Saturday, December 15, 2012

ကချင်နာမည်ခံ တရုတ်နွယ်ပွါး ဇခုန်တိန်ယိန်း မိသားစု ရိုးရာ နှင့် ဓန



ဒီရက်ပိုင်း ပန်ဝါဒေသဘက်မှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (အေအိုင်အေ) တို့ တိုက်ပွဲ တွေ ပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်။ မြန်မာစစ်တပ်ဘက်ကနေ ဂျီနီဗာ သဘောတူညီချက်ကို ပေါ်တင် ချိုးဖောက်ပြီး ပြည်တွင်း စစ်မှာ လေကြောင်းစစ်ကူတွေကိုပါ အသုံးပြုနေတာပါ။
မြန်မာစစ်တပ်နဲ့အတူ ဇခုန်တိန်းယိမ်းရဲ့ နယ်ခြားစောင့်တပ်တွေ ကပါ ကေအိုင်အေကို တိုက်ခိုက်နေတာပါ။ မသိတဲ့လူတွေက တော့ ကချင်အချင်းချင်း တိုက်ခိုက်နေတယ်လို့ မြင်မိမှာပါ။
ဦးဇခုန်တိန်းယိန်း ဘယ်လိုလူစားမျိုးလဲဆိုတာ စာဖတ်သူတွေကို ဗဟုသုတအဖြစ် Duwa Kachin ရဲ့ Blog စာမျက်နှာကနေ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
…………………………………………………………………………………….
ကချင်နာမည်ခံ တရုတ်နွယ်ပွါး ဇခုန်တိန်ယိန်း မိသားစု ရိုးရာ နှင့် ဓန

(တရုတ်လူမျိုးများရဲ့ ရိုးရာကို ဝေဖန်တာ မဟုတ်ပါ။ လချိပ်လူမျိုးများကို ဝေဖန်တာလဲ မဟုတ်ပါ။ NDAK အဖွဲ့သားများကို ဝေဖန်တာလဲ မဟုတ်ပါ။ စစ် အစိုးရ ကို ချီးကျူးတတ်လေ့ရှိတဲ့ ဇခုန်တိန်ယိန်း ဟာ  ကချင်လူမျိုးများနဲ့ ခံစားချက် မတူညီရတဲ့ အကြောင်း သဘောသဘာဝ ရဲ့ ရင်းမြစ် ကို မြင်သာအောင်  ထောက်ပြထားခြင်းသာ ဖြစ်ပါတယ်။)
 အနွေးထည်အဖြူနဲ့လူကြီးကတော့ လွတ်တော်အမတ် ဇခုန်တိန်ယိန်း ဖြစ်ပါတယ်။  မြန်မာ ပြည်ထဲမှ ကချင်လူမျိုး တွေ ဒီလို ရိုးရာဘာသာ မရှိပါ။

Friday, December 14, 2012

ဒီဇင်ဘာလအတွင်း ဆွေးနွေးပွဲများ မဖြစ်နိုင်ဟု UNFC ပြော

(မဇ္ဈိမ) 

 
သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း၏ ကမ်းလှမ်းချက်အတိုင်း ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖြစ်နိုင်ချေ မရှိသေးကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က ပြောသည်။

“လက်ပံတောင်းတောင် အရေးကိစ္စမှာ အစိုးရဘက်ကလည်း တော်တော်လေး အကျပ်တွေ့နေတယ်လို့ ကျနော်တို့ သုံးသပ်တယ်။ ကျနော်တို့ဘက်ကလည်း ပြင်ဆင်ထားတာ မရှိသေးဘူး” ဟု UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ က ပြောသည်။

ဆွီဒင်လုပ် လက်နက်များ မြန်မာသို့ ရောက်ရှိသွားမှု အိန္ဒိယ ဖြေရှင်းရမည်



ဥရောပမှ မြန်မာနိုင်ငံအား ရောင်းချရန် ပိတ်ပင်ထားသော ဆွီဒင်လုပ် လက်နက်များ အိန္ဒိယနိုင်ငံ မှတဆင့် မြန်မာနိုင်ငံသို့ မည်ကဲ့သို့ ရောက်ရှိသွားသည်ကို ရှင်းလင်း ပြောကြားပေးရန် ဆွီဒင်က အိန္ဒိယအား သောကြာနေ့ တွင် တောင်းဆိုလိုက်သည်။

အိန္ဒိယ စစ်တပ်မှ ဆွီဒင်လုပ် လက်နက်များ ဝယ်ယူခဲ့ကြောင်း ထုတ်ဖော်နိုင်ခဲ့ပြီးနောက် ဆွီဒင် ကုန်သွယ်ရေး ဝန်ကြီး Ewa Bjorling အား ကိုးကား၍ အိန္ဒိယနိုင်ငံထုတ် Hindustan Times သတင်းစာတွင် ရေးသားထားသည်။

လိုင်ဇာကို စစ်ဆင်သော အစိုးရ စစ်ကြောင်း KIA ၏ ချေမှုန်းခြင်း ခံရ

(ရွှေဟင်္သာသတင်းဌာန)

လိုင်ဇာမြို့ အနီးရှိ လဂျာယန်းသို့ ထိုးစစ်ဆင် လာသော အစိုးရ စစ်ကြောင်းကို ကချင် လွတ်လပ်ရေး အဖွဲ့ (KIA) နှင့် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ပူးပေါင်း တပ်ဖွဲ့ တို့၏ ၀ိုင်းဝန်း ချေမှုန်း ခြင်းကို ခံခဲ့ရ သည်ဟု ပြောရေး ဆိုခွင့် ရှိသူ ဦးလာနန်းက ဆိုပါသည်။ 

“တိုက်ပွဲ ကတော့ မနက်က တည်းက ဖြစ်ပြီးတော့ ညနေ (၆) နာရီ လောက်မှာ ရပ်သွားတယ်။ တနေ့လုံး ဖြစ်ခဲ့တယ်။ သူတို့ ဖက်ကတော့ ရဟတ်ယာဉ် တွေနဲ့ ပစ်ကူ ပေးခဲ့ ရတယ်လေ” ဟု ဦးလနန်မှ ဆိုပါသည်။

KIO နှင့် အစိုးရ ဇန်နဝါရီလမှာ နိုင်ငံရေး ဆွေးနွေးမည်

(မဇ္စျိမ) 


ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ နှင့် ကချင် လွတ်လပ်ရေးအဖွဲ့ KIO တို့ လာမည့် ဇန်နဝါရီလတွင် နိုင်ငံရေး ဆွေးနွေးရန် တွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ် မူဆယ်မြို့ သို့မဟုတ် ကချင်ပြည်နယ် ဗန်းမော်မြို့ တနေရာရာတွင် တွေ့ဆုံ ဆွေးနွေးရန် ဦးအောင်မင်း ထံမှ ကမ်းလှမ်းစာကို ကြာသပတေးနေ့က ရရှိးခဲ့သည်ဟု ကချင်ငြိမ်းချမ်ရေး အကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာ က ဆိုသည်။

KIO ဌာနချုပ် အနီး တိုက်ပွဲတွင် အစိုးရတပ် စစ်ရဟတ်ယာဉ်များသုံး တိုက်ခိုက်

(မဇ္စျိမ) 


တလ အတွင်း နိုင်ငံရေး စတင်ဆွေးနွေးမည်ဟု အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် ဝန်ကြီး ဦးအောင်မင်း က ပြောဆိုခဲ့ပြီးနောက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့အနီးတွင် သောကြာနေ့ နံနက်ပိုင်းမှ စတင်၍ အစိုးရဘက်မှ စစ်ရဟတ်ယာဉ်များနှင့် တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေသည်ဟု KIO ပြောခွင့်ရသူ ဦးလနန် က ပြောသည်။

ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊ လဂျားယန် ကျေးရွာအနီးတွင် KIO ၏ ဗဟိုလုံခြုံရေး ရှေ့တန်းတပ်ဖွဲ့နှင့် အစိုးရ၏ တပ်ရင်း ခမရ ၃၈၃၊ ၃၈၈ နှင့် ခလရ ၄၀ တပ်ဖွဲ့များ နံနက် ၆ နာရီခန့်မှ စ၍ တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်သည်။

“ဒီနေ့ မနက် ၆နာရီကနေ စပြီးတော့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်နေပါတယ်။ အခုလည်း ပစ်ခတ်တုန်းပါ။ ၁၁ နာရီ ပတ်ဝန်းကျင်မှာ MI 24 စစ်ရဟတ်ယာဉ် နှစ်စီးနဲ့ လာပစ်ခတ်တာမျိုး လုပ်တယ်။ ဒါ ပထမဆုံးအကြိမ် ဗဟိုနဲ့ အနီးဆုံးနေရာမှာ ရဟတ်ယဉ် အသုံးပြုတာ ဖြစ်တယ်။ တိုက်ပွဲက ပြင်းထန်တယ်လို့ ပြောရမယ်” ဟု မဇ္ဈိမကို ပြောသည်။

အစိုးရ ပူးပေါင်းတပ်များ KIA ကို ယနေ့ နံနက် ထိုးစစ်ဆင်

(ဧရာဝတီသတင်းဌာန)


ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – KIA)

 ကချင်ပြည်နယ် လဂျားယန်ဒေသအတွင်းရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) စခန်းများကို ယနေ့နံနက်တွင်အစိုးရ ပူးပေါင်း တပ်ရင်းများက ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် KIA က အမြင့်ဆုံး တပ်လှန့်ထားကြောင်း သိရသည်။

အစိုးရတပ် ခြေမြန်တပ်ရင်း (ခမရ) ၃၈၈၊ ၃၈၃ နှင့် ခြေလျင်တပ်ရင်း (ခလရ) ၄၀ ပူးပေါင်းတပ်များ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် KIA လိုင်ဇာဌာနချုပ် အပါအ၀င် ရှေ့တန်းစခန်းများကို တပ်လှန့်ထားခြင်း ဖြစ်ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။

ယနေ့နံနက် ၅ နာရီမှ စတင်၍ KIA တပ် စခန်းများကို အစိုးရတပ်က ၁၀၅ မမ လက်နက်ကြီးများနှင့် စစ်ရဟတ်ယာဉ်များကို အသုံးပြု၍ တိုက်ခိုက်ကြောင်း ၎င်းက ဆိုသည်။

“မြေပြင်နဲ့ သူတို့ အရင်တက်တယ်။ နောက်ပြီးတော့ လက်နက်ကြီးတွေနဲ့ ကာပြီး ပစ်ပေးတယ်။ အဲဒီမှာ သူတို့ လေယာဉ်နဲ့ ထပ်ပြီးတော့ ဒုံကျဉ်နဲ့ ပြန်ပစ်ကူပေးတယ်” ဟု ဦးလနန်က ဆက်ပြောသည်။

ကေအိုင်အေမျိုးချစ်ရဲဘော်များ ဗမာစစ်ရဟတ်ယာဉ်တစ်စီးပစ်ခတ်နိုင်

(Jinghpawkasa)

ဒီဇင်ဘာ (၁၄) သောကြာ


ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) နယ်မြေ လဂျားယန်နှင့် ဂျာပူတိုက်ပွဲတွင် ဗမာအစိုးရ စစ်သား အများအပြားသေဆုံးကြောင်း၊ ဒဏ်ရာရ ဗမာစစ်သားများကို လုံရောခ့်ပိုစ့်မှ စစ်ရဟတ်ယာဉ်ဖြင့် လာရောက်တင်ဆောင်သွားကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရ စစ်ရဟတ်ယာဉ် တစ်စီး ကေအိုင်အေ မျိုးချစ်ရဲဘော်များ ပစ်လိုက်သော ကျည်ထိက မီးခိုးတလူလူဖြင့် ပျံသန်းသွားကြောင်း သတင်းရရှိပါသည်။

ဗမာစစ်တပ် စစ်ရဟတ်ယာဉ်ဖြင့် ကူညီတိုက်ခိုက်

(Jinghpawkasa)
ဒီဇင်ဘာ (၁၄) သောကြာ


ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) နယ်မြေဖြစ်သော လဂျားယန်နှင့် နားလုံ ကျေးရွာများတွင် ယနေ့မနက် (၃း၀၀) နာရီအချိန်ခန့် မှစပြီး ကေအိုင်အေ ဗဟိုလုံခြုံရေး တပ်ဖွဲ့များနှင့် ဗမာအစိုးရ စစ်တပ်တို့ကြားတိုက်ပွဲ ဖြစ်ပွားရာ ဗမာအစစ်တပ်ဘက်မှ စစ်သား (၄၀) ကျော်ကျပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ ဗမာစစ်တပ်ဘက်မှ သေဆုံး ဒဏ်ရာရမှု များပြားပြီး အရှုံးနှင့် ရင်ဆိုင်လာရသောကြောင့် ဗမာစစ်တပ်မှ စစ်ရဟတ်ယာဉ် (၃) စီးဖြင့် လာရောက်တိုက်ခိုက် ကူညီပေးနေကြောင်း သတင်းရရှိပါသည်။ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း သတင်းရရှိပါသည်။




လဂျားယန်နှင့် နားလုံတွင် တိုက်ပွဲပြင်းထန်နေ

(Jinghpawkasa)

ဒီဇင်ဘာ (၁၄) သောကြာ

 ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေ ဖြစ်သော မြစ်ကြီးနား - ဗန်းမော်လမ်း၊ လဂျားယန် နှင့် နားလုံကျေးရွာ တွင် ယနေ့မနက် (၃း၀၀) နာရီအချိန်ခန့်မှ ကေအိုင်အေ ဗဟိုလုံခြုံရေး တပ် မှ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ်တို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားနေလျက် ရှိကြောင်း သတင်းရရှိပါသည်။ ကေအိုင်အေ နှင့် ဗမာစစ်တပ် နှစ်ဘက်စလုံးမှ စစ်အင်အား အများအပြား အသုံးပြုကာ လက်နက်ကြီးများဖြင့် ပြင်းပြင်းထန်ထန်တိုက်ခိုက် နေကြကြောင်း၊ ယခု သတင်းရေးသားချိန် အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေလျက်ရှိ ကြောင်း သတင်းရရှိပါသည်။