နေသည်။

ကချင်စစ်ပွဲ၏ အနှစ်သာရကို သုံးသပ်ခြင်း

ကချင်ပြည်နယ်ကို ထိန်းချုပ်နိုင်ရေးအတွက် စစ်အစိုးရအဆက်ဆက်က တပ်ရင်းပေါင်း ၄၀ ခန့် တပ်စွဲထားရကြောင်း၊ ကေအိုင်အိုနှင့် စစ်ပွဲများ ပြန်ဖြစ်လာပြီးနောက် မြန်မာနိုင်ငံတ၀ှမ်းမှ နောက်ထပ် တပ်ရင်းပေါင်း ၄၀ ခန့်အား ထပ်မံ ခေါ်ယူကာ ကေအိုင်အိုအား ထိုးစစ်ဆင်လျက်ရှိကြောင်း စစ်ရေးကျွမ်းကျင်သူများက ခန့်မှန်းကြသည်။ တပ်ရင်း ၈၀ ခန့်အတွက် နေ့စဉ်ကုန်ကျစရိတ်များ မည်မျှ များပြားမည်ကို ခန့်မှန်းကြည့်ရုံနှင့် သိနိုင်သည်။ ပြည်ထောင်စုအတွင်းရှိ လူထုကြီးတရပ်လုံး၏ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးတို့အတွက် သုံးရမည့်ငွေများအား စစ်တပ်တခု တည်းက အလဟဿ ဖြုန်းတီးလျက်ရှိသည်။ ၄င်းတို့ ဘာအတွက် စစ် တိုက်နေကြသနည်း။

ငြိမ်းချမ်းရေးအတွက် လေ့လာရေးခရီးအဖြစ် ကိုမင်းကိုနိုင် ကချင်ပြည် နယ် အတွင်းသို့ သွားရောက်ခဲ့သည်ကို တန်ဖိုးထားရပါမည်။ ပြည်တွင်း ငြိမ်းချမ်းရေး ရစေလိုသော ၄င်း၏ စေတနာကို အသိအမှတ်ပြုရပါမည်။ ဖားကန့်ဒေသတွင် လက်နက်ကြီးနှင့် ပစ်ခတ်မှုများအား ကိုယ်တိုင်ကြုံ တွေ့ခဲ့ရပြီးနောက် ကိုမင်းကိုနိုင်က “တဘက်နှင့်တဘက် ကျည်ဆန် တလုံးကို ကျပ်သိန်းသုံးဆယ်လောက်တန်တဲ့ လက်နက်ကြီးတွေနဲ့ ပစ်နေကြတယ်ဗျာ။ အဲဒီငွေတွေကို လူထု ပညာရေး၊ ကျန်းမာရေး အတွက် သုံးလိုက်ရင် ဘယ်လောက်ကောင်းမလဲ။” ဟု ထုတ်ဖော်ပြော ဆိုခဲ့ကြောင်း ကြားရသည်။
စင်စစ်အားဖြင့်မူ တဘက်နှင့်တဘက် လက်နက်ကြီးများနှင့် ပစ်ခတ် နေကြခြင်း မဟုတ်ပါ။ ဖားကန့်ဒေသတွင် အခြေပြု လှုပ်ရှားလျက်ရှိသော ကေအိုင်အေတပ်များတွင် ၁၂၀ မီလီမီတာ၊ ၁၀၅ မီလီမီတာ အစရှိသော လက်နက်ကြီးများ လုံးဝမရှိကြောင်း ဒေသခံလူထုများက ပြောကြပါ သည်။ ကိုမင်းကိုနိုင်တို့ ကချင်ပြည်ခရီးထွက်နေစဉ် လက်နက်ကြီးများနှင့် ပစ်ခတ်သူမှာ ဦးသိန်းစိန်အစိုးရ၏ တပ်များဘက်ကသာ ဖြစ်သည်။ လူထုငွေများ မဖြုန်းတီးရေးကိစ္စကို ပြောဆိုကန့်ကွက်ရမည်မှာ ဦးသိန်းစိန် အစိုးရကို ဖြစ်သည်။ ကာလုံကိုသာ ဖြစ်သည်။

ပို၍ ထင်ရှားသည်မှာ ပြီးခဲ့သည့် ရက်သတ္တသုံးပတ်အတွင်းက ဖြစ်ပွားခဲ့ သော စစ်ပွဲများတွင် ဖြစ်သည်။ ကေအိုင်အိုဌာနချုပ် လိုင်ဇာကို ဒီဇင် ဘာလ ၁၄ ရက်နေ့ တနေ့တည်း ထိုးစစ်ဆင်ခဲ့သည့်အတွက် ဦးသိန်းစိန် အစိုးရ၏ စစ်ပွဲကုန်ကျစာရိတ်မှာ ကျပ်သိန်းပေါင်း သိန်းတသောင်းခန့် ရှိမည်ဟု ခန့်မှန်းတွက်ချက်ကြသည်။ ယင်းငွေများအား လူထု၏ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးတို့အတွက်သာ သုံးစွဲသင့်ကြောင်း ဦးသိန်းစိန်အစိုးရကို ဖြစ်စေ၊ ကာလုံကို ဖြစ်စေ၊ မည်သူကမျှ ထိထိ ရောက်ရောက် ကန့်ကွက်ပြောဆိုသံ မကြားရပါ။ တိုင်းရင်းသားပေါင်းစုံ လူထုကြီးတရပ်လုံးသည် မည်သို့လျှင် ဆင်းရဲတွင်းမှ ထွက်နိုင်ပါအံ့နည်း။ ဦးသိန်းစိန်အစိုးရ၏ စစ်ရေးအသုံးစရိတ်သည် ဤမျှနှင့် မရပ်သေးပါ။

ခရစ်စမတ်နေ့များ တ၀ိုက်မှာပဲ စရိတ်ကြီးလှသော လက်နက်ကြီးများနှင့် ပစ်ခတ်ပြီး ဆက်လက် ကုန်ကျခံကာ ထိုးစစ်ဆင်ရန် တာစူနေပြန်သည်။ အဘယ်ကြောင့်နည်း။ ကေအိုင်အိုဌာနချုပ် လိုင်ဇာကို စစ်ရေးအရ တဘက် က ဖိထားပြီး ဖားကန့်ကို ပြန်သိမ်းနိုင်လျှင် ငွေကြေးအရ ယခုကုန် ကျထားသည်ထက် အဆများစွာ အကျိုးအမြတ်ရမည်မှာ သေချာသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ဦးသိန်းစိန်အစိုးရက ကေအိုင် အိုကို ဆင်နွှဲနေသော စစ်၏အနှစ်သာရမှာ တိုင်းပြည်ငြိမ်းချမ်းမှု တည်ငြိမ် မှုအတွက် မဟုတ်။ စီးပွားရေးအကျိုးအမြတ်ကြောင့်သာ ဖြစ်ကြောင်း ထင်ရှားသည်။ သို့ဖြစ်၍ လူထုစီးပွားရေး တိုးတက်စေရေးအတွက် လက်ရှိ ကချင်စစ်ပွဲကို သာဓကပြုလျက် ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာအား အဖြေရှာရန် လူတိုင်းတွင် တာဝန်ရှိလာသည်။ ကချင်စစ်ပွဲ သည် ကချင်များနှင့်သာ သက်ဆိုင်သလိုမျိုး စဉ်းစားနေကြလျှင်မူ ဖျောက်သင့်ပါပြီ။

တိုင်းပြည်အတွင်းရှိ သဘာဝသယံဇာတများအား ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပေါင်းစုံ လူထုကြီးတရပ်လုံး ခံစားခွင့်ရရေးအတွက် ဥပဒေရှုထောင့်မှ ဘယ်လိုဆောင်ရွက်သင့်သလဲ။

(က) ဖွဲ့စည်းပုံအခြေခံဥပဒေ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တော့ အလုပ်မဖြစ်နိုင်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံအရ “နိုင်ငံတော်” ဟူသည်ကို ကိုယ်စားပြုကာ ပြည်ထောင်စု အစိုးရအမည်ခံ ဦးသိန်းစိန်အစိုးရက ပြည်နယ်များ၏ မြေယာများအပေါ် ထင်သလို စီမံခန့်ခွဲခွင့် ရနေသောကြောင့်ဖြစ်သည်။ ပြည်ထောင်စုက ကျောက်မျက်ရတနာများနှင့် စပ်လျဉ်း၍ လုပ်ပိုင်ခွင့်အားလုံးကို ရယူ ထားပြီး ကျောက်စိမ်း တကယ်ထွက်ရှိသည့် ကချင်ပြည်နယ်အတွက်မူ ကျောက်ဖြတ်တောက်ခြင်း၊ သွေးခြင်းဆိုင်ရာ လုပ်ပိုင်ခွင့်မျှလောက်သာ ပေးထားသောကြောင့်လည်းဖြစ်သည်။ အခြားပြဌာန်းချက်များလည်း မြောက်မြားလှစွာ ရှိနေပါသေးသည်။ သို့ဖြစ်၍ တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့အား နိုင်ငံရေးအရ အာမခံ ချက်ပေးနိုင်မည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေသစ် တရပ် လိုအပ်နေပါသည်။

(ခ) လက်ဝါးကြီးအုပ်မှုမှ ကာကွယ်သည့် ဥပဒေ

ကုမ္ပဏီတခု၊ အဖွဲ့အစည်းတခုက ဈေးကွက်ကို လက်ဝါးကြီးမအုပ်နိုင်ရန် လက်ဝါးကြီးအုပ်မှုမှ ကာကွယ်သည့် ဥပဒေ ( Anti-Trust Law ) တခုကို ပြဌာန်းရပါမည်။ ဂျပန်နိုင်ငံ အပါအ၀င် ဈေးကွက်ကို အဓိကထားပြီး စီးပွားရေးတိုးတက်မှုရအောင် လုပ်ဆောင်နေသည့် ဒီမိုကရေစီနိုင်ငံ ကြီးများတွင် အလားတူ ဥပဒေများ ပြဌာန်းကျင့်သုံးလျက်ရှိကြသည်။ ဖားကန့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း တခုတည်းမှာပင် ကုမ္ပဏီပေါင်း ၃၇၀ ကျော် လုပ်ကိုင်နေကြသည့်အနက် ကုမ္ပဏီတချို့ ကသာ လက်ဝါးကြီးအုပ်ထားကြောင်းနှင့် ဒေသခံ ကချင်လူမျိုး ပိုင်သည့် ကုမ္ပဏီမှာ နှစ်ခုသာရှိကြောင်း လေ့လာရသည်။

(ဂ) သတင်းဆိုင်ရာ ဥပဒေ

စီးပွားရေးလုပ်ငန်းကြီးများ အပါအ၀င် တိုင်းပြည်မှာ ဖြစ်ပျက်နေသည့် အခြေအနေအရပ်ရပ်ကို လူထုများသိခွင့် [ix] ရှိစေရန် သတင်းဆိုင်ရာ ဥပဒေ [x] တခုကို ပြဌာန်းရပါမည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယ နှင့် ထိုင်းနိုင်ငံမှာပင် ယင်းဥပဒေကို ပြဌာန်းကျင့်သုံးလျက်ရှိ ကြောင်း လေ့လာနိုင်သည်။ သတင်းဆိုင်ရာ ဥပဒေ၏ သဘောမှာ တိုင်းပြည်၏ ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားသော ကိစ္စရပ်တချို့မှလွဲ၍ အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုအ၀၀ အားလုံးအား လူထုတွင် မေးမြန်း ခွင့်ရှိကြောင်းနှင့် သက်ဆိုင်ရာ အာဏာပိုင်များက ဖြေကြားရမည်ဖြစ် ကြောင်း ပြဌာန်းထားရသည်။

သာဓကအားဖြင့် ကချင်ပြည်နယ်မှ ထွက်ရှိသည့် သဘာဝသယံဇာတ ကျောက်စိမ်းမှ နှစ်စဉ် ငွေကြေးမည်မျှ တိုင်းပြည်က ရရှိနေသနည်း။ မည်သူမျှ အတိအကျ မသိရပါ။ ယင်းငွေကြေးများအနက် ပြည်ထောင်စု အတွင်းရှိ အခြားပြည်နယ်များအတွက် သုံးလိုက်သည်ဆိုလျှင် မည် သည့်ပြည်နယ်၊ မည်သည့်လုပ်ငန်းအတွက် မည်မျှသုံးလိုက်ကြောင်း မသိရပါ။ မူရင်းခံစားခွင့်ရှိသည့် ကချင်ပြည်နယ်အတွက် မသုံးတာတော့ သေချာသည်။ ဝေးဝေးမကြည့်ပါနှင့်။ ကချင်ပြည်နယ် ပြည်ထောင်စုအဖွဲ့ ၀င်ဖြစ်ခဲ့သည်မှာ နှစ်ပေါင်းခြောက်ဆယ်ကျော် ကြာခဲ့ပြီဖြစ်သော်လည်း မြစ်ကြီးနားမှ ဖားကန့်သို့ သွားသည့် ကားလမ်းမှာ မြေလမ်းသာသာ အဆင့်သာ ရှိသေးသည်။ အစိုးရနှင့် ကေအိုင်အိုအကြား လွန်ခဲ့သော တနှစ်ခွဲက စစ်ပွဲပြန်ဖြစ်ပြီးနောက် ကေအိုင်အိုက ချိုးလိုက်သည့် တံတား များအနက် အများစုကြီးမှာ ကေအိုင်အိုကပင် ဆောက်ပေးထားခဲ့သော တံတားများဖြစ်ကြောင်း လူထုက ပြောကြသည်။ ကချင်ပြည်နယ်က ထွက်သည့် သဘာဝသယံဇာတများကို အသုံးပြု၍ ကချင်လူထုဘ၀ တိုးတက်ဖွံ့ဖြိုးရေးအတွက် နှစ်ပေါင်း ၅၀ ကျော် စစ်အစိုးရများအဆက် ဆက် ဘာတွေ လုပ်ခဲ့ပါသနည်း။ တခုမျှ ရှာမတွေ့ပါ။

ဖားကန့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွင် ကုမ္ပဏီပေါင်း ၃၇၀ ကျော်အား ဦးသိန်းစိန်အစိုးရက လိုင်စင်များချပေးသည်ဆိုရာတွင် ယင်းကုမ္ပဏီများ၌ အစုရှယ်ယာဝင်များမှာ မည်သူတွေနည်း။ တဦးလျှင် မည်မျှအထိ အစုရှယ်ယာ ထည့်ဝင်ထားကြသနည်း။ ၄င်းတို့ ထည့်ဝင် ထားကြသည့် အစုရှယ်ယာများအတွက် တိုင်းပြည်ကို တရားဝင် အခွန် ဆောင်ထားပြီးပြီလား။ ကျောက်စိမ်းတူးဖော်ခွင့် ရရန် မည်သည့်ကုမ္ပဏီ က မည်မျှ အခွန်ဆောင်ထားသနည်း။ အခွန်ငွေ စုစုပေါင်းမှာ တနှစ်လျှင် မည်မျှ ရှိသနည်း။ ပြည်သူလူထုတွင် သိခွင့်ရှိပါသည်။ သတင်းဆိုင်ရာ ဥပဒေ ပေါ်ထွက်လာလျှင် လူထု သိနိုင်မည့် လမ်းကြောင်း ပွင့်သွားနိုင်ပါ သည်။ လူထုအကျိုးစီးပွားအတွက် သဘာဝသယံဇာတများကို အသုံးချ ရန် အကြံပေးခွင့်၊ ကြီးကြပ်လုပ်ဆောင်ခွင့်များ ရလာနိုင်သည်။

ဘယ်ဟာက မတရားတဲ့ ကျူးကျော်စစ်လဲ။ ဘယ်ဟာက တရားတဲ့ ခုခံစစ်လဲ

တိုင်းရင်းသားပြည်နယ်များမှ ထွက်ရှိသည့် သဘာဝသယံဇာတများမှ ၀င်ငွေများကို အသုံးပြု၍ စစ်အစိုးရ အဆက်ဆက်၏ ထိပ်သီးဗိုလ်ချုပ် ကြီးများ၊ ၄င်းတို့၏ ဆွေမျိုးသားချင်းများ၊ ခရိုနီများသာ ကြီးပွားချမ်းသာ နေကြ သည်။ စစ်အာဏာရှင်စနစ်၏ ဗဟိုချက်မ အနေဖြင့် နေပြည်တော် ကြီးကို ရွှေပြည်တော်ကြီးဖြစ်အောင် တည်ဆောက်နေကြသည်။ တိုင်းရင်း သားပေါင်းစုံလူထုကြီးမှာ ဆင်းရဲတွင်းနက်သည်ထက် နက်လာ သည်။ စစ်အာဏာရှင်များ အာဏာတည်မြဲရေးအတွက် အသက်ပေး တိုက်ပွဲဝင်နေကြရသော အောက်ခြေတပ်မှူးများနှင့် ရဲဘော်များမှာ ကချင်ပြည်နယ်အတွင်းတွင် မတရားသော ကျူးကျော်စစ်ကို ဆင်နွှဲနေ ကြရသည်။ ဤသည်ကို ရပ်တန်းက ရပ်သင့်ပြီ။ ရဲဘော်ထု၏ အသက် များ မဆုံးရှုံးစေသင့်တော့။

ပင်လုံစာချုပ်အရ ကချင်ပြည်နယ် ရသင့်ရထိုက်သည့် နယ်တွင်းကိုယ်ပိုင် အုပ်ချုပ်ရေးကို အသိအမှတ်ပြုပါက စစ်အစိုးရ၏ တပ်များ ကချင်ပြည် နယ် မှ ထွက်ခွာသွားရုံသာ ရှိသည်။ အပစ်ရပ်သွားပါမည်။ ကေအိုင်အို အနေဖြင့် အပစ်ရပ်စာချုပ် လက်မှတ်ထိုးရန်ပင် မလိုပါ။ အဘယ်ကြောင့် ဆို သော် ကေအိုင်အိုသည် မြေပြန့်ဒေသကို ဆင်းလာပြီး ထိုးစစ်ဆင်မည် မဟုတ်၊ နေပြည်တော်ကိုလည်း စစ်ရေးအရ ခြိမ်းခြောက်မည် မဟုတ် သောကြောင့် ဖြစ်သည်။

ကေအိုင်အိုသည် ကချင်လူထုကို ဖိနှိပ်ဆန့်ကျင်သည့် အဖွဲ့အစည်းဖြစ် လျှင် စစ်ပြေးဒုက္ခသည် ငါးသောင်းကျော်သည် အဘယ်ကြောင့် ကေအိုင် အို ထိန်းချုပ်ထားရာ နယ်မြေမှာ သွားရောက် ခိုလှုံနေကြသနည်း။ အပစ်အခတ်ရပ်စဲရေး ပျက်ပြီး ကေအိုင်အိုက စစ်အစိုးရအား ပြန်လည် တိုက်ပွဲဆင်ခဲ့သည့် လွန်ခဲ့သော တနှစ်ခွဲကစပြီး ကေအိုင်အိုအပေါ် ကချင်လူထု ၉၀% ကျော်က ထောက်ခံလျက်ရှိနေကြောင်း လေ့လာရ သည်။

နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းစစ်သမိုင်းကို ပြန်ကြည့်ပါ။ စစ်အစိုးရ အဆက်ဆက်သာ ပြောင်းသွားသည်။ မိုးဦးကျတွင် ပေါက်သည့် မှိုများကဲ့ သို့ ဗိုလ်ချုပ်ဦးရေ အရေအတွက် အမြောက်အမြား ပေါ်လာသည်။ မည်သည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းကြီး တခုတလေကိုမျှ စစ်ရေးနည်းလမ်းသက်သက်အရ အမြစ်ပြုတ်တိုက်နိုင်ခဲ့သည် မရှိပါ။ ယခုလည်း ငွေကြေးမြောက်မြားစွာ၊ လူအင်အားမြောက်မြားစွာ သုံးနိုင် လျှင် ကေအိုင်အိုဌာနချုပ် လိုင်ဇာကို သိမ်း၍ ရချင်ရမည်။ သည်မှာ သိမ်းလျှင် ဟိုမှာ နောက်တခု ပေါ်လာပါဦးမည်။ စစ်ရေးသက်သက် တခုတည်းနှင့် မည်သည့်အခါတွင်မျှ ကေအိုင်အိုကို အမြစ်ပြတ် ချေမှုန်း နိုင်မည် မဟုတ်ကြောင်း စာရေးသူ ရာနှုန်းပြည့် အာမခံပြောနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်သို့ မျှော်မှန်းချက်

ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေးအတွက် ဒေါ်အောင်ဆန်း စုကြည် များစွာ စွမ်းဆောင်နိုင်လိမ့်ဦးမည်ဟု မျှော်လင့်သည်။ စွမ်းဆောင်စေလိုသည့် သဘောနှင့်လည်း တင်ပြနေခြင်း ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်တွင် နိုင်ငံတကာ၏ အသိအမှတ်ပြုမှု၊ ပြည်တွင်း လူထု အများစု၏ ထောက်ခံမှု ရှိနေဆဲဖြစ်သဖြင့် ယင်းကို ပြည်တွင်းငြိမ်း ချမ်းရေး၊ ဥပဒေစိုးမိုးရေးတို့အတွက် ထိထိရောက်ရောက် အသုံးချစေချင် ပါသည်။

ကချင်စစ်ပွဲကို ဒေါ်အောင်ဆန်းစုကြည် ဥပက္ခာပြုမထားသင့်တော့ပါ။ တပြည်လုံး ပြည်တွင်းငြိမ်းချမ်းရေးအတွက် စတင်လှုပ်ရှားရန် အခွင့် အလမ်းအနေဖြင့် မှတ်ယူပြီး အမြန်ဆုံး အရေးယူဆောင်ရွက်သင့်ပါ သည်။ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ တာဝန်ယူထားသော ဥပဒေစိုးမိုး ရေးကော်မတီကို အသုံးချဆောင်ရွက်ရန် ကြိုးပမ်းနိုင်လျှင် သင့်လျော်ပါ မည်။ ဘယ်အလုပ်ကို လုပ်ပါဟု သမ္မတ ဦးသိန်းစိန်က တာဝန်ပေးမှ ဥပဒေစိုးမိုးရေးကော်မတီအနေဖြင့် အလုပ်လုပ်၍ ရနိုင်မည်ဟူလျှင်မူ ဥက္ကဌနေရာမှ အမြန်ဆုံး ထွက်သင့်ပါသည်။ လူထုက အားကိုးသော ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ကြီးသည် အစိုးရ၏ ခိုင်းဖတ်မဖြစ်သင့်ပါ။ မိမိကိုယ်တိုင်၏ လွတ်လပ်သော ဦးဆောင်မှုဖြင့် ကမကထပြု ဖော် ဆောင်ခြင်းသည်သာ အသင့်မြတ်ဆုံး ဖြစ်ပါမည်။ ၂၀၁၅ ရွေးကောက်ပွဲ တွင် သမ္မတဖြစ်နိုင်ပါမည်ဟူ၍ မက်လုံးချပေးထားသည်ကို ဟုတ်ယောင် နိုး နှင့် စစ်ခေါင်းဆောင်များ မနှစ်သက်မှာ စိုးရိမ်သဖြင့် တိုင်းပြည်နှင့် လူထုအတွက် လက်တွေ့နှင့် အမြန်ဆုံး လိုအပ်နေသော ငြိမ်းချမ်းရေး ကိစ္စများအား လက်ရှောင်တာမျိုးဖြစ်လျှင် မသင့်တော်ပါ။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် လေ့လာစုံစမ်းရန် ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် သွားရောက်မည်ဆိုလျှင် ကေအိုင်အိုဌာနချုပ် လိုင်ဇာမှ ကချင်ခေါင်းဆောင်များသည်လည်းကောင်း၊ ကေအိုင်အို ထိန်းချုပ် ထားရာ နယ်မြေအတွင်း ရှိ ကချင်ဒုက္ခသည်ပေါင်း ငါးသောင်းကျော် သည်လည်းကောင်း၊ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြလိမ့်မည်ဟု စာရေးသူ ယုံကြည်သည်။

စာဖတ်သူများသို့

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ဝေဖန်လျှင် ပြန်လည်တိုက် ခိုက်မှုများ ကျရောက်လာလိမ့်မည်ဟု မူလကတည်းက မျှော်မှန်းခဲ့ပြီးဖြစ် သည်။ အရေအတွက်အရ မများလှသော်လည်း ထင်သည့်အတိုင်းပင် ဖြစ်ပါသည်။ ထိုသူတချို့မှာ စာရေးသူ တင်ပြသည့် အကြောင်းအရာ အပေါ်တွင် မသုံးသပ်။ ပုဂ္ဂိုလ်ရေးအရ ထိုးနှက်မှုများ လုပ်လာပါသည်။ ကမ္ဘာပေါ်တွင် ဝေဖန်မခံရသည့် နိုင်ငံရေးခေါင်းဆောင်ဟူ၍ မရှိပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဝေဖန်ရေးကို ကြိုဆိုမည့် ခေါင်းဆောင် မျိုးဖြစ်မည်ဟု စာရေးသူ မျှော်လင့်သည်။

ဝေဖန်ရုံမျှနှင့် “ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရအောင် ခင်ဗျားကိုယ် တိုင်ကရော ဘာလုပ်ခဲ့လို့လဲ။” ဟု ပုဂ္ဂိုလ်ရေး တိုက်ခိုက်လာသူများကိုမူ ရိုးသားစွာ ပြန်ကြားပါမည်။ မှန်ပါသည်။ စာရေးသူလည်း များများ မလုပ်နိုင်ပါ။ အနည်းအကျဉ်းမျှသာ လုပ်နိုင်ပါသည်။ သို့ရာတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုတိုက်ပွဲသမိုင်း၌ မိမိလုပ်ဆောင် နိုင်ခဲ့သမျှ အနည်းအကျဉ်းကလေးသည်ပင် “ခင်ဗျားကရော ဘာလုပ်ခဲ့ လို့လဲ။” ဟု မိမိကို စိန်ခေါ်သည့် ပုဂ္ဂိုလ်အောက် နိမ့်ကျလျော့နည်းမည် မဟုတ် ဟူသည်ကိုမူ ပြောလိုပါသည်။ မည်သို့မျှ သဘောထားမည်တော့ မဟုတ်ပါ။

ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခြင်း မဟုတ်ဘဲ စာရေးသူတင်ပြသည့် အကြောင်း အရာအပေါ်တွင် မတူသည့် အမြင်ဖြင့် တုံ့ပြန်ကြသူများ၊ မိမိ၏ တင်ပြ ချက် ကို လက်ခံ၍ တဆင့်ဖြန့်ဝေကြသူများ၊ မိမိကို ကျေးဇူးတင်ကြောင်း စာရေးသားကြသူများအားလုံးကို အသိအမှတ်ပြုကြောင်း၊ ကျေးဇူးတင် ကြောင်း ပြန်လည်ပြောလိုပါသည်။

ရည်ညွှန်းချက်များ

[i] Legal problems
[ii] Society
[iii] Intimate relationship
[iv] Sociology
[v] Law
[vi] Socio-political aspects
[vii] Conscious and unconscious phenomena of society
[viii] Constituent unit
[ix] The right to know
[x] Information Act

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဖန်သုံးသပ်ခြင်း - အပိုင်း (၃)


စာရေးသူ၏ ဆောင်းပါးများကို ဖတ်ပြီးနောက် စာဖတ်သူ ဖိုးကြီး ဆိုသူ တဦးက “ အရင်က ခင်ညွန့်တို့ သန်းရွှေတို့အကြောင်းကို လက်ဖက်ရည် ဆိုင်မှာတောင် ခပ်ကျယ်ကျယ် မဝေဖန်ရဲတဲ့ခေတ်၊ အခုက NLD အာဏာရလို့ အစိုးရဖွဲ့နိုင်ခဲ့ရင် ဒေါ်စု နဲ့ NLD ကို ဝေဖန်တဲ့စကားမျိုး ခပ်ကျယ်ကျယ် မဟရဲ မဆိုရဲ တဲ့ခေတ်များ ရောက်လာလေမလား မသိဘူး။ မကြိုက်လဲ မတတ်နိုင်ဘူး မသင့်တာတွေ့တော့ ပြောရမှာပဲ အခုလဲ ပြောမယ် နောင်လဲပြောမယ်။” ဟု မှတ်ချက် ပြု ခဲ့သည်။ စာရေးသူသည် အဆိုပါ စာဖတ်သူနှင့် သဘောချင်းတူပါသည်။

ဝေဘန်ရေးသည် ဒီမိုကရေစီ၏ အသက်သွေးကြောဖြစ်သလို လူပုဂ္ဂိုလ်တဦး၏ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်လည်း ဖြစ်သည်။ နိုင်ငံရေးပါတီ တရပ်တွင် ပါတီတွင်း ဝေဘန်ရေး ရှိမှ ကောင်းစွာ ရှင်သန်ပါမည်။ လူ့အဖွဲ့အစည်း၌ လူထုအတွင်း လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆိုခွင့်ရှိမှ တိုးတက်ပါမည်။ ဤအခြေခံမှ ဆက်လက်ဝေဘန်သွား ပါမည်။

ဥပဒေစိုးမိုးရေးကို တည်ဆောက်မပေးနိုင်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ

၂၀၀၈ ဖွဲ့စည်းပုံကို မည်သို့ ချဉ်းကပ်မည်နည်း ဟူသည်မှ မြန်မာနိုင်ငံ၏ မျက်မှောက်ပြသနာများတွင် သော့ချက်ဖြစ် လာသည်။ ဥပဒေစိုးမိုးရေး ရနိုင် မရနိုင် ချိန်ထိုးရမည့် စံပေတန် ဖြစ်လာသည်။

၂၀၀၈ ဖွဲ့စည်းပုံကို ဖြစ်နိုင်လျှင် လုံးဝဖျက်သိမ်းပစ်သင့်သည်။ အနည်း ဆုံး အားဖြင့် ယင်း၏ အခြေခံကြောရိုး များအား ပြင်ကိုပြင်ရပါမည်။ ဤသည်မှာ တိုင်းပြည်အကျိုး အတွက် လျှောက်ရမည့် လမ်းကြောင်းပင်။ ယင်းလမ်း ကြောင်းကို အထောက်အပံ့ဖြစ်စေရန်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ လှုပ်ရှားမှုများနှင့် စပ်လျှဉ်း၍ လူထု၏ အခန်း ကဏ္ဍကို တိုးမြင့်စေခြင်းဖြစ်သည်။
ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေး တို့ကိုကြွေးကြော်လျှက် လူထုထံမှ ဆန္ဒမဲ များရယူခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ယင်းတို့နှင့် စပ်လျှဉ်း၍ အခြေခံလူထုများ အကြားတွင် ဆွေးနွေးပွဲများ၊ သင်တန်းများ၊ ပညာပေးရေးများ၊ လူထု၏ သဘောထားအမြင် စုဆောင်းရေးလုပ်ငန်းများကို အားကောင်းကောင်း ဖေါ်ဆောင်လိမ့်မည်ဟု မြှော်လင့်ခဲ့သည်။ နိုင်ငံရေး အာဏာမရသေး၊ အစိုးရ မဖြစ်သေးသော်လည်း လူထုခေါင်းဆောင် အနေဖြင့် လုပ်လို စိတ်ထက်သန်ပါက လုံးဝ လုပ်၍ ရနိုင်သော လုပ်ငန်းဖြစ်သည်။ သိုရာ တွင် ယနေ့အချိန်အထိ ဟုတ္တိ ပတ္တိ မတွေ့ရပါ။

ယခုမှု ယင်းတို့အစား ဒေါ်အောင်ဆန်းစုကြည်၏ ၀န်းကျင်တွင် ကပွဲများ၊ သီဆိုပွဲများ၊ ဟိုပွဲသည်ပွဲများ၊ ခရိုနီများနှင့် တွေ့ဆုံပွဲများ၊ စစ်အာဏာရှင် စနစ်ကို ပြုပြင်ဖာထေးရေးလုပ်ငန်း များ နှင့်သာ ပြည့်နှက်နေပါတော့ သည်။ ပညာရေး ရံပုံငွေ သိန်းနှစ်ထောင်ကျော်ရှာ နိုင်သည့် အပေါ်တွင် ဂုဏ်ယူနေသည်။ အင်န်ဂျီအိုနှင့် လူမှုရေးအသင်းအဖွဲ့များ လုပ် ရမည့် အလုပ်တွင် နိုင်ငံရေးခေါင်းဆောင်က ၀င်ရောက် အလုပ်များနေသည်။ အစိုးရ၏ ကချင်ပြည် နယ်ထိုးစစ်၌ လူထု ပညာရေးအတွက် သုံးရမည့် ငွေများ အလဟသ ဖြစ်နေသည်ကို နိုင်ငံရေးအရ မလေ့လာအား။ ဒီဇင်္ဘာ ၁၄ တရက်တည်းနှင့် ကျပ်ငွေ သိန်းတသောင်းကျော်ခန့် ကုန်ကျနေသည်ကို ဂရုမပြုအား။ ယနေ့အထိ မြန်မာ့တပ်မတော်က ခေါင်းမာမာနှင့် ဆက်လက်ထိုးစစ်ဆင်နေသည့် အတွက် အနည်းဆုံး ကျပ်ငွေ သိန်းပေါင်း သုံး သောင်း ကျော်ခန့်မျှ ကုန်ကျသွားသည်ကို ဥပဒေစိုးမိုးရေးရှုဒေါင့်မှ ချဉ်းကပ် တားဆီးရန် မကြိုးစား။

အစိုးရက တိုင်းရင်းသားတပ်များအား မတူကွဲပြားစွာ တည်ရှိစေခြင်းသည် ဥပဒေစိုးမိုးေ၇းနှင့် ဆန့်ကျင်

တကမ္ဘာလုံးတွင် မည်သူမျှ ငြင်း၍မရသော ဥပဒေစိုးမိုးရေး၏ မူတရပ်မှာ ဥပဒေ ရှေ့မှောက်တွင် အားလုံး တန်းတူရှိရေး ဖြစ်သည်။ ကချင်စစ်ပွဲကို ဥပဒေစိုးမိုးရေးအခြေခံမှ မည်သို့ချဉ်းကပ်သင့်သနည်း။

ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်သည် နယ်ချင်း ဆက်နေသည်။ ၀ နယ်မှာ ရှမ်းပြည်နယ်အတွင်းမှာ ရှိသည်။ ၀ နယ်တွင် ၀ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (၀သပ) ဦးဆောင်လျှက် ၀ လက်နက်ကိုင်တပ် သောင်းဂဏန်းတချို့ မျှ အင်အားနှင့် ရပ်တည်လျှက်ရှိသည်။ နယ်ခြား စောင့်တပ်ဖွဲ့စည်းရေးကို ကေအိုင်အို ရော ၀သပ ကပါ လက်မခံပါ။ လက်မခံတာချင်းအတူတူ ဦးသိန်းစိန်အစိုးရက ကေအိုင်အိုကို အပြတ် တိုက်လျှက်ရှိ သည်။ ၀သပ နှင့် တော့ ရွှေလမ်း၊ ငွေလမ်း ဖေါက်လျှက် ရှိသည်။ ၀သပ ကို တိုက်စေခြင်၍ ပြောနေခြင်း မဟုတ်။ ဥပဒေ စိုးမိုးရေး အခြေခံနှင့်ဆန့်ကျင်နေ သဖြင့် ထောက်ပြခြင်း ဖြစ်သည်။

နယ်ခြားစောင့်တပ် မဖွဲ့သည့်အတွက် အရေးယူမည်ဆိုလျှင် နယ်ခြား စောင့်တပ်မဖွဲ့ဘဲ ရပ်တည်နေကြသည့် လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးကို တပြေးညီ အရေးယူရပါမည်။ ကွက်ကြားမိုးရွာ၍မရပါ။ အစိုးရက ဤသို့ ကွက်ကြားမိုး ရွာနေသမျှ ဥပဒေစိုးမိုးရေး မည်သည့် အခါတွင်မျှ ရမည် မဟုတ်ပါ။

ဥပဒေစိုးမိုးရေး အလံထောင်လျှက် လူထုထံမှ ဆန္ဒမဲ ရယူခဲ့သော ဒေါ် အောင်ဆန်းစုကြည်သည် ဤသည်ကို ထောက်ပြရန်တာဝန်ရှိသည်။ ယင်းအပေါ်အခြေခံ၍ အစိုးရက ကချင်ပြည်နယ်တွင် ထိုးစစ် အရှိန်မြှင့် ဆင်နွှဲနေသည်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရန် တာဝန်ရှိသည်။ အဘယ်ကြောင့် ငြိမ်သက်နေပါသနည်း။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဤကိစ္စကို သတိမထားမိ၍တော့ မဟုတ်နိုင်ပါ။ ဥပဒေစိုးမိုး ရေးအခြေခံမှ ကြည့်လျှင် ရှင်းနေသောကြောင့် ဖြစ်သည်။ သတိထားမိပါ လျှက် အကြောင်းတခုခုကြောင့် တမင်မျက်ကွယ်ပြုထားသည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဥပဒေစိုးမိုးရေးကို နုတ်ကပြောနေ သော်လည်း လက်တွေ့အရ လိုက်နာကျင့်သုံးခြင်းမရှိဟု ဝေဘန်ရပါမည်။

၂၀၀၈ ဖွဲ့စည်းပုံသည် တိုင်းရင်းသားတပ်များ၏ တည်ရှိမှုပြသနာကို မရှင်းနိုင်။ ဤအတိုင်း ဆက်သွားနေသမျှ ကာလပတ်လုံး တိုင်းရင်းသား တပ်များသည် မတူကွဲပြားစွာ ဆက်လက် ရပ်တည်နေကြမည်ဖြစ်သဖြင့် ဥပဒေစိုးမိုးေ၇းပျက်နေပြီး တပြည်လုံးတွင် ဖြစ်ခြင်သလိုဖြစ်နေကြမည်။ ဥပဒေစိုးမိုးေ၇းအခြေခံတွင် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်လိုပါက ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တခုကို မွေးထုတ် ဘို့ လိုပါမည်။

၂၀၀၈ ဖွဲ့စည်းပုံအောက်သို့ ဆွဲသွင်းရန် နယ်ခြားစောင့်တပ်ဖွဲ့စေရေး နည်းနာသည် လုံးဝပင် မအောင်မြင်

ဥပဒေစိုးမိုးရေးကို ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆက်စပ်ပြီး ထပ်မံတင်ပြပါမည်။ ပုဒ်မ ၃၃၈ တွင် “နိုင်ငံအတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်” ဟု ပြဌာန်းထားသည်။ ဖွဲ့စည်းပုံအတိုင်း အကောင်အထည်ကျင့်သုံးနိုင် ရန် တိုင်းရင်းသားတပ်များ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးမူကို နအဖ အစိုးရလက်ထက်ကထဲက ကြိုတင်ကြိုးပမ်းခဲ့သည်။ အဖွဲ့ငယ်ကလေး တချို့မှ လွဲ၍ ကချင်၊ ၀၊ ရှမ်း၊ မွန်၊ ကရင်၊ ကရင်နီ စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကြီးများက လက်မခံကြပါ။

ကရင်ပြည်နယ်တွင် ဒီကေဘီအေ၏ အစိပ်အပိုင်းတခုက လက်ခံသွားပြီး ကျန်တခုက လက်မခံပါ။ ကေအင်ယူမှ ခွဲထွက်ခဲ့ပြီး ငြိမ်းချမ်းရေးယူသွား ခဲ့ သည့် ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်သည့် အဖွဲ့ငယ်သည်ပင်လျှင် လုံးဝလက်မခံ။ ချော့မော့ ဖိအားပေးသော်လည်း မည်သို့မျှ မရသဖြင့် ဤအတိုင်း ရပ်တည်ခွင့်ပေးထားရသည်။ ဤသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်တွေ့ကျင့်သုံး၍ မရကြောင်း ထင်ရှားသည့် သာဓကပင်။ ဥပဒေစိုးမိုးရေးကို ဆီမန်း မန်းသလို ရွတ်နေသော သူရဦးရွှေမန်း ခေါင်းဆောင်သည့် အတုအယောင် လွှတ်တော်ကြီး တခုလုံးသည်လည်း ၂၀၀၈ ဖွဲ့စည်းပုံ နှင့်ဆန့်ကျင်လျှက် ထင်ထင်ရှား ရှား ရပ်တည်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ပြသနာကို မည်သည့်အခါကမျှ ဆွေးနွေးခဲ့ခြင်းမရှိ။ မသိခြင်ယောင် ဆောင်ထားကြသည်။

နယ်ခြားစောင့်တပ်များအဖြစ် အတင်းအကြပ် ဆက်ဖွဲ့ခိုင်းလျှင် ခုခံကြပြီး လက်နက်ကိုင်တိုက်ပွဲများ တပြည်လုံး ပြန်လည်ဖြစ်ပွားလာဦးမည်မှာ ရာနုန်းပြည့်သေချာသည်။ တိုင်းရင်းသားတပ်များက ပြည်ထောင်စုတပ်မ တော်တရပ် ဖွဲ့ စည်းရေးကို တောင်းဆိုနေကြသည်။ ယင်းကို လက်တွေ့ အကောင်အထည်ဖေါ်မည်ဆိုလျှင်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကြီးမားသော အကန့်အသတ်ဖြစ်နေသည်။ ဖွဲ့စည်းပုံကို ဤအတိုင်း ဆက် လက်ထားရှိသမျှ ကာလပတ်လုံး မည်သည့်အခါတွင်မျှ ဥပဒေ စိုးမိုးရေး မရနိုင်တော့။ အဘယ်ကြောင့်ဆိုသော် ဖွဲ့စည်းပုံပြဌာန်းချက်က တခြား၊ လက်တွေ့ စစ်တပ်အသီးသီး ရပ်တည်နေသည်က တလွဲ ဖြစ်နေသောကြောင့်ပင်။

ကေအိုင်အိုတခုတည်းကို ထိုးစစ်ဆင်နေခြင်းသည် ဥပဒေစိုးမိုးရေး နှင့် သာမက တရားမျှတမှုနှင့်ပါ ဆန့်ကျင်

နယ်ခြားစောင့်တပ်မဖွဲ့သည့်အတွက် အစိုးရက အပြစ်ရှာတိုက်ခိုက်ရာ တွင် ခံရသူမှာ ကေအိုင်အို တဖွဲ့တည်း ဖြစ်နေသည်။ သို့ရာတွင် ကေအိုင် အိုကို အမြတ်ပြတ်ချေမှုန်းနိုင်ရန် ဝေးစွ၊ လိုင်ဇာဌာနချုပ်အနီး လဂျားယန် ဒေသရှိ တောင်ကုန်းတကုန်းမျှကို သိမ်းရန်ပင် လက်နက်ကြီးပေါင်းများ စွာနှင့် တိုက်လေယာဉ်များပါ သုံးခဲ့ရသည်။ တပြည်လုံးရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး နယ်ခြားစောင့်တပ်များ ဖွဲ့ကြ၊ ၂၀၀၈ ဖွဲ့စည်းပုံနှင့် အညီ မြန်မာ့တပ်မတော်၏ ကွပ်ကဲမှုအောက်ကို ၀င်ကြ၊ မ၀င်လျှင် အပြတ်တိုက်ပြီး အကုန်လုံးကို ခြေမှုန်းပစ်မည်ဟူ သောမူ ကို မည်သည့်နှင့်မျှ ကျင့်သုံး၍ မရသည်မှာ ရာနုန်းပြည့် သေချာ သည်။ မည်သူငြင်းနိုင်အံ့နည်း။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လည်ပတ်၍ မရတော့။ ဤသည်မှာ အကြီးမားဆုံးသော ဥပဒေစိုးမိုးရေး ပြသနာကြီး ဖြစ်လာသည်။

ပြည်တွင်းငြိမ်းချမ်းရေးရရန် လက်ရှိမြန်မာ့တပ်မတော်အား တိုင်းရင်းသား တပ်များပါ ပါဝင်ဖွဲ့စည်းမည့် ပြည်ထောင်စုတပ်မတော်တရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန်ဟူသော အဆိုပြုချက်ကို အဓိက လေ့လာစဉ်းစား ဘို့ ရှိလာသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သည်ထက်ကောင်း မွန် သည့် နည်းနာရှာဖွေနိုင်ပါက တိုင်းရင်းသားအဖွဲ့အစည်းများကိုရော တပြည်လုံးလူထုကိုပါ ချပြသင့်သည်။ အားလုံးလေ့လာလိုကြပါမည်။

၁၉၉၄ ခုနှစ်တွင် နအဖ နှင့် ကေအိုင်အို အပစ်အခတ်ရပ်စဲရေးလုပ်ရာ၌ ထဲထဲဝင်ဝင်ပါခဲ့သူ ထောက်လှန်းရေးဗိုလ်မှုးဟောင်း အောင်လင်းထွဋ်က “စာချုပ်ထဲမှာ မပါတဲ့ နယ်ခြားစောင့်တပ်လုပ်ရမယ့် ကိစ္စအပေါ် မူတည် ပြီး ကေအိုင်အေ နယ်ခြားစောင့်တပ် မလုပ်ရကောင်းလား ဆိုပြီး ကေအိုင် အိုကို ရန်မူလာတဲ့ အနေအထားရှိတယ်။ စာချုပ်ကိုလဲ ဗမာ အစိုးရဘက် က စပြီး ချိုးဖေါက်ခဲ့တာပါ။” ဟု ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၃ ရက်နေ့တွင် ဘီဘီစီအင်တာဗျူးတွင် ပြောခဲ့သည်။ ဤလင့်ခ်တွင် နားဆင်ပါ။

- အင်တာဗျူး နားဆင်ရန် click

တိုင်းရင်းသားပြည်နယ်များအတွက် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်

၎င်းက ဆက်လက်၍ “နိုင်ငံရေးဆွေးနွေးဘို့ အစိုးရရဲ့ထိုးစစ်တွေရပ်ပြီး ၁၉၉၄ ခုနှစ်က သဘောတူခဲ့တဲ့ မျဉ်းကြောင်းကို ပြန်ဆုတ်သွားဘို့ လိုပါတယ်။ အစိုးရအနေနဲ့ထိုးစစ်ရပ်ပြီး ဗိုလ်နေမြဲ၊ ကျားနေမြဲ မူလလမ်း ကြောင်းအတိုင်း ပြန်သွားမယ်ဆိုရင်တော့ ကေအိုင်အေအနေနဲ့ အပစ် အခတ်ရပ်စဲရေး မလုပ်စရာ အကြောင်းမရှိဘူးလို့ သိရပါတယ်။” ဟု ပြောသွားခဲ့သည်။ ဤမှတ်ချက်နှင့် ပတ်သက်၍မူ စာရေးသူအနေဖြင့် သိတ်ပြီး မသေချာလှပါ။

အဘယ်ကြောင့်ဆိုသော ၁၇ နှစ်အပစ်ရပ်ခဲ့သော်လည်း ကချင်ပြည်နယ် လူထုအတွက် မည်သည့်နိုင်ငံရေး အခွင့်အရေးမျှ မရခဲ့ကြောင်း ကေအိုင် အိုက အကြိမ်ပေါင်းများစွာ ထောက်ပြခဲ့ပြီ။ ယခုလည်း အနည်းဆုံးအား ဖြင့် ကချင်ပြည်နယ်လူထုအတွက်ပင် မည်သည့် နိုင်ငံရေးအခွင့်အရေးမျှ အာမခံချက်မရှိ၊ အစိုးရစစ်တပ်က အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ချိုး ဖေါက၊် ၄င်းတို့ထင်သလို စိတ်တိုင်းကျ ထိုးစစ်ဆင်ခဲ့သည့် ကာလ အတွင်း သိန်းချီသည့် ကချင်လူထုများ ဒုက္ခမျိုးစုံ ရောက်ခဲ့ကြ၊ အတော် များများလည်း ဖိနှိပ်ရက်စက်မှုများ ခံခဲ့ရ၊ အိုးအိမ်များ ဆုံးရှုံး ဘ၀များ ပျက်ခဲ့ကြ သည်တို့ကိုလည်း မည်သို့မျှ ပြန်လည်ကုစားပေးခြင်းမရှိ၊ အစိုးရတပ်က ၁၉၉၄ မျဉ်းကြောင်းအတိုင်း နောက်ပြန်ဆုတ်ပေးရုံနှင့် ပြီးပြီလား။ ယင်းမှာ တရားမျှတသည့် အပစ်အခတ်ရပ်စဲရေးဟု ပြောနိုင် ပါမည်လား။

အပစ်အခတ် ရပ်လိုက်ပြန်ပြီးနောက်တွင် ကချင်ပြည်နယ်မြေယာများ အပေါ် ဦးသိန်းစိန်အစိုးရက ၄င်းတို့ အလိုကျ ပြန်လည် စီမံခန့်ခွဲတော့ မည်။ ကျောက်စိမ်းများ အပါအ၀င် ကချင်ပြည်နယ်လူထုပိုင် သဘာဝ သယံဇာတများအား ပြန်လည်ထုတ်လုပ်ရောင်းချ အမြတ်ထုတ်ဦး တော့မည်။ ဤသည်တို့ကို ကေအိုင်အိုဘက်က သည်အတိုင်း လက် ပိုက်ထိုင်ကြည့်နေရမည်လား။ အသေအကျေ ခုခံတိုက်ပွဲဝင်ခဲ့ပြီးနောက် ကေအိုင်အို ရလိုက်သည့် နိုင်ငံရေးအကျိုးအမြတ်သည် လက်တွေ့ ဘာမှမရှိ။ အပစ်ရပ်လိုက်ရခြင်းသက်သက်သာ ဖြစ်သည်ဆိုလျှင် လက်ခံ နိုင်ပါ့မလား။ ပြန်လည် အပစ်အခတ်ရပ်ပြီးနောက်တွင် နောက်တကြိမ် ထပ်မံ ရန်စ စော်ကားခံရကာ တိုက်ပွဲပြန်ဖြစ်ဦးမည့် အန္တရယ်ကို မည်သို့ကာကွယ်မည်နည်း။ ယင်းတို့မှာ ကေအိုင်အိုအတွက် စဉ်းစား စရာများဖြစ်ပါမည်။

ဥပမာ ပြပါမည်။ လူကြီးတဦးနှင့် ကလေးတဦး ခြေနှစ်လှမ်းခန့်အကွာ မျက်နှာခြင်းဆိုင် မတ်တတ်ရပ်နေကြသည်။ မည်သည့်ဘက်ကမျှ စတင် ရန်စစော်ကားခြင်း မရှိဘဲ ကိုယ့်နေရာမှာ ကိုယ်ရပ်နေကြရန် သဘောတူ ထားကြသည်။ လူကြီးဘက်က စတင်ချိုးဖေါက်ပြီး ရှေ့ခြေတလှမ်းတက် ကာ ကလေး၏ ပါးကို ရိုက်လိုက်သည်။ တချက်တည်း မဟုတ် ဘယ်ပြန် ညာပြန် ဆက်ရိုက်နေသည်။ ကလေးကလည်း တတ်နိုင်သမျှ ၄င်း၏ လက်ကလေးများနှင့် ဟိုကာ သည်ကာ ခုခံကာကွယ်နေရသည်။ ဘေး လူများက အမြင်မတော်သဖြင့် ၀ိုင်းဝန်း အော်ဟစ် ဟန့်တားကြသည်။ “ကလေးကို မရိုက်ပါနဲ့၊ ရပ်ပါတော့ လူကြီးရယ် ကိုယ့်နေရာမှာ ကိုယ်ပြန် နေပါ” ဟု ၀ိုင်းဝန်းမေတ္တာရပ်ခံကြသည်။ ဘေးလူများကပါ ကလေး ဘက်က ပါပြီး မိမိကို အန္တရယ်ပြုနိုင်သည်ကို ရိပ်စားမိလာသောကြောင့် လူကြီးက နောက်ခြေတလှမ်း ပြန်ဆုတ်ပေးလိုက်သည်။

လူကြီးက ကလေးအပေါ် ကျူးကျော်စော်ကားမှုအား မည်သို့မျှ အရေး မယူ။ ကလေး နစ်နာသွားမှုအတွက်လည်း ထိုက်သင့်သည့် လျော်ကြေး နှင့် မည်သည့်ကုစားမှုမျှ မပေး။ နောင်ကိုလည်း ဆက်လက် ကျူးကျော် စော်ကားခြင်း မပြုစေ၇န် မည်သည့် အာမခံချက်မျှမရှိ။ လူကြီး စိတ်မထင် တိုင်း ရှေ့ကို ခြေတလှမ်းပြန်တက်လာပြီး ရိုက်ဦးမည့် အန္တရယ်ရှိနေ သည်။ ဤဥပမာတွင် လူကြီးသည် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရနှင့် ၄င်းအား အမိန့်ပေးနေသည့် ကာလုံဖြစ်သည်။ ကလေးသည် ကေအိုင်အို ခေါင်းဆောင်သည့် ကချင်လူထု ဖြစ်သည်။

ကချင်ပြည်နယ် ရသင့်ရထိုက်သည့် နိုင်ငံရေးအခွင့်အရေးများကို ရည် ညွှန်း လျှက် ကေအိုင်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က နောင် ကို စစ်ဆိုတာ မရှိတော့အောင် အပြီးအပိုင် တခါတည်း လုပ်လိုက်ကြရ အောင်၊ ပင်လုံစိတ်ဓါတ်နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်လိုက် ကြရအောင် ဟု ပြောကြားခဲ့သည်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ တောင်းဆိုတိုက်ပွဲဝင်နေ သော တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှသာ ရနိုင်ပါမည်။ ကချင်ပြည်နယ်တွင် ကေအိုင်အိုသည် ပြည်ထောင်စုမှ ခွဲထွက်ရေး၊ သီးခြားနိုင်ငံတည်ထောင်ရေးအတွက် တိုက်နေခြင်းမဟုတ်ကြောင်း ကေအိုင်အေ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင် လွန်ခဲ့သည့် ရက်ပိုင်းတချို့ကမှ ပြောကြားခဲ့သည့် မိန့်ခွန်းအား ဤလင့်ခ်တွင် နားဆင်ပါ။

- မိန့်ခွန်းနားဆင်ရန် click

၎င်း၏ မိန့်ခွန်း အရ ကေအိုင်အိုသည် ကချင်ပြည်နယ် ကိုယ်ပိုင်အုပ် ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်များ ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု အဖြစ်တည်ဆောက်ရာမှာ ပါဝင်နိုင်ရေး တို့အတွက် တိုက်ပွဲဝင်နေခြင်း ဖြစ်ကြောင်း ရှင်းပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တိုင်းရင်း သားများလို လားသည့် မည်သည့် နိုင်ငံရေးအခွင့်အရေးမျှ မပါရှိပါ။

တိုင်းရင်းသားပြည်နယ်များကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးကို အဓိက ထားပြီး ကေအိုင်အိုက ဘာကြောင့်ပြောနေသလဲ။

မည်သည့် နိုင်ငံရေးအခွင့်အရေးမျှ အာမခံချက်မရှိသေးဘဲ ယခုတကြိမ် ထပ်မံ အပစ်အခတ်ရပ်စဲရေး လုပ်ပါက ဦးသိန်းစိန်အစိုးရက နိုင်ငံရေး ဆွေးနွေးပွဲခေါင်းစဉ်အောက်တွင် ဟိုပြော သည်ပြောနှင့် အချိန်ဆွဲထားပြီး နောက်ထပ် ၁၇ နှစ် ထပ်မံ စောင့်ဆိုင်းရဦးမည့် အနေအထားကို ကေအိုင် အိုခေါင်းဆောင်များ စိုးရိမ်နေကြပုံရသည်။ သို့ဖြစ်၍ အပစ်အခတ်ရပ်စဲ ရေးကို လက်မှတ်ထပ်မံထိုးရန် သိတ်ပြီး စိတ်မ၀င်စားကြ။ ဦးသိန်းစိန် အစိုးရက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟူသည့် နိုင်ငံရေး ပြသနာကို အရင်ရှင်းပြစေခြင်ပုံရသည်။ စစ်မှန်သည့် ဖက်ဒရယ်ပြည် ထောင်စုကို အမြန်ဆုံး တည်ဆောက်လိုက်စေခြင်ပုံရသည်။ အပစ်မရပ် သေးသော်လည်း ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်သည့် နိုင်ငံရေး လုပ်ငန်းစဉ်များအား ဦးသိန်းစိန်အစိုးရက စစ်စစ်မှန်မှန် ဆောင်ရွက်နေ ပါက ကေအိုင်အေဘက်ကမူ အစိုးရကို ထိုးစစ်ဆင်မည် မဟုတ်သည်မှာ သေချာသည်။

အစိုးရက ကေအိုင်အိုကို ထိုးစစ်များ ပြန်လည်ဆင်နွှဲလာရသည့် နောက် ထပ် အကြောင်းရင်းတခုမှာ စီးပွားရေးအကျိုးအမြတ်ကြောင့် ဖြစ်သည်။ ဤသည်ကို ၂၀၁၂ ခုနှစ် ဒီဇင်္ဘာလ (၂၇) ရက်နေ့က စာေ၇းသူ တင်ဆက်ခဲ့သည့် ဆောင်းပါးတွင် အောက်ပါအတိုင်း ဖေါ်ပြခဲ့သည်။

“ကေအိုင်အိုကို ထိုးစစ်များ ပြန်လည်ဆင်နွှဲနေခြင်းမှာ သမတ နှင့် စစ်ခေါင်းဆောင်များ အကြားတွင် သဘောထားကွဲလွဲ၍ မဟုတ်ပါ။ သဘောထား ကွဲခြင်ယောင်ပြု၍ ထိုးစစ်ဆင်နေခြင်းသာ ဖြစ်သည်။ အဘယ်ကြောင့်နည်း။ စီးပွားရေးအကျိုးအမြတ်ကြောင့် ဖြစ်သည်။ ဖားကန့်ကျောက်စိမ်းဒေသကို ပြန်လည်လွှမ်းမိုးအမြတ်ထုတ်လိုခြင်း နှင့် ကေအိုင်အို က လိုင်ဇာမှ တဆင့်ထိမ်းချုပ်ထားသည့် တရုတ်နှင့် ကုန်သွယ်ရေးလမ်းကြောင်းကို စိုးမိုးလိုခြင်းတို့ ကြောင့်ဖြစ်သည်။”

စစ်အစိုးရဘက်မှာ တာဝန်ယူခဲ့သူ ဗိုလ်မှုးဟောင်းအောင်လင်းထွဋ်က လည်း အလားတူ သုံးသပ်လာသည်။ “ထိုးစစ် ဆင်မှုဟာ ဗမာအစိုးရ အတွက် ဘယ်လိုအကျိုးရမလဲ ” ဟုဘီဘီစီက မေးသောအခါ ၄င်းက “ဗမာအစိုးရအတွက် အကျိုးအမြတ်အများဆုံးရှိတဲ့ နေရာတွေပါ။ ကျောက်စိမ်း၊ သစ်တောနဲ့ အခြားသယံဇာတတွေ ရှိတယ်။ ရေအား လျှပ်စစ် ထုတ်နိုင်တဲ့ နေရာတွေ အများအပြားရှိတယ်။ တရုတ်နဲ့စာချုပ် ချုပ်ဆိုခဲ့တဲ့ အပေါ် အစိုးရ အနေနဲ့အကျိုးအမြတ် အများအပြား ရရှိခဲ့ တယ်။ ဒါကြောင့် ကေအိုင်အေဟာ အစိုးရအတွက် ခလုတ်ကန်သင်းဖြစ် တယ်လို့ မြင်ပါလိမ့်မယ်။”

ကေအိုင်အိုက ပင်လုံစာချုပ်ကို ရည်ညွှန်းလျှက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အသိအမှတ်ပြုရန်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် တောင်းဆိုနေခြင်းမှာ လက်တွေ့အရ မည်သည်ကို ဆိုလိုပါသနည်း။ ကချင်ပြည်နယ်တွင် တည်ရှိနေသည့် မြေယာအပေါ်မှ နည်းမျိုးစုံနှင့် ရရှိသည့် အကျိုးအမြတ်မှန်သမျှ ပထမဆုံးအနေဖြင့် ကချင်ပြည်နယ်လူ ထုတွင် ခံစားခွင့်ရှိရန်၊ ဒုတိယအနေနှင့် ပြည်ထောင်စုအတွင်းရှိ အခြား ပြည်နယ်များ မျှဝေခံစားခွင့်ရရေးအတွက် ခွဲဝေပေးရန်ဟူ၍ စာရေးသူ နားလည်သည်။ လက်တွေ့တွင်မူ ပြည်နယ်များမှာ ဖွတ်ကျေုာပြာစုဖြစ် လာပြီး စစ်အာဏာရှင်ဟောင်း သစ်များ အခြေစိုက်နေသည့် နေပြည် တော်ကြီးသာ တနေ့ထက်တနေ့ ကြီးမား ခန့်ထည်လာသည်။ ရွှေရောင် တပြောင်ပြောင် ဖြစ်လာသည်။

ပြည်နယ်အသီးသီး၏ အကျိုးစီးပွားနှင့် ဆန့်ကျင်လျှက် မြေယာအပေါ် ဦးသိန်းစိန် အစိုးရက ထင်သလို စီမံခန့်ခွဲ၊ ကုမ္ပဏီကြီးငယ်များအား လုပ်ငန်းလိုင်စင်များချပေး၊ ၄င်းကုမ္ပဏီများတွင် ဗိုလ်ချုပ်ဟောင်း သစ်များ က အစုရှယ်များ ထည့်ဝင် အကျိုးစီးပွားခံစား၊ ဗိုလ်ချုပ်ဟောင်း သစ်များ တည်ထောင်ထားသည့် ဦးပိုင်ကုမ္ပဏီကလည်း မြေယာများ အပေါ်ဝင် ရောက် ဂုတ်သွေးစုပ်ကြခြင်းဖြင့် ပြည်နယ်များ၏ အခွင့်အရေးများ ကြီး မားစွာ ဆုံးရှုံးလျှက်ရှိသည်။

ကချင်ပြည်နယ် အပါအ၀င် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ ၆၅ နှစ်ကျော် ဆုံးရှုံးခဲ့ရသည့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးပြသနာကို ကေအိုင်အိုက တခါတည်းနှင့် အပြီး ရှင်းလိုက်ခြင်ပုံရသည်။ အလွယ် တကူ နှင့် အပစ်အခတ်ရပ်စဲရေး ပြန်လည်လုပ်လိုပုံမရပါ။
ကေအိုင်အို၊ ကေအိုင်အေသည် ပင်လုံစာချုပ်အပေါ် အခြေခံသည့် နိုင်ငံရေးရည်မှန်းချက်များအတွက် တိုက်ပွဲဝင်နေသည်။ သို့ဖြစ်၍ ၄င်း၏ ခုခံစစ်သည် ကချင်ပြည်နယ်တခုတည်းအတွက် မဟုတ်၊ ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်များအားလုံးအတွက် စစ်မှန်သည့် ပြည်ထောင်စုပြန် လည်တည်ဆောက်ရေး၊ အတိအကျအားဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖြစ်သည်ဟု စာရေးသူနားလည်သည်။ မည်မျှအထိ ပြင်းပြင်းထန်ထန် ခုခံစစ်ဆင်နွှဲနေရသည်ကို နိုင်ငံတကာ ကပင် စတင်အသိအမှတ်ပြုလာပြီ ဖြစ်သည်။ အောက်ပါလင့်ခ်များတွင် ရှုပါ။

- နားဆင်ရန် (၁) click

- နားဆင်ရန် (၂) click

ပင်လုံစာချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်

ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သည်။ ပင်လုံစာချုပ်သည် ၂၀၀၈ ဖွဲ့စည်းပုံထက် အဆ တသောင်းမက ပိုမို၍ တရားဝင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် မငြင်းနိုင်ဟု ခံယူသည်။ လာမည့် ဖေဖေါ်ဝါရီ လ ၁၂ ရက်နေ့ဆိုလျှင် ပင်လုံစာချုပ်၏ သက်တမ်း ၆၆ နှစ် ပြည့်ပါပြီ။ ပင်လုံစာချုပ်အရ ပြည် ထောင်စုအဖွဲ့ဝင်များအား ဒီမိုကရေစီ အခွင့်အရေး နှင့် ကိုယ်ပိုင်အုပ် ချုပ်ခွင့် အခွင့်အရေးများ အပ်နှင်းထားသည်။ သို့ရာတွင် ကချင်ပြည် နယ် အပါအ၀င် တိုင်းရင်းသား ပြည်နယ်များသည် ကိုယ့်ပြည်နယ် အစိုးရကို ကိုယ့်လူထုက ရွေးချယ်တင်မြှောက်ခွင့် မရ။ ကိုယ့်ပြည်နယ်ကို ကိုယ့်ဖာသာအုပ်ချုပ်ခွင့် မရ။ ကိုယ့်မြေကို ကိုယ့်ဖာသာ စီမံခန့်ခွဲခွင့်မရ။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ကထဲက တက်လာသော ပြသနာ သည် ၂၀၀၈ ဖွဲ့စည်းပုံတွင် အဆိုးဆုံး ဖြစ်လာသည်။

ပြည်ထောင်စုအဖွဲ့ဝင် တိုင်းရင်းသားပြည်နယ်များအတွက် နိုင်ငံရေး အခွင့်အရေးကို ပင်လုံစာချုပ်တွင် ဖခင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လက်မှတ်ရေးထိုးချုပ်ဆို အသိအမှတ်ပြုခဲ့သည်။ သမီးဖြစ်သူ ဒေါ်အောင် ဆန်းစုကြည်သည် နိုင်ငံေ၇းအရ လှုပ်ရှားဆောင်ရွက်နိုင်သည့် အနေ အထားတွင်ရှိနေပါလျှက် အဘယ်ကြောင့် မျက်ကွယ်ပြုနေပါသနည်း။

၂၀၀၈ ဖွဲ့စည်းပုံကို ဘယ်တော့ ပြင်မှာလဲ။ ဘာတွေ ပြင်မှာလဲ

ဖွဲ့စည်းပုံပြင်ဆင်ပါမည် ဟူသော ကတိကို ဒေါ်အောင်ဆန်းစုကြည်က လူထုအား ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးစဉ်မှာ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ စာရေးသူ နားလည်သည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် ယင်းကတိကို လွှတ်တော်အတွင်း ရောက်ပြီးပြီးချင်းမှာပင် ချက်ခြင်းအကောင်အထည်ဖေါ်လိမ့်မည်၊ သူမ ရရှိထားသော ပြည်တွင်း လူထုထောက်ခံမှု၊ နိုင်ငံတကာ၏ အသိအမှတ်ပြုမှုများကို အသုံးပြုကာ ဖွဲ့စည်းပုံပြင်ရန် အဆိုပြုချက်များ ဟောတခု ဟောတခု ထွက်လာလိမ့်မည်၊ လွှတ်တော်ကြီးတခုလုံး သိမ့်သိမ့်တုန်သွားစေရန် လှုပ်ခါလိမ့်မည်ဟု မြှော်လင့်ခဲ့သည်။ ကံမကောင်းစွာပင် ယင်းသို့ဖြစ်မလာခဲ့ပါ။

ပြောင်းပြန်ပင်။ သူမသည် လွှတ်တော်မှာ ကျမ လေ့လာစရာတွေ အများကြီးရှိသေးတယ်ဟု ရေရွတ်ကာ လွှတ်တော်အစည်းအဝေးများအား ကြိုးကြိုးကုတ်ကုတ် တက်နေခဲ့သည်။ အနှစ်သာရ ဘာတခုမျှမရှိဘဲ အခွန်မျှသာရှိနေသည့် လွှတ်တော်ကြီးတွင် ဒေါ်အောင်ဆန်းစုကြည် ဘာကိုလေ့လာမည် မသိပါ။ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဘယ်တော့စ လုပ်မည်ကို မည်သူမျှ မသိရ။ ၂၀၁၅ ရွေးကောက်ပွဲ ပြီးမှသာ ပြင်ဘို့ ကြိုးစားတော့မလိုလို သတင်းများ ထွက်လာသည်။ ဤသို့ဆိုလျှင် ကြားဖြတ်ရွေးကောက်ပွဲဝင်စဉ်က လူထုကို ရှင်းရှင်းပြောထားခဲ့သင့်သည်။ စာရေးသူအနေဖြင့်မူ ဤသို့ မဖြစ်သင့်ဟု ယူဆသည်။

ယခုလောလောဆယ် ပြင်ဘို့ကြိုးစားရင် အယ်န်အယ်လ်ဒီ အမတ်နေရာ လေးဆယ်ကျော်လောက်နဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မလဲဟု စောဒကတက် သူများ ရှိကောင်းရှိပါမည်။ လက်တွေ့မဖြစ်နိုင်ဘူး ထင်ရင် ဘာကြောင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့သလဲဟု ပြန်မေးရပါမည်။ လူထုကို ကတိပေးထားသည်မှာ ၂၀၁၅ ရွေးကောက်ပွဲပြီးမှသာ ပြင်ဘို့ကြိုးစား ၇န်မဟုတ်၊ ကြားဖြတ်ရွေးကောက်ပွဲ သက်တမ်းအတွင်းမှာပင် ပြင်ရန်ဟု စာရေးသူ နားလည်သည်။ လွှတ်တော်အတွင်း၌ ဖွဲ့စည်းပုံပြင်ရန် ကြိုးစားစရာရှိတာ အမြန်ဆုံး ကြိုးစားသင့်ပါသည်။ လူထုကြီးကလည်း လွှတ်တော်ပြင်ပမှာ လှုပ်ရှားတောင်းဆိုမှုများရှိလာမှာ မုချဖြစ်သည်။ နိုင်ငံတကာဖိအားများလည်း ကျရောက်လာနိုင်သည်။

မကြာသေးခင်ကပင် စာရေးသူက ပြည်တွင်းတွင် လက်ရှိ အမှုလိုက်ပါ ဆောင်ရွက်နေသော လူငယ်ရှေ့နေတချို့အား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် စပ်လျှဉ်း၍ သင်တန်းပို့ချခဲ့သည်။ သင်တန်းသား ရှေ့နေ တဦးက မေးသည်။ “ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ပြည် ထောင်စု ခရီးစဉ် အတွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဘို့လိုတယ်လို့ ပြောမသွားဘူး။ အိန္ဒိယရောက်တော့မှပြောတယ်။ အဲဒါ ဘာကြောင့်လဲ ဆရာ” ဟူ၍ဖြစ်သည်။ စာရေးသူလည်း ရုတ်တရက် ဘာဖြေရမည် မှန်းမသိခဲ့။ သို့ဖြစ်၍ ရိုးရိုးပင် “ ဆရာလဲ ဘယ်သိပါ့မလဲကွာ။ မင်းတို့ရော ဘယ်လိုထင်သလဲ။” ဟူ၍ ပြန်မေးဖြစ်ခဲ့သည်။

ဤတွင် အခြားရှေ့နေတဦးက “ဒေါ်အောင်ဆန်းစုကြည် သမတ လုပ်မယ် ဆိုရင် သူ့အနေနဲ့ ကန့်ကွက်စရာမရှိဘူးလို့ ဦးသိန်းစိန်က အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်း ပြောသွားခဲ့တယ်။ အဲသလို ပြောပြီးတဲ့နောက်မှာမှ ဒေါ်စု က အိန္ဒိယမှာ ဖွဲ့စည်းပုံကို ပြင်ဘို့ပြောတာ။ သူမ သမတဖြစ်ဘို့အတွက် လိုအပ်တဲ့ အပိုင်းလောက်ကိုဘဲ ပြင်ပေးဘို့ ဒေါ်အောင်ဆန်းစုကြည် ဦးတည်နေမလားလို့ ကျမတော့ စိုးရိမ်မိတယ်။” ဟု ပြန်ဖြေသွားခဲ့သည်။ အခြားရှေ့နေများကလည်း ယင်းဖြေကြားချက် ကို လက်ခံကြသည်။

ယင်းသို့သော သုံးသပ်ချက် အဘယ်ကြောင့် ထွက်ပေါ်လာပါသနည်း။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သည်လည်းကောင်း၊ သူမ ဦးဆောင် သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်းကောင်း၊ ဖွဲ့စည်းပုံ၏ မည်သည့်အပိုင်းများကို ပြင်ဆင်သွားမည်ဟု ယနေ့အချိန်အထိ တိတိ ကျကျ လူထုအားရှင်းပြခြင်း မရှိသေးပါ။ ယင်းနှင့်စပ်လျှဉ်း၍ လုပ်ငန်းစဉ် တရပ် တိတိကျကျချပြီး လူထုထံမှ သဘောထား တောင်းခံခြင်းလည်း မရှိသေးပါ။ စာရေးသူအပါအ၀င် လူထုကြီးတရပ်လုံးမှာ ထီထိုးထားပြီး ပေါက်မဲစောင့်နေရသူများကဲ့သို့ဖြစ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံကို ပြင်ရန် မကြိုးစားတော့ဘဲ ၂၀၁၅ ရွေးကောက်ပွဲအထိ သည်အတိုင်း မြှောလိုက်သွားတော့မည်လား ဟူသည်ကို စိုးရိမ်ရသည့် အနေအထား ရှိလာသည်။ ရှင်းရှင်းလင်းလင်း[i] မရှိသည့် ပြသနာကို စစ်အာဏာရှင် အုပ်ချုပ်မှုယန္တယားအတွင်းမှာ သာမက ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးအတွင်းမှာပါ ရင်ဆိုင်နေကြရသည်။ ရှေ့ကို မည်သို့ဆက်လက် စခန်းသွားကြတော့အံ့နည်း။


ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဖန်သုံးသပ်ခြင်း - အပိုင်း (၄)


ကချင်ပြည်နယ် စစ်ပွဲသတင်း ထိပ်တန်းကို ရောက်လာသည့်အချိန်တွင် စိတ်ဝင်စားစရာကောင်းသည့် ကချင် သမိုင်းဆောင်းပါးတစောင်ကို ဖတ်လိုက်ရသည်။ ဆောင်းပါးရှင်မှာ ကိုဝိုင်ဝိုင်ကေ အမည်ရှိ မြန်မာ တဦးဖြစ်သည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) မှ ဖြစ်ပုံရသည်။ မြန်မာနှင့် ကချင်အကြား တွင် လူမျိုးရေးမုန်းတည်းမှုများ မပေါ်ပေါက်စေရန် ဦးတည်ကြောင်း ဖေါ်ပြထားသဖြင့် တန်ဘိုးထားမိ သည်။ စာရေးသူကဲ့သို့ မြန်မာများက ကချင်များအပေါ် လူမျိုးရေးအရ မုန်းတည်းမှုရှိစေရန် စစ်အာဏာရှင်များက ဆက်သွယ်ရေးနည်း ပညာအမျိုးမျိုးသုံး၍ လှုံ့ဆော်နေသည့်အချိန်၌ ကိုဝိုင်ဝိုင်ကေ၏ ဆောင်းပါးလေးကို ဖတ်လိုက်ရသည်မှာ ရင်ထဲအေးသွားမိသည်။ ၄င်း၏ ဆောင်းပါးထဲမှ စာပုဒ်သုံးပုဒ်ကို ကိုးကားလိုပါသည်။ အောက်ပါ ပထမ နှစ်ပုဒ်မှာ ကချင်သမိုင်းနှင့် ဆိုင်ပါသည်။

“ကချင်လူမျိုးတို့သည် ၁၈၈၅-ခု၊ ဒီဇင်ဘာ၂၈-ရက်တွင် အင်္ဂလိပ်တို့ ရေကြောင်းခရီးဖြင့် ဗန်းမော်မြို့သို့စတင်၍ ကျုးကျော်လာစဉ်ကတည်းက အလွန်တရာ မုန်းတီးခဲ့ပြီး ဗမာနှင့် အခြားတိုင်းရင်းသားများနည်းအတူ မျိုးချစ်စိတ်ဓါတ်ဖြင့် ခုခံတွန်းလှန်ခဲ့ကြပါသည်။ ကချင်လူမျိုးတို့၏ စရိုက်တစ်ခုမှာ မဟုတ်မခံစိတ်ရှိသည်၊ ရိုးသားဖြောင့်မတ်သည်၊ မတရား အနိုင်ကျင့်တာကို မကြိုက်၊ အထူးသဖြင့် ခေါင်းကို လက်နှင့်ပုတ်ရိုက်ခြင်း၊ လက်နှစ်ဘက်ကို ချည်နှောင်ခြင်း၊ အတင်းအဓမ္မ ဒူးထောက် အညံ့ခံခိုင်း ခြင်းများကို လုံးဝမကြိုက်ပါ။”

“၁၉၄၂- ခု၊ မေလ (၅) ရက်တွင် ဂျပန်တပ်များ ကချင်နယ်မြေဒေသ များနှင့် မြစ်ကြီးနားသို့ ရောက်ရှိလာစဉ်ကလည်း အင်္ဂလိပ်စစ်တပ်ကို ခုခံတိုက်ခိုက်သည့်နည်းအတူ မျိုးချစ်စိတ်ဓါတ်ဖြင့် အပြင်းအထန် တိုက်ပွဲဝင်ခဲ့ကြပြီး၊ ဂျပန်တပ်များ ဆွမ်ပရာဘွမ်သို့ ချီတက်စဉ် ကမ်းပါး စောက်နက်သော လမ်းအကွေ့တစ်နေရာမှ ကချင်များ၏ ချုံခိုတိုက်ခိုက် မှုကြောင့် ဂျပန်စစ်သားများ ချောက်ထဲသို့ ကားကို လီဗာတင်မောင်း၍ အသေခံသွားကြသည်အထိ စွမ်းရည်ပြခဲ့ကြသည်။ ထိုနေရာကို (ဂျပန် ပျံကွေ့) ဟု သမိုင်းဝင်တစ်နေရာအဖြစ် ဂျပန်ကမ္ဘာလှည့်ခရီးသည်များ ယနေ့တိုင် သွားရောက်ကြည့်ရှုကြသည်မှာ ကချင်တို့၏ ကျုးကျော်မခံ သော ပြည်ထောင်စုစိတ်ဓါတ်ကို ပေါ်လွင်စွာမြင်နိုင်ပါသည်။”
ငြိမ်းချမ်းသည့် ပြည်ထောင်စုကို တည်ဆောက်လိုပါလျှင် တိုင်းရင်းသား လူမျိုးများ၏ သမိုင်းကို တန်ဘိုးထားရပါမည်။ ကချင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (ကေအိုင်အေ) ကို ထိုးစစ်ဆင်နေခြင်းများနှင့် စပ်လျှဉ်း၍ “ ကေအိုင်အေက မိုင်းခွဲတာတွေ၊ ရိက္ခာပို့ရာမှာ ဟန့်တား နှောက်ယှက်မှုတွေ လုပ်တဲ့အတွက် ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရခြင်း ဖြစ်ကြောင်း၊” အစိုးရက ဇန်န၀ါရီလ (၄) ရက်နေ့၌ ထုတ်ပြန်သွားခဲ့ သည်။ ၄င်းအရ မိုင်းခွဲသူ ကေအိုင်အေသည် လူဆိုးဖြစ်ပြီး ကာချုပ်မင်း အောင်လှိုင်၏ စစ်တပ်မှာ လူဆိုးကိုနှိမ်သည့် သူရဲကောင်းအဖြစ် ဖန်တည်းထားသည်။ သို့ရာတွင် မည်သူသည် လူဆိုးဖြစ်ပါသနည်း။ အထက်ပါ သမိုင်းကို အခြေခံ၍ ပြောင်းပြန်လှန်စဉ်းစားဘို့ လိုပါမည်။

၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်လက်အောက်သို့ မကျရောက်မီ သမိုင်း အဆက် ဆက် ကချင်လူမျိုးများ လွတ်လပ်စွာနေခဲ့၊ ကိုယ့်မြေကိုယ့်ရေကို ကိုယ့်ဖာသာ စီမံခန့်ခွဲ အသုံးချခဲ့ပြီး ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ချုပ် ဆိုသည့် အချိန်တွင်မှ ကချင်ပြည်နယ်သည် ပြည်ထောင်စုအဖွဲ့ဝင် အဖြစ်ပါဝင်လာခဲ့သည်။ ကချင်တို့သည် အင်္ဂလိပ်ကိုရော ဂျပန်ကိုပါ သတ္တိပြောင်စွာ ခုခံတိုက်ခိုက်ရင်း ၄င်းတို့၏မြေကို ၄င်းတို့ဖာသာ စီမံခန့်ခွဲပိုင်ခွင့်၊ အသုံးချပိုင်ခွင့်တို့အား အသက်ပေး ကာကွယ်ခဲ့ကြ သည်။ ကချင်တို့၏မြေသည် စာရေးသူကဲ့သို့ မြန်မာလူမျိုးများပိုင်သည့် မြေမဟုတ်ပါ။ ကချင်ပြည်နယ်လူထု၏ သဘောဆန္ဒနှင့် ဆန့်ကျင်ပြီး ကချင်ပြည်နယ်အတွင်းသို့ စစ်အင်အားနှင့် သွားရောက်တပ်စွဲလျှင် စွဲသည့် တပ်သည် ကျူးကျော်သူဖြစ်သည်။ လူဆိုးဖြစ်သည်။ ယင်းကို ရှင်းအောင် စဉ်းစားရန်လိုပါမည်။

အမှန်တရားကို ရှာဖွေရာတွင် အင်အားနှင့် ကြည့်၍မရ။ မကြည့်သင့်။ သမတ ဦးသိန်းစိန်နှင့် ကာချုပ်မင်းအောင်လှိုင် ခေါင်းဆောင်သည့် တပ်မှာ လူဦးရေများသည့် မြန်မာလူမျိုးများအား စစ်သားစုဆောင်းနိုင် ခြင်း၊ နိုင်ငံတော်ပိုင် ဘဏ္ဍာငွေများကို အသုံးချပြီး တပ်အတွက် လိုအပ်သည့် လက်နက်ပစ္စည်းအသုံးအဆောင်များ တပ်ဆင်နိုင်ခြင်း တို့ကြောင့် စစ်အင်အား ကြီးမားသည်။ ကချင်လွတ်မြောက်ရေး တပ်မတော်သည် အဆများစွာ အင်အားနည်းပါးသည်မှာ မငြင်းနိုင်။ ကိန်းဂဏန်းအရ ဤသို့ တွေ့ရပါမည်။

သို့ရာတွင် အင်အားကြီးမားသူက ပြုမူတိုင်း အမှန်တရားအဖြစ် မှတ်ယူ၍မရပါ။ တချိန်တည်း၌ အင်အားနည်းသူက ပြုမူတိုင်းတော့လည်း အမှန်တရား မဖြစ်နိုင်ပါ။ သမိုင်းကြောင်း၊ ဥပဒေနှင့် ကချင်လူထုဆန္ဒ အပေါ် အခြေခံ သုံးသပ်လျှင် အမှန်တရားသည် မိမိတို့မြေ၊ ရေနှင့် လူထုကို ကာကွယ်တိုက်ပွဲဝင်သည့် ကချင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ဘက်တွင်ရှိသည်။ ကေအိုင်အေ၏ ခုခံစစ် သည် တရားသောစစ် ဖြစ်သည်။

ကချင်ပြည်နယ်လူထုပိုင် မြေယာများကို ကြိုက်သလို စိုးမိုးချယ်လှယ် ခွင့်ရရန် စစ်အစိုးရက တပ်ရင်းပေါင်း ရှစ်ဆယ်ကျော်၊ စစ်သည်အင်အား ငါးသောင်းခန့်မျှအထိ စေလွှတ်ချထားခဲ့ပြီးပြီ။ ထပ်မံ ပို့လွှတ်ရန် တပ်များစုဆောင်းနေသည့် သတင်းများလည်း အဆက်မပြတ် ထွက် ပေါ်လျှက်ရှိသည်။ အဓိက အသုံးပြုသည့် လမ်းကြောင်းမှာ မန္တလေး၊ မြစ်ကြီးနားသွား ရထားလမ်းဖြစ်သည်။

စစ်အစိုးရသည် လူထုသုံးနေသည့် ဆက်သွယ်ရေးလမ်းကြောင်းကို အဘယ်ကြောင့် စစ်ရေးရည်မှန်းချက်အတွက် သုံးသနည်း။ စစ်သားများ အား အရပ်ဝတ်လဲစေပြီး ရထားပေါ်တင်၊ လက်နက်များကိုမူ လူနှင့်ခွဲထား ကာ အခြားတွဲများတွင် ဖုံးဝှက်တင်၊ မြစ်ကြီးနားရောက်မှ လူနှင့် လက် နက်ပြန်တပ်ဆင်၊ ကေအိုင်အေကို တိုက်ရန် စစ်မြေပြင်ကိုလွှတ် စသည့် နည်းနာများအား မရိုးသားစွာ အဘယ်ကြောင့် သုံးနေသနည်း။ လူသားဒိုင်း[i] ကာ၍ တပ်အရွှေ့အပြောင်း လုပ်နေခြင်းမှာ ဦးသိန်းစိန် အစိုးရတွင် တာဝန်မရှိဘူးလား။ ယင်းကို တားဆီးရန်အတွက် ကေအိုင်အေက ရထားလမ်းများကို မိုင်းခွဲဖျက်ဆီးသည့်အခါတွင်မှ လူဆိုးအဖြစ် အဘယ်ကြောင့် အထက်စီးမှ စွပ်စွဲနေသနည်း။ ဦးသိန်းစိန်အစိုးရ က ပြောသည်။ ၄င်းတို့၏ တပ်များအတွက် ရိက္ခာပို့ရာမှာ ဟန့်တားနှောက်ယှက်သောကြောင့် ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရပါသတဲ့။ ကေအိုင်အေတပ်တွေ နေပြည်တော်အနီး ပျဉ်းမနားတ၀ိုက်တွင် လာတပ်စွဲနေမည်ဆိုလျှင် အဆိုပါတပ်များအတွက် ရိက္ခာပို့ခြင်းအား ဦးသိန်းစိန်အစိုးရက လွတ်လပ်စွာ ခွင့်ပြုမည်လား။

စစ်အစိုးရ၏ စစ်ရေးရည်မှန်းချက်အတွက် အသုံးပြုနေသော ရထား လမ်းများအား မိုင်းမခွဲစေခြင်လျှင်၊ တပ်များအတွက် ရိက္ခာပို့ရာမှာ အနှောက်အယှက်မဖြစ်စေခြင်လျှင် ကချင်ပြည်နယ်အတွင်း သွားရောက် တပ်စွဲထားသော စစ်အစိုးရ၏ တပ်များအားလုံး ပြန်ဆုတ်ခွါလာကြရန် အမိန့်ပေးလိုက်ရုံပင်ဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေး ချက်ခြင်း ရရှိသွားပါမည်။ သူ့ပြည်နယ်ကို သူ့ဖာသာ ကာကွယ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အသိအမှတ်ပြုထားသော ကချင် တပ်များက တာဝန်ယူကြပါလိမ့်မည်။ အထက်ပါ သမိုင်းဆောင်းပါးတွင် ပါရှိသည့် စာပုဒ်ကို လေ့လာပါ။

“မန်ခိန်း (Man Hkaring) ကျေးရွာတွင် ပြုလုပ်သော ကချင်ဒေသ လူထုအစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ ဗမာများက ကချင်များ အပေါ် စိုးမိုးအုပ်ချုပ်မည်မဟုတ်ကြောင်း၊ တောင်တန်းဒေသကို ကချင် များ စိတ်တိုင်းကျ အုပ်ချုပ်နိုင်ကြောင်း၊ သို့ပါသော်လည်း တစ်ပြည်လုံးနှင့် သက်ဆိုင်သော ဘဏ္ဍာရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ စသည်တို့ကိုမူ ကချင်ဝန်ကြီးပါဝင်သော ဗဟိုအစိုးရ (ပြည်ထောင်စုအစိုးရ) က တိုင်ပင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ဘာသာရေး၌လည်း လွတ်လပ်စွာ ကြိုက်နှစ်သက်သည့် ဘာသာကို ယုံကြည်ကိုးကွယ်နိုင်ကြောင်း၊ ကချင်တပ်ရင်းသီးခြား ဖွဲ့စည်းပေးမည်ဖြစ်ကြောင်း၊ ဗမာ တစ်ကျပ်၊ ကချင် တစ်ကျပ် တန်းတူအခွင့်အရေးရမည်ဖြစ်ကြောင်း၊ ခင်ဗျားတို့က ဗမာမကောင်းဘူးလို့ ထင်ရင် လက်တွေ့ပေါင်းကြည့်နိုင်ကြောင်း၊ ယခု ဗမာက ယခင်ဗမာနှင့် မတူကြောင်း ခင်ဗျားတို့ ယုံပါ ဟု မိန့်ကြားခဲ့ရာ ကချင်လူမျိုးများသည် ဗိုလ်ချုပ်ကို အလွန်ပင် ကြည်ညိုလေးစားသွား ကြပါသည်။ ” ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ခင်လေးစားသူများသည် ၄င်း၏မူအပေါ်  အခြေခံပြီး ကချင်ပြည်တွင်းစစ်ပြသနာ၊ ပြည်ထောင်စု တခုလုံး ငြိမ်းချမ်းရေးပြသနာများအား ချဉ်းကပ်ကိုင်တွယ်ရန် လိုပါမည်။

တရားဝင်အစိုးရ ဟူသည်မှာ အဘယ်နည်း။ သူပုန် ဟူသည်မှာ အဘယ်နည်း။

ဦးသိန်းစိန်၏ တပ်များက အစိုးရတပ်ဖြစ်၍ တရားဝင်သည်။ ကေအိုင်အေက သူပုန်ဖြစ်၍ တရားမ၀င်။ အစိုးရတပ်က သူပုန်ကို ချေမှုန်းခြင်းမှာ တရားသည် မှန်ကန်သည်ဟု ပြောကြသူများကိုလည်း တွေ့ရသည်။ ယင်းအကြောင်းပြချက်အား လက်ခံသင့် မသင့် ရှုဒေါင့်နှစ်ခုမှ စဉ်းစားရန် လိုပါသည်။ စာရေးသူကဲ့သို့ မြန်မာလူမျိုး များနှင့် ဖွဲ့စည်းထားသည့် မြန်မာပြည်နယ်၏ ရှုဒေါင့်နှင့် မြန်မာမဟုတ် သည့် အခြားတိုင်းရင်းသားများနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု အဖွဲ့ဝင် အခြားပြည်နယ်များ၏ ရှုဒေါင့် ဟူ၍ဖြစ်သည်။

ပထမဆုံးအနေနှင့် အစိုးရ၏ တရားဝင်မှုကို ဆန်းစစ်ရပါမည်။ အစိုးရကိုယ်တိုင်က တရားဝင်မှသာ ယင်းကိုနာခံပေးနေသော တပ်မှာ တရားဝင်ပါမည်။ ဦးသိန်းစိန်အစိုးရမှာ တရားဝင်အစိုးရ မဟုတ်ပါ။ အကြောင်းနှစ်ချက်ကြောင့် ဖြစ်သည်။ ပထမအချက်မှာ နာဂစ် မုန်တိုင်း ပြင်းထန်စွာ ကျရောက်နေစဉ်အတွင်း အတင်းအကြပ် အတည်ပြုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအပေါ် အခြေခံ၍ ဖွဲ့စည်းထားခဲ့ခြင်းကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲများအတွင်း ကြိုတင်မဲများ အသုံးပြု၊ မဲကလိန်ကျပြီး အနိုင်ရခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် အများစုအပေါ် အခြေခံ ဖွဲ့စည်းထားခဲ့ခြင်းကြောင့် ဖြစ်သည်။ ကြိုတင်မဲ များဖြင့် အနိုင်ယူခဲ့ခြင်းကို ရွေးကောက်ပွဲကော်မရှင်ကပင် ၀န်ခံခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်၍ ဦးသိန်းစိန်အစိုးရမှာ တရားဝင်အစိုးရ မဟုတ်ပါ။

ဒုတိယအနေနှင့် တရားဝင်အစိုးရ အနေနှင့် စဉ်းစားကြည့်ပါမည်။ လူထုက ဒီမိုကရေစီနည်းကျ စစ်စစ်မှန်မှန် ရွေးချယ်တင်မြှောက်သဖြင့် တရားဝင်အစိုးရ ပေါ်လာပြီ ဆိုကြပါစို့။ လူများစု၏ မဲဆန္ဒအရေ အတွက် ကိုသာ အခြေခံစဉ်းစားလျှင် ယင်းတရားဝင်အစိုးရသည် စာရေးသူကဲ့သို့ မြန်မာလူမျိုးများ နေထိုင်ရာ မြန်မာပြည်နယ်တွင်သာ အာဏာလွှမ်းမိုးမှု ရှိပါမည်။ မြန်မာပြည်နယ်အတွင်း၌ ယင်းတရားဝင် အစိုးရကို လက်နက် ကိုင်ဆန့်ကျင်တော်လှန်သည့် အဖွဲ့အား သူပုန်ဟု ပြောနိုင်ပါမည်။ မြန်မာလူမျိုးမဟုတ်သည့် အခြားတိုင်းရင်းသားများနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုအဖွဲ့ဝင် အခြားပြည်နယ်များကို မလွှမ်းခြုံပါ။

တတိယအနေနှင့် ပြည်ထောင်စုအဖွဲ့ဝင် အခြားပြည်နယ်များ အားလုံး ကိုပါ လွှမ်းခြုံအာဏာသက်ရောက်စေမည့် ပြည်ထောင်စုအစိုးရကို မည်သို့စဉ်းစားမည်နည်း။ နှစ်ချက် လိုပါသည်။ တစ်ချက်မှာ ပင်လုံစာချုပ် ပါ တိုင်းရင်းသားများ၏ အခွင့်အရေးကို ဖေါ်ဆောင်ထားသည့် ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ရှိရပါမည်။ ယင်းအပေါ် အခြေပြု၍ ကျင်းပသော ရွေးကောက်ပွဲနှင့်အညီ ရွေးချယ်တင်မြှောက်ဖွဲ့ စည်းထားသည့် အစိုးရ ဖြစ်ရပါမည်။ သို့မှသာ ပြည်ထောင်စုတခုလုံးကို လွှမ်းခြုံအာဏာသက်ရောက်မည့် တရားဝင်အစိုးရ ရနိုင်ပါမည်။ နောက် တချက်မှာ ပြည်ထောင်စုတပ်မတော်ကို ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ် များမှ ပြည်နယ်ကာကွယ်ရေးတပ်များပါ ပါဝင်ဖွဲ့စည်းထားဘို့လိုပါမည်။ သို့မှသာ တရားဝင် ပြည်ထောင်စုတပ်မတော် တည်ရှိလာပါမည်။

ယင်းအခြေအနေများနောက်ခံတွင် ပေါ်ပေါက်ဖွဲ့စည်းထားသည့် ပြည် ထောင်စုတပ်မတော်ကို ဆန့်ကျင်တိုက်ပွဲဝင်သည့် တပ်မှာ သူပုန်တပ် ဖြစ်မည်။ သို့မဟုတ်ဘဲ လူများစု မြန်မာလူမျိုးများကို အဓိကထားစုစည်း၊ တပ်ထိပ်ပိုင်း ခေါင်းဆောင်နေရာမှန်သမျှ မြန်မာလူမျိုးတွေသာ ရာထူး ရယူ၊ စစ်အာဏာရှင်အခြေခံဖြင့် စစ်ရေးအရ လွှမ်းမိုးနိုင်ရေးအတွက်သာ တပ်ကိုအသုံးချ၊ ယင်းသို့သော တပ်မှာ အစိုးရတပ်ဖြစ်၍ တရားဝင်ပြီး ယင်းတပ်ကို ခုခံနေသည့် ကေအိုင်အေမှာ သူပုန်ဖြစ်သဖြင့် တရားမ၀င် ဟူသော အကြောင်းပြချက်ကို စာရေးသူက လုံးဝလက်မခံပါ။

တိုင်းရင်းသားပြည်နယ်များဘက်မှ ကြည့်လျှင် လက်ရှိမြန်မာ့တပ်မတော် သည် နယ်ချဲ့ အခြေခံဖြင့် တည်ထောင်ခဲ့သည့် အင်္ဂလိပ်တပ်နှင့် ခြားနားမှုမရှိ။ ပြည်ထောင်စုအဖွဲ့ဝင် တိုင်းရင်းသားပြည်နယ်များရှိ သက်ဆိုင်ရာ တိုင်းရင်းသားလူထုများ၏ သဘောဆန္ဒနှင့် ဆန့်ကျင်ပြီး အတင်းအကြပ် ၀င်ရောက် အနိုင်ကျင့် တိုက်ခိုက်မှု မှန်သမျှသည် ပင်လုံစာချုပ်နှင့် ဆန့်ကျင်သည်။ နယ်ချဲ့လုပ်ရပ်ပင်ဖြစ်သည်။

ယင်းသို့သော နယ်ချဲ့လုပ်ရပ်ကို လက်ခံမည်၊ တရားဝင် အသိအမှတ် ပြုမည်ဆိုလျှင် မြန်မာလူမျိုးများ အဘယ်ကြောင့် အင်္ဂလိပ်နယ်ချဲ့ကို ခုခံခဲ့၊ အင်္ဂလိပ်တပ်ကို တော်လှန်တိုက်ပွဲဝင်ခဲ့သနည်း။ အင်္ဂလိပ်တပ်ကို တရားဝင်တပ်အဖြစ် လက်ခံ၊ သူ့နောက်မှာ ရပ်တည်၊ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်ခဲ့သည့် မြန်မာ့လွတ်လပ်ရေးတပ်မတော်သည် သူပုန်တပ် ဖြစ်နေသဖြင့် ၄င်းတပ်ကို ဆန့်ကျင်။ ဤသို့ ရပ်တည်ခဲ့ရ မည်သာ ဖြစ်သည်။ ပြန်လည်သုံးသပ်ကြပါကုန်။

ကေအိုင်အို၊ ကေအိုင်အေသည် ပြည်ထောင်စုမှ ခွဲထွက်ရေးအတွက် တိုက်ပွဲဝင်နေခြင်းဖြစ်သလား။

ဦးသိန်းစိန်အစိုးရနှင့် ကာချုပ် မင်းအောင်လှိုင်သည် အဘယ်ကြောင့် တပ်အင်အားမြောက်များစွာ ကချင်ပြည်နယ်သို့ စေလွှတ်၊ အဆမတန် ပြင်းထန်သည့် လက်နက်ကြီးများ၊ တိုက်လေယဉ်များပါ သုံး၍ အမြစ်ပြုတ် ချေမှုန်းစစ်ဆင်နွှဲနေသနည်း။ တရားဝင် အကြောင်းပြချက်[ii] သည် အဘယ်နည်း။ မိမိတပ်မှ ရဲဘော်များ ဒဏ်ရာရသွားသည့်အခါ ပစ် သတ်ပြီး ထားခဲ့ရန်ပင် အမိန့်ပေးကြောင်း ခမရ (၃၈၂) က ဒုတပ်ကြပ် အောင်မင်းထိုက်က ထွက်ဆိုခဲ့သည်။ [iii] မိမိ၏ ရဲဘော်များ၏ အသက်ကိုပင် ဖက်ကလေးလို သဘောထားလျှက် ဤမျှရက်စက်သည့် စစ်ပွဲကို အဘယ်ကြောင့် သဲကြီးမဲကြီး ဆင်နွှဲနေသနည်း။ အစိုးရအနေဖြင့် ကိုယ့်ရဲဘော်များအပေါ်ကိုပါ ပြစ်မှုကျူးလွန်ပြီး ဆင်နွှဲသည့် စစ်ပွဲမျိုး ပြည်တွင်းစစ်သမိုင်းတွင် တကြိမ်တခါ မျှ မကြားခဲ့ဘူးပါ။

ကေအိုင်အေ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်၊ ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ကေအိုင်အို တွဲဘက် အထွေ ထွေအတွင်းရေးမှုး ဦးလနန်တို့က ကေအိုင်အို၊ ကေအိုင်အေသည် ခွဲထွက်ရေးအတွက် တိုက်နေခြင်းမဟုတ်၊ စစ်မှန်သော ပြည်ထောင်စု တည်ဆောက်၇န်၊ အတိအကျအားဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ကြိုးပမ်း နေကြကြောင်း အကြိမ်ကြိမ် ပြောခဲ့ပြီးကြပြီ။ ကေအိုင်အေနှင့် အတူတွဲ၍ ခုခံစစ်ဆင်နွှဲနေသော အေဘီအက်စ်ဒီအက်ဖ်သည်လည်း ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေးအတွက်သာ တိုက်ပွဲဝင်နေကြောင်း သိကြပြီး ဖြစ်သည်။ မိမိတိုက်နေသော စစ်ကို လူထုထောက်ခံမှုရရန်အတွက် အစိုးရက ကေအိုင်အို၊ ကေအိုင်အေတို့သည် ပြည်ထောင်စုမှ ခွဲထွက်ရန် ကြိုးပမ်းနေကြသလိုလို ၀ါဒဖြန့်ချီမှုမျိုး မလုပ်သင့်ပါ။

ပြည်ထောင်စုမှ ခွဲမထွက်ခြင်အောင် လုပ်ရန်မှာ မည်သူ့တာဝန်နည်း။

ပေါင်းစည်းခြင်း ဆိုသည်မှာ မေတ္တာတရားကို အခြေခံလျှက် တဦးကိုတဦး နားလည်မှုရှိစွာ၊ ချစ်ခင်ရင်းနှီးစွာ၊ ကြည်သာစွာ လက်တွဲနိုင်ကြမှသာ အနှစ်သာရနှင့် ပြည့်စုံသည်။ လင်မယားပင် ဖြစ်စေဦး၊ အတင်းအကြပ် ဓါးမိုး၍ ပေါင်းဖက်ခိုင်းလျှင် ခေတ္တမျှသာ ခံပါမည်။ ကွဲကြပြဲကြမှာ ဖြစ် သည်။

လူများစု မြန်မာလူမျိုးတွေက အနိုင်ကျင့်မည် စိုးရိမ်သဖြင့် တိုင်းရင်းသား ခေါင်းဆောင်များက ခွဲထွက်ခွင့်ကို တောင်းခဲ့ကြရာ ဗိုလ်ချုပ်အောင်ဆန်း က တိုင်းပြုပြည်ပြုလွှတ်တော်တွင် အသေးစိပ် ဆွေးနွေးရန် တင်ပြခဲ့ သည်။ [iv] ထို့နောက် ငါးနှစ်စီမံကိန်းနှစ်ရပ် ဆယ်နှစ်တာကို ရည်ညွှန်း လျှက် ဆယ်နှစ်ကြာပြီးနောက် ခွဲထွက်လိုက ခွဲထွက်ခွင့်ပေးရန် ဟူသော အချက်ကို ဖွဲ့စည်းပုံတွင် ထည့်သွင်းပြဌာန်းပေးရန် သဘောတူခဲ့ကြ သည်။ [v] “ ဆယ်နှစ်ကြာအောင် ပေါင်းပြီးမှ သူတို့တတွေ ဆက်ပေါင်း ခြင် အောင် မလုပ်နိုင်လျှင် ကျုပ်တို့ဗမာတွေ ညံ့လို့ပေါ့” ဟု ဗိုလ်ချုပ် အောင်ဆန်းက မှတ်ချက်ပြုခဲ့ သေးသည်။ [vi] ထိုစဉ်က ဗိုလ်ချုပ်အောင် ဆန်းက ဗမာဟု သုံးခဲ့ခြင်းမှာ စာရေးသူကဲ့သို့ မြန်မာလူမျိုးတွေကို ရည်ညွှန်းသည်ဟု နားလည်သည်။

ယခုကြုံတွေ့နေရသည့် ပြည်ထောင်စုပြသနာမှာ မြန်မာတွေ ညံ့၍ဟု မယူဆပါ။ လူမျိုးပြသနာမဟုတ်၊ စနစ်ပြသနာဖြစ်သည်။ စစ်အာဏာရှင် စနစ်ကြောင့်သာ ဤပြသနာပေါ် နေခြင်းဖြစ်သည်။ ၁၉၆၂ ခုနှစ် စစ် အာဏာ သိမ်းသည့်အချိန်တွင် ဗိုလ်ချုပ်နေ၀င်းက တိုင်းရင်းသားများ ဖက်ဒရယ်တောင်းသည်ကို ခွဲထွက်ရေးဟု အကြောင်းပြကာ ဖိနှိပ်ခဲ့ သည်။ နှစ်ပေါင်းငါးဆယ်ကြာပြီး ယခုအချိန်ရောက်မှ ဖက်ဒရယ်ဟူသည် မှာ ပြည်ထောင်စုတည်ဆောက်ရေးစနစ်ဖြစ်ပြီး တိုင်းရင်းသားများရထိုက် သော အခွင့်အရေးဖြစ်ကြောင်း စစ်ခေါင်းဆောင်များ ကိုယ်တိုင် လက်ခံ လာခဲ့ရသည်။ [vii] တိုင်းရင်းသားများသည် နှစ်ပေါင်းငါးဆယ်ကြာမျှ ဒုက္ခများ ခံစားခဲ့ကြရပါပြီ။

စင်စစ်အားဖြင့်မူ စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုအောက်တွင် မြန်မာ မဟုတ်သည့် တိုင်းရင်းသားတွေသာမက မြန်မာတွေပါ ခံစားခဲ့ကြရသည်။ သံဃာတော်များအား မီးလောင်ဗုံးနှင့် ဖြိုခွင်းခဲ့သည့် နောက်ဆုံးသာဓက ကို ကြည့်ပါ။ သံဃာတော်အများစုကြီးမှာ မြန်မာလူမျိုးများဖြစ်သည်။

တိုင်းရင်းသားများ ပြည်ထောင်စုမှ ခွဲမထွက်ခြင်အောင်လုပ်ရန်မှာ စစ်အစိုးရ အဆက်ဆက်တွင် တာဝန်ရှိခဲ့သည်။ ကေအိုင်အိုကို ဆင်နွှဲနေ သည့် ထိုးစစ်ကို ကြည့်လျှင် အစိုးရက တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ကို လိုလားသည် ဟူသည်မှာ မည်သူမျှ ယုံနိုင်စရာမရှိ။ ကချင်များကို နာကျည်းအောင် လုပ်နေခြင်းဖြစ်သည်။ ကေအိုင်အိုက ပင်လုံစာချုပ်အရ ဖက်ဒရယ်ပြည်ထောင်စုဘောင်အတွင်းတွင် တိုင်းရင်း သားများ ရရှိရမည့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးကို အသိအမှတ် ပြုဘို့ ပြောနေသည်။ အစိုးရက မသိကျိုးကျွန်ပြု၊ အဆမတန် အင်အား သုံး၊ စစ်ရေးအရ ဖိအားပေးကာ အပစ်အခတ်ရပ်စဲရေးစာချုပ်ကိုသာ လက်မှတ်ထိုးခိုင်းနေသည်။ ကချင်လူမျိုးများ၏ မြို့တော်သဘွယ်ဖြစ် လာနေသော လိုင်ဇာကိုသာ အတင်းအကြပ် တက်သိမ်းမည်ဆိုလျှင် နာကျည်းမှုသည် ခါးသီးသည့် အဆင့်သို့ပြောင်းသွားမည်။ ခုခံမှုသည် ပို၍ အရှိန်မြင့်လာနိုင်သည်။ ကချင်တို့၏ ခုခံစစ်သည် တောင်ပေါ်မှနေ၍ မြေပြန့်ဒေသများသို့ ရွေ့လျှောမလာဟု မည်သူမျှ မပြောနိုင်။

ကချင်ပြည်နယ်ကို ပြည်ထောင်စုကနေ ခွဲထွက်သွားစေရေးအတွက် ကြိုးပမ်းမှုများေ ပေါ်လာစေရန် ကေအိုင်အိုနှင့် ကချင်လူထုကို တွန်း အားပေးသည့် လုပ်ငန်းအား သမတ ဦးသိန်းစိန် နှင့် ကာချုပ်မင်းအောင် လှိုင်တို့ လုပ်နေကြသည့် သဘောဆောင်သည်။ နောင်ဖြစ်လာမည့် ပြသနာများအတွက် ၄င်းတို့တွင် အဓိက တာဝန်ရှိပါမည်။

ချစ်ခြင်းမေတ္တာအား ပျံ့ပွားစေခြင်းသည် အမုန်းတရားများ လျော့ပါးစေမည့် အကြောင်းရင်းဖြစ်ခြင်း။

ကိုဝိုင်ဝိုင်ကေ၏ သမိုင်းဆောင်းပါးမှ ကော်ပီကူးထားသော အောက်ပါ ဓါတ်ပုံကလေးကို ကြည့်ပါ။ ဗိုလ်ချုပ်အောင်ဆန်းသည် ကချင်အမျိုးသမီး ငယ်များ၏ ရှေ့တွင် ထိုင်လျှက် အားရပါးရ ရယ်မောလျှက်ရှိကြောင်း တွေ့ရပါမည်။ ပင်လုံစာချုပ်တွင် တိုင်းရင်းသားများ၏ နိုင်ငံရေးအခွင့် အရေးကို အာမခံချက်ပေးခဲ့သော ဗိုလ်ချုပ်အား ကချင်များက ချစ်ခင် လေး စားကြသည်။ မေတ္တာတရား အပေါ်အခြေခံလျှက် ကချင်တွေက မိသားစုသဖွယ် ဗိုလ်ချုပ်ကို စကြ နောက်ပြောင်ကြသည်။ ဗိုလ်ချုပ်ကိုယ် တိုင်လည်း ကချင်တို့၏ မေတ္တာကိုခံယူလျှက် ရယ်မောမိသွား၊ ဦးသိန်းစိန် နှင့် ကာချုပ်မင်းအောင်လှိုင်တို့သည် ဤဓါတ်ပုံကလေးမှ မေတ္တာတရား မျိုး ကို မခံစားခြင်ကြပေဘူးလားဟူ၍ စဉ်းစားမိသည်။

အဘယ်ကြောင့် ဗိုလ်ချုပ် နှစ်နှစ်ခြိုက်ခြိုက် ရယ်မောနေသည်ကို ကိုဝိုင်ဝိုင်ကေက အောက်ပါအတိုင်း ရေးထားသည်။

“ဗိုလ်ချုပ်ကို ကချင်အမျိုးသမီး (၆) ဦး၏ အလယ်တွင် ထိုင်စေလျက် ဓါတ်ပုံရိုက်ရန် ချိန်ထားစဉ် ကချင်တိုင်းရင်သားတစ်ယောက်က “ ကချင်မလေးတွေနဲ့ ဓါတ်ပုံအတူရိုက်တာ အိမ်ပြန်ရောက်လို့ ဓါတ်ပုံကို ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် တွေ့သွားရင် ဗိုလ်ချုပ်တော့ ဗိုက်ခေါက်ဆွဲ အလိမ်ခံရတော့မှာပဲ ” ဟု ချစ်စနိုးဖြင့် စလိုက်ရာ ပရိသတ်အားလုံး ဝါးကနဲ ရယ်ပွဲကျသကဲ့သို့ အလွန်တရာ ရယ်ခဲလှသော ဗိုလ်ချုပ်သည် ပင်လျှင် သဘောကျနှစ်ချိုက်စွာ ရယ်မောသည်။”

ဗိုလ်ချုပ်အောင်ဆန်းနှင့် ကွာလိုက်သည့် ဖြစ်ခြင်း။ လက်ရှိ ဗိုလ်ချုပ် ဟောင်း၊ သစ်များသည် ကချင်တိုင်းရင်းသားများအပေါ် ရက်စက်လှချေ တကား။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူတကွ ဖြူစင်သည့် မေတ္တာဖြင့် ပြုံးရွှင်ရယ်မောခဲ့ကြသော ကချင်အမျိုးသမီးတို့မှ မွေးဖွားလိုက်သည့် မြေးငယ်ကချင်သမီးပျိုများသည် ယနေ့ စစ်ယူနီဖေါင်းဝတ်၊ သေနတ်ကိုင် စွဲ ကာ သူတို့မြေကို သူတို့ခုခံကာကွယ်ရသည့်ဘ၀သို့ ရောက်လျှက်ရှိ သည်။ ဗိုလ်ချုပ်အောင်ဆန်းပေးခဲ့သည့် ကတိ စကားများ၊ ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်တို့အား မည်သူမျှ လေးစားလိုက်နာခြင်းမရှိကြတော့။

ဗိုလ်ချုပ်အောင်ဆန်း စာချုပ်ချုပ် အာမခံခဲ့သည့် တိုင်းရင်းသားအခွင့် အရေးများ လက်တွေ့ခံစားနိုင်ရေးအတွက် ၄င်း၏ သမီးအရင်း ဖြစ်ရုံ သာမက ယနေ့ နိုင်ငံရေးဇာတ်ခုံတွင် ထိပ်ဆုံးပိုင်းမှာနေရာယူထားသော ဒေါ် အောင်ဆန်းစုကြည်အပေါ် ကချင်လူထုက တစုံတရာအားကိုးလိုကြ သည်။ သို့ရာတွင် သူမသည် ယနေ့အချိန်အထိ ခပ်ပေါ့ပေါ့ ပင် သဘော ထားလျှက်ရှိသည်။ ရင်ကွဲဘွယ်ကောင်းပါဘိ။ အဘယ်ကြောင့် ဤသို့ဆိုသနည်း။

ဇန်န၀ါရီလ (၃) ရက်နေ့တွင် ကချင်အရေးနှင့် စပ်လျှဉ်း၍ အာရ်အက် ဖေက အင်တာဗျူးသောအခါ ဒေါ်အောင်ဆန်းစု ကြည်က “ ဘယ်လို ဆွေးနွေးနေသလဲ ဆိုတာ အသေးစိပ်မသိ၊ ၀င်ရောက်ပါဝင်ဆွေးနွေး ခြင်တဲ့ ဆန္ဒရှိလို့ပြောထားတာ တနှစ်တောင် မကတော့ပါ။ အစိုးရ ဘက်က ဖိတ်ခေါ်ကမ်းလှမ်းတာမရှိ။”

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးခေါင်းဆောင်၊ လူထုခေါင်းဆောင် နေရာတွင် တာဝန်ယူနေသူ ဖြစ်သည်။ မြန်မာ နိုင်ငံသားများအား တာဝန် သိတတ်သူများဖြစ်စေဘို့ မကြာမကြာ သွန်သင်ဆုံးမလေ့ ရှိသူလည်း ဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေးပြသနာနှင့် စပ်လျှဉ်း၍ သူမတွင် တာဝန်ရှိသည်ဟု စာရေးသူ ယူဆသည်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ဥပဒေ စိုးမိုးရေး နှင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စများဆောင်ရွက်ပါမည်ဟူ၍ လူထုထံမှ မဲများရယူခဲ့ရုံသာမက လက်ရှိလည်း ဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူနေ၍ ဖြစ်သည်။

ယခုဆိုလျှင် စစ်ေ၇းအရှိန်မှာ အထွဋ်အထိပ် ရောက်နေပါပြီ။ လက်နက် ကြီးမျိုးစုံနှင့် တိုက်လေယာဉ်များပါ သုံးပြီး မီးကုန်ယမ်းကုန် တိုက်နေပါပြီ။ ကချင်ပြည်နယ်အတွင်း သိန်းတချို့ ပမာဏရှိသည့် လူထုများ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ထိခိုက်ခံစားနေကြရသည်။ ဤမျှ အရေးကြီးလှ သော ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကြီးတွင် ဒေါ်အောင်ဆန်းစုကြည်သည် မိမိ၏တာဝန်ကို တက်တက်ကြွကြွ ထမ်းဆောင်မည့် ပိုင်းဖြတ်ချက်[viii] နှင့် နိုင်ငံရေးဆန္ဒ[ix] ကို ယခုအချိန်အထိ မပြသေးဟု စာရေးသူ ခံစားမိသည်။ အဘယ်ကြောင့် ဤသို့ ဆိုသနည်း။

ဘယ်လိုဆွေးနွေးနေသလဲ ဆိုသည်ကို မသိသဖြင့် ပါဝင်ဆောင်ရွက်ရန် ကြိုပမ်းခြင်းမရှိဟု သူမပြောသည်မှာ သဘာဝမကျပါ။ မသိလျှင် သိအောင် လုပ်ရန် တာဝန်ရှိပါသည်။ သူမလို ပုဂ္ဂိုလ်မျိုးအနေဖြင့် သိလိုစိတ်တကယ်ရှိလျှင် မသိနိုင်စရာ အကြောင်း မရှိပါ။ သို့ရာတွင် သိအောင်လုပ်ရာ၌ အမှန်တကယ် အခက်အခဲရှိနေသည် ဆိုပါမူ စာရေးသူ ကူညီနိုင်ပါသည်။ တာဝန်ရှိသူများထံမှ ခွင့်ပြုချက်တောင်း၍ သက်ဆိုင်သော စာရွက်စာတမ်းများ၊ ဗွီဒီယိုမှတ်တမ်းများကို သူမ လက်ဝယ်ရရှိအောင် စီစဉ်ပေးနိုင်ပါသည်။

အစိုးရဘက်က ဖိတ်ခေါ်ကမ်းလှမ်းခြင်း မရှိသဖြင့် ၀င်ရောက်ပါဝင်ခြင်း မရှိဟူသည်မှာ ပို၍ပင် မဖြစ်သင့်ပါ။ ဥပဒေစိုးမိုးရေးကို အဓိကဖျက်ဆီး နေသူမှာ ဦးသိန်းစိန်အစိုးရဖြစ်သည်။ လူထုကြီးက အားကိုးလိုသော လူထုခေါင်းဆောင်သည် ဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ မည်မျှပင် ကြီးမားသည့် ပြသနာများ တက်နေစေဦး အစိုးရမခိုင်းသမျှ ဘာမျှ မလုပ်ဟုဆိုလျှင် လူထုသည် ဥပဒေစိုးမိုးရေးအား မည်သည့်အခါတွင်မျှ လက်တွေ့ခံစားနိုင်တော့မည်မဟုတ်။ သူမသည် စစ်အစိုးရ နှင့် စစ်ခေါင်း ဆောင်များ ငြိုငြင်မည်ကို မခံလိုသဖြင့် မခိုင်လုံသော အကြောင်းများကို ပြပြီး တမင်ရှောင်၊ လူထုနစ်နာမှုများအား မျက်ကွယ်ပြုနေသည် ဟု စာရေးသူ သံသယဖြစ်မိသည်။

ပြည်တွင်း ငြိမ်းချမ်းရေးအပါအ၀င် ဥပဒေစိုးမိုးရေးဆိုင်ရာ ပြသနာများ အား ၀င်ရောက်ကိုင်တွယ် ဖြေရှင်းရန် ကြိုးပမ်းမည်ဆိုလျှင်လည်း ရပ်တည်ချက်မှာ အရေးကြီးလာသည်။ အစိုးရနှင့် လူထုအကြား မည်သူ့အမုန်းကိုမျှ မခံရအောင် အလယ်မှာနေ၍ ဖျန်ဖြေပေးသွားမည် [x] ဟူသည့် သူမ၏ ရပ်တည်မှုမှာ ဥပဒေစိုးမိုးရေးအတွက် အထောက်အပံ့ဖြစ်မည်ဟု မယူဆပါ။ ဗုဒ္ဓဘာသာတွင် ဒေ၀ဒတ်နှင့် မြတ်စွာဘုရားအကြားတွင် စေ့စပ်၍မရပါ။ ပြစ်မှုကျူးလွန်သူဒေ၀ဒတ်အား သဘာဝ တရားက မြေမြို၍ ပြစ်ဒဏ် စီရင်ခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တရားသူကြီးမဟုတ်၊ ကုလသမဂ္ဂ အရာရှိလည်း မဟုတ်သဖြင့် အလယ်မှာနေသည် ဆိုခြင်းမှာ အဓိပ္ပါယ်မရှိ လှပါ။ သူမသည် မြန်မာနိုင်ငံ၌ ဥပဒေစိုးမိုးရေး လက်တွေ့ရှိလာစေရန် ဦးဆောင်ဖေါ်ဆောင် နေသူဟူ၍သာ စာရေးသူ နားလည်သည်။

ဥပဒေစိုးမိုးရေးကို ဖေါ်ဆောင်မည်ဆိုလျှင် မျှတသော တရားခွင် [xi] အယူအဆကို ကျင့်သုံးရန် လိုပါသည်။ မုဒိန်းမှုတခုတွင် ပြစ်မှုကျူးလွန် ကြောင်း စွပ်စွဲခံရသူမှာ စစ်ဗိုလ်ကြီးတဦးဖြစ်ပြီး ကျူးလွန်ခံရသူမှာ ဆင်းရဲ နွမ်းပါးသည့် တိုင်းရင်းသူအမျိုးသမီးကလေး ဆိုကြပါစို့။ ၄င်းတို့နှစ်ဦး လုံးတွင် အခွင့်အရေးတန်းတူရှိသည်။ တရားရုံးတွင် တူညီစွာ အမှုရင် ဆိုင်နိုင်သည်။ သို့ရာတွင် အာဏာရှိ၊ လက်နက်ရှိ၊ ငွေကြေးရှိ၊ အင်အား ရှိသည့် စစ်ဗိုလ်ကြီးနှင့် ယှဉ်ပြိုင်လျှက် အမှုရင်ဆိုင်နိုင်ရန် ညီမျှခြေရှိလာ စေရေးအတွက် တိုင်းရင်းသူမလေးအား ဖြည့်ဆည်းပေးဘို့လိုသည်။

ရှက်လွန်းသဖြင့် ရဲစခန်းသွားပြီး အမှုမဖွင့်ရဲလျှင် လူမှုရေးအသင်း အဖွဲ့များ ကူညီလိုက်ပါပေးရန်၊ ဆေးဝါးကုသခွင့် လုံလောက်စွာရရှိရန်နှင့် အမှုရင်ဆိုင်နေစဉ်အတွင်း စားဝတ်နေရေး အဆင်ပြေစေရန် ကူညီပေး ဘို့လိုသည်။ တရားရုံး သွားရန် ခရီးစားရိပ် မရှိလျှင် ရှာပေးဘို့လိုသည်။ မြန်မာစကား ကောင်းစွာ မပြောတတ်လျှင် စကားပြန်စီစဉ်ပေးရမည်။ သူမ၏ မှုခင်းအတွက် တရားလိုအစိုးရ ရှေ့နေ၏ လိုက်ပါဆောင်ရွက်မှုကို မကြေနပ်နိုင်သည့် ခိုင်လုံသောအကြောင်းများ တွေ့ရလျှင် အရည် အချင်းနှင့် ပြည့်စုံသော ပြင်ပရှေ့နေတဦးထံမှ ဥပဒေအကူအညီရရှိစေ ရန် စီစဉ်ပေးသင့်သည်။ နိမ့်သည့် ဘက်ကို ဖြည့်ဆည်းပေးခြင်းသည် မျှတသောတရားခွင်ကိုအားဖြစ်စေပြီး ဥပဒေစိုးမိုးရေးအတွက် ပံ့ပိုးသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရက လွန်မင်းစွာ အင်အားကြီးလျှက် ရှိသည်။ အဖိနှိပ်ခံလူထုနှင့် တိုင်းရင်းသားများမှာ အဆမတန် အင်အားနည်း လျှက်ရှိ သည်။ အလယ်မှာ နေပြီး နှစ်ဘက်အကြားညှိပေးမည်၊ ဖျန်ဖြေ ပေးမည်ဟုသာ ဆိုလျှင် လက်တွေ့တွင် အားကြီးသူသာ အကျိုးဖြစ်ထွန်း မည်။ ဥပဒေစိုးမိုးေ၇းကို အမှန်တကယ်မြတ်နိုးလျှင် အနည်းဆုံးအနေနှင့် အားနည်းသည့်ဘက်တွင် ညီမျှခြေရှိလာစေရန် ဖြည့်ပေးရပါမည်။ နိုင်ငံသားတိုင်းမှာပင် တာဝန်ရှိပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အလယ်မှာနေမည်ဟူသော သူမ၏ ရပ်တည်မှုကို စွန့်လွှတ်ပြီး အမှန်တရား၊ တရားမျှတမှု၊ အဖိနှိပ်ခံ လူထုများနှင့် အခွင့်အရေးဆုံးရှုံးနေကြသော တိုင်းရင်းသားများဘက်တွင် ပြန်လည်ရပ်တည်သင့်ပါပြီ။ ယင်းရပ်တည်ချက်အပေါ်တွင် အခြေခံ၊ ဖခင် ဗိုလ်ချုပ်အောင်ဆန်းချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ကို ခိုင်ခိုင်မြဲမြဲ ကိုင်စွဲ လျှက် ပြည်တွင်းငြိမ်းချမ်းရေး၊ ဥပဒေစိုးမိုးရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံပြင် ဆင် ရေး ကိစ္စများအား စွမ်းစွမ်းတမန် ဆောင်ရွက်လိမ့်မည်၊ ကချင်ပြည် နယ်လူထု ရသင့်သည့် နိုင်ငံရေးအခွင့်အရေးများ လက်တွေ့ခံစားနိုင်ရေး အတွက် ပြတ်ပြတ်သားသား တိုက်ပွဲဝင်ပေးလိမ့်မည်ဟု မြှော်လင့်နေ ဆဲဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေ၊ ရိုးသားသော ကချင်လူမျိုးတို့အနေဖြင့် ဗိုလ်ချုပ် အောင်ဆန်းအပေါ် ထားရှိခဲ့သည့် မေတ္တာမှာမူ မည်သည့်အခါတွင်မျှ ကုန်ခမ်းသွားလိမ့်မည် မဟုတ်ဟု ယူဆပါသည်။

ရည်ညွှန်းချက်များ

[i] Human shield

[ii] Legitimate reason

[iii] http://www.facebook.com/photo.php?v=585185771498014

[iv] တိုင်းရင်းသား လူမျိုးများ အရေးနှင့် ၁၉၄၇ အခြေခံဥပဒေ၊ ဒုတိယတွဲ၊ (မြန်မာ့သမိုင်း ဖြစ်ရပ်အမှန်များ ရေးသားပြုစု ရေး အဖွဲ့က စိစစ်၍ ဦးကျော်ဝင်း၊ ဦးမြဟန်၊ ဦးသိန်းလှိုင်တို့က ပြုစုသည်။ ) စာမျက်နှာ ၅၁၅

[v] ၄င်း။ စာမျက်နှာ ၅၁၆

[vi] ၄င်း။

[vii][vii] ၂၀၁၂ ခုနှစ် နိုဝင်္ဘာလ ၂ ရက်၊ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက လွှတ်တော်အမတ်များဖြစ်သော ဒေါ်နန်းဝါနု နှင့် ဦးတီခွန်မြတ် တို့အား ဖက်ဒရယ် ဥပဒေ တရပ်ရေးဆွဲရန် တာဝန်ပေးခြင်း။

[viii] Commitment

[ix] Political will

[x] Mediation

[xi] Fair Trial

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဖန်သုံးသပ်ခြင်း - အပိုင်း (၅)


၂၀၁၃ ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် အစိုးရစစ်တပ်က လိုင်ဇာမြို့ကို လက်နက်ကြီးများနှင့် ပစ်ခတ်သဖြင့် အရပ်သားလူထုများ သေကြေ ဒဏ်ရာရပြီးနောက် နိုင်ငံတကာမှ အမြန်ဆုံး တုန့်ပြန်သူမှာ ဗြိတိသျှ ပါလီမန်ဖြစ်သည်။ ထိုနေ့မှာပင် ပါလီမန်အတွင်း ချက်ခြင်း အစည်း အဝေးခေါ် မေးမြန်းမှုများပြုကာ နှစ်ဖက်ကြား နိုင်ငံရေးဆွေးနွေးမှုများ အမြန်ဆုံး လုပ်ဆောင်ရန်၊ အရပ်သားများ သေကြေသည်အထိ စစ်ဆင်တိုက်ခိုက်မှုများ ဆက်လုပ်နေပါက ဥရောပသမဂ္ဂမှ ဆိုင်းငံ ထားခဲ့သည့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုကို ပြန်လည်သုံးသပ်နိုင်ကြောင်း ဖိအားပေးခဲ့သည်။

ဇန်န၀ါရီလ (၁၅) ရက်နေ့တွင် ဥရောပသမဂ္ဂကလည်း လိုင်ဇာတွင် အရပ်သားလူထုများ သေကြေဒဏ်ရာရမှုများကို ထောက်ပြပြီး စစ်ဆင် နေမှုများ ကိုရပ်ဆိုင်းရန်၊ စစ်ဘေးဒုက္ခသည်များအနေဖြင့် လူသားချင်း စာနာသည့် အကူအညီများ အဟန့်အတားမရှိ ရနိုင်ရေးကို အရေးတကြီး ဆောင်ရွက်ရန် ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ စသည့် နိုင်ငံတကာက စိုးရိမ်တကြီးနှင့် တိကျသော တိုက်တွန်းမှုများ၊ ဖိအားပေးမှုများ ပေါ်လာ ခဲ့ပြီဖြစ်သော်လည်း ကချင်စစ်ပွဲနှင့်စပ်လျှဉ်း၍ ဒေါ်အောင်ဆန်းစုကြည် သည် ယခုအချိန်အထိ လေ့လာမှုပင် သေချာစွာ မလုပ်ဆောင်သေး။ ယေဘုယျမျှသာ ပြောဆိုလျှက်ရှိနေသည်။ ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် သူမက ----

“စစ်ပွဲဆိုရင် ဘာစစ်ပွဲမှ မကြိုက်ဘူး။ အကြမ်းဖက်မှုကိုလည်း မကြိုက် ဘူး။ ကိုယ့်အချင်းချင်း ဘာပဲပြောပြော ပြည်ထောင်စုသား အချင်းချင်း ဒီလိုတိုက်ရတဲ့အထိ မဖြစ်အောင်လို့ အချင်းချင်းကြားမှာ ဆွေးနွေး ညှိုနှိုင်းမှု ရှိသင့်တယ်ဆိုတာ ခဏခဏ ပြောနေတဲ့ ကိစ္စပဲ။ ဆွေးနွေး ညှိုနှိုင်းပြီး အဖြေရှာတဲ့ယဉ်ကျေးမှု ဖော်ထုတ်နိုင်မှ ဒါတွေကို ရှောင်လွှဲနိုင်မှာပါ။” ဟု ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သာမက စာရေးသူလည်းစစ်ပွဲကို မကြိုက်ပါ။ ငြိမ်းချမ်းရေးမြတ်နိုးသူမှန်သမျှ မည်သူမျှလည်း ကြိုက်လိမ့်မည်ဟု မယူဆပါ။ သို့ရာတွင် ယင်းစိတ်ဆန္ဒနှင့် ဆန့်ကျင်ပြီး စစ်ပွဲများ တည်ရှိလာခဲ့သည်မှာ ကမ္ဘာဦး အစကထဲကဖြစ်သည်။ ယနေ့လည်း ရှိနေသည်။ နောင်လည်း ရှိနေဦးမည်ဖြစ်သည်။ စစ်ကို မကြိုက်သော် လည်း မတရားသောစစ်ကို တရားသောစစ် ခုခံဆင်နွှဲ၍ ငြိမ်းချမ်းမှုရှာခဲ့ရ သည့် သာဓကများ ကမ္ဘာ့သမိုင်း၌ များစွာရှိခဲ့သည်။ နိုင်ငံများနှင့် ဒေသကြီးအတော်များများတွင် သာမက ပထမကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ်များကို ကြည့်ပါ။ အဓိကမှာ စစ်ပွဲများအား ကြိုက်ခြင်း မကြိုက်ခြင်း ကို ရှေ့တန်းတင်ရန်မဟုတ်ဘဲ စစ်ပွဲများ ငြိမ်းသွားစေရေး အတွက် သက်ဆိုင်ရာနိုင်ငံ၏ ထူးခြားသည့် အခြေအနေပေါ် မူတည် လျှက် အကောင်းဆုံးနည်းနာကို ရှာဖွေရန်သာဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သာမက စာရေးသူလည်း အကြမ်းဘက်မှုကို မကြိုက်ပါ။ အေးအေးဆေးဆေး နေလိုသူမှန်သမျှ မည်သူမျှလည်း ကြိုက်လိမ့်မည်မဟုတ်ပါ။ သို့ရာတွင် လူတဦးက အခြားတဦးအား အကြမ်းဘက်မှုကျူးလွန်ပါက ကျူးလွန်ခံရသူအနေဖြင့် လက်သီးနှင့် ထိုးတာလောက်ကိုမူ သည်းခံကောင်းခံနိုင်ပါမည်။ ပေါက်ပြဲသွားလျှင် ဆေးကု၍ ရနိုင်သောကြောင့်ဖြစ်သည်။

ငှက်ကြီးတောင်ဓါးနှင့် လာခုတ်လျှင်မူ အကြမ်းဘက်မှုကို မကြိုက်ပါ ဟုဆိုကာ ငြိမ်ခံနေ၍ မရပါ။ တွေ့ရာ တုတ်တချောင်း ကိုင်ပြီး ပြန်လည် ခုခံရပါမည်။ ငှက်ကြီးတောင်ဓါးနှင့် လာခုတ်ကြောင်း သက်သေထင်ရှား လျှင် ခုတ်ခံရသူက တုတ်နှင့် ပြန်ရိုက်သဖြင့် ဓါးနှင့် ခုတ်သူသေဆုံးသွား ပါစေဦး၊ ပြစ်မှုဆိုင်ရာဥပဒေအရ မိမိကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့် အတွင်း အကြုံးဝင်သဖြင့် တုတ်နှင့်ခုခံသူသည် ပြစ်မှုမမြောက်ပါ။ ဆိုလိုသည်မှာ အဆိုပါအခြေအနေမျိုး၌ ပြန်လည်အကြမ်းဖက်ခုခံခြင်းကို ဥပဒေကပင်ကို တရားဝင် ခွင့်ပြုထားပါသည်။ ပြစ်မှုဆိုင်ရာ ဥပဒေ အခန်း(၄) ကာကွယ်ခုခံပိုင်ခွင့် ဆိုင်ရာပြဌာန်းချက် ပုဒ်မ (၁၀၀) ကို လေ့လာကြည့်ပါ။

ကာချုပ်မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာစစ်တပ်သည် ပင်လုံ စာချုပ်ပါ သဘောတူညီချက်ကို ချိုးဖေါက်၊ ကချင်ပြည်နယ်အတွင်းသို့ ကချင်လူထု၏ သဘောဆန္ဒနှင့် ဆန့်ကျင်ပြီး အတင်းအကြပ် ၀င်ရောက် တပ်စွဲရုံသာမက စစ်တိုက်လေယာဉ်များ၊ စစ်ရဟတ်ယာဉ်များနှင့် အမြောက် လက်နက်ကြီးများကိုပါ သုံးကာ အကြမ်းဖက်မှုကို ထင်ထင် ရှားရှား ပြုကျင့်နေခြင်းဖြစ်သည်။ ကေအိုင်အိုနှင့် ကချင်လူထုတွင် ကာကွယ်ခုခံပိုင်ခွင့် အပြည့်အ၀ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အကြမ်းဘက်မှု ဦးဆောင်ကျူးလွန်သူ စစ်အစိုးရကို အဘယ်ကြောင့် ပြစ်တင်ရှုံ့ချခြင်း မပြုသနည်း။ အကြမ်း ဖက်မှုကို မကြိုက်ဟူ၍ ယေဘုယျမျှသာ ပြောနေလျှင် ရရာလက်နက်နှင့် ပြန်လည်အကြမ်းဘက် ခုခံရသည့် ကေအိုင်အေနှင့် ကချင်လူထုကိုပါ အကြမ်းဘက်သမားများဟူ၍ ပြောခြင်၍လော။ သို့မဟုတ် ဒေါ်အောင် ဆန်းစုကြည်က အကြမ်းဘက်မှုကို မကြိုက်ဟု ပြောသဖြင့် အကြမ်းဖက် လာသည့် မြန်မာအစိုးရတပ် ဘာလုပ်လုပ် ပြုသမျှနုရတော့မည်လော။ ဥပဒေက ပေးအပ်ထားသည့် ပြန်လည်အကြမ်းဖက်ကာ ခုခံပိုင်ခွင့်ကိုပင် အသိအမှတ်မပြုတော့ပြီလော။

“စစ်ပွဲဆိုရင် ဘာစစ်ပွဲမှ မကြိုက်ဘူး။ အကြမ်းဖက်မှုကိုလည်း မကြိုက် ဘူး။” ဆိုပါက စစ်ပွဲနှင့် အကြမ်းဖက်မှုများ ချက်ခြင်း ရပ်ဆိုင်းသွားအောင် စစ်အစိုးရ၏တပ်များ ကချင်ပြည်နယ်မှ အမြန်ဆုံး ရုပ်သိမ်းကာ နေပြည်တော်သို့ ပြန်လည်ဆုတ်ခွာ သွားဘို့ ဒေါ်အောင်ဆန်းစုကြည်က သမတဦးသိန်းစိန်နှင့် ကာချုပ်မင်းအောင်လှိုင်တို့အား အတိအလင်း တောင်းဆိုရုံသာရှိသည်။ ယင်းသို့ဖြစ်လျှင် ကေအိုင်အေသည် နောက်မှထက် ချပ်လိုက်ပြီး မည်သည့်စစ်ဆင်မှုမျှ လုပ်မည်မဟုတ် သည်မှာ ရာနုန်းပြည့် သေချာသည်။ ပြည်တွင်းငြိမ်းချမ်းရေး ချက်ခြင်း ရသွားပါမည်။

ယင်းသို့မတောင်းဆိုနိုင်လျှင် “စစ်ပွဲဆိုရင် ဘာစစ်ပွဲမှ မကြိုက်ဘူး။ အကြမ်းဖက်မှုကိုလည်း မကြိုက်ဘူး။” ဟု ခပ်လွယ်လွယ် မပြောသင့်ပါ။ ယင်းသို့ပြောခြင်းမှာ (ပင်လုံစာချုပ်အရ ရသင့်သည်လည်းဖြစ်၍ ကေအိုင်အိုနှင့် ကချင်လူထုက တောင်းဆိုနေသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် နိုင်ငံရေးအခွင့်အရေး တစုံတရာမျှ ပေးစရာမလိုဘဲ) နှစ်ဖက် ချက်ခြင်း အပစ်ရပ်ကြရန် ဒေါ်အောင်ဆန်းစုကြည်ကပါ ၀င်ရောက်ဖိအားပေးနေသလို သက်ရောက်သည်။ တပ်များ အသီးသီး နောက်ဆုံးရောက်ရှိနေသည့် နေရာတွင် ချက်ခြင်းရပ်ရမည့် သဘောဖြစ်သည်။

ဤတွင် ကေအိုင်အိုအနေဖြင့် ၁၇ နှစ်တာ အပစ်ရပ်ခဲ့သော်လည်း မည်သည့် နိုင်ငံရေးအခွင့်အရေးမျှမရရုံ သာမက၊ ၁၉၉၄ အပစ်ရပ်ခဲ့သည့် မျဉ်းကြောင်းမှ စစ်အစိုးရ၏ တပ်များက ထပ်မံကျူးကျော်တပ်စွဲမှုများ၊ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်္ဘာလ ၁၄ မှစ၍ ယနေ့ လိုင်ဇာမြို့နားရောက် လာသည်အထိ စစ်ရေးမဟာဗြူဟာအရ အရေးပါသော တောင်ကုန်းများ အား စစ်အစိုးရ၏တပ်များက တိုးချဲ့သိမ်းပိုက်တပ်စွဲမှုများအား အသိအမှတ်ပြုပေးရဦးမည့် အနေအထားသို့ ရောက်ရှိသွားသည်။ ဤတွင် တနှစ်ခွဲကျော် မလွှဲမရှောင်သာ ခုခံစစ်ဆင်နွှဲနေရသော ကေအိုင်အိုနှင့် ကချင်လူထု ထပ်မံနစ်နာပါဦးမည်။

နိုင်ငံရေးအရ ဆွေးနွေး၊ ညှိနိုင်းမှုကို ငြင်းပယ်ခဲ့သူမှာ မည်သူနည်း။

ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေး၊ညိနိုင်းသည့် အလုပ်၏ အရေးကြီးမှုကို မကြာမကြာ မီးမောင်းထိုးပြလေ့ရှိသည်။ ကချင်စစ်ပွဲကို ရည်ညွှန်းလျှက်ပင် မဆွေးနွေးနိုင်လို့ စစ်တိုက်ကြရတာဟူ၍ သူမက ထောက်ပြခဲ့ဘူးသည်။ ဆွေးနွေးညှိနိုင်းသည့် အလုပ်၏ အရေးကြီးမှုကို ငြင်းဆိုရန် အကြောင်းမရှိပါ။ သို့ရာတွင် ဆွေးနွေးညှိုနှိုင်းပြီး အဖြေရှာတဲ့ ယဉ်ကျေးမှု ဖော်ထုတ်နိုင်မှ ဟူ၍ သူမက သုံးစွဲသွားသောအခါတွင်မူ အဓိပ္ပါယ်မှာ အခြားအစွန်းတဘက်သို့ ရောက်သွားပါသည်။ မြန်မာနိုင်ငံတွင် ဆွေးနွေးညှိနိုင်းအဖြေရှာသည့် ယဉ်ကျေးမှု မရှိခဲ့သလိုလို၊ ဒေါ်အောင်ဆန်းစုကြည် ထောက်ပြမှ မြန်မာနိုင်ငံရှိ တိုင်းရင်းသားပေါင်းစုံ လူမျိုးအသီးသီးသည် ဆွေးနွေးညှိနိုင်းပြီး အဖြေရှာသည့် ယဉ်ကျေးမှုကို စတင်ကျင့်သုံးရမလိုလို ဖြစ်နေသည်။

ပဒေသရာဇ်ခေတ်ကို ပင်ပြန်ကြည့်ပါ။ ဘုရင်များ အချင်းချင်း စစ် တိုက်ကြ၊ ဆွေးနွေးညှိနိုင်းပြီး စစ်ရပ်စဲခဲ့ကြသည့်သာဓကများ များစွာ ရှိခဲ့သည်။ အနီးခေတ်သမိုင်းကိုလည်း ပြန်ကြည့်ပါ။ ဗမာပြည်ကွန်မြူနစ် ပါတီက ပြည်တွင်းစစ်ရပ်စဲနိုင်ရေးအတွက် တွေ့ဆုံးဆွေးနွေးအဖြေရှာရန် စစ်ခေါင်းဆောင်အဆက်ဆက်ကို အကြိမ်ပေါင်းများစွာ ကမ်းလှမ်းခဲ့ ဘူးသည်။

တိုင်းရင်းသားတပ်ပေါင်းစုများသည်လည်း ထိုနည်းအတူပင်။ ရှစ်လေးလုံး အတွင်း ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးနယ်ထဲ စရောက်လာခဲ့သည့် နောက်ပိုင်း အဓိက တပ်ပေါင်းစုကြီးဖြစ်ခဲ့သော မြန်မာပြည်ဒီမိုကရက် တစ် မဟာမိတ်အဖွဲ့ချုပ်ကလည်း စစ်အစိုးရအား နိုင်ငံရေးအရ ဆွေးနွေး ရန် စတင်လက်ကမ်းခဲ့သည့် အကြိမ်အရေအတွက်မှာ မနည်းလှ။ (၁၇) နှစ်တာ အပစ်အခတ်ရပ်စဲထားခဲ့သည့် ကာလများအတွင်း နိုင်ငံရေးအရ ဆွေးနွေးရန် ကေအိုင်အိုတဖွဲ့တည်းက တောင်းဆိုသည်ကိုပင် စစ်အစိုးရက မည်သည့်အခါကမျှ လိုက်လျောခဲ့ခြင်းမရှိ။

ဒေါ်အောင်ဆန်းစုကြည် ၁၅ နှစ်ကြာမျှ အိမ်အချုပ်နှင့် ရှိနေခဲ့စဉ်အတွင်း နယ်စပ်အခြေပြု ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားအင်အား စုများ ပူးပေါင်းကာ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံအရေးနှင့် စပ်လျှဉ်း၍ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပရေး ဆုံးဖြတ်ချက်ထွက်လာစေရန် တောင်းဆိုကြိုးပမ်းခဲ့ကြသည်။ တောင်းဆိုသည့်အတိုင်းပင် ကုလ သမဂ္ဂကလည်း အကြိမ်ကြိမ် ချမှတ်ပေးခဲ့သည်။ လက်တွေ့ငြင်း ပယ်ခဲ့သူမှာ မည်သူနည်း။

ဆွေးနွေးညှိနိုင်းပြီး အဖြေရှာသည့်ယဉ်ကျေးမှုကို နှစ်ပေါင်းငါးဆယ် တောက်လျှောက်ငြင်းပယ်နေသူမှာ စစ်အစိုးရနှင့် စစ်အာဏာရှင် စနစ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် “ထိုးစစ်တွေ ချက်ခြင်းရပ်ပြီး နိုင်ငံရေးအရ ဆွေးနွေးညှိနိုင်းမှုတွေ လုပ်ပါ။” ဟု ပြောခြင်လျှင် ဦးသိန်းစိန်ဦးဆောင်သည့် လက်ရှိ စစ်အစိုးရကို တည့် တည့် ပြောဘို့လိုပါမည်။ ၀ါးလုံးရှည်နှင့်ရမ်းပြောနေလျှင် မည်သို့မျှ ထိရောက်နိုင်မည် မဟုတ်ရုံသာမက တော်လှန်ရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများက နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာရန် တောက်လျှောက်တောင်း ဆိုနေမှုကို အသိအမှတ်မပြုရာကျပါမည်။ ထို့အပြင် ယဉ်ကျေးမှုကင်းမဲ့သည့် သဘောမျိုး သုံးနှုန်းလိုက်သောအခါ အဖိနှိပ်ခံလူထုကြီးကိုပါ လူရိုင်း များအဖြစ် ရည်ညွှန်းရာရောက်သွားနိုင်ပါသည်။

အမှန်တရားကို ရှာဖွေခြင်းနှင့် ဖေါ်ထုတ်ခြင်းသည် လူ့လောက၏ တန်ဘိုး

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်းတွင် ပြောကြားသွားခဲ့သည့် အောက်ပါ မိန့်ခွန်းကို လေ့လာခြင်းဖြင့် ကချင်ပြည်နယ် စစ်ပွဲများနှင့်စပ်လျှဉ်း၍ သူမ ရှာဖွေလျှက်ရှိသောအရာကို နားလည်နိုင်သည်။

“ကချင်ပြည်နယ်မှာဖြစ်တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တချို့က ကျမကို မကြေနပ်ကြဘူး။ မကြေနပ်တာက တဘက်ကို ဘာဖြစ်လို့ မပြောသလဲ ပေါ့နော်။ ကိုယ်မကြိုက်တဲ့ ဘက်နဲ့ ပတ်သက်လို့ အဲသည်ဘက်က လုပ်တာတွေဟာ မှားတယ် အပြစ်ရှိတယ်ဆိုတာ ဘာဖြစ်လို့ တင်းတင်း မာမာ ပြင်းပြင်းထန်ထန် မပြောလဲဆိုတာ မကြေနပ်တာတွေ ရှိကြပါ တယ်။ သည်လိုပြင်းပြင်းထန်ထန် တဘက်ကို ပြောလို့ ဘာဖြစ်လာမလဲ စဉ်းစားကြည့်ပါ။ နှစ်ဘက်လုံး ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆို တာ ထားလိုက်။ တဘက်ကို ပြင်းပြင်းထန်ထန်ပြောရင် ဟိုတဘက်က ကြေနပ်မှာလား။ အချင်းချင်း ပဋိပက္ခတွေ ပိုပြီးကြီးသွားမယ်။ ကျမက ပြင်းပြင်းထန်ထန် မပြောလို့ မကြေနပ်ရင် မကြေနပ်ပါစေ ရတယ်။ (လက်ခုပ်သံများ) ပဋိပက္ခတွေ ပိုပြီးကြီးထွားသွားမယ့် ကိစ္စမျိုးကိုတော့ မလုပ်နိုင်ဘူး။”

ဒေါ်အောင်ဆန်းစုကြည်က ပြသနာကို ချဉ်းကပ်ပုံမှာ ခလေးနှစ်ယောက် မုံ့တခုကို သူ ရထိုက် ကိုယ် ရထိုက် လုရင်း ရန်ဖြစ်ကြသည့်အခါ မိခင်က နှစ်ယောက်လုံး ကြေနပ်သွားအောင် ၀င်ပြီး ဖျန်ဖြေသည့် စဉ်းစားပုံမျိုး ဖြစ်နေသည်။

တတိုင်းပြည်လုံးအတွက် သေရေးရှင်ရေးတမျှ အရေးကြီးလှသည့် ပြည်တွင်းစစ်ပြသနာကို ဤသို့ မချဉ်းကပ်သင့်ဟု ယူဆသည်။ ပြသနာကို ဖြေရှင်းမည်ဆိုလျှင် ၄င်း၏ အရင်းခံအကြောင်းကို ရှာရပါမည်။ ဤသည်မှာ အမှန်တရားကို ရှာဖွေခြင်းပင်ဖြစ်သည်။ အမှန်တရားကို ရှာဖွေဖေါ်ထုတ်ရပါမည်။ အမှန်တရားဘက်တွင် ရပ်တည်ဖြေရှင်းရန် ကြိုးပမ်းဘို့လိုပါမည်။

အမှန်တရား[i]သည် လောက၏သစ္စာဖြစ်သည်။ “ဘာသာရေးတွေ အားလုံးရဲ့ဘာသာရေးဟာ အမှန်တရား ဖြစ်တယ်။” ဟူ၍ ထင်ရှားသည့် အိန္ဒိယ ယောဂီကြီးတပါးက မိန့်ကြားခဲ့ဘူးသည်။ တောင်အာဖရိကနိုင်ငံ အသွင်ကူးပြောင်းရေး ဖြစ်စဉ်အတွင်း အမှန်တရားနှင့် ပြန်လည်သင့်မြတ် ရေးကော်မရှင်[ii] ဟူသည်ကိုပင် ဖွဲ့စည်းဆောင်ရွက်ခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အောက်ပါစကားလုံးများကို အသေအချာ လေ့လာကြည့်မည်ဆိုလျှင် အမှန်တရားကို ပေါ့ပေါ့ပင် သဘောထား နေသည်ဟု သုံးသပ်ရပါမည်။

“နှစ်ဘက်လုံး ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာ ထားလိုက်။ တဘက်ကို ပြင်းပြင်းထန်ထန် ပြောရင် ဟိုတဘက်က ကြေနပ်မှာလား။ အချင်းချင်း ပဋိပက္ခတွေ ပိုပြီး ကြီးသွားမယ်။”

ဝမ်းနည်းစွာ ဆိုပါမည်။ အထက်ပါ စကားလုံးအရ ဆိုလျှင် ဒေါ်အောင် ဆန်းစုကြည်သည် အမှန်တရားကို ရှာဖွေသူ မဟုတ်တော့ပါ။ သို့ဖြစ် လျှင် သူမသည် အမှန်တရားကို မြတ်နိုးသူ၊ အမှန်တရားကို အလေး အနက် ထားကာ ဖေါ်ထုတ်မည့်သူ၊ အမှန်တရားအတွက် တိုက်ပွဲဝင် မည့်သူဟု မြှော်လင့်နိုင်ပါတော့မည်လား။

သူမအနေဖြင့် အမှန်တရားမှာ အဓိကမဟုတ်တော့။ အမှန်တရားကို ဖိနှိပ်၊ ချိုးနှိမ်၊ ကျူးလွန်မှုပင် ဖြစ်စေဦး၊ ယင်းကို ဖေါ်ထုတ်ဘို့မှာ ပဓါနမကျတော့။ အမှန်တရားကို ဖိနှိပ်၊ ချိုးနှိမ်၊ ကျူးလွန်သူ မကြေနပ် မှာပင် စိုးရိမ်နေရသည်။ ထိုသူ မကြေနပ်အောင် သွားမလုပ်နှင့်။ ပြသနာတွေ ပိုပြီး တက်လာနိုင်သည်။ ပဋိပက္ခတွေ ပိုပြီး ကြီးထွားသွား နိုင်သည်။ သို့ဖြစ်၍ ပဋိပက္ခတွေ ကြီးထွားမလာစေရေးအတွက် ထိုသူမကြိုက်အောင် ပြင်းပြင်းထန်ထန်မပြောနှင့်ဟု ဆိုလိုခြင်းပင်။ ယင်းမှာ အမှန်တရားကို ဖိနှိပ်၊ ချိုးနှိမ်၊ ကျူးလွန်သူများဖြစ်စေဦးတော့ ထိုသူများ ကြေနပ်စေရေးက အဓိကကဲ့သို့ ဖြစ်နေသည်။

ရှေးသရောအခါ၌ “မတရားတဲ့ အမိန့်အာဏာ ဟူသမျှ၊ တာဝန်အရ၊ ဖီဆန်ကြ။” ဟူ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြွေးကြော်သံ ထုတ်ကာ လူထုကို လှုံ့ဆော်စည်းရုံးခဲ့ဘူးသည်။ ထိုကြွေးကြော်သံကို ဒီချုပ်ခေါင်းဆောင်များ ၀ိုင်းဝန်းရေးသားခဲ့ကြစဉ်က “တာဝန်အရ” ဟူသော စကားလုံးကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထည့်သွင်းခဲ့ သည်ဟု လေ့လာရသည်။ ယခု ဒီချုပ်၏ ဥက္ကဌကြီး ဒေါ်အောင်ဆန်း စုကြည်သည် အဆိုပါဆောင်ပုဒ်ကို မည်သို့ သဘောထားပါဦးမည်နည်း။ ယနေ့အချိန်တွင် မြန်မာနိုင်ငံအတွင်း၌ မတရားတဲ့ အမိန့်အာဏာများ ကင်းစင်သွားပြီဖြစ်သဖြင့် ယင်းဆောင်ပုဒ်အား အသုံးပြုရန်မလိုတော့ဟု ပြောပါမည်လား။ သို့မဟုတ် ဆောင်ပုဒ်ကို “မတရားတဲ့ အမိန့်အာဏာ ဟူသမျှ၊ တာဝန်အရ၊ ငုံ့ခံကြ။” ဟူ၍ ပြောင်းလဲလိုပါသလား။ ဤသို့ပြောင်းလဲကျင့်သုံးလျှင် ဥပဒေစိုးမိုးရေး ရနိုင်ပါမည်လား။

လူ့အခွင့်အရေးချိုးဖေါက်မှုကို ဒေါ်အောင်ဆန်းစုကြည် တကယ်တန်း အရေးယူဆောင်ရွက်မည်လား။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲကို ရည်ညွှန်းသည့် အထက်ပါမိန့်ခွန်းနှင့် တဆက်တည်းမှာပင် လူ့အခွင့်အရေး ချိုးဖေါက်မှု နှင့် စပ်လျှဉ်း၍ သူမက အောက်ပါအတိုင်း ပြောကြားသွားခဲ့သည်။

“လူ့အခွင့်အရေးချိုးဖေါက်မှု ဆိုရင်တော့ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ် လို့ပြောပါရစေ။ ဘယ်သူရဲ့ လူ့အခွင့်အရေးဘဲ ဖြစ်ဖြစ် ချိုးဖေါက်မှုတွေကိုတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ တရားဥပဒေအရ မှန်မှန်ကန်ကန် မျှမျှတတ မလုပ်ခြင်းဆိုရင်လဲ ကျမ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။” (သြဘာသံများ)

ဒေါ်အောင်ဆန်းစုကြည်၏ အထက်ပါ ပြောကြားချက်ကို လှိုက်လှဲစွာ ကြိုဆိုရပါမည်။ သူမ၏ ရိုးသားသည့် စေတနာလည်း ဖြစ်နိုင်ပါသည်။ သို့ရာတွင် ပွင့်လင်းစွာ ဆိုရလျှင် ယခုအချိန်အထိမူ လူထုအကြိုက် လိုက်ပြီး ပြောသည့်အဆင့်၊ အပြောသက်သက် အဆင့်တွင်သာ ရှိနေ သေးသည်။ လက်တွေ့၌ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် မည်သည့်လူ့အခွင့်အရေးချိုးဖေါက်မှု တစုံတရာကိုမျှ ဒေါ် အောင်ဆန်း စုကြည်ကိုယ်တိုင် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ျနကြောင်း မကြားသိရပါ။ သာမန်လူ့အခွင့်အရေးချိုးဖေါက်မှုအဆင့်ကို ကျော်ရုံ သာမက စစ်ရာဇ၀တ်မှုကြီးကို ကျူးလွန်သည့်အဆင့်သို့ ရောက်နေပါပြီ။ သာဓကတခု ပြပါမည်။

ကချင်ပြည်နယ်၏ ဒေသတခုအတွင်း ကျူးလွန်ခံခဲ့ရသည့် မိသားစု တစုအား စာရေးသူကိုယ်တိုင် တွေ့ဆုံမေးမြန်းခဲ့သည့် မှုခင်းတခုကို အကျဉ်းမျှ ပြန်လည်မျှဝေပါမည်။ ကာယကံရှင်များ၏ လုံခြုံရေးအရ ၄င်းတို့၏အမည်နှင့် ဖြစ်ပွားရာဒေသကိုမူ ဤတွင် ဖေါ်ပြမည်မဟုတ်ပါ။

အစိုးရစစ်တပ်များ ၄င်းတို့၏ ရွာအတွင်းသို့ ၀င်ရောက်လာခဲ့ကြသည်။ ရွာအတွင်းတွင် တိုက်ပွဲလည်း မဖြစ်။ မည်သည့် ကေအိုင်အေစစ်သားမျှ လည်း မရှိ။ ရွာသူရွာသားများ အားလုံးနီးပါးမှာ ကြောက်လန့်၍ ထွက်ပြေးသွားခဲ့ကြသည်။ ၄င်းတို့မိသားစုတွင် သားသမီးနှစ်ဦး ရှိသည်။ ခင်ပွန်း၏ဖခင်မှာ အသက်ကိုးဆယ် အရွယ်အဖိုးအို ဖြစ်သည်။ ၄င်းလည်း အတူတကွ တအိမ်တည်း နေထိုင်ခဲ့ကြသည်။ ခင်ပွန်းက ဖခင်အိုကြီး ကိုပါ တပါတည်း ခေါ်ဆောင်ကာ မိသားတစုလုံး ထွက်ပြေးကြရန် ပြင်ဆင်ရာ ၄င်းက တူးတူးခါးခါး ငြင်းဆန်သည်။ သူ အသက်ကြီးပြီဖြစ်၍ အခြားနေရာသို့ မသွားလိုတာ့။ သွားလည်း မသွားနိုင်တော့။ သူ တသက်လုံးနေထိုင်ခဲ့သည့် ဤရွာမှာပင် အသေခံတော့မည်ဟု ဆိုသည်။

သို့နှင့် ခင်ပွန်းသည်မှာလည်း ဖခင်အိုကြီးကို ပစ်ထားပြီး မသွားရက်နိုင် သဖြင့် ဇနီးနှင့် ခလေးနှစ်ဦးကို အခြားရွာသူ ရွာသားများနှင့်အတူ ထွက်ပြေးနိုင်အောင် စီစဉ်ပေးလိုက်သည်။ သူကမူ ဖခင်အိုကြီးနှင့်အတူ ရွာနှင့် မလှမ်းမကမ်း တနေရာတွင် တောစပ်ထဲတွင် ပုန်းအောင်း ကျန်ခဲ့သည်။ သစ်ခက်သစ်ရွက်များကို အိပ်ယာအိပ်ခင်းသဘွယ်ပြု၍ မြောက်သတ္တ၀ါများကဲ့သို့ သားအဖ နှစ်ဦးအိပ်စက် နားနေကြရင်း ရွာတွင်းရှိ အစိုးရစစ်ကြောင်း၏ အ၇ိပ်အခြေကို စောင့်ကြည့်နေကြသည်။ ဇနီးနှင့် ခလေးနှစ်ဦးမှာ သွားလာရေး အခက်အခဲအမျိုးမျိုးကို ဖြတ် သန်းပြီး ဒုက္ခသည်စခန်းတခုသို့ ရောက်သွားကြသည်။ ခင်ပွန်းသည်က ၄င်းတို့တွင်ရှိသော တရုတ်ဖုံးကို သုံး၍ ဇနီးထံ အစိုးရ စစ်ကြောင်း၏ အခြေအနေကို ဆက်တိုက်ပြောပြနေရင်း အားပေးနှစ်သိမ့်ခဲ့သည်။

“မိန်းမရေ။ မပူနဲ့ကွ။ စစ်သားတွေ ရွာကနေ ထွက်သွားကြတော့မယ်။ ငါတို့အိမ်ကလေး အခုအချိန်အထိ ဘာမှမဖြစ်ဘူး။ မင်းတို့ကျမ္မာ အောင်နေ။ စိတ်မပူနဲ့။” ယင်းသို့ အထပ်ထပ် အားပေးနေသည့်အတွင်း သူ့မျက်စိရှေ့မှောက်မှာပင် စစ်သားများက သူတို့မိသားစု၏ အိမ်ကလေးအပါအ၀င် ရွာအတွင်းရှိ အိမ်အချို့ကို မီးရှို့လိုက်ကြသည်။ ခင်ပွန်းသည်မှာ ကြည့်နေရင်းမှပင် စိတ်ပိုင်းဆိုင်ရာ ကြီးမားစွာ ထိခိုက်ခံစားလိုက်ရသည်။ အရူးတပိုင်းမျှ ဖြစ်သွားခဲ့သည်။ ရွာအတွင်းမှ အစိုးရစစ်ကြောင်း ပြန်လည်ထွက်ခွာသွားပြီ ဖြစ်သော်လည်း သူသည် သူ့မိသားစုရှိရာ ဒုက္ခသည်စခန်းသို့ သွားရောက်ပြီး မနေနိုင်။ ဖခင်အိုကြီး ကို စောင့်ရှောက်ပြီး နေရသည်။ နေစရာအိမ်မရှိ။ စားစရာ လည်းမရှိ။ မီးလောင်ပြီး ကျန်ခဲ့သည့် စပါးအကြွင်းအကျန်များကို ရှာဖွေကာ ထုထောင်း အခွံချွတ် ချက်ပြုတ်ပြီး ဖခင်အိုကြီးကို ကျွေးမွေးရ သည်။

ဤသည်မှာ တကယ့်အဖြစ်အပျက်ပါ။ ထိုမိသားစုမှာ ယခုတိုင် အသက်ရှင်နေဆဲဖြစ်သည်။ အလားတူ နိုင်ငံတကာ စစ်ရာဇ၀တ် မှုမြောက်သည့်မှုခင်းမျိုးများ ကချင်ပြည်နယ်တွင် အတော်များများ ဖြစ်ပွားလျှက်ရှိသည်။ “လူ့အခွင့်အရေးချိုးဖေါက်မှုမှန်သမျှကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်” ဟူ၍ ကမ္ဘာသိကြေငြာကာ လူထုအများ၏ သောင်းသောင်းဖျဖျ သြဘာလက်ခုပ်များကို ခံယူခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်အတွင်းရှိ မည်သည့် အမှုအခင်းတခုတလေကိုမျှ အရေးယူကိုင်တွယ်နေသည်ဟု မကြားမိပါ။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ (၁၄) ရက်နေ့က လိုင်ဇာတွင် စစ်အစိုးရတပ် များက လက်နက်ကြီးများနှင့် ပစ်ခတ်သဖြင့် အရပ်သား သုံးဦး သေဆုံး၊ လေးဦး ဒဏ်ရာရခဲ့သည်။ ဤသည်မှာလည်း စစ်ရာဇ၀တ်မှု အထင်အရှား ပင်။ “အရပ်သား လူထုတွေ သေကြေတဲ့အထိ ပစ်ခတ်တိုက်ခိုက်တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။” ဟူ၍ ဒေါ်အောင်ဆန်းစုကြည်သည် နုတ်ကလေးမျှပင် ဖွင့်ဟခြင်း မရှိပါတကား။

“ကျမက ပြင်းပြင်းထန်ထန် မပြောလို့ မကြေနပ်ရင် မကြေနပ်ပါစေ ရတယ်။” ဟူ၍ ပြောင်ပြောင်တင်းတင်း ပြောခဲ့သလိုပင်။ သူမသည် မည်သူ ကြေနပ်သည် ဖြစ်စေ၊ မကြေနပ်သည် ဖြစ်စေ၊ ဂရုစိုက်လိမ့် မည်မဟုတ် ဟူသည့် အနေအထားမျိုးနှင့် ခပ်တင်းတင်းပင် ဆက်လက် လျှောက်လှမ်းတော့မည်လား။ စိုးရိမ်မိသည်မှာ အမှန်ပင်။ ဒီမိုကရေစီ ရေးလှုပ်ရှားမှုကြီးအတွင်းမှာပင် လူထုအသံဟူသည်မှာ အဓိပ္ပါယ်ရောရှိရဲ့ လား။ နိုင်ငံတကာစစ်ရာဇ၀တ်မှု ကဲ့သို့သော မှုခင်းကြီးများကိုပင် ဥပက္ခာပြုထားနေလျှင် ဥပဒေစိုးမိုးရေးကို မည်သည့်အခါတွင် ရနိုင်ပါ မည်နည်း။ အစရှိသဖြင့် တွေးတောစရာ တပုံတပင် ရှိလာပါတော့သည်။
ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ဆောင်ရွက်ခြင်းသည် ပြည်တွင်းငြိမ်းချမ်းရေးအတွက် မည်သည့်အခါတွင် အကျိုးရှိနိုင်မည်နည်း။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲအရှိန်ပြင်းထန်လာ သည်နှင့်အမျှ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖြေရှင်းပေးရန် တောင်းဆို သံများ ပို၍ ပို၍ ကျယ်လောင်စွာ ကြားလာရသည်။ ဒေါ်အောင်ဆန်း စုကြည် ပါဝင်ဆောင်ရွက်သည် ဆိုစေဦး။ မည်သည့်အနေအထားဖြင့် ဆောင်ရွက်မည်ဟူသည်မှာ အရေးကြီးလာသည်။ အမှန်တရားကို မဖေါ်ထုတ်၊ အမှန်တရားဘက်မှ မရပ်တည်ဘဲ၊ အလယ်မှာနေသည်ဟု ကြွေးကြော်ကာ မရှင်းမရှင်း ဆောင်ရွက်မှုများ ရှိလာလျှင် နစ်နာမှုများ ပေါ်ပေါက်လာနိုင်မလား ဟူ၍ ရိုးသားစွာ စိုးရိမ်မိသည်။ အဘယ်ကြောင့် နည်း။

စစ်အစိုးရဘက်က နိုင်ငံရေးဆွေးနွေးမှုများလုပ်မည်ဟု ကမ်းလှမ်းရာတွင် ဦးအောင်မင်းက ဥပဒေဘောင်အတွင်းက ပေးနိုင်သမျှ အခွင့်အရေးများ အားလုံးပေးသွားမည်ဟု ထပ်ခါတလဲလဲ ပြောကြားခဲ့သည်။ ဦးအောင်မင်း ဆိုလိုသည့် ဥပဒေဘောင် ဆိုသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဘောင်ကို ဆိုလိုခြင်းဖြစ်သည်။

လိုင်ဇာကို လက်နက်ကြီးများနှင့် ပစ်ခတ်ပြီးနောက် ဇန်န၀ါရီလ ၁၅ ၇က်နေ့တွင် အစိုးရ၏ ပြန်ကြားရေး ဒု-၀န်ကြီး ဦးရဲထွဋ်၏ အပြောကို လေ့လာမည်ဆိုလျှင်လည်း အပစ်အခတ်ရပ်စဲရေးမှာ အဓိကဖြစ်သည်။ ဦးသိန်းစိန်အစိုးရအနေဖြင့် ကေအိုင်အေအား အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးစေခြင်သည်မှာ တပိုင်းသေလောက်အောင် ဆန္ဒရှိနေသည်။

အဘယ်ကြောင့်ဆိုသော် အပစ်ရပ်ပြီးလျှင် ရခိုင်ပြည်နယ်မှ သဘာဝ ဓါတ်ငွေ့များ တရုတ်ကို ရောင်းချုနိင်ရေးအတွက် ကချင်ပြည်နယ်နယ်စပ် ကို ဖြတ်သန်းသွားသည် ပိုက်လိုင်းတည်ဆောက်ရေးလုပ်ငန်းများ လုံခြုံစွာလုပ်ဆောင်နိုင်မည်။ အစိုးရလိုင်စင်ချပေးထားသည့် ကျောက် တွင်းတူးကုမ္ပဏီများက တူးယူထားပြီး ဖားကန့်ဒေသ ဂိုဒေါင်များအတွင်း မှာ ပင်အောင်းနေသည့် ကျောက်စိမ်းတုံးများကို ထုတ်ယူကာ နေပြည် တော်တွင် ကျောက်မျက်ရတနာပြပွဲ ခင်းကျင်း ရောင်းချနိုင်တော့မည်။ တာပိန်ရေအားလျှပ်စစ်စီမံကိန်ုးကို ပြန်လည်လုပ်ဆောင်နိုင်မည်။ ကချင်ပြည်နယ်ကို ဖြတ်သန်းပြီး တရုတ်ပြည်ဘက်သို့ ကုန်သွယ်ရေး လမ်းကြောင်းသစ်များကို ဖေါက်ပြီး အကျိုးအမြတ်ရှာနိုင်တော့မည်။

သို့ဖြစ်၍ အပစ်အခတ်ရပ်စဲရေးကို ဦးတည်၍ ထိုးစစ်ကြီးများ ဆင်နွှဲ၊ စစ်ရေးအရ အကြီးအကျယ် ဖိအားပေး၊ အရပ်သားများ နေထိုင်နေကြ သည်ကို သိပါလျှက် လိုင်ဇာမြို့ကိုပါ အမြှောက်ကြီးများနှင့် ပစ်ခဲ့ခြင်းဖြစ် သည်။ အရပ်သားများ သေကြေသည်အထိ စစ်ဖြစ်နေပြီဟု တကမ္ဘာလုံး က သိသွားလျှင် နှစ်ဖက်အပစ်အခတ် ရပ်ကြဘို့ ဖိအားပေးမှုများ အားကောင်းကောင်းနှင့် ကျရောက်လာမည်။ အပစ်အခတ်ချက်ခြင်းရပ် ဟူသော အသံများ ကျယ်ကျယ်လောင်လောင် ထွက်လာမည်။ ထိုအခါတွင် အစိုးရဘက်ကတော့ အပစ်ရပ်ရန် အသင့်ရှိပါလျှက် ကေအိုင်အေက မိုက်မိုက်ကန်းကန်း ဆက်တိုက်နေသဖြင့် မသေသင့် သော လူထုများ သေကြေနေခြင်းဖြစ်သည်ဟု အစိုးရက အသံကောင်း ဟစ်ဦးမည်။ ဤသည်မှာ အမှန်တရားဖြစ်သည်။

ယင်းအမှန်တရားကို ဒေါ်အောင်ဆန်းစုကြည် သိမြင်ဘို့ ကြိုးစားပါမည် လား။ သိမြင်သည် ထားဦးတော့ ကမ္ဘာသိအောင် ဖေါ်ထုတ်၇ဲပါမည်လား။ “စစ်ပွဲဆိုရင် ဘာစစ်ပွဲမှ မကြိုက်ဘူး။ အကြမ်းဖက်မှုကိုလည်း မကြိုက် ဘူး။” ဟူ၍သာ တတွတ်တွတ် ရွတ်နေရုံမျှဆိုလျှင်မူ ဦးသိန်းစိန်၏ စစ်အစိုးရက များစွာဝမ်းမြောက်ပါမည်။ နှစ်ဘက် အပစ်အခတ်၇ပ်စဲ ရေးသာ အဓိကဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သက်ဆိုးရှည်စေ မည့် နိုင်ငံရေးဆွေးနွေးပွဲကိုသာ ဦးတည်နေသောကြောင့်ပင်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲများ၏ အရင်းခံမှာ ပြည်ထောင်စုတည်ဆောက်ရေးပြသနာဖြစ်သည်။ ယင်းနှင့် စပ်လျှဉ်း သည့် အမှန်တရားမှာ ပင်လုံစာချုပ်ဖြစ်သည်။ ပင်လုံစာချုပ်ပါ တိုင်းရင်း သားပြည်နယ်များ၏ အခွင့်အရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖေါ်ဆောင်ရန် ကြိုးပမ်းမည်ဆိုလျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အလုပ်မဖြစ်နိုင်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြီး (၁၁) ဖွဲ့နှင့် ဖွဲ့စည်းထား သည့် ယူအင်န်အက်ဖ်စီက ပြောကြားခဲ့ပြီးဖြစ်သည်။ အဖွဲ့ဝင်တဖွဲ့ဖြစ် သည့် ကေအိုင်အိုကလည်း ယင်းအတိုင်းပင် ရပ်တည်သည်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို တောင်းဆိုသည်။ ၂၀၁၃ ဇန်န၀ါရီလ (၁၄) ရက်နေ့ မှာပင် ကေအိုင်အို၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်း၏ အောက်ပါ အင်တာဗျူးကို လေ့လာပါ။

“အဓိကကတော့ တိုင်းရင်းသားတွေ ပြောဆိုနေတဲ့ ဖက်ဒရယ်ပြည် ထောင်စုကို ၀ိုင်းပြီးတော့ တည်ဆောက်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးမှုကို စတင်ဖို့ပါပဲ။ အရင်တုန်းက (အစိုးရက) နိုင်ငံရေးဆွေးနွေးဘို့ မပြောဘူး။ ဒီနောက်ပိုင်းမှာ နိုင်ငံရေးဆွေးနွေးရအောင်လို့ ပြောလာတယ်။ ဒါပေမဲ့ သူတို့ရင်ထဲမှာ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကပဲ လုပ်ဆောင်သွားကြ မယ် ဆိုတာမျိုး။ ပြောရရင်တော့ ဒီနိုင်ငံရေးဆွေးနွေးမယ်ဆိုတဲ့ကိစ္စလည်း အဖြေကောင်းရနိုင်တဲ့ နိုင်ငံရေးဆွေးနွေးမှု ဖြစ်ပေါ်လာနိုင်စရာအကြောင်း မရှိဘူး။ ဒါကြောင့် တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖက်ဒရယ်ပြည် ထောင် စုကို အခြေခံတဲ့ နိုင်ငံရေးဆွေးနွေးမှုကို ပုံဖော်သွားမယ်ဆိုရင် တော့ ဒီကိစ္စ လွယ်လွယ်နဲ့ ပြေလည်သွားမှာပါ။ အခု သူတို့ ဆန္ဒရှိပြီး အခု ဖော်ထုတ်လိုက်တာနဲ့ တစ်ရက် နှစ်ရက်အတွင်းမှာ အေးငြိမ်းသွားနိုင် တဲ့ကိစ္စ ဖြစ်တယ်။”

လမ်းနှစ်သွယ်မှာ ရှင်းနေပါသည်။ ဦးသိန်းစိန်အစိုးရက အပစ်အခတ် ရပ်စဲရေးကို အမြန်ဆုံးလုပ်၊ နိုင်ငံရေးဆွေးနွေးပွဲဟူသည်ကို မြှောထားကာ ကေအိုင်အိုအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များအား၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်းသို့ ပြန်လည်ရိုက်သွင်းရန် သာဖြစ်သည်။ အမျိုးသားညီလာခံကို ၁၅ နှစ်တာ အချိန်ဆွဲကာ ဦးဆောင်ကျင်းပခဲ့သော ဦးသိန်းစိန်သည် မည်သည့် ဦးတည်ချက်ကို သွားမှန်းမသိသော နိုင်ငံရေးဆွေးနွေးပွဲဟူသည်ကို နောက်ထပ် နှစ်ပေါင်းများစွာ အချိန်ဆွဲကာ ကျင်းပသွားရန်မှာ မည်သို့မျှ အခက်အခဲမရှိနိုင်ပါ။ ဤသည်မှာ စစ်အစိုးရ လျှောက်လှမ်းနေသော နိုင်ငံရေးလမ်းကြောင်းဖြစ်သည်။

သို့ဖြစ်၍ ကေအိုင်အိုသည် နိုင်ငံရေးဆွေးနွေးပွဲ၏ တိကျသော ဦးတည်ချက်ကို ကြိုတင်အာမခံချက် ရထားလိုပုံရှိသည်။ ပင်လုံစာချုပ်ကို ပြန်လည်ဖေါ်ထုတ်ကျင့်သုံးရန် အပစ်အခတ်ရပ်စဲရေး ပျက်ပြီးကထဲက ကေအိုင်အိုက ပိုမို အလေးအနက်ထား တိုက်တွန်းလျှက်ရှိသည်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုလည်း ထပ်ခါထပ်ခါ တင်ပြလျှက်ရှိသည်။ ပင်လုံစာချုပ် အခြေခံပေါ်တွင် ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်မည်ဟု ဦးသိန်းစိန်အစိုးရက တရားဝင် ကြေငြာ ပြီး နောက်တွင် အပစ်အခတ်ရပ်စဲရေးကို လက်ခံ၊ နိုင်ငံရေးဆွေးနွေးပွဲများ တွင် ပါဝင်သွားလိုပုံရသည်။ ဤသည်မှာ ကေအိုင်အို လျှောက်လှမ်းလို သော နိုင်ငံရေးလမ်းကြောင်းဟု စာရေးသူ နားလည်သည်။

ကချင်ပြည်နယ်စစ်ပွဲကို အဓိကထားလျှက် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကို ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ဖြေရှင်းရန် ကြိုးပမ်းမည်ဆိုပါက ဤလမ်းနှစ်သွယ်အနက် မည်သည့်လမ်းပေါ်တွင် ရပ်တည်၍ ဆောင်ရွက်မည်နည်း။ အလယ်မှာ ရပ်ပြီး နှစ်ဘက်ကြေနပ်အောင်လုပ်ရန် မဖြစ်နိုင်ပါ။ ဆွေးနွေးညှိနိုင်းကြပါ၊ စကားပြောကြပါဟု ဆိုကာ စစ်အစိုးရ အလိုကျ ၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်းသို့ ခေါ်သွင်းသည့် အလုပ်ကို ဒေါ်အောင်ဆန်းစုကြည် လုပ်လိမ့်မည်မဟုတ်ဟု မြှော်လင့်ပါသည်။

၂၀၁၂ ခုနှစ် နိုဝင်္ဘာလ (၂) ရက်နေ့တွင် လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက တိုင်းရင်းသားတွေ လိုလားသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက်ဟုဆိုကာ ဖက်ဒရယ် ဥပဒေမူကြမ်း တခုရေးသားရန် လွှတ်တော်အမတ် များဖြစ်ကြသည့် ဦးတီခွန်မြတ်နှင့် ဒေါ်နန်းဝါနုတို့အား တာဝန်ပေးခဲ့ သည်။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖက်ဒရယ်ကို ခွဲထွက်ရေးဟူ၍ ၀ါဒဖြန့်ကာ တိုင်းရင်းသားအခွင့်အရေးကို ငြင်းပယ်၊ ပြည်ထောင်စု မပြိုကွဲရေးဟူသည်ကို အကြောင်းပြကာ တိုင်းရင်းသား ပေါင်းစုံ လူထုတရပ်လုံးကို နှစ်ပေါင်းငါးဆယ်ကျော် ဖိနှိပ်အုပ်ချုပ်ခဲ့သော စစ်အာဏာရှင်များက ဖက်ဒရယ်ဟူသည်မှာ တိုင်းရင်းသားများ၏ အခွင့်အရေးကို အာမခံချက်ပေးသည့် ပြည်ထောင်စု တည်ဆောက် ပုံဖြစ်ကြောင်း အတိအလင်း ၀န်ခံလာခဲ့ရပြီဖြစ်သည်။

သို့ရာတွင် စစ်အာဏာရှင်များသည် ဖက်ဒရယ်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်အတွင်းမှာပင် တည်ဆောက်၍ ရနိုင်သလိုလို ပုံဖေါ်ကာ တိုင်းရင်းသားအဖွဲ့အစည်းများအား ဆက်လက်လှည့်ဖျားရန် ကြိုးပမ်းနေဆဲဖြစ်သည်။

အောင်ထူး (ရှေ့နေ)


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။