Saturday, January 26, 2013

ခါယာဘွမ်ဟာ ပန်းပန်လျှက်ပါ

(ရွှေဟင်္သာသတင်းဌာန)


နေ့လည် တနာရီခန့်မှ စပြီး ဟော်ဝစ်ဇာ လက်နက်ကြီး အမြောက် ကျည်ဆံများ ထောင်နှင့်ချီ အပစ်ခတ် ခံနေရသည့် ခါယာတောင်သည် ညနေ (၃) နာရီခွဲ အပစ်ရပ်သည့် အချိန်ထိ ပန်းပန်လျှက်ရှိသည်ဟု KIA ရှေ့တန်း တပ်မှူးတဦး က ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ခဲ့ပါ သည်။

“ ပစ်လိုက်တဲ့ လက်နက်ကြီးတွေကဗျာ မြေဆူမတတ်ကို ခံနေရပါတယ်။ ပစ်လိုက်တဲ့ ကျည်တွေ ထောင်နဲ့ချီပြီး ရှိမယ်။ မြေတုန်သလောက်ကို ဖြစ်သွားတယ်။ စက္ကန့်မလပ်အောင်ပါဘဲ။ ဒါပေမဲ့ ဘာမှမဖြစ်ပါဘူး။ လက်နက်ကြီးလည်း ရပ် ရော မြေပြင်တပ်ကလဲ တခါထဲ ထိုးတက် လာတော့တာပါဘဲ။ တောင်ခြေကနေ ပတ်ပြီး တရစ်ချင်းကို တက်လာ တယ်။ အပြန်အလှန် ပစ်လိုက်တာဗျာ တက်သလောက်သေတယ်။ အဲဒါနဲ့ ညနေ (၃) နာရီခွဲမှာ တခါထဲ နှစ်ဖက်စလုံးက အပစ် ရပ်သွားကြ တယ်။” ဟု ဆိုပါသည်။


မြေပြင်တွင် တပ်မ (၈၈)၊ တပ်မ (၆၆) နှင့် အထူး တပ်များက စစ်ဆင်နေ ခြင်း ဖြစ်ပါသည်။ ခါယာတောင်ကြောသည် KIA လက်ထဲရှိ၌ ရှိနေဆဲဟု ခါယာတောင်ကြောရှိ KIA ရှေ့တန်း တပ်မှူးက ဆိုပါသည်။

အစိုးရ လက်နက်ကြီးများသည် ဗန်းမော်-မြစ်ကြီးနား ကားလမ်းရှိ အင်းတပ် တောင်နှင့် လုံလောရှိ ပွိုင့် (၇၇၁) မှ ၁၀၅ မမ၊ ၈၁ မမ၊ ၁၂၀ မမများဖြင့် ခန့်မှန်းခြေ အမြောက်ကျည် (၁၅၀၀)ခန့် ပစ်ခတ် လိမ့်မည်ဟု KIA က ခန့်မှန်း နေပါသည်။ နေ့ လည်ပိုင်း (၂) နာရီခန့်တွင် စစ်ရဟတ် ယာဉ် တစင်းသည် ပွိုင့် (၇၇၁) သို့ ကျည်ဆံများ စစ်ကူပို့ပြီး လူနာများ သယ်ထုတ်ခဲ့ သည်ဟု ဆိုပါသည်။

အစိုးရ တပ်များသည် ခါယာတောင်သို့ ချင်းကပ်သည့် ကုန်းဂမူ မှန်သမျှ သို့ တဖြည်းဖြည်းချင်း ချီတက်ခဲ့ပါသည်။ KIA တပ်များလည်း  ပစ်သမျှ လက်နက်ကြီး ဒါဏ်များကို ကတုတ်ကျင်း ထည့်ဝင်ပြီး တောင့်ခံသလို တက်လာသမျှသော မြေပြင် တပ်များကိုလည်း ချေမှုန်း နိုင်ခဲ့ပါသည်။

အစိုးရ အမြောက်ကျည်များသည် ၄င်းတို့ တပ်များပေါ်သို့လည်း ကျရောက်ခဲ့ကြောင်း၊ အထူးသဖြင့် ပွိုင့် (၇၇၁)မှစခန်း  လက်နက်ကြီးများ ဖြစ်သည် ဟု ဆိုပါသည်။ ဤသို့ကြောင့် လုံလော့စခန်းဖက်မှ တက်လာ သော မြေပြင်တပ်များသည် စောစီးစွာ အပစ်ရပ် ခဲ့ရကြောင်း ဆိုပါသည်။


မဒိယန်နှင့် ၀ိုင်းမော်ပို့ဖက်မှ တက်လာသော အစိုးရ တပ်များမှာမူ KIA တပ်များ၏ လက်တကမ်း၌ ၀ပ်နေဆဲဖြစ် ကြောင်း ၄င်းတို့သည်လည်း အထိနာခဲ့ရသဖြင့် (၃)နာရီခွဲ အချိန်၌ အပစ်ရပ် သွားခဲ့ကြောင်း ဆိုပါ သည်။

ခါယာတောင်သည် အစိုးရ၏ ဟော်ဝစ်ဇာ အမြောက်ကျည်ဆံ အောက်၌ တပတ်ခန့် ခါးသည်းစွာ ခံနေရသော်လည်း ပန်းပန် လျက်ဟု ဆိုရပေ မည်။ အစိုးရတပ်များသည် အမြာက်ဖြင့် ပစ်ချေသည့်စနစ်ကို ကျင့်သုံး နေဆဲဖြစ်သည်။ KIA သည် အစိုးရ၏ အမြောက်ဒဏ်ကို ခံနိုင်ရန် KNU ၏ 1994 စစ်ဆင်ရေး အတွေ့အကြုံများကို သင်ခန်းစာယူပြီး မွမ်းမံပြင် ဆင် ထားသည်ဟု ဆိုပါသည်။ အစိုးရသည် ခါယာတောင်ကျောကို သိမ်းပိုက်ရန် ဦးတည်နေသ်ာလည်း သိမ်းပိုက်နိုင်ခြင်း မရှိသေးဘဲ အကျအဆုံးများစွာနှင့် ရင်ဆိုင်နေရကြောင်း KIA ဖက်မှ ဆိုပါသည်။

2 comments:

  1. ကေအိုင်အို အစိုးရမှ သောင်းကျန်းသူ ဗမာလက်နက်ကိုင်အဖွဲ့ ကျူးကျော်ရန်စ နေသည်ကို ရွပ်ရွပ်ချွံချွံခုခံ တိုက်ခိုက်နေဆဲ ဖြစ်ပါသည်။
    တစ်ပါးတည်းသော အရှင်သခင်သည် မိမိသားတော်တို့၏ ရန်သူ ဗမာစစ်တပ်ကို ပညာပေး၊ ဆုံးမမည်ဟု ယုံကြည်လျက်ပါ။
    အောက်ဗမာပြည်မှာ အသုဘ ပွဲ၊ ရက်လည်ဆွမ်းကျွေးများဖြင့် စည်ကးသိုက်မြိုက်နေမည် ဖြစ်သည်။ အကြင်သူ သောင်းကျန်းသူတို့သည် စစ်မြေပြင်တွင် မရှုမလှ အသေဆိုးများဖြင့် သေကြပျက်စီးနေရသည်။ နောက်ကွယ်မှ စစ်ခွေးကြီးများသည်ကား အပြစ်အကြီးဆုံးဖြစ်ပေလိမ့်မယ်။ လက်အောက်ငယ်သားတို့၏ ပျော်ရွှင်စရာမိသားစုဘ၀ကို ဖျက်သောကြောင့် မိမိ၏ မိသားစုနှင့် ပြန်လျော်ကြေးပေးရလိမ့်မည်။ သေသော်လည်း အသေမဖြောင့်၊ ဘ၀ အဆက်ဆက်တိုင်း ပြန် ပေးဆပ်ရလိမ့်မည်။

    ReplyDelete
  2. “သူတစ်ကျပ်ကိုယ်တစ်ကျပ် အခွင့်အရေးတိုက်ပွဲ”
    မိမိအင်အားထက် အဆ ၂၀ လောက် ကြီးမားကွာဟတဲ့ တစ်ဘက်တပ်ဖွဲ့နဲ့ ရင်ဆိုင် တိုက်ခိုက်ရတာ ခရောင်းလမ်းဆိုတာ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့တွေ ကောင်းကောင်း သိတာပေါ့ဗျာ။ ရှင်းရှင်းပြောရင် ကိုယ့်ဘက်က အကျအဆုံး များမယ်၊ အဆုံးစွန် မိမိနယ်မြေတွေ လက်လွှတ်ရနိုင်တယ် ဆိုတာလည်း တွက်ချက်ပြီးသားပေါ့ဗျာ။ အင်အားအရ၊ နောက်ခံ ငွေကြေးဖြုန်းနိုင်မှုအရ၊ စစ်ရေးကိရိယာ တန်ဆာပလာ ပိုင်ဆိုင်မှုအရ ကိုယ့်ဘက်က အောက်စည်းနဲ့ စစ်ထိုးစစ်ခံ နေရတယ်ဆိုတာ မသိ ဘယ်နေလိမ့်မလဲဗျာ။

    ကျစမ်း.. ဟောတစ်ယောက် ဟောတစ်ယောက်။
    ကျစမ်း.. ဟောတစ်ကုန်း ဟောတစ်ကုန်း။
    ဒါတွေအားလုံး ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ဝင်တွေ မျှော်လင့်ပြီးသား။

    တစ်ယောက်ကျ တစ်ကုန်းဆုံးတိုင်း
    ဧရာဝတီတိုင်းသား မိခင်ဖခင်က မွေးဖွားလို့ လူဖြစ်လာခဲ့တဲ့
    ဗမာစစ်စစ် တစ်ရွေးသား သွေးမနှောတဲ့ ငါဟာ..
    နိုင်သွားလို့  အောင်ပွဲခံရစ်မူးနေကြတဲ့ အစိုးရ ဗမာစစ်တပ်ကို
    မုန်းပြီးရင်းမုန်း အသည်းထဲထိအောင် နာနာကျင်ကျင် မုန်းတီးရင်း

    ကချင်လူမျိုးတို့ ရဲ့  “အလံမလှဲသောစိတ်ဓာတ်” အတွက် ဂုဏ်ယူနေမိတော့တယ်။
    တိုင်းရင်းသားတွေရဲ့  “သူတစ်ကျပ်ကိုယ်တစ်ကျပ် အခွင့်အရေးတိုက်ပွဲ” အတွက်
    အလေးပြု ဦးညွတ်နေမိတော့တယ်။
    ( Aungmyo Tun )

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။