Saturday, January 5, 2013

ကချင်=ဗမာ သမိုင်း အပိုင်း(၁) ။

(ကိုဝိုင် FB မှ)

ကချင်လူမျိုး တို့သည်  ၁၈၈၅-ခု၊ ဒီဇင်ဘာ၂၈-ရက် တွင် အင်္ဂလိပ်တို့ ရေကြောင်းခရီးဖြင့် ဗန်းမော်မြို့သို့ စတင်၍ ကျုးကျော် လာစဉ်ကတည်းက အလွန်တရာမုန်းတီးခဲ့ပြီး ဗမာနှင့်အခြားတိုင်းရင်းသားများနည်းအတူမျိုးချစ်စိတ်ဓါတ်ဖြင့် ခုခံ တွန်းလှန် ခဲ့ကြပါသည်။ ကချင်လူမျိုးတို့၏စရိုက်တစ်ခုမှာ မဟုတ်မခံစိတ်ရှိသည်၊ ရိုးသားဖြောင့်မတ်သည်၊ မတရား အနိုင်ကျင့်တာကို မကြိုက်၊ အထူးသဖြင့် ခေါင်းကို လက်နှင့်ပုတ်ရိုက်ခြင်း၊ လက်နှစ်ဘက် ချည်နှောင်ခြင်း၊ အတင်းအဓမ္မ ဒူးထောက် အညံ့ခံ ခိုင်းခြင်းများ လုံးဝမကြိုက်ပါ။

၁၉၄၂- ခု၊ မေလ(၅)ရက်တွင် ဂျပန်တပ်များ ကချင်နယ်မြေဒေသများနှင့် မြစ်ကြီးနားသို့ ရောက်ရှိလာစဉ်ကလည်း အင်္ဂလိပ် စစ်တပ်ကို ခုခံတိုက်ခိုက်သည့်နည်းအတူ မျိုးချစ်စိတ်ဓါတ်ဖြင့် အပြင်းအထန် တိုက်ပွဲဝင်ခဲ့ကြပြီး၊ ဂျပန်တပ်များ ဆွမ်ပရာဘွမ်သို့ ချီတက်စဉ် ကမ်းပါးစောက်နက်သောလမ်းအကွေ့တစ်နေရာမှ ကချင်များ၏ ချုံခိုတိုက်ခိုက်မှုကြောင့် ဂျပန် စစ်သားများ ချောက်ထဲသို့ ကားကိုလီဗာတင်မောင်း၍ အသေခံသွားကြသည်အထိ စွမ်းရည်ပြခဲ့ကြသည်။ ထိုနေရာကို( ဂျပန်ပျံကွေ့)ဟု သမိုင်းဝင် တစ်နေရာအဖြစ် ဂျပန် ကမ္ဘာလှည့်ခရီးသည်များ ယနေ့တိုင် သွားရောက်ကြည့်ရှုကြသည်မှာ ကချင် တို့၏ ကျုးကျော်မခံသော ပြည်ထောင်စုစိတ်ဓါတ်ကို ပေါ်လွင်စွာမြင်နိုင်ပါသည်။


၁၉၄၅-ခု၊ သြဂုတ်လ(၁၅)ရက်နေ့တွင် ဂျပန်များအကြွင်းမဲ့လက်နက်ချပြီးနောက် အင်္ဂလိပ်တို့ပြန်လည် ဝင်ရောက်လာသော အခါ လွတ်လပ်ရေးအတွက် တောင်တန်းဒေသများ၏သဘောတူညီမှုစာချုပ် ချုပ်ဆိုပြရမည်ဟုဆိုခဲ့ရာ ၁၉၄၆-ခု၊ နိုဝင်ဘာ (၂၈)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြစ်ကြီးနားမြို့သို့ ရောက်ရှိ လာစဉ်က အခြေအနေကို ကြည့်လျှင် ကချင်ဗမာ ချစ်ကြည်ရေးကို ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ ထိုနေ့က ကချင်ခေါင်းဆောင်များနှင့်ကချင်တိုင်းရင်းသား အများအပြား သည် မြစ်ကြီးနားဘူတာကြီးတွင် စုဝေးကြိုဆိုခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်းသည် စစ်ယူနီဖောင်းကြီးဝတ်လျက် ခန့်ခန့် ညားညား တွေ့မြင့်ရမည်ဟု မျှော်လင့်ထားရာ ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်သူအရပ်သားတို့နှင့်မခြား အရပ်ဝတ်ဖြင့် ထွက်လာသဖြင့် အံ့သြလျက် ထိုစဉ်ကတည်းကပင် ဗိုလ်ချုပ်ကို သဘောကျခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ကချင် တိုင်းရင်းသားခေါင်းဆောင် ဆမားဒူဝါ ဆင်ဝါးနောင်၏ နေအိမ်တွင် တည်းခိုလျက် တစ်ညလုံး လွတ်လပ်ရေး ဆိုင်ရာ ကိစ္စများ ဆွေးနွေးခဲ့ပြီး ကချင်ဒေသအတွက် ထိုမျှအလေးထားခဲ့သည်။ (ဗိုလ်ချုပ်သည် ရှမ်းစော်ဘွားများနှင့် ချိန်းဆိုထား သော အစီအစဉ်ကို ကိုလှထွန်းအား ရှေ့ပြေးစေလွတ်လျက် ကချင် အရေးကို ဦးစားပေး ရောက်လာခြင်းဖြစ်သည်။)

ထို့အတူ မန်ခိန်း (Man Hkaring) ကျေးရွာတွင်ပြုလုပ်သော ကချင်ဒေသ လူထု အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားရာ၌ “ ဗမာများက ကချင်များအပေါ် စိုးမိုးအုပ်ချုပ်မည်မဟုတ်ကြောင်း၊ တောင်တန်းဒေသကို ကချင်များ စိတ်တိုင်းကျ အုပ်ချုပ် နိုင်ကြောင်း၊ သို့ပါသော်လည်း တစ်ပြည်လုံးနှင့် သက်ဆိုင်သာ ဘဏ္ဍာရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ စသည်တို့ကိုမူ ကချင်ဝန်ကြီးပါဝင်သော ဗဟိုအစိုးရ(ပြည်ထောင်စုအစိုးရ)က တိုင်ပင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ဘာသာရေး၌ လည်း လွတ်လပ်စွာကြိုက်နှစ်သက်သည့် ဘာသာကို ယုံကြည်ကိုးကွယ်နိုင်ကြောင်း၊ ကချင်တပ်ရင်းသီးခြား ဖွဲ့စည်းပေး မည်ဖြစ်ကြောင်း၊ ဗမာ တစ်ကျပ်၊ ကချင် တစ်ကျပ် တန်းတူ အခွင့်အရေး ရမည် ဖြစ်ကြောင်း၊ ခင်ဗျားတို့က ဗမာ မကောင်းဘူးလို့ထင်ရင် လက်တွေ့ ပေါင်းကြည့်နိုင်ကြောင်း၊ ယခု ဗမာက ယခင် ဗမာနှင့် မတူကြောင်း ခင်ဗျားတို့ ယုံပါ ”ဟု မိန့်ကြားခဲ့ရာ ကချင်လူမျိုးများသည် ဗိုလ်ချုပ်ကို အလွန်ပင်ကြည်ညိုလေးစားသွားကြပါသည်။ မိန့်ကြားချက်ကို အလွန် နှစ်ထောင်းအားရခဲ့ပြီး ဗမာနှင့်အတူ မိမိတို့ လွတ်လပ်ရေးရယူရန် စိတ်ဝင်စားမှု  ထက်သန်လာကြသည်။ ထိုနေ့ညတွင်ပင် ဂုဏ်ပြုညစာ စားပွဲကျင်းပရာ ကချင်ခေါင်းဆောင်များက ဗိုလ်ချုပ်အောင်ဆန်း အား “ ခင်ဗျားတို့ ဗမာတွေက အရာရာမှာ အရင်တတ်ကျွမ်းနားလည်တဲ့ အတွက် ဘာမှမတတ်သေးတဲ့ ကျွန်တော်တို့ ဂျိန်းဖော့(ကချင်)တွေကို ညီအစ်ကိုရင်းချာ ပမာ အမြဲတမ်း ပံ့ပိုးကူညီ လမ်းပြပေးကြပါ ” ဟုပြောဆိုလျက် ဗိုလ်ချုပ်အား ကချင် ခေါင်းပေါင်း ပေါင်းပေးပြီး ကချင်ငွေဓါးလွယ်၊ ကချင် လွယ်အိတ် များ လွယ်ပေးကြရာ ခေါင်းပေါင်းက မတော်သဖြင့် ခေါင်းအနေအထားတူသော ဒူဝါဇော်ရစ်က သူ့၏ ခေါင်းပေါင်းနှင့်လဲပေးလိုက်သည်။ ထိုနောက် အမှတ်တရဓါတ်ပုံရိုက်ကူးရန် ဗိုလ်ချုပ်ကို ကချင်အမျိုးသမီး(၆)ဦး၏ အလယ် တွင် ထိုင်စေလျက် ဓါတ်ပုံရိုက်ရန် ချိန်ထားစဉ် ကချင်တိုင်းရင်သားတစ်ယောက်မှ “ ဗိုလ်ချုပ်တော့ ကချင်မလေးတွေနဲ့ ဓါတ်ပုံအတူရိုက်တာ အိမ်ပြန်ရောက်လို့တော့ ဓါတ်ပုံကို ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် တွေ့သွားရင် ဗိုလ်ချုပ်တော့ ဗိုက်ခေါက်ဆွဲ အလိမ်ခံရတော့မှာပဲ ” ဟု ချစ်စနိုးဖြင့် စလိုက်ရာ ပရိသတ်အားလုံး ဝါးကနဲ ရယ်ပွဲကျသကဲ့သို့ အလွန်တရာ ရယ်ခဲလှသော ဗိုလ်ချုပ်သည်ပင်လျှင် သဘောကျနှစ်ချိုက်စွာ ရယ်မောလိုက်သည်ကို သတင်းထောက်ဦးပုလေးသည် အမိ အရ ရိုက်ယူနိုင်ခဲ့ရာ ယနေ့ထိ သမိုင်းဝင်ဓါတ်ပုံအဖြစ် ( အထူးသဖြင့် တိုင်းရင်းသား ချစ်ကြည်ရေး အခမ်းအနားပွဲများတွင် ) ဂုဏ်ယူစွာ မြင်တွေ့ရပေမည်။
 ယနေ့ထိ သမိုင်းဝင်ဓါတ်ပုံအဖြစ် ( အထူးသဖြင့် တိုင်းရင်းသား ချစ်ကြည်ရေး အခမ်းအနားပွဲများတွင် ) ဂုဏ်ယူစွာ မြင်တွေ့ ရသည့် ချစ်ကြည်ရေး ဓါတ်ပုံ ။

အင်္ဂလိပ်အစိုးရမှ တောင်တန်းဒေသအုပ်ချုပ်ရေးမှူး ( Director of Frontier Area Administration) H.N.C Stevenson မြစ်ကြီးနားသို့ရောက်ရှိစဉ် ကချင်ခေါင်းဆောင်များနှင့်တွေ့ကာ(ကချင်ပြည်နယ်သီးခြားဖြစ်မှကချင်လူမျိုးများ တိုးတက် ကြီးပွားနိုင်မည်ဖြစ်၍ကချင်ပြည်နယ်သတ်မှတ်ပြီး ဗမာနှင့်ခွဲခြား အုပ်ချုပ်ရန်တင်ပြထားကြောင်း၊သို့သော် ကချင်တို့က ဗမာ များနှင့် ခွဲခြားမနေလိုကြောင်းကန့်ကွက်ပြောဆိုနေ၍မစီမံရသေးတာဖြစ်ကြောင်း၊ထို့ကြောင့် ဂျိန်းဖော့(ကချင်)တို့ကသီးခြား ပြည်နယ်ရယူလိုကြောင်း  တောင်တန်းဒေသအုပ်ချုပ်ရေးအောက်   ဆက်နေလိုကြောင်း ပါလီမန်အထူးကိုယ်စားလှယ် ရှေ့တွင် တစ်သံတည်းထွက်ပေးရန်နှင့်ဆက်နေပါက(၅)နှစ်အတွင်း ကချင်တို့ကို ဗမာတို့နှင့်တန်းတူ ပညာတတ်စေရန် အင်္ဂလိပ် အစိုးရက အစီအစဉ်ဆွဲထားပါကြောင်း ) စည်းရုံးပြောဆိုခဲ့ရာ ကချင်ခေါင်းဆောင်တစ်ဦးက ( ခင်ဗျားတို့ အင်္ဂလိပ်တွေ ကျွန်တော်တို့ ကချင်တွေကို နှစ်ပေါင်းငါးဆယ် အုပ်ချုပ်ခဲ့ပြီ ဖြစ်သော်လည်း တိုးတက်အောင် ဘာမှ မလုပ်ပေးခဲ့ဘူး၊ ပညာလည်းကောင်းကောင်းမသင်ပေး ခဲ့ဘူး။ ယခုမှခင်ဗျားပြောသလို တိုးတက်အောင်လုပ်ပေးမယ်၊ ပညာ သင်ပေးမယ် ဆိုတာကိုမယုံဘူး) ဟု ငြင်းပယ်ခဲ့ပြီး ဗမာနှင့်အတူလွတ်လပ်ရေးရယူပြီး ပြည်ထောင်စုဖွဲ့ရန်သာ စိတ်အား ထက်သန်ခဲ့သည် ကို ကြည့်ခြင်းအားဖြင့် ထိုစဉ်ကတည်းက ကချင်လူမျိုးများသည်မည်မျှချစ်ကြည်မှုရှိနေပြီဆိုတာ သမိုင်း တစ်ခု ပြနိုင်ခဲ့သည်။

သို့သော် ပင်လုံညီလာခံပြီးနောက်ပိုင်း ၁၉၄၇-ခု၊ ဇွန်လ(၁၀)ရက်နေ့တွင်ကျင်းပသော ဗိုလ်ချုပ်အောင်ဆန်း မတက်ရောက် နိုင်သည့်ဖဆပလညီလာခံတွင်ကချင်ပြည်နယ်ကိုသတ်မှတ်ပေးရန် အချက်အလက်မပြည့်စုံသဖြင့် ကချင်ခေါင်းဆောင် (၇) ဦး၏အဆိုအား ဦးနုနှင့်ဖဆပလကိုယ်စားလှယ်အများစုက ပယ်ချခဲ့ပြီး ကချင်ရေးရာဌာန(Kachin Affairs Department ) ကိုသာ သတ်မှတ်ရန်ဆွေးနွေးခဲ့ကြသည်။ ထို့ကြောင့်ကချင်ကိုယ်စားလှယ်(၇)ဦးမှာ စိတ်ပျက်လက်ပျက်ဖြင့် ညီလာခံမှ သပိတ်မှောက်ထွက်ခွာ၍ အလုံရပ်ကွက်ရှိ တည်းခိုသော ကချင်ဧည့်ဂေဟာသို့ ပြန်သွားခဲ့ကြပြီး နောက်နေ့ မှာပင် မြစ်ကြီးနားသို့ ပြန်ရန် ဆုံးဖြတ်ကြလေသည်။ ထိုသို့သာ ကချင်နှင့်အတူ ရှမ်း၊ ချင်းကိုယ်စားလှယ်များ လိုက်လုပ်ကြ လျှင် ပြည်ထောင်စုဖွဲ့စည်းရေးရည်ရွယ်ချက် ပျက်ပျယ်တော့မည်ကို ချက်ချင်းရိပ်စားမိသော ဗိုလ်ချုပ်အောင်ဆန်းသည် ညတွင်း ချင်းပင် ကချင်ဂေဟာသို့ အပြေးအလွား သွားရောက်၍ ကချင်ခေါင်းဆောင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ (“ဒူဝါကြီးတို့ စိတ်ရှည်ကြပါ၊ မနက်ဖြန် ငါကိုယ်တိုင် ညီလာခံကို ဦးဆောင်ပါ့မယ်၊ ဒူဝါကြီးတို့ တောင်းဆိုတဲ့ အတိုင်း ကချင်ပြည်နယ်ကို သတ်မှတ်ပေးမှာပါ၊ ဒူဝါကြီးတို့ လိုအင်ဆန္ဒပြည့်ဝစေရမယ်၊ မနက်ဖြန် မြစ်ကြီးနားပြန်ဖို့ အစီအစဉ်ကို ဖျက်သိမ်း ပြီး ညီလာခံ ပြန်တက်ကြပါ ” ) ဟု ဖြောင့်ဖျ ပြောဆိုခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။