Monday, January 21, 2013

တရုတ်နယ်နိမိတ်အတွင်း လေးလုံးမြောက်ဗုံး ကျရောက်အပြီးတွင် ကချင်ပဋိပက္ခ၌ ပါဝင်နေသူအားလုံး အပစ်အခတ် ရပ်စဲကြရန် တရုတ်နိုင်ငံ တောင်းဆို


Sunday, 20 January 2013 (Eleven Media Group)

ကချင်ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခတွင် ပါဝင်နေသူ အားလုံး အပစ်အခတ် ရပ်စဲရန် တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက တောင်းဆိုလိုက်ကြောင်း တရုတ်သံရုံးက သတင်းထုတ်ပြန် လိုက်သည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Hong Lei က ကချင်တပ်များနှင့် မြန်မာတပ်များ၏ တိုက်ပွဲများကြောင့် ပြီးခဲ့သည့် အင်္ဂါနေ့ မွန်းလွဲပိုင်းက တရုတ်နိုင်ငံ ပိုင်နက်အတွင်းသို့ ဗုံးတစ်လုံး ကျရောက်ခဲ့ကြောင်း အတည်ပြု ပြောကြားသည်။


အဆိုပါဗုံးမှာ တရုတ်နယ်စပ်မှ မီတာ ၅၀၀ အကွာတွင် ကျရောက်ခဲ့ ခြင်းဖြစ်ပြီး ထိခိုက်မှု မရှိခဲ့ဟု ဆိုသည်။

“ဒီမတော်တဆ ထိခိုက်မှုနဲ့ ပတ်သတ်ပြီး တရုတ်နိုင်ငံက စိုးရိမ်ပူပန်မှုနဲ့ ဘ၀င်မကျမှုကို ဖော်ပြတဲ့ အကြောင်းကြားစာ ပေးပို့ထားပါတယ်။ နောင်မှာ ဒီကိစ္စထပ်မံ ဖြစ်ပွားမှု မရှိအောင် မြန်မာအစိုးရ အနေနဲ့ သေချာပြင်ဆင် ကာကွယ်မှုတွေ ပြုလုပ်ဖို့ကိုလည်း တောင်းဆိုထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ ဗုံးကျရောက်မှုမှာ စတုတ္ထ အကြိမ်မြောက် ကျရောက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက်၊ ညနေပိုင်းက တရုတ်နိုင်ငံ နယ်နိမိတ်အတွင်းသို့ ဗုံးသုံးကြိမ် ကျရောက်ခဲ့သည်ဟု ၎င်းတို့က ဆိုသည်။

Mr. Hong က ပဋိပက္ခများ ဖြစ်ပွားနေသော နှစ်ဘက်စလုံးအား ဆွေးနွေးပွဲများ ပြုလုပ်ကာ ပြဿနာကို အဖြေရှာရန်နှင့် တရုတ်မြန်မာ နယ်စပ်တွင် တည်ငြိမ်မှုကို ထိန်းသိမ်းရန် တိုက်တွန်းလိုက်သည်။

၎င်းက တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်မှ တာဝန်ရှိသူများမှာ တရုတ်နယ်စပ် တလျှောက် တိုက်ခိုက်မှု ခံရခြင်းရှိ၊ မရှိကို ထိရောက်သည့် လေ့လာဆန်းစစ်မှုများ ပြုလုပ်ပြီး ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ကချင်ပြည်နယ် အတွင်းတွင် တပ်မတော်နှင့် ကေအိုင်အေ (ကေအိုင်အို) တို့ အကြား တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိရာ လဂျားယန်ဒေသ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ဇန်န၀ါရီလ ၁၉ ရက်နေ့ မနက် ၆ နာရီအချိန်မှ စတင်ရပ်ဆိုင်းမည်ဟု သတင်းထုတ်ပြန်ရေး အဖွဲ့မှ သတင်းထုတ်ပြန် ထားပြီးဖြစ်သည်။

ပြည်ထောင်စု အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်မှ တဆင့် ရှေ့ အလားအလာ ကောင်းများ ဖော်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ကေအိုင်အို အဖွဲ့မှလည်း ဇန်န၀ါရီလ ၁၉ ရက်နေ့က သတင်းထုတ်ပြန် လိုက်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။