Tuesday, January 8, 2013

“ပြေလည်အောင် ဆွေးနွေးချင်တဲ့ ဆန္ဒပေါ်မှာဘဲ မူတည်ပါတယ်၊ ဆန္ဒရှိရင် နည်းလမ်းရှိရမှာပေါ့” ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်နှင့် တွေ့ဆုံခြင်း

(WunPawng)
 
ဒီဇင်ဘာလလယ်မှစကာ ကချင်ပြည်နယ်တွင် တိုက်ပွဲများ အရှိန်မြင့် ဖြစ်ပွားနေသည်။ အထူးသဖြင့် ကေအိုင်အို(ကချင်လွတ်လပ်ရေးအဖွဲ့)၏ ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးတွင် ခရစ္စမတ်ကာလ၌ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။ ဖြစ်ပွားနေသော တိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီးသိရှိရန် ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ကို ခရစ္စမတ်အပြီး ဒီဇင်ဘာ ၂၆ ရက်တွင် လိုင်ဇာမြို့၌ သီးသန့်တွေ့ဆုံမေးမြန်းခဲ့သည်။

လက်ရှိ တိုက်ပွဲတွေရဲ့အခြေအနေ ပြောပြပေးလို့ရမလား။


လက်ရှိကတော့ ဒီဇင်ဘာလထဲမှာ အစိုးရတပ်တွေ တိုးလာတယ်။ နောက်ပြီး တိုက်ပွဲတွေပိုများလာတယ်။ ၂၄ ရက်မှာတော့ PCG (ငြိမ်း ချမ်းရေး အကျိုးဆောင်အဖွဲ့)ကတစ်ဆင့် မြောက်ပိုင်းတိုင်းကနေတစ်ဆင့် တပ်တွေဆုတ်ပေးဖို့ဆိုပြီး စာရောက်လာတယ်။ တိုက်ပွဲတွေကတော့ နေ့တိုင်းဖြစ်နေတုန်းပဲ။

တိုက်ပွဲတွေက တစ်ရက်ကို ပျမ်းမျှ ဘယ်နှကြိမ်လောက်ဖြစ်နေလဲ။

တစ်ရက်ကို တိုက်ပွဲက ခုနစ်နေရာလောက်မှာကို ဖြစ်နေတာ။
၂၀၁၂ ဧပြီကနေ အခုထိ တိုက်ပွဲတွေက ခပ်စိပ်စိပ်ဖြစ်လာတယ်။


နှစ်ဖက်အရမ်းတင်းမာနေတဲ့အခါကျတော့ ပြေလည်အောင် ဖြေရှင်းနိုင်မယ့် နည်းလမ်းရှိလား။ အဲဒီနည်းလမ်းက ဘာဖြစ်မယ်လို့ ထင်ပါလဲ။

အဓိကကတော့ ပြေလည်အောင် ဆွေးနွေးချင်တဲ့ ဆန္ဒပေါ်မှာပဲ မူတည်မှာပါ။ ဆန္ဒရှိတယ်ဆိုရင် နည်းလမ်းကတော့ ရှိရမှာပေါ့။ ဆန္ဒမရှိဘူးဆိုရင် နည်းလမ်းကလည်း မရှိနိုင်ဘူး။

ဗိုလ်ချုပ်ဂွန်မော်တို့ဘက်က ဆန္ဒကရော ဘယ်လိုရှိပါလဲ။

ကျွန်တော်တို့ဘက်က ရှိပါတယ်။ ကျွန်တော်တို့ဘက်က ဆန္ဒကတော့ နိုင်ငံရေးအရ ဆွေးနွေးမယ်။ နိုင်ငံရေးဆွေးနွေးရအောင်လို့ ပြောတဲ့ အခါမှာ ကြိုတင်ကန့်သတ်ချက် မထားရှိသော နိုင်ငံရေးဆွေးနွေးပွဲကို ကျွန်တော်တို့လိုချင်တယ်။ ဥပမာ ၂၀၀၈ အခြေခံဥပဒေအရ ရွေး ကောက်ပွဲဝင်ပါ၊ လွှတ်တော်ထဲလာပါဆိုတဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ ဘာမှ အကန့်အသတ်မထားဘဲနဲ့ အားလုံးတစ်စုတစ်စည်း ဆွေးနွေးတဲ့ နိုင်ငံရေးဆွေးနွေးပွဲပုံစံမျိုးကို ကျွန်တော်တို့ တောင်းဆိုထားတာ။ ဒီ နိုဝင်ဘာအစည်းအဝေးမှာ အဲဒီလိုတောင်းဆိုထားတာ။

အစိုးရဘက်က ကမ်းလှမ်းထားတဲ့ ဇန်န၀ါရီလထဲမှာ တွေ့ဆုံဆွေး နွေးဖို့က ဘယ်လိုအခြေအနေရှိလဲ။

အဲဒီကိစ္စက ကျွန်တော်တို့ စဉ်းစားရမယ်။ ဒီတိုက်ပွဲအခြေအနေတွေ ကြည့်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အခါမှာ ဆွေးနွေးပွဲဟာ နှစ်ဖက်တွေ့ပြီးတော့ တင်းမာမှုရှိတဲ့ ဆွေးနွေးပွဲကို လုပ်မယ့်အစား ယာယီရွှေ့ဆိုင်းထားဖို့ လိုအပ်ရင်လည်း ကျွန်တော်တို့ ရွှေ့ဆိုင်းထားမှာဖြစ်ပါတယ်။

အခုအနေအထားက ရွှေ့ဆိုင်းဖို့ လိုအပ်တယ်လို့ထင်လား။

ကျွန်တော်တို့ အခု သုံးသပ်ချက်မလုပ်သေးဘူး။ တိုက်ပွဲကိစ္စတွေ စောင့်ကြည့်နေတုန်းပဲ။

ဌာနချုပ်အနီးမှာ တိုက်ပွဲတွေ တအားပြင်းထန်လာတဲ့ အပေါ်မှာရော ဘာပြောချင်ပါလဲ။

ကျွန်တော်တို့ဘက်ကတော့ ဌာနချုပ်ကို အတတ်နိုင်ဆုံး ခုခံကာကွယ် သွားမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ အမြဲတမ်းပြောနေတာက ဌာနချုပ်က အဓိကမဟုတ်ပါဘူး။ လူတွေရဲ့စိတ်ဓာတ်က အဓိကဖြစ်ပါတယ်။

၁၉၉၃ တုန်းကဆိုရင် KIO ဘက်က တစ်ဖက်သတ် အပစ်အခတ် ရပ်ခဲ့တယ်။ အခုအနေအထားရော အလားတူဖြစ်လာနိုင်တဲ့ အနေ အထားရှိလား။

လောလောဆယ်တော့ မဖြစ်နိုင်သေးဘူး။ ၉၃ မှာတော့ ကျွန်တော်တို့ ဘက်က အရင်စပြီး အပစ်အခတ်ရပ်ဆိုင်းရေး လုပ်ခဲ့တယ်။ ၉၄ မှာ စာချုပ်ချုပ်ခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ ကျွန်တော်တို့ဘက်က အပစ် အခတ် ရပ်ထားမယ်ဆိုတဲ့ အနေအထား လောလောဆယ်တော့ မဖြစ်နိုင်သေးဘူး။ တိုက်ပွဲတွေက နေရာအနှံ့ဖြစ်ပြီးတော့ တပ်တွေက ရောထွေးနေတယ်။ အဲဒီတော့ ဒီကိစ္စက တော်တော်ခက်ပါတယ်။

၂၀၁၁ ဇွန်လကတည်းကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အခုအထိ KIA ဘက်က ဘယ်လောက်ကျဆုံးခဲ့ပြီလဲဆိုတဲ့ စာရင်းကိုရော ပြောလို့ ရမလား။

ကျွန်တော်တို့ဘက်က အကြမ်းဖျင်း ပြောလို့ရပါတယ်။ အတိအကျ မဟုတ်ပေမယ့် ဒဏ်ရာရတာရော၊ ကျဆုံးတာရောဆို အားလုံးနှစ်ရာ ကျော်၊ သုံးရာနီးပါး ရှိသွားပါပြီ။ တိုက်ပွဲအကြိမ်ရေကတော့ ၂၃၀၀ လောက် ရှိသွားပြီ။

ဘယ်ကာလအပိုင်းအခြားမှာက တိုက်ပွဲတွေ အကြိမ်ရေ များလာတာလဲ။ ဒါဆို စာရင်းဇယားတွေအရ ခုနစ်လအတွင်းမှာ တိုက်ပွဲပေါင်း တစ်ထောင် နီးပါးဖြစ်ခဲ့တာပေါ့။ (၂၀၁၂ ခုနှစ် မေလအတွင်းက မေးမြန်းချက်အရ တိုက်ပွဲပေါင်း ၁၄၀၀ ဖြစ်ခဲ့သည်) အောက်တိုဘာ ဒီဘက်ပိုင်းမှာ အကြိမ် အရေအတွက်က တော်တော်များလာတယ်။ အခု ၂၃၀၀ ကျော်ရှိပြီ။ ဒါမှတ်တမ်းဝင်တဲ့ဟာတွေပေါ့။ တချို့က ရှေ့တန်းကဟာတွေ သတင်း နောက်ကျတာတွေ ရှိနိုင်သေးတယ်။

မြင်ရတာက တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုက မရှိတော့သလောက် ဖြစ်နေတော့ ပြန်ပြီးယုံကြည်မှုတည်ဆောက်မယ်ဆိုရင် ဘယ်လိုအနေ အထားမှာမှ တည်ဆောက်လို့ ရနိုင်သလဲ။ ဘယ်လောက်ကြာနိုင်သလဲ။

အနေအထားလို့ ပြောတာထက် အခြေခံမူကို ညှိနှိုင်းရမယ်လို့ ဒီလိုဘဲ ထင်တယ်။ ဥပမာ- လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသားတွေရဲ့အရေး ဟာ နိုင်ငံရေးကြောင့် ဖြစ်လာတဲ့ ပြဿနာဖြစ်တယ်လို့ ကျွန်တော်တို့ တောက်လျှောက်ပြောနေတယ်။ ဒါပေမဲ့ အစိုးရက ဒီနေ့အထိ ပြောနေ တာက ဒါကသောင်းကျန်းတဲ့အလုပ်တဲ့၊ လက်နက်ကိုင်ပြီး သောင်း ကျန်းနေတယ်လို့ ပြောနေတယ်။ အဲဒီတော့ ဒီအဓိကကျတဲ့ အခြေခံ ယူဆချက်ကိုတောင်မှ အမြင်က မတူနိုင်သေးဘူး ဖြစ်နေတာ။ ဒါကြောင့် ကျွန်တော်တို့က ၀န်ကြီးဦးသန်းအောင်နဲ့ တွေ့တဲ့အခါ မေးတာက ကျွန်တော်တို့ ကေအိုင်အိုအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်တွေကို အစိုးရအသစ်က ဘယ်လိုသဘောထားသလဲလို့ ကျွန်တော် စပြီးမေး တယ်။ သောင်းကျန်းနေတဲ့သူတွေလို့ ယူဆသလား။ တကယ်ဘဲ ကိုယ့်ရဲ့ ပြည်နယ်အတွက် အခွင့်အရေးတောင်းနေတဲ့ အဖွဲ့အစည်းလို့ ယူဆ သလား။ ဒီကနေ့အထိ အဖြေက မရသေးဘူး။ တကယ်လို့သာ ကျွန် တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကို ဒါလက်နက် ကိုင်ပြီး သောင်းကျန်းနေတဲ့သူတွေလို့ ယူဆနေတုန်းပဲဆိုလို့ရှိရင်တော့ ဒီအယူအဆအပေါ်မှာဘဲ ကျွန်တော်တို့ အရင်ညှိနှိုင်းရမှာ ဖြစ်ပါတယ်။

ဒီကာလက ခရစ္စမတ်ကာလလည်းဖြစ်တယ်။ ဗိုလ်ချုပ်ဂွန်မော် ကိုယ်တိုင် ကလည်း ခရစ်ယာန်ဘာသာဝင်တစ်ယောက် ဖြစ်နေတော့ မနေ့က (ခရစ္စမတ်နေ့)မှာ လက်နက်ကြီးပစ်သံတွေ ခဏခဏကြားရတယ်။ တကယ်လို့ ဗိုလ်ချုပ်တစ်ယောက်အနေနဲ့မဟုတ်ဘဲ ရိုးရိုးခရစ်ယာန် ဘာသာဝင် တစ်ယောက်အနေနဲ့ဆို ဒီအပေါ်မှာ ဘယ်လိုခံစားမှုမျိုး ၀င်မိမလဲ။

သာမန်ခရစ်ယာန်ဘာသာဝင် တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် စိတ်ထဲမှာတော့ ခံပြင်းတဲ့စိတ်တွေ ဖြစ်လာနိုင်ပါတယ်။ သာမန်လူထု တစ်ယောက်ပေါ့။ ဘယ်သူမဆို ဒါတော့ ခံစားရမှာဘဲ။

လိုင်ဇာမြို့ အနှံ့မှာ ဆိုင်းဘုတ်တွေ ချိတ်ထားတာ တွေ့ခဲ့တယ်။ ကဘူဂရာအီခရစ္စမတ်၊ ပျော်ရွှင်စရာခရစ္စမတ်ဆိုပြီးတော့။ ဒီနှစ်ခရစ္စမတ်က တကယ်ရော ပျော်ရွှင်စရာခရစ္စမတ် ဖြစ်ခဲ့ရဲ့လား။

ပျော်ရွှင်တယ်ဆိုတာကတော့ ကိုယ့်ရဲ့စိတ်နှလုံးအပေါ်မှာ မူတည်ပါ တယ်။ ခံယူချက်ပါ။ တိုက်ပွဲတွေဖြစ်နေပေမယ့်လည်း ဘာသာရေးအရ စိတ်နှလုံးအေးချမ်းခြင်းက သူ့ဟာနဲ့သူ သီးသန့်ရရှိနိုင်ပါတယ်။ ကိုးကွယ် တဲ့ဘာသာဝင်တွေရဲ့ ခံယူချက်ဖြစ်ပါတယ်။

အရင်နှစ် ဒီဇင်ဘာ ၁၀ ရက်က သမ္မတကနေ ထိုးစစ်တွေရပ်ဖို့ စာထုတ် တာ ဒီနေ့ဆိုရင် တစ်နှစ်ပြည့်ပြီးလို့ ၁၆ ရက်တောင် စွန်းခဲ့ပြီ။ အဲဒီကာ လမှာပဲ ထိုးစစ်တွေ ဆင်လာတယ်။ ရဟတ်ယာဉ်တွေပါ သုံးလာတဲ့ အပေါ်မှာ ဘာများမှတ်ချက်ပြုချင်ပါလဲ။

ကျွန်တော်ကတော့ ဘာမှအထူးအထွေ မှတ်ချက်ပြုစရာမရှိဘူး။ ထိုးစစ်၊ ခံစစ်လို့ပြောတဲ့အဓိပ္ပာယ်က ရှုပ်ထွေးပါတယ်။ တိုက်ပွဲဖြစ်တာတော့ တိုက်ပွဲဖြစ်တာပဲ။ တစ်ခါတလေမှာ ထိုးစစ်က ခံစစ်လည်း ဖြစ်နိုင်တာပေါ့။ တစ်ခါတလေ ခံစစ်က ထိုးစစ်ဖြစ်နိုင်တယ်။ အဲဒီတော့ ဒီထိုးစစ်နဲ့ ခံစစ်လို့ ပြောနေရင် ဒီဝေါဟာရက လူထုကြားထဲမှာလည်း သိပ်ရှုပ်ထွေးမယ်။ ဘာပဲဖြစ်ဖြစ် တိုက်ပွဲဖြစ်နေတယ်ဆိုတာတော့ အဓိကကျပါတယ်။

ရွှေလီဆွေးနွေးပွဲမှာ ဗိုလ်ချုပ်ဂွန်မော် မလာခဲ့ဘူးဆိုပြီး ဝေဖန်မှုတွေ တော်တော်လေးထွက်ခဲ့ပါတယ်။ အဲဒါကိုရော ဘယ်လိုဖြေရှင်းချက် ပေးချင်ပါလဲ။

ရွှေလီမှာ ကျွန်တော်တို့ဆီကအဖွဲ့နဲ့ ဦးအောင်မင်း မဟုတ်ဘဲ အရင် ဦးအောင်သောင်းတို့နဲ့ပါ ဆွေးနွေးရေး ခြောက်ကြိမ်လုပ်ခဲ့ပြီးပြီ။ ခြောက်ကြိမ်စလုံး ကျွန်တော်မပါဘူး။ ပြောချင်တာက ကေအိုင်အိုက ဆွေးနွေးရေးအဖွဲ့မှာ ကျွန်တော်မပါဘူး။ အဲဒီတော့ ဒီတစ်ခေါက်မှာ ဆွေးနွေးရေးအဖွဲ့ သွားတဲ့အခါ ကျွန်တော်က ဆွေးနွေးရေးအဖွဲ့ဝင် မဟုတ်တဲ့အတွက် မပါတာ။ တကယ်တော့ ကျွန်တော်ကို လာဖို့ဆိုပြီး ကြိုတင်ညှိထားတာလည်း မရှိဘူး။ သူတို့ဆီက ဘယ်သူတွေလာမယ်ဆို တာလည်း ကြိုတင်အကြောင်းကြားထားတာ မရှိဘူး။ အဲဒီတော့ ပို့တဲ့စာ ထဲမှာလည်း ဆွေးနွေးရေးအဖွဲ့တွေ ငြိမ်းချမ်းရေးအကောင်အထည် ဖော်ရေး လာမယ်။ ကျွန်တော်တို့ဘက်ကနေ ကိုယ်စားလှယ်တွေ သွားတယ်။ အဲဒါပါဘဲ။ ဒီတစ်ကြိမ်မှ ကျွန်တော်မသွားတာ မဟုတ်ပါဘူး။ အရင်ခြောက်ကြိမ်ကလည်း ကျွန်တော် မပါဘူး။ ကျွန်တော် ပြောချင်တာ က ကျွန်တော်တို့ရဲ့ ဆွေးနွေးရေးအဖွဲ့ကို အခွင့်အာဏာတွေ ပေးအပ် ထားပြီးသား။

အခုဆိုရင် အချိန်တွေက တစ်ဖြည်းဖြည်း ကြာလာပြီ။ လူမှုကွန်ရက် တွေမှာ အပြန်အလှန် ပြောဆိုနေကြတာတွေနဲ့ လူထုကြားမှာ လူမျိုးရေး မုန်းတီးမှုပြဿနာမျိုး အသွင်ဆန်လာမှာကို ပူပန်နေကြသူတွေရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကေအိုင်အိုရဲ့သဘောထားက ဘယ်လိုရှိပါသလဲ။

ကေအိုင်အိုကလည်း ဒီဟာကို စိုးရိမ်ပါတယ်။ ဒါကြောင့်မို့ ဒီတိုက်ပွဲတွေ စပြီးဖြစ်တဲ့အချိန် ဇွန်လ ၁၁၊ ၁၂ ရက်ဝန်းကျင်မှာပဲ ကျွန်တော်တို့က ၀န်ကြီးဦးအောင်သောင်းနဲ့ ဦးသိန်းဇော်တို့ကို ဒီကိစ္စ အကြောင်းကြား ထားပြီးသား ဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့်မို့ တိုက်ပွဲတွေကို အမြန်လျှော့ ချဖို့ လိုတယ်လို့ တိုက်ပွဲတွေဖြစ်တာနဲ့ အကြောင်းကြားပြီးသား ဖြစ်ပါ တယ်။ ဒီကနေ့အထိ ဒီစိုးရိမ်စိတ်က ကျွန်တော်တို့မှာရှိပါတယ်။ မလိုလား ပါဘူး။

ကာမိုင်းကိစ္စ၊ ဖားကန့်ကကိစ္စတွေမှာဆိုရင် လူတွေပြောလာကြတာက KIA က အကြမ်းဖက်လာတယ် ဆိုပြီးတော့။ အဲဒါကိုရော ဒီဘက်က ဘယ်လို တုံ့ပြန်ပြီး ပြောချင်ပါသလဲ။

ကာမိုင်းကိစ္စကတော့ ရဲစခန်းမှာ ၀င်ပစ်တာကို လူထုအနေနဲ့ကတော့ အရပ်ဘက်ဆိုင်ရာလို့ ထင်မြင်ယူဆကောင်း ယူဆနိုင်ပါတယ်။ ဒါပေမဲ့ ရှေ့တန်းမှာကတော့ စစ်တပ်ရယ်၊ ရဲရယ်၊ အခြားပြည်သူ့စစ်လို အဖွဲ့အစည်းတွေလည်း အကုန်လုံးက တိုက်ပွဲထဲမှာ ပါဝင်နေတာပါ။ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာကတော့ ဒီလိုဟာမျိုးက ခွဲခြားရခက်ပါတယ်။ လူထုကို ထိခိုက်တာမျိုး မဖြစ်အောင်တော့ ကေအိုင်အိုက အမြဲသတိ ထားပါတယ်။

တစ်နှစ်နဲ့ခြောက်လ ကြာခဲ့ပေမယ့် စစ်ဘေးဒုက္ခသည်တွေအနေနဲ့ နေရပ် မပြန်နိုင်သေးတဲ့အပြင် ဒုက္ခသည်ဦးရေ ထပ်တိုးလာပါသေးတယ်။ အခုထိ ကေအိုင်အိုထိန်းချုပ်နယ်မြေမှာ ဒုက္ခသည်ဦးရေ ဘယ်လောက်ရှိသွား ပြီလဲ။

ခုနစ်သောင်းကျော်ကျော်လောက် ရှိပါတယ်။

သူတို့ကို ကေအိုင်အိုက တာဝန်ယူနေရတော့ အဲဒီတာဝန်က ဘယ် လောက် ကြီးပါသလဲ။

တာဝန်ကတော့ ကြီးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လည်း အတတ်နိုင်ဆုံး ဖြေရှင်းနေရပါတယ်။ အခြားလူမှုအဖွဲ့အစည်းတွေလည်း ၀ိုင်းကူညီ တာ ရှိတယ်။ ကေအိုင်အိုအနေနဲ့လည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းပေး နိုင်အောင် ကြိုးစားနေပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့နေရတဲ့ အသုံးစရိတ်က ဘယ်လောက်ရှိခဲ့ပါပြီလဲ။

နှစ်စဉ်ဘဏ္ဍာရေးမှာ ပညာရေး၊ ကျန်းမာရေး စသဖြင့် ကဏ္ဍအလိုက် ဘတ်ဂျက်တွေရှိပါတယ်။ ဒါကတော့ စာရင်းဇယားကြည့်မှ သိရမယ်။
ဗဟိုဌာနချုပ်တစ်ဝိုက်မှာတောင်မှ ဆေးဝါးနဲ့ပတ်သက်တာက လစဉ် ကျပ်သိန်း ၅၀၀ လောက် အသုံးပြုရတယ်။

မနှစ်က အခြေအနေမှာ လွယ်လွယ်နဲ့ ဖြေရှင်းလို့ရနိုင်တဲ့ အနေအထား ရခဲ့ရဲ့သားနဲ့ အခုထိ အခြေအနေမျိုး တင်းမာလာတဲ့အထိ ဖြစ်လာရ တာလဲ။ အဲဒါကို ဘာများပြောချင်ပါလဲ။

အဓိကကတော့ အမြင်ချင်းမတူတဲ့ ဖြေရှင်းနည်းပေါ့။ ဥပမာ ဦးသန်း အောင်တို့နဲ့ လဂျားယန်မှာ ပထမဆုံးတွေ့တဲ့အခါ ကျွန်တော်တို့ပြော တာက ဘာမှကန့်သတ်ချက်မပါဘဲနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဖို့ တင်ပြတယ်။ အဲဒီတော့ ဦးသန်းအောင်က လက်မှတ်ထိုးလို့မရဘူး။ လက်မှတ်ထိုးလို့မရဘဲ နှုတ်ကတိနဲ့လုပ်မယ်လို့ပြောတော့ ကျွန်တော် တို့က လက်မှတ်ထိုးဖို့ ပြောတယ်။ အဲဒီနောက်ပိုင်းမှာလည်း နောက် တစ်ကြိမ် ရွှေလီမှာတွေ့တဲ့အခါ အဆင့်သုံးဆင့်ပါတဲ့ Proposal တစ်ခု တင်ထားတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ Proposal အပေါ်မှာ မသွားဘဲနဲ့ တိုက်ပွဲတွေကို အရင် Cease fire Agreement စာချုပ် အရင်ချုပ်ရ အောင်လို့ အစိုးရဘက်က ဒီလိုပြောတယ်။ ကျွန်တော်တို့ဘက်ကတော့ Cease fire ပြီးရင် ဘာလုပ်မလဲဆိုတဲ့ Process တွေကို အရင်ဆွေးနွေး ချင်တယ်။ ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲပုံစံ ဖြစ်ချင်တယ်။ အဲဒီလို ကျွန်တော်တို့ဘက်က တောင်းဆိုတာနဲ့ အစိုးရဘက်က ကျွန်တော်တို့ကို ပြန်ပြီးဖြစ်စေချင်တဲ့ သဘောထားနှစ်ခုက ညှိလို့မရသေးဘူး ဖြစ်နေ တယ်။ အဲဒါကြောင့်ပါ။

အမေရိကန်ကနေ အစိုးရတပ်မတော်ကို ကူညီပေးမယ်ဆိုတာကိုရော ဘယ်လိုထင်မြင်ပါသလဲ။

အမေရိကန်လို နိုင်ငံကတော့ နိုင်ငံကြီးဖြစ်လို့ သူ့သိက္ခာကို သူကြည့်ပါ လိမ့်မယ်။ ဒါ ကျွန်တော်တို့ ယူဆချက်ပေါ့။ ပေးသင့်တဲ့ အကူအညီပေး တာကိုတော့ ကျွန်တော်တို့ဘက်က ပြောစရာမရှိပါဘူး။ သို့သော်လည်း မပေးသင့်တဲ့ အကူအညီကို မပေးမိဖို့တော့ ဖြစ်စေချင်တဲ့ဆန္ဒ ရှိပါတယ်။

စာမျက်နှာပေါ်ကနေပြီးတစ်ဆင့် ကချင်ပြည်နယ်သူ၊ ပြည်နယ်သားတွေနဲ့ တစ်နိုင်ငံလုံးကလူထုကို ပါးချင်တဲ့ သတင်းစကားများ ရှိပါသလား။

အဓိကကတော့ ကျွန်တော်တို့ ကေအိုင်အိုက အခုအချိန်ထိ တိုက်ပွဲတွေနဲ့ ဒီလိုဖြစ်နေတဲ့ အနေအထားက ဘာလဲဆိုတော့ တကယ်စစ်မှန်တဲ့ ဖက် ဒရယ်တည်ဆောက်နိုင်ရေးကို အဓိကဦးတည်တာ ဖြစ်ပါတယ်။ တောက် လျှောက် ကျွန်တော်တို့ ပြောနေတာကလည်း စစ်မှန်တဲ့ပြည်ထောင်စု၊ စစ်မှန်တဲ့ဖက်ဒရယ်။ အဲဒီတော့ ဒီလိုတည်ဆောက်နိုင်ဖို့ဆိုရင် ကချင် တစ်ဖွဲ့ တည်းနဲ့ လုပ်လို့မရဘူး။ အဲဒီတော့  ကျွန်တော်တို့ တောင်းဆို နေတာက ပါဝင်သင့်တဲ့သူတွေ အကုန်လုံးပါဝင်ပြီးတော့ ကြိုတင်ကန့် သတ်ချက်မရှိတဲ့ နိုင်ငံရေးဆွေးနွေးပွဲကို ပြုလုပ်ပေးဖို့ဆိုပြီး အစိုးရကို လည်း ဒီအတိုင်း တောင်းဆိုထားပါတယ်။ အဲဒီတော့ လူထုကိုလည်း ကျွန်တော်တို့ရဲ့ သဘောထားအမြင်ကို တစ်ဆင့် ဒီလိုအသိပေး ချင်ပါတယ်။

နောက် အခုနောက်ပိုင်း ကျယ်ကျယ်လောင်လောင် ပြောလာကြတဲ့ ကေအိုင်အိုက အခွန်ကောက်တယ်။ ဆက်ကြေးတောင်းတယ်လို့ ပြောလာကြတဲ့အပေါ်မှာရော ဘာပြောချင်ပါသလဲ။

အခွန်ကောက်တယ်၊ ဆက်ကြေးလို့ ပြောတာကတော့ အဆိုးမြင်တဲ့ အနေနဲ့ ပြောတာပါ။ အခွန်ပါပဲ။

သွားလာရေးတွေ၊ တချို့ စီးပွားရေးလုပ်ငန်းတွေကို တစ်သီးပုဂ္ဂလ အခွန်ကောက်နေတာရော ရှိပါသလား။

ရှေ့တန်းမှာတော့ ဒါမျိုးရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒါတရားဝင်ဆက်ကြေး မဟုတ်ဘူး။ ဥပမာ ရွှေတွင်းတို့ ဘာတို့ဆိုရင် အခွန်ဆောင်ခိုင်းတာပေါ့။ တစ်နှစ်မှာ ဘယ်လောက်ဆိုပြီး သတ်မှတ်ထားတယ်။ ဒီဟာက အထူး တလည်ရှင်းပြစရာမလိုပါဘူး။ အခွန်ဆောင်ခိုင်းတာရှိတယ်။ ကုမ္ပဏီ တွေကအစ အဓိကကတော့ လုပ်ငန်းကြီးတွေကို အခွန်ကောက်တာပါ။

ထပ်ပြီးဖြည့်စွက်ပြောချင်တာများ ရှိပါသလား။

ဘာဖြစ်လို့တိုက်ပွဲတွေ မရပ်သလဲသို့ လူတိုင်းကမေးတယ်။ တိုက်ပွဲတွေ ရပ်ပြီးတော့ ဘာလုပ်ရမလဲဆိုတဲ့ အဖြေကို ရှာဖွေလို့ မတွေ့ခင်မှာ တိုက်ပွဲတွေရပ်ဖို့ ခက်ပါတယ်။ အပစ်အခတ်ရပ်ဆိုင်းပြီးရင် ဘာလုပ် ကြမလဲ။ ဒါ အဓိက ကျွန်တော်တို့ ရှာဖွေနေတဲ့အဖြေပါ။ နောက်တစ်ခု ကတော့ အခြေခံဥပဒေ၊ ကျွန်တော်တို့မြန်မာနိုင်ငံမှာက မတူညီတဲ့ လူမျိုးစုတွေ နေထိုင်ကြတယ်။ ၂၀၀၈ ဥပဒေက မတူညီတဲ့လူမျိုးစုတွေ စုပေါင်းနေထိုင်လို့ရတဲ့ ဥပဒေမဟုတ်ဘူးလို့ မြင်တယ်။ အဲဒီတော့ အစိုးရက အတူတကွနေထိုင်နိုင်တဲ့ အခြေခံဥပဒေတစ်ရပ်ကို သေချာ ရေးဆွဲဖို့လိုတယ်။ အဲဒီလို အတူတကွနေထိုင်နိုင်တဲ့ အခြေခံဥပဒေ တစ်ရပ် မရှိဘဲနဲ့တော့ အပစ်အခတ်ရပ်ထားရုံနဲ့တော့ အေးချမ်းသွားမှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးလည်း ရမှာမဟုတ်ဘူး။ ဒါ ကျွန်တော်တို့ အမြင်ပဲ။

ကျေးဇူးတင်ပါတယ်။           ။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။