Saturday, January 5, 2013

ကချင်=ဗမာ သမိုင်း (အပိုင်း-၂) ။

(ကိုဝိုင် FB မှ)


ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်သည့် ဖဆပလညီလာခံ၏ ဆုံးဖြတ်ချက်အကြောင်း မတင်ပြခင်၊ တောင်တန်း ဒေသ တိုင်းရင်းသား တို့နှင့် သဘောတူ လက်မှတ်ရေးထိုးခဲ့သည် သမိုင်းဝင် (ပင်လုံ) စာချုပ် ပါ အချက်များကို ဖော်ပြလိုသည်။


ပင်လုံစာချုပ်
ဖေဖော်ဝါရီလ(၁၂)ရက်၊ ၁၉၄၇ ခု။ 
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာကိုယ်စားလှယ်အဖွဲ့နှင့် ရှမ်း၊ ကချင်၊ ချင်း ကိုယ်စားလှယ် အဖွဲ့တို့သည် (၁၂-၂-၄၇) နေ့တွင် သမိုင်းဝင် ပင်လုံညီလာခံကို ကျင်းပခဲ့ကြပါသည်။ ညီလာခံ အစတွင် ဗိုလ်ချုပ်အောင်ဆန်း က “ ဒီကနေ့ ကျွန်တော် ဒီနေရာမှာ ပြောကြားချင်တဲ့ စကားတွေ အားလုံး အဆွေတော်တို့ကို ပြောပြခဲ့ပြီး ဖြစ်တယ်။ ဗမာနှင့်ပေါင်းပြီး လွတ်လပ်ရေး အတူတူ ယူမလား၊ မယူဘူးလား ဆိုတာကို အဆွေတော်တို့ ဘာသာ ဆုံးဖြတ်ကြပါ။ ကျုပ်တို့ဗမာတွေက လွတ်လပ်ရေးယူတော့မယ်၊ ဒီကိစ္စ အဆွေတော်တို့လည်း ဆုံးဖြတ်ပြီးပြီ ဖြစ်မယ် ထင်တယ်။ ကျုပ်တို့က အဆွေတော်တို့ကို အဓမ္မ မတိုက်တွန်းဘူး ”ဟု အဖွင့်မိန့်ခွန်းတွင် တိုတိုပဲပြော ကြားခဲ့ပါသည်။  
(ပင်လုံညီလာခံသို့ ဗိုလ်ချုပ်နှင့်အတူ တက်ရောက်ခဲ့သော ဦးဖေခင်၏ပြောပြချက်)

တက်ရောက်လာသူများမှ ကြားဖြတ်ဗမာ အစိုးရနှင့် ချက်ခြင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ကချင်၊ချင်း တို့သည် လွတ်လပ်ရေး ကို ပိုမိုလျှင်မြန်စွာ ရရှိလိမ့်မည်ဟူသောအားဖြင့် သဘောထားဆုံးဖြတ်ချက်ကို ကန့်ကွက်မည်သူ မရှိပဲ အောက်ပါအတိုင်း သဘောတူခဲ့ကြသည်။


၁။ တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ) ကြိုးကိုင်အဖွဲ့ ကိုယ်စားလှယ်များ၏ ထောက်ခံချက်အရ တောင်တန်းသားများ၏ကိုယ်စားလှယ်တစ်ဦးကိုဘုရင်ခံကရွေးချယ်၍ နယ်စပ်ဒေသများကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက် ရန် အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။

၂။ ဤအတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ကောင်စီဝင်တစ်ဦးအဖြစ်ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်သူကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင်ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိစေရမည်။ ဤနည်း လမ်းများ အတိုင်း နယ်စပ်ဒေသဆိုင်ရာအတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့် အာဏာ ကို ပေးအပ်ရမည်။

၃။ အဆိုပါ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့်လူမျိုးခြင်းမတူသော ဒုတိယ အတိုင်ပင်ခံနှစ်ဦးက ကူညီပေးရမည်။ ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတို့သည် ၎င်းတို့အသီးသီးနှင့် သက်ဆိုင်သည့်နယ်များ၏ ကိစ္စရပ်များ ကို ဆောင်ရွက်ရန် ဖြစ်သည်။ ၎င်းတို့သည် ထုံးနည်းဥပဒေအရတွဲဖက်တာဝန်ယူရသည့် မူအတိုင်း ဆောင်ရွက် စေရမည်။

၎။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသများ၏တစ်ဦးတည်း သော ကိုယ်စားလှယ် အဖြစ်ပါဝင်စေရမည် ဖြစ်သော်လည်း ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင် သော ကိစ္စရပ်များကို ဆွေးနွးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်ခွင့် ရှိစေရန် ရမည်။

၅။ အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တိုးချဲ့မည် ဖြစ်သော်လည်း နယ်စပ် ဒေသများ၏ နယ်တွင်း အုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့် နည်းနှင့်မဆို တစုံတရာ လက်လွတ်စေရန် အဆိုပါကောင်စီက ပြုလုပ်ခြင်းမရှိစေရ။ နယ်စပ်ဒေသများအတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင် အုပ်ချုပ်ရေး ရာနုန်းပြည့်ရှိစေရမည်ဟူသော မူကို သဘောတူညီကြသည်။

၆။ ပူးပေါင်းထားပြီးသည့် ပြည်ထောင်စု ဤမြန်မာနိုင်ငံအတွင်း သီးသန့် ကချင်ပြည်နယ်တစ်ခု နယ်နမိတ် သတ်မှတ်၍ တည်ထောင်ရန် ကိစ္စမှာ တိုင်းပြုပြည်ပြုလွတ်တော်တွင် ဆုံးဖြတ်ရန် ဖြစ်သော်လည်း ဤကဲ့သို့ သီးခြား ပြည်နယ်တစ်ခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက် အထမြောက်ရန် အလို့ငှာ ပထမခြေလှမ်း အနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံအစိုးရအက်ဥပဒေအရ နောက်ဆက်တွဲပါ စာရင်းပါ အပိုင်း(၂)ဒေသများကဲ့သို့ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသအတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်အား ဆွေးနွေးတိုင်ပင်ရမည်။

၇။ နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံ အသိအမှတ်ပြုထားသော အခွင့်အရေးများကို ခံစားနိုင်ခွင့်ရှိစေရမည်။

၈။ ဤစာချုပ်တွင် သဘောတူကြသည့်အစီအစဉ်မှာ ပဒေသရာဇ်ရှမ်းပြည်နယ်စုတွင် ယခုအပ်နှင်းထားပြီးသော ဘဏ္ဍာရေး နှင့် ပတ်သက်သည့်ကိုယ်ပိုငအုပ်ချုပ်ရေးကို ထိခိုက်စေခြင်းမရှိရန်။

၉။ ဤစာချုပ်တွင်သဘောတူညီကြသည့် အစီအစဉ်မှာ မြန်မာပြည်အခွန်တော်ငွေများမှ ကချင်တောင်တန်း နယ်များ နှင့်ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေးအကူအညီကို ထိခိုက်စေခြင်း မရှိစေရ၊ မြန်မာပြည်နှင့် ပဒေသရာဇ်ရှမ်းပြည်စု၏ဘဏ္ဍာရေးအစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့်ချင်းတောင်တန်း များအတွက် အလားတူ အစီအစဉ်များ ထားရှိကျင့်သုံးရန်ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ အတိုင် ပင်ခံ ပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့် အတူ စစ်ဆေးကြည့်ရှု ရမည်။

ထိုသမိုင်းဝင် ပင်လုံစာချုပ်၌ အစည်းအဝေး တက်ရောက်သော အောက်ပါ ပုဂ္ဂိုလ်များ လက်မှတ်ရေးထိုး ခဲ့ကြ ပါသည်။ ဗမာ ကိုယ်စားလှယ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း လက်မှတ်ရေးထိုး၍ ရှမ်း၊ ကချင်၊ ချင်း ကိုယ်စားလှယ် များ အသီးသီးက လက်မှတ်ရေးထိုးကြပါသည်။



ဗမာ ကိုယ်စားလှယ်- 
(ပုံ) အောင်ဆန်း

ကချင် ကိုယ်စားလှယ်-
(ပုံ) ဆမားဒူဝါဆင်ဝါးနောင်(မြစ်ကြီးနား) ။
(ပုံ) ဒူဝါဇော်ရစ် (မြစ်ကြီးနား) ။
(ပုံ) ဒူဝါ ဒိန်ရတန် (မြစ်ကြီးနား) ။
(ပုံ) ဒူဝါဇော်လ (ဗန်းမော်) ။
(ပုံ) ဒူဝါဇော်လောန် (ဗန်းမော်) ။
(ပုံ) ဦးလဘန်ဂရောင်း (ဗန်းမော်)

ချင်း ကိုယ်စားလှယ်-
(ပုံ) ပိုးလွှာမှုန်း (အေတီအမ်၊အိုင်တီအိုင်(စ်)အမ်းဖလမ်း) ။
(ပုံ) ပိုးသောင်စာခပ် (အေတီအမ်၊တီးတိန်) ။
(ပုံ) ပိုးကွယ်မန်း (အေတီအမ်၊ ဟားခါး )

ရှမ်း ကိုယ်စားလှယ်-
(ပုံ) ခွန်ပန်းစိန် (တောင်ပိုင်စဝ်ဖလုံး) ။
(ပုံ) စပ်ရွေသိုက် (ညောင်ရွှေစဝ်ဖလုံး) ။
(ပုံ) စပ်ဟုန်ဖ (မြောက်ပိုင်းသိန္နီစဝ်ဖလုံ) ။
(ပုံ) စပ်နွံ (လေးချား စဝ်ဖလုံ) ။
(ပုံ) စပ်စံထွန်း (မိုင်းပွန် စဝ်ဖလုံ) ။
(ပုံ) စပ်ထမ်းအေး (တာမိုင်းခမ်းစဝ်ဖလုံ) ။
(ပုံ) ဦးဖြူ (သထုံ စဝ်ဖလုံ၏ကိုယ်စားလှယ်) ။
(ပုံ) ခွန်ဖုံ (မြောက်ပိုင်း သိန္နီ ) ။
(ပုံ) ဦးတင်အေး ။
(ပုံ) ဦးထွန်းမြင့် ။
(ပုံ) ဦးကြာပု ။
(ပုံ)  ဦးခွန်စော ။
(ပုံ) စဝ်ရဖ ။
(ပုံ) ဦးခွန်ထီး ။  တို့ဖြစ်ကြပါသည်။

ပင်လုံညီလာခံကျင်းပပြီးနောက် မိမိတို့ ဒေသ အသီးသီးတွင် လူထုအစည်းအဝေးပွဲများ ကျင်းပလျက် ညီလာခံနှင့် စပ်လျဉ်း ၍ သဘောတုညီချက်များကို ဒေသပြည်သူများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့အတူ တိုင်းပြု ပြည်ပြု လွတ်တော် ကျင်းပမည် ဖြစ်သဖြင့် တက်ရောက်ရန် ကိုယ်စားလှယ် အဖွဲ့များ ဖွဲ့စည်းခဲ့ကြသည်။

ရှေ့ အပိုင်း(၁) တွင် ဖော်ပြခဲ့သည့်အတိုင်း ဖဆပလ ခေါင်းဆောင်များနှင့် ပြေလည်မှုမရ၍ ပြန်တော့မည် ဒူဝါကြီးများမှာ ဗိုလ်ချုပ်အောင်ဆန်း၏ မေတ္တာရပ်ခံချက်နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းအပေါ် ကြည်ညိုလေးစား ယုံကြည်မှုများကြောင့် နောက်တစ်ရက်တွင် ညီလာခံ ပြန်လည်တက်ရောက်ခဲ့သည်။ ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းမှ ကချင်ခေါင်းဆောင်များ တောင်းဆိုသည့် အတိုင်း ကချင်ပြည်နယ် သတ်မှတ်ရေးကို ဆွေးနွေး ဆုံးဖြတ် အတည်ပြုပေးခဲ့သည်။

အခြေခံ ဥပဒေ ပုဒ်မ ၁/၆တွင် “ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်များဟူ၍ ယခင် က ခေါ်တွင်ခဲ့သော နယ်မြေများကို ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းတွင် ပြည်ထောင်စုအဖွဲ့ဝင် နယ်မြေတစ်ခု အဖြစ် သီးသန့် ဖွဲ့စည်းရမည်။ ထို ပြည်ထောင်စု အဖွဲ့ဝင် နယ်မြေကို ဤမှနောင်အခါတွင် ( ကချင်ပြည်နယ်)ဟူ ခေါ်ဆိုရမည် ဖြစ်သည်။ ” ဟု ရေးဖွဲ့ထားသည့် အတိုင်း မြစ်ကြီးနား အပိုင်း(၁)၊(၂) နှင့် ဗန်းမော်အပိုင်း (၁)၊(၂)တို့အား ပြည်ထောင်စုအဖွဲ့ဝင် အဖြစ် ပေါင်းစည်း၍ ကချင်ပြည်နယ် ဟု သတ်မှတ် ခဲ့ကြသည်။ ကချင် ပြည်နယ်၏ နယ်မြေ အကျယ်အဝန်းသည် အရှေ့လောင်ဂျိ တွဒ် ၉၆ံ နှင့် ၉၈ံ ၄၈ ကြား ၊ မြောက် လတီ တွဒ် ၂၃ံ ၂ရ နှင့် ၂၈ံ ၅၅ ကြား ရှိပြီး ဧရိယာစတုရန်းမိုင်ပေါင်း(၃၄၃၇၉)ခန့် ရှိသည်။ ကချင်ပြည်နယ်သည်ပြည်နယ်များတွင် ဒုတိယအကြီးဆုံးဖြစ်သည်။ နယ်စပ်မျဉ်းအဖြစ်အိန္ဒိယနိုင်ငံ၊ တိဘက်ပြည်၊ တရုတ်ပြည် တို့မှ နယ်မြေသတ်မှတ်ယူ၍ ကချင်ပြည်နယ် အဖြစ် သတ်မှတ်ခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။