Wednesday, January 23, 2013

ကချင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်း နင်းမိသဖြင့် ကလေးတဦးသေဆုံး

(ဧရာဝတီ)


ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်းရှိ မန်ဝိန်းကြီး – ဗန်းမော် ကားလမ်းတွင် မြေမြှုပ်မိုင်းတလုံး ပေါက်ကွဲမှုကြောင့် မန်ဝိန်းကြီးရွာမှ အသက် ၁၄ နှစ်အရွယ် ကလေး တဦး သေဆုံးပြီး တဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မန်ဝိန်းကြီးရွာ စိန့်ဘုရားကျောင်း အတွင်းရှိ စစ်ဘေးဒုက္ခသည် စခန်းနှင့် ၅ မိုင်ကျော် ကွာဝေးသော လဂါတ်ဒေါ့ရွာ အနီးတွင် ဇန်န၀ါရီ ၂၀ ရက်နေ့ က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်ကြောင့် မန်ဝိန်းကြီးရွာ ရပ်ကွက် ၁ မှ ၇ တန်း ကျောင်းသား မောင်မျိုးလှိုင် သေဆုံးခဲ့ရကြောင်း၊ တခြား ကလေး တဦးဖြစ်သည့် မောင် ဇမ်မိုင်မှာ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ် ဆေးရုံတွင် တက်ရောက် ကုသမှု ခံယူနေရကြောင်း မန်ဝိန်းကြီးရွာရှိ စစ်ဘေး ဒုက္ခသည်များကို ကူညီဆောင်ရွက်ပေးနေသူ မန်ဝိန်းကြီး ဒေသခံ ကိုအောင်စိုးလင်းက ပြောသည်။


“ဖြစ်ဖြစ်ချင်း ဇမ်မိုင်က ထပြေးလာနိုင်လို့ မိဘတွေဆီ ပြန်ပြေးပြော တော့မှ ကျနော်တို့သိတာ။ သူထပြေးလာတဲ့ အချိန်မှာ ကျန်တဲ့ကလေး ၂ ဦးက အဲဒီနေရာမှာတင် မထနိုင်လို့ ကျန်ခဲ့တယ်။ ကျန်ခဲ့တဲ့သူထဲက မျိုးလှိုင်ကတော့ အဲဒီနေရာမှာတင် သေသွားတယ်။ သူတို့နဲ့အတူ ပါသွားတဲ့ ဂန့်ဖန်းကတော့ ဘာမှ မဖြစ်ခဲ့ဘူး။ ပြေးလာနိုင်တဲ့ ဇမ်မိုင်က တော့ တင်ပါး၊ ခြေထောက်နဲ့ ဦးခေါင်းမှာ မိုင်း ထိတယ်” ဟု ၎င်းက ပြောသည်။

ယခုရက်ပိုင်းအတွင်းတွင် ထိုလမ်းကြောမှာ ၂ ဘက် စစ်ကြောင်းများ သွားလာနေသော လမ်းကြောင်းဖြစ်ကြောင်း၊ တပ်မတော် စစ်ကြောင်း များက ထိုလမ်းကို အသုံးမပြုဘဲ၊ တောလမ်းမှ ၎င်းတို့ဘာသာ လမ်း ကြောင်း ထွင် သွားခဲ့ကြကြောင်း၊ တပ်မတော် စစ်ကြောင်းများ သွားခဲ့ပြီး နောက်ပိုင်း ဒေသခံများ သွားလာသည့်အခါတွင်မှ ထိုမိုင်းများ ထိခိုက်ခဲ့ရ ခြင်း ဖြစ်ကြောင်း ကိုအောင်စိုးလင်းက ဆက်ပြောသည်။

အဆိုပါ ကလေးများသည် သစ်ခွပန်း ရှာရန်အတွက် ဆိုင်ကယ်တစီးဖြင့် ၃ ဦး စီးကာ သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ လဂါတ်ဒေါ့ရွာအနီးတွင် မြေမြှုပ်မိုင်းကို ဆိုင်ကယ် နင်းမိပြီး ပေါက်ကွဲခဲ့ကြောင်း၊ ထိုလမ်းကို ယခင် အချိန်များကလည်း သစ်ခွပန်းရှာရန် သွားရောက်ဖူးခဲ့ကြောင်း နမ့်ခမ်း ဆေးရုံတွင် တက်ရောက် ကုသမှုခံယူနေသည့် ဇမ်မိုင်က ပြောပြသည်။

ယင်းဒေသတွင် သစ်ခွပန်း ၁ ပိသာလျှင် ကျပ် ၅ ထောင် ရသောကြောင့် ကလေးများက ထိုသို့ သွားရှာလေ့ရှိကြကြောင်း၊ ယခုကဲ့သို့ ဖြစ်ရသည့် အတွက် အဆိုပါ ဒေသတွင် အလုပ်အကိုင်များ ရှားပါးချိန်ဖြစ်သော အတွက် ဆေးကုသရန်ပင် ခက်ခဲနေကြောင်း ဇမ်မိုင်၏ဖခင် ဦးဂွမ်းမိုင်က ဆိုသည်။

“ဖြစ်တဲ့အချိန်မှာ ကျနော်တို့က ဘုရားကျောင်း သွားနေတာ။ ကလေး တွေကတော့ ဒီနေရာမှာ မိုင်းတွေ ထောင်ထားတယ် ဆိုတာ မသိကြဘူး။ လူကြီး တွေက ဒီနေရာကို မသွားကြနဲ့လို့ ပြောတာလည်း နားမထောင် ကြဘူး” ဟု ဦးဂွမ်းမိုင်က ပြောသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။