Tuesday, January 15, 2013

ကချင်ပြည်နယ်အတွင်း တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး ပိတ်ထားရသော မြစ်ကြီးနား-ဖားကန့်လမ်း ပြန်ဖွင့်ရန် မသေချာသေး


Monday, 14 January 2013 (Eleven Media Group)

ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေတို့ ဒီဇင်ဘာလ ၂၃ ရက် ၂၀၁၂ ခုနှစ်မှစ၍ ဇန်န၀ါရီလ ၁၃ ရက် ၂၀၁၃ ခုနှစ်အထိ အပစ်အခတ်များ ဆက်လက်ဖြစ်ပွားနေပြီး ဇန်န၀ါရီလ ၁၃ ရက်နေ့နံနက် ၅ နာရီ မှ (၆) အထိ ဖားကန့်ဒေသ လုံးခင်းမြို့နှင့် တစ်မိုင်ခန့်အကွာ ကုဋေမော်က ထန်ရွာတွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပစ်ခတ်မှုများကြောင့် လုံးခင်းမြို့ အနီးတစ်ဝိုက်ရှိ ကထန်ရွာ၊ ကန်ဆီးရွာ၊ ဆန်ခါရွာ၊ မဇွပ်ယန်၊ နန့်ဆန်း (၁) (၂) (၃) နှင့် မားဆားကျေးရွာတို့မှ နေထိုင်ကြသူများမှာ လုံးခင်းမြို့ပေါ်သို့ တိမ်းရှောင် နေကြရသည်ဟု သိရသည်။


“ဒီမနက် ၅ နာရီကနေ ၆ နာရီ ထိုးခါနီးအထိ လက်နက်ကြီး ငယ်တွေနဲ့ ပစ်ကြတယ်။ ဒီမှာတော့ ကားလမ်း ပိတ်တာရက်ကြာလို့ ကုန်ဈေးနှုန်းတွေ တက်နေတယ်” ဟု လုံးခင်းမြို့မှ ကုန်သည်တစ်ဦးက ဖြေကြားခဲ့သည်။

မိုးကောင်းမှ ဖားကန့်ဘက်သို့ သွားသည့် အဓိက ကားလမ်းမကြီးမှာ ဇန်န၀ါရီ ၉ ရက်နေ့မှစ၍ ပိတ်ပင်ခဲ့ပြီး ၅ ရက်ကြာပြီ ဖြစ်သော်လည်း ပြန်လည်ဖွင့်လှစ်ရန် မသေချာသေးဟု ပို့ဆောင်ရေး လုပ်ငန်းရှင်များမှ တဆင့် စုံစမ်း သိရှိရသည်။ “တပ်ရင်းတွေက အဆင်းအတက် ရှိနေတော့ အပစ်အခတ် တွေက နေ့တိုင်း ရှိနေတုန်းပဲ။ ဒီလိုသာ ဆိုရင်တော့ ရက်ကြာနိုင်သေးတယ်။ 
အခုလောလောဆယ်တော့ ဖားကန့်ဘက် သို့သွားတဲ့ ကုန်းလမ်းကြောင်း နှစ်ကြောင်းစလုံး ပိတ်နေတုန်းပဲ။ ကားသမားတွေ အဓိက ကြောက်ရတာက လမ်းပေါ်က မြေမြုပ်မိုင်းတွေပါ” ဟု ပို့ဆောင်ရေး လုပ်ငန်းရှင် တစ်ဦးက ဖြေကြားခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။