Thursday, January 24, 2013

ကချင်ပြည်နယ်တွင် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေသည်ကို အမေရိကန်နိုင်ငံမှ ပြင်းထန်စွာ ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်


Wednesday, 24 January 2013 (Eleven Media Group)

ကချင်ပြည်နယ်အတွင်း တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသည်ကို အမေရိကန် နိုင်ငံမှ ပြင်းထန်စွာ ကန့်ကွက်ကြောင်းကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး၊ အမေရိကန် နိုင်ငံခြားရေး ဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ်က ဇန်န၀ါရီလ ၂၄ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင် တိုက်ခိုက်မှု များ ဆက်လက် ဖြစ်ပွားနေခြင်း အတွက် အမေရိကန် ပြည်ထောင်စုက အလွန်ပင် စိုးရိမ် ပူပန်ကြောင်း၊ မြန်မာအစိုးရ၏ ကြေညာချက်အရ ဇန်န၀ါရီလ ၁၉ ရက်နေ့မှ စ၍ အစ်အခတ် ရပ်စဲထား ပြီး ဆိုစေကာမူ မြန်မာ့ တပ်မတော်သည် ကချင် လွတ်မြောက်ရေး တပ်မတော် ဌာနချုပ် ရှိရာ လိုင်ဇာ အနီးဝန်းကျင်ကို ဆက်လက်၍ စစ်ရေးအရ ထိုးစစ် ဆင်နေကြောင်း မီဒီယာနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ သတင်းများက ဖော်ပြ နေကြောင်း ရေးသားခဲ့ပါသည်။


ထို့အပြင် အရပ်သားများ ထိခိုက်သေကြေပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အားယုတ်စေသော တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေခြင်းကို အမေရိကန် ပြည်ထောင်စုက ပြင်းထန်စွာ ဆန့်ကျင် ကန့်ကွက်ကြောင်း၊ ထိုဒေသရှိ အရပ်သားများ၏ ဘေးကင်း လုံခြုံရေး ကိုလည်း အမေရိကန် ပြည်ထောင်စုက များစွာ စိုးရိမ် ပူပန်ပြီး ကုလ သမဂ္ဂနှင့် နိုင်ငံတကာ လူသားချင်း စာနာ ထောက်ထားသော အကူအညီ ပေးရေး အေဂျင်စီများ၏ အကူအညီ လိုအပ်နေသော နေရာများသို့ မြန်မာ အစိုးရက အတားအဆီး မရှိ ၀င်ခွင့် ပြုပါရန်လည်း ဆက်လက်၍ တိုက်တွန်းအပ်ပါကြောင်း ဆက်လက် ဖော်ပြခဲ့သည်။

ကချင်ပြည်နယ်တွင် ရေရှည် တည်တံ့သော ငြိမ်းချမ်းရေး ရရှိစေရန် အလို့ငှာ တွေ့ဆုံ ဆွေးနွေးရေး အခြေအနေ တစ်ရပ် ဖန်တီးရန် အတွက် လိုအပ်သမျှကို ဆောက်ရွက် ကြပါရန် အမေရိကန် ပြည်ထောင်စုက နှစ်ဘက်စလုံးကို တိုက်တွန်းကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။