Friday, January 4, 2013

လွတ်လပ်ရေးနေ့ မနက်ပိုင်း ကချင်-ဗမာ ကျူးကျော်စစ်ပွဲသတင်းတိုများ


(Myitkyina Blog)

ဇန်န၀ါရီလ(၃)ရက် လေကြောင်းတိုက်ခိုက်မှု

မြန်မာ့လေတပ်မှ G-4 Super Galeb တိုက်လေယာဉ်(၂)စီးဖြင့် (၁၂) နာရီခွဲအချိန်တွင် လဂျားယန်အထက် တောင်ကုန်းရှိ KIA တပ်စခန်းကို ဒုံးကျည်များဖြင့်ပစ်ခတ်ခြင်း၊ ဗုံးကျဲခြင်းကို ၁၅ မိနစ်ကြာ ပစ်ခတ်တိုက် ခိုက်ခဲ့ သည်။ ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် နမ်ဆမ်ယန်အနီးတွင်လည်း လေယာဉ်(၂)စီးဖြင့် ဆက်လက်တိုက်ခိုက် ပစ်ခတ်ခဲ့သည်။
မွန်းလွဲ ၁ နာရီခွဲနှင့် ညနေ ၅ နာရီခွဲအချိန်များတွင် ပန်ဝါဒေသ နယ်ခြား မှတ်တိုင်(၆)ဒေသရှိ KIA တပ်စခန်းသို့ တိုက်လေယာဉ်(၂)စီးဖြင့် လာ ရောက်ဗုံးကျဲ၊ ဒုံးကျည်ပစ်ခတ်မှု ပြုလုပ်ခဲ့သည်။

တိုက်ပွဲပြင်းထန်

ဇန်န၀ါရီလ(၃)ရက် မနက် ၈ နာရီမှစတင်ကာ နမ်ဆမ်ယန်၏ အရှေ့ ဘက်တောင်ခြေရှိ KIA တပ်စခန်းဘက်သို့ ခလရ(၂၉၈) ခမရ(၃၈၄) (၃၈၅) (၃၈၆) (၃၉၀) တပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သည်။
နေ့လည်ပိုင်း တွင် မြန်မာအစိုးရတပ်များ KIA တပ်ဖွဲ့၏ ပိတ်ဆို့တိုက် ခိုက်ခြင်းခံနေရသဖြင့် ၁၂ နာရီခွဲအချိန်တွင် လေကြောင်းမှ လာရောက် ပစ်ကူပေးကာ မြန်မာအစိုးရတပ်ဖွဲ့က နောက်ဆုတ်သွားခဲ့သည်။ ယင်း တိုက်ပွဲတွင် မြန်မာအစိုးရတပ်ဖွဲ့မှ ပြုန်းတီးအင်အား(၂၀)ကျော် ရှိ ကြောင်း သိရှိရသည်။
ဇန်န၀ါရီလ(၃)ရက်နေ့တွင် တိုက်ပွဲပေါင်း(၈)ကြိမ်ရှိကြောင်း သိရှိရသည်။

ပန်ဝါဒေသ ထိုးစစ်ပြင်းထန် (ဇန်-၃)

ပန်ဝါဒေသရှိ KIA တပ်စခန်းသိမ်းပိုက်နိုင်ရေးအတွက် ခလရ(၁၀) (၇၇) (၁၃) (၇၄) တပ်ဖွဲ့များ ထိုးစစ်ကို ပြင်းပြင်းထန်ထန်လုပ်ဆောင်လျက် ရှိသည်။ မြန်မာအစိုးရတပ်ဖွဲ့မှ စခန်းသိမ်းပိုက်နိုင်ရန် Jet Fighter လေ ယာဉ်(၂)စီးဖြင့် (၂)ကြိမ် လာရောက်ပစ်ကူပေးသည်။
တပ်မ(၈၈) ဌာနချုပ်ကလည်း KIA တပ်စခန်း မသိမ်းပိုက်နိုင်ပါက ရှေ့ တန်းတပ်ဖွဲ့များကို နောက်တန်းသို့ မခေါ်ယူနိုင်ကြောင်း ဖိအားပေး လျက်ရှိကြောင်း ပြည်သူ့စစ်တပ်ဖွဲ့များမှ သိရှိရသည်။

တရုတ်နိုင်ငံဖြတ်၍ ပြည်သူ့စစ်အင်အားဖြည့်

ဇန်န၀ါရီလ(၂)ရက်နေ့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန် တိန့်ယိန်း၏ ခါးပိုက်ဆောင် ပြည်သူ့စစ် တပ်ဖွဲ့ဝင် (၇၀)ခန့်သည် ကန်ပိုင် တီမှတဆင့် တရုတ်နိုင်ငံမှဖြတ်သန်းကာ ပန်ဝါမြို့သို့ရောက်ရှိလာခဲ့ ကြောင်း သိရှိရသည်။
ပန်ဝါဒေသမှ KIA စခန်းအားလုံး သိမ်းပိုက်ပြီးသောအခါ ၎င်းစခန်းများ တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တို့သည် ၀င်ရောက်နေရာယူ တပ်စခန်းချရန် ဖြစ်ကြောင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှတဆင့် သိရှိရသည်။

ဇန်န၀ါရီလ(၂)ရက် လေကြောင်းတိုက်ခိုက်မှု

ဇန်န၀ါရီလ(၂)ရက် မနက် ၁၁ နာရီခွဲအချိန်တွင် လဂျားယန်အထက် တောင်ကုန်းရှိ KIA တပ်စခန်းများကို     G-4 Super Galeb Jet Fighter(၂)စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။ ၁၂ နာရီခွဲအချိန်တွင် Mi-24 စစ်ရဟတ်ယာဉ်(၂)စီးမှ ဒုံးကျည်ဖြင့် ပစ်ခတ်ခြင်း၊ 30 mm Machine Gun ဖြင့် ပစ်ခတ်ခြင်း ဆက်လက်ပြုလုပ် ခဲ့သည်။ ညနေ  ၅ နာရီ အချိန်တွင် Mi-24 စစ်ရဟတ်ယာဉ်(၂)စီး ထပ်မံရောက်ရှိလာကာ ဘွမ်ရေအထက်ရှိ KIA တပ်ရင်း(၂၃) စခန်းကို ဒုံးကျည်ဖြင့် လာရောက် ပစ်ခတ်ခဲ့သည်။ ညနေ ၅ နာရီခွဲအချိန်တွင် နောက်ထပ် ရဟတ် ယာဉ် (၃)စီး ပြန်လာကာ (၁)စီးသည် မြေပြင်သို့ဆင်းသက်ကာ လက်နက် ခဲယမ်းနှင့် တပ်ဖွဲ့အင်အား ဖြည့်တင်းကာ (၂)စီးသည် လုံခြုံရေးယူ ပျံသန်း၍ KIA တပ်စခန်းများကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ပန်ဝါဒေသသို့လည်း မနက် ၁၀ နာရီခန့်မှ မွန်းလွဲ ၃ နာရီခွဲအကြားတွင် Jet Fighter(၂)စီးက (၃)ခေါက် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

နှစ်သစ်ကြို ၀တ်ပြုတက်သူများ ပစ်သတ်ခံရ

ရှမ်းပြည်မြောက်ပိုင်း၊ မန်ဝင်းကျေးရွာတွင် ၂၀၁၃ ခုနှစ် နှစ်သစ်ကို ကြိုဆိုဆုတောင်းခြင်း အခမ်းအနားကို ရွာရှိ ဘုရားရှိခိုးကျောင်းတွင် ပြုလုပ်ခဲ့သည်။ ၀တ်ပြုဆုတောင်းအစီအစဉ်ပြီးဆုံး၍ ၀တ်ပြုတက်သူများ အိမ်အပြန် ညသန်းခေါင် ၁ နာရီခွဲအချိန်တွင် မြန်မာအစိုးရစစ်တပ်က ပစ်ခတ်တိုက်ခိုက်ခြင်းကို ခံရကြောင်း သိရှိရသည်။
ပစ်ခတ်တိုက်ခိုက်သော တပ်ရင်းအမည်ကို စုံစမ်းဆဲ ဖြစ်သည်။ ယင်းတိုက်ခိုက်မှုကြောင့် နှစ်သစ်ကြိုဆိုဝတ်ပြု ဆုတောင်း အစီအစဉ် တက်ရောက်သော ဦးလဘန်ဘရန်ဂျာ-၃၅ နှစ်(Labang Brang Ja)နှင့် သား ဖြစ်သူ မောင်လဘန်နောနော်-၂ နှစ် (Labang Naw Naw)၊ ဒေါ်ဂျနိမ် -၇၀ နှစ် (Saga Ja Nem)တို့ သေဆုံးသွား ကြောင်း သိရှိရ သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။