Saturday, October 6, 2012

ဦးဘရန်ရှောင်အမှု စွဲချက်တင်သင့် မတင်သင့် ဆုံးဖြတ်မည်

(မဇ္စျိမ) ။         ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အဖွဲ့ဝင်ဟူသော စွပ်စွဲချက်ဖြင့် တရားရင်ဆိုင်နေရသော ဦးလထော် ဘရန်ရှောင်၏ အမှုကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် စွဲချက် တင်သင့်/ မတင်သင့် ဆုံးဖြတ်ချက် ချမည်ဟု သိရသည်။

သောကြာနေ့ ပြည်နယ်တရားရုံးတွင် တရားလိုပြသက်သေအဖြစ် ဒုတိယ မြို့နယ် တရားသူကြီး ဦးဇော်လင်းထွန်း အား နှစ်နာရီခွဲကြာ စစ်ဆေးမေးမြန်းခဲ့ပြီး ဖြစ်၍ လာမည့် ရှေ့သီတင်းပတ်တွင် နှစ်ဖက် ရှေ့နေများ လျှောက်လဲမည်
ဖြစ်သည်။

အတွင်းအပြင် ချိတ်ဆက်ပြီး ငြိမ်းချမ်းရေးအတွက်တက်လှမ်းဖို့ UNFC မျှော်လင့်

သျှမ်းသံတော်ဆင့်
သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အမေရိကန်နိုင်ငံကို ရောက်ရှိနေခိုက်မှာဘဲ ညီညွှတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ ကိုယ်စားလှယ်တွေလည်း အမေရိကန် နိုင်ငံကို သွားရောက် ခဲ့ပါတယ်။ ဒီအမေရိကန် ခရီးစဉ်နဲ့ ပတ်သက်ပြီး UNFC ဒု အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာကို သျှမ်းသံတော်ဆင့် က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။    ။ အမေရိကန် ခရီးစဉ်မှာ ဘယ်သူတွေ လိုက်ပါသွားသလဲ။ ဘယ်နှရက် ကြာပါသလဲ။

ဖြေ။    ။ ၁၀ ရက် ကြာပါတယ်။ စက်တင်ဘာ ၁၇ ရက်ကနေ ၂၇ရက်နေ့ထိပါ။ UNFC အဖွဲ့ရဲ့ ကိုယ်စား လှယ် အဖြစ်နဲ့ ၄ ယောက်သွားတယ်။ အဖွဲ့ခေါင်းဆောင် ကရင်က ဒေးဗစ်တာကဘော၊ ဒု-ခေါင်းဆောင် ကျနော် ခွန်ဥက္ကာ၊ သျှမ်းက ဗိုလ်မှူးကြီး စဝ်စွဲ့ မန်းရိုင်း၊ ကချင်က ဗိုလ်ကြီးလှအောင်။

ဗမာစစ်တပ်အတွင်းသို့ မိုးကြိုးပစ်ခတ်မှုဖြစ်ပွား

(Jinghpawkasa)

ကချင်ပြည်နယ် အေအိုင်အေအစိုးရ မြောက်ပိုင်းတိုင်း တပ်မဟာ (၁) နယ်မြေဖြစ်သော ဆဒုံး ဒေသေတွင် ရာက်ရှိနေသော ဗမာစစ်တပ်များမှ အောက်တိုဘာ (၄) ရက်နေ့တွင် ဘွမ်ဝါ၊ ဆဂပါ ကျေးရွာများသို့ လိုက်နက်ကြီးဖြင့် (၅) ကြိမ်းပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါသည်။ ဆဒုံး ဗမာစစ်တပ်မှ ပစ်လိုက်သော လက်နက်ကြီးများသည် ပြည်သူများကို ထိခိုက်ခြင်းမရှိသော်လည်း ရွာသားများ၏ မှည့်ဝင်းနေပြီးဖြစ်သော စပါးခင်းများသို့ ကျရောက်ပေါက်ကွဲ၍ စပါးခင်းများပျက်စီးသွားကြောင်း သတင်းရရှိပါသည်။ အောက်တိုဘာ (၃) ရက်မနက်တွင် ဆဒုံးဒေသ လုထောင်တွင် တပ်စွဲထားသော ဗမာစစ်တပ်သို့ မိုးကြိုးပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ဤမိုးကြိုးပစ်ခတ်မှုကြောင့် ဗမာစစ်သား (၂) ဦး ရူးသွတ်သွားကြောင်း သတင်းရရှိပါသည်။

ဗမာစစ်တပ်အချင်းချင်းမှားယွင်းပစ်ခတ်မှုဖြစ်ပွား

(Jinghpawkasa)

ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အို တပ်မဟာ (၄) နယ်မြေ မူဆယ် - နမ့်ခမ်းကြား နမ့်အွမ့် တွင် အောက်တိုဘာ (၄) ရက်နေ့က ဗမာစစ်တပ်အချင်းချင်း မှားယွင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သသင်းရရှိပါသည်။ သတင်းအပြည့်မစုံကို မသိရှိရသေးပါ။ ဗမာစစ်တပ်များသည် ယခုကဲ့သို့ အချင်းချင်းမှားယွင်းပစ်ခတ်မှု အကြိမ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ဤသို့ အချင်းချင်းမှားယွင်းပစ်ခတ်မှု မကြာခဏ ဖြစ်ပွားရခြင်းမှာ ဗမာအစိုးရမှ ကေအိုင်အို အစိုးရ နယ်မြေများသို့ စစ်အင်းအား အမြောက်အများ ပို့ဆောင်ထားခြင်းကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။

There was the fighting each other between the Burmese Government’s different troops in Nam Un, between the Muse and Nam Hkam road, on 4th October according to the KIA front-line report.  But no detail report is coming yet.  Actually, such kind of wrong fighting, in the same Burmese Government group but in different troops, happens often because the Government sends many troops in the KIO controlled areas.

Friday, October 5, 2012

ဖားကန့်သို့ ချီတက်လာသော မြန်မာစစ်အင်အား ၂၀၀ ကျော် နမ့်ယာမှာ ရောက်နေ

(KNG)

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်သို့ တပ်အင်အားတိုးချဲ့နေသော မြန်မာအစိုးရသည် ဖားကန့်သွားလမ်း နမ့်ယာ (Nam Ya) ကျေးရွာတွင် အစိုးရတပ်အင်အား ၂၀၀ ကျော် ထပ်မံဖြည့်ထားကြောင်း KIA အရာရှိ တစ်ဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

နှစ်ဖက်တိုက်ပွဲများရပ်နေချိန် အစိုးရတပ်အင်အားများသည် ဖားကန့်ဖက်သို့ မြစ်ကြီးနား-မိုးကောင်း၊ မိုးကောင်း-ကားမိုင်းလမ်းဖက်မှ တိုးချဲ့လာကာ အောက်တိုဘာလ ၄ ရက် ကြာသပတေးနေ့တွင် နမ့်ယာ (Nam Ya) ကျေးရွာသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရသည်။

ဖားကန့်သွားလမ်း နမ့်ယာ (Nam Ya) ကျေးရွာသည် ဖားကန့်ကျောက်စိမ်းမှော်ဒေသနှင့် (၁၀) မိုင်ကျော် အကွာအဝေးဖြစ်သည်။

သမ္မတ၏ ငြိမ်းချမ်းရေး ပေါ်လစီသည် စစ်ဆင်ရေးသာဖြစ်

ရွှေဟင်္သာသတင်းဌာန

ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) တပ်ဖွဲ့များ ရှမ်းပြည် အလယ်ပိုင်း မိုင်းရှူး မြို့နယ်ရှိ တာပိုစံ (ကူးတို့ဆိပ်) ဒေသမှ ယနေ့ နောက်ဆုံး ထားပြီး အမြန်ဆုံး ဆုတ်ပေးရန် ရှမ်းပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူက ရာဇသံ ပေးထား သည်ဟု SSPP ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဖိန်ဖက ဆိုပါသည်။

“အဲဒီ နေရာဟာ ကျနော်တို့ ဗဟို စခန်းနဲ့ (၈) မိုင်လောက်ဘဲ ဝေးပါတယ်။ အဲဒီ ရာဇသံ စာကို ကျနော်တို့ ဗဟို ဆက်ဆံ ရေး အရာရှိ နော်လစ်က တဆင့် ပေးတာပါ။ ဆုတ်မယ် မဆုတ်ဘူး ဆိုတာက ဗဟိုက ကျနော်တို့ကို ဘာမှ မပြော သေးပါဘူး။ အရင် တုန်းကတော့ ရာဇသံ (၃) ကြိမ်ပေးပြီး ဆုတ်ခိုင်း ဘူးပါတယ်။ ရာဇသံ အတိုင်း ကျနော်တို့ ဆုတ်ပေး ခဲ့တယ်။ အဲဒီ ဇူလိုင်လ ဆန်းက စပြီး အရေးပေါ် ဗဟို ကော်မီတီ အစည်းအဝေး ထိုင်တယ်။ နောက်ထပ် မဆုတ်ဖို့ အမိန့် ပေးထား ခဲ့တယ်” ဟု ဆိုပါသည်။

သုံးပွင့်ဆိုင် ထဲက တိုင်းရင်းသားတို့၏ စုစည်း ကြိုးပမ်းမှု

 (ရွှေဟင်္သာသတင်းဌာန)

တိုင်းရင်းသား အစုအဖွဲ့ အနေဖြင့် ၄င်းတို့၏ အခြေခံမူ ရရှိရေး အတွက် စက်တင်ဘာ (၁၆) ရက်နေ့က ကျင်းပ ခဲ့သော တိုင်းရင်းသား လူမျိုးများ ညီလာခံ၏ ဆုံးဖြတ်ချက်၊ အကြံပြုချက် များကို ယမန်နေ့က ပြန်လည် သုံးသပ် ခဲ့သည်ဟု အဖွဲ့၏ ပြောရေး ဆိုခွင့် ရှိသူ နိုင်ဟံသာက ဆိုပါသည်။ 

ဤညီလာခံကို တိုင်းရင်းသား ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ WGEC (Working Group for Ethnic Co-ordinating) က ဦးဆောင်ပြီး ကျင်းပ ခဲ့ပါသည်။ “မနေ့က ပြီးသွားတဲ့ အစည်းအဝေး မှာတော့ ကျနော်တို့ရဲ့ WGEC အဖွဲ့က အဖွဲ့ဝင်တွေ တိုးချဲ့ ဖွဲ့စည်း သွားဖို့ ဆုံးဖြတ် တယ်။ အဲဒါ ကတော့ တိုင်းရင်းသား အရေးကို ဆောင်ရွက်တဲ့ နေရာမှာ ဘက်ပေါင်းစုံက အဖွဲ့တွေ ပါဝင် သင့်တယ် ဆိုတဲ့ အမြင်နဲ့ တိုးချဲ့ ဖွဲ့စည်းခြင်း ဖြစ်ပါတယ်” ဟု ဆိုပါသည်။ 

တိုးချဲ့ လိုသော ကော်မီတီဝင် များမှာ လူမှု အခြေပြု အဖွဲ့အစည်းများ၊ လူငယ် အဖွဲ့အစည်း များနှင့် အမျိုးသမီး အဖွဲ့အစည်းများ ဖြစ်သော အဖွဲ့ (၃) ဖွဲ့မှ ကိုယ်စားလှယ် (၆) ဦးဖြင့် ထပ်မံ တို့ချဲ့ မည်ဖြစ်သည်။ ဤသို့ကြောင့် WGEC အဖွဲ့၏ တိုင်းရင်းသား ပူးပေါင်း ဆောင်ရွက်ရေး ကော်မီတီဝင်တွင် အဖွဲ့ဝင် (၂၀) ဦး ဖြစ်လာ ခဲ့ပါသည်။

ဂွေခါမောတွင် တိုက်ပွဲဖြစ်ပွား

(Jinghpawkasa)

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အနောက်ပိုင်းတိုင်း တပ်မဟာ (၅) နယ်မြေဖြစ်သော ဖားကန့်ဒေသ ဂွေခါမော်တွင် ကေအိုင်အေ တပ်ရင်း (၆) မှ မျိုးချစ်ရဲဘော်များနှင့် ထိုးစစ်ဆင်လာသော ဗမာအစိုးရတပ် များ ယနေ့မနက် (၆း၁၅) နာရီအချိန်တွင် ပြင်းထန်စွာတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဤဂွေခါ တိုက်ပွဲတွင် ဗမာအစိုးရတပ်ဘက်မှ (၆) ဦးသေဆုံးပြီး၊ (၂၀) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

ကချင် ရိုးရာနှင့် စီးပွားရေး အဖွဲ့တစ်ခု KIO မိုင်ဂျာယန်မြို့တွင် ဖွင့်လှစ်မည်

(KNG)


KIO မိုင်ဂျာယန်မြို့

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်သည့် မိုင်ဂျာယန်မြို့တွင် ပထမဦးဆုံး ကချင်လုပ်ငန်းရှင်များနှင့် ပြည်သူများ အားလုံးပူးပေါင်းပါဝင်သည့် “Kachin International Trading and Cultural Exchange Society (KITCES)” အဖွဲ့တစ်ခုကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ရုံးဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၆ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ကချင်အမျိုးသား ရိုးရာယဉ်ကျေးမှုနှင့် စီးပွားရေးကိုဖွဲ့စည်းခြင်းသည် ရိုးရာနှင့် စာပေကဏ္ဍများတွင် ပြည်သူတစ်ရပ်လုံး ပါဝင်နိုင်စေရန်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီမှ ဆလန်အင်ခွမ်ဂမ် (Salang Nhkum Gam) က ပြောသည်။

ဖားကန့်တွင် ကန်ရေပေါက်ကွဲကာ နေအိမ် ၅၀ နှစ်မြုပ်

(KNG)

ကချင်ပြည်နယ် ဖားကန့်မြို့ရှိ ကျောက်စိမ်းမှော်တွင် ကုမ္မဏီရေကန် ရေလျှံပေါက်ကွဲခြင်းကြောင့် အနီးရှိ ဖားပြင်ကျေးရွာမှ အိမ်ခြေ ၅၀ နစ်မြုပ်ပျက်စီးသွားကြောင်း ဒေသခံများ ပြောသည်။

မိုးများသည်းထန်စွားရွာသွန်းမှုကြောင့် အောက်တိုဘာလ ၂ ရက်နေ့ ည ၁၀ နာရီကျော်တွင် ဖားပြင်ရွာမှ တစ်ဖာလုံခန့်ဝေးသော ကျောက်စိမ်းတူးဖော်သောကုမ္မဏီများ တူးဖော်ခဲ့သော ကျင်းဟောင်း ရေကန်ကြီးတွင် ရေများပြည့်၍ လျှံလာခြင်းဖြစ်ကြောင်းသိရသည်။

စစ်တပ် လူ့အခွင့်အရေး ချိုးဖောက်မှု သမ္မတ ကာကွယ်ခြင်းကို KNO ဝေဖန်

မဇ္ဈိမသတင်းဌာန 
 
ကချင်ပြည်နယ်အတွင်း အစိုးရတပ်များ၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုများအပေါ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ကာကွယ် ပြောကြားလိုက်ခြင်းနှင့် ပတ်သက်၍ ကချင်အမျိုးသားများ အစည်းအရုံး KNO မှ ကန့်ကွက်လိုက်သည်။

စက်တင်ဘာလ ၂၉ ရက်နေ့ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်နှင့် ဦးသိန်းစိန် အမေးအဖြေ ကဏ္ဍတွင် အစိုးရတပ်များ၏ လူ့အခွင့်အရေး ချိုးဖောက်နေခြင်းနှင့် ပတ်သက်၍ “တပ်မတော်အနေနှင့် ဥပဒေအရ လုပ်ဆောင်နေခြင်း ဖြစ်သောကြောင့် လူ့အခွင့်အရေး ချိုးဖောက်နေသည်ဟု မစွပ်စွဲသင့်ကြောင်း” ဖြေကြားခဲ့ခြင်းအား ထိုင်းနိုင်ငံ အခြေစိုက် KNO က ကန့်ကွက်လိုက်ခြင်း ဖြစ်သည်။

Thursday, October 4, 2012

ဖါးကန့် စီးပွားရေး ပေါ်လစီ အမှား၏ နောက်ဆက်တွဲ ဆိုးကျိုးများ

(ရွှေဟင်္သာသတင်းဌာန)

ယမန် နေ့ည (၁၀) နာရီ ခန့်တွင် ကချင်ပြည်နယ် ဖါးကန့်မြို့၌ မြေပြိုမှုကြောင့် လူနေအိမ်ခြေ (၈၂) လုံး မြေပိပြီး ပျက်စီး ခဲ့ရ သည်ဟု ဒေသခံများက ဆိုပါသည်။

“ အဲဒီ နေရာက အရင်တုန်းက ကျောက်စိမ်း ကုမ္မဏီတွေ မြေဇာပုံထားတဲ့ နေရာဖြစ်တယ်။ မိုးကကြီးတော့ ရေက လျှံပြီး ရေတိုက်စားမှုကြောင့် မြိုတာပေါ့။ အထိအခိုက်တော့ တချို့ရှိလိမ့်မယ် ကျနော်တော့ မသိရသေးဘူး” ဟုဆိုပါသည်။

အိမ်ခြေမဲ့ သွားသော ဒုက္ခသည် များသည် နီးစပ်ရာ ဘုန်းတော်ကြီး ကျောင်းများ၊ အသင်းတော် ကျောင်းများတွင် ခိုလုံ နေရပါသည်။ သက်ဆိုင်ရာ အာဏာပိုင်များက လာရောက် ကူညီခြင်း မရှိသည့် အပြင် တာဝန်ရှိ ကုမ္မဏီများ ကလည်း လာရောက် ကူညီပေးမှုများ မရှိသောကြောင့် အကူအညီများ လိုအပ်လျှက် ရှိပါသည်။

KIO နှင့် ဆွေးနွေးမည့် သမ္မတ ငြိမ်းချမ်းရေး ပေါ်လစီ

(ရွှေဟင်္သာသတင်းဌာန)

ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် အစိုးရ တပ်ဖွဲ့တို့သည် စက်ဘာလ တလ အတွင်း၌ တိုက်ပွဲပေါင်း (၁၀၈) ကြိမ် ထက်မနဲ ဖြစ်ပွား ခဲ့သည်ဟု ပြောခွင့် ရသူ ဦးလာနန်းက ဆိုပါသည်။

“တိုက်ပွဲ ကတော့ ကျနော်တို့ ကချင်ဒေသမှာ ပုံမှန်ဖြစ်နေပြီးဗျ။ ဒီလိုဖြစ်နေတဲ့ အပေါ်မှာ သမ္မတ ဦးသိန်းစိန်ကလည်း ဒါဟာ ကျနော်တို့ကြောင့် ဖြစ်တယ်၊ တိုင်းရင်သား (၁၁) ဖွဲ့ထဲက ကချင်တဖွဲ့ဘဲ ကျန်တယ်၊ မကြာခင် ငြိမ်းချမ်းရေး ရမှာပါ လို့လည်း နိုင်ငံတကာမှာ လိုက်ပြော နေတယ်လေ။ ပြီးတော့ မြန်မာပြည် ငြိမ်းချမ်း နေပြီး လို့လည်း ပြောတယ်ဗျ။ ဒါတွေဟာ လူကြား ကောင်းအောင် ပြောနေတာ ဖြစ်တယ်လို့ မြင်တယ်။ အရင်းခံ ပြသနာကို ဖြေရှင်းနေတာ မဟုတ်ဘူး၊ အမြတ်ထုတ်ပြီး ပြောနေတာပါ” ဟု ဆိုပါသည်။

ဦးသိန်းစိန် နှင့် ဘီဘီစီအင်တာဗျူးအပေါ် ကေအင်အို၏ သဘောထားထုတ်ပြန်ချက်

(Jinghpawkasa)



နမ့်ဆန်ယန် တံတားအနီး တိုက်ပွဲဖြစ်

(Jinghpawkasa)

ကချင်ပြည်နယ် ကေအိုင်အို အစိုးရ တပ်မဟာ (၅) နယ်မြေဖြစ်သော မြစ်ကြီးနား ဗန်းမော်လမ်း နမ့်ဆန်ယန် အနီး တံတားတွင် အောက်တိုဘာ (၃) ရက် နေလည်ပိုင်း (၁၁:၂၀) နာရီခန့်တွင် ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာစစ်အစိုးရ စစ်တပ် ခလရ (၃၈၆) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရှိရပါသည်။ ဤသို့တိုက်ပွဲဖြစ်ပွားရာ ဗမာအစိုးရစစ်တပ်ဘက်မှ (၂) ဦး ကျဆုံးကြောင်းလည်း သိရှိရပါသည်။

ကေအိုင်အို နယ်မြေများတွင် ဗမာစစ်တပ်မှ စစ်အင်အား အများအပြားတပ်စွဲထား

(Jinghpawkasa)

ကေအိုင်အို အစိုးရနယ်မြေဖြစ်သော ရှမ်းပြည်မြောက်ပိုင် ကေအိုင်အေ တပ်မဟာ (၄) လက်အောက် တပ်ရင်း (၈) နယ်မြေ မန်ဒတ်၊ မုန်ဝီ၊ နမ့်ဟိုင်း ဒေသများတွင် ဗမာအစိုးရစစ်တပ်မှ တပ်ရင်း (၉) ရင်း အခြေချနေရာယူထားကြောင်း သတင်းရရှိပါသည်။ ဤသို့နေရာယူတပ်စွဲထားသော ဗမာအစိုးရ စစ်တပ်များမှာ ခလရ (၂၄၃)၊ ခလရ (၁၁၄)၊ ခလရ (၁၁၅)၊ ခမရ (၅၀၅)၊ ခမရ (၃၂၄)၊ ခမရ (၅၀၁)၊ ခမရ (၅၀၂)၊ ခမရ (၃၂၃) နှင့် ခမရ (၅၀၆) တို့ဖြစ်ကြောင်း သိရှိရပါသည်။ ဗမာအစိုးရ စစ်တပ်များ ကေအိုင်အို အစိုးရနယ်မြေများတွင် စစ်တပ်အင်းအား အများအပြာ ထိုးစစ်ဆင် နေရာယူထားသောလည်း သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ခရီးတွင် ဗမာစစ်တပ်များမှ ထိုးစစ်ဆင်မှုမရှိကြောင်း ပြောဆိုပြီး ကမ္ဘာကိုလိမ်လည်လှည့်ဖြားလျက်ရှိနေပါသည်။

အစိုးရစစ်ဆင်ရေးကို တိုင်းရင်းသားပူးပေါင်းတပ်များ စုပေါင်းတိုက်ခိုက်

သျှမ်းသံတော်ဆင့်သတင်း 
 
သျှမ်းပြည်မြောက်ပိုင်းမန်တုံမြို့နယ်အနီးတွင်ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)နှင့်အတူ ပူးပေါင်းလက် နက်ကိုင်တိုင်းရင်း သား တပ်အချို့ကအစိုးရ၏စစ်ဆင်ရေး ကိုခုခံတိုက်ခိုက်နေကြကြောင်း တအာင်းလွတ်မြောက်ရေး တပ် နှင့် (KIA) တပ်ဖွဲ့မှတာဝန်ရှိသူများကပြောကြားသည်။

ယခုပူးပေါင်းလက်နက်ကိုင်တိုင်းရင်းသားများ အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားနေသောနေရာမှာလာရှိုး - မန္တလေး ကားလမ်း အနောက်ဘက်ခြမ်း နမ့်ခမ်းမြို့အနီး နမ္မတူ နှင့်မန်တုံမြို့နယ်အကြားတွင်ဖြစ်ပြီး KIA တပ်မဟာ ၄ နယ် မြေနှင့် တအာင်းလွတ် မြောက်ရေးတပ်မတော် TNLA ၏တပ်ရင်း(၁၁၂ အခြေပြုရာဒေသ လည်းဖြစ် သည်ဟု တအာင်း လွတ်မြောက်ရေးတပ်မတော် အထွေထွေအတွင်းရေးမူး မိုင်ဘုန်းကျော် က သျှမ်းသံတော်ဆင့်သို့ ပြောကြားသည်။

“အမိန့်ပေး ထောက်ပံ့ပေးတဲ့ အပိုင်းက တော့ KIA ဘက်ကလုပ်ပေးပါတယ် ဒီနယ်မှာပူပေါင်းပြီးလုပ်ရှားတဲ့ အင်အား က ထောင်ကျော်လောက်ရှိနေပြီးကျနော်တို့ဘက်က ရာဂဏန်းကျော်ပူးပေါင်းထားတယ်”ဟု ၄င်းက ဆက်ပြီးပြောပြ ပါသည်။

ဖားပြင်တွင် ကုမ္မဏီရေကန်များရေလျှံရာမှ ရေကြီးမှုဖြစ်ပွါး

(Jinghpawkasa)

အောက်တိုဘာ ၂ ရက်နေ့ ည ၁၀ နာရီနှင့် ၁၁ နာရီကြားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်စိမ်းကုမ္မဏီများ ကျောက်တူးထားရာ တွင်းဟောင်း (ယခုရေကန်များ) တွင် ရေများပြည့်လျှံကာ ဖားပြင်ရပ်ကွက် ၄ လူနေအိမ်များသို့ ရေများဒလဟောစီးဝင်ကာ လူနေအိမ်များ ၈၂ ခန့်ပျက်စီးသွားခဲ့ပါသည်။ ကာသိုလစ်ဘုရားကျောင်းနှင့် အသင်းတော်လူကြီးအိမ်များ၊ ဖားပြင် သင်္ချိုင်းမြေနေရာများလည်း ပျက်စီးသွားခဲ့ရပါသည်။ ကုမ္မဏီများ၏ မဆင်မခြင်ကျောက်စိမ်းတူဖော်မှု၊ ကျောက်စိမ်းတူးဖော်ထားသော နေရာဟောင်းများအား ပြန်လည် မြေကြီးဖို့ခြင်းများမပြုလုပ်သည့်အပြင် ရေလမ်းကြောင်းများလွှဲခြင်း၊ သစ်ပင်များ ပြန်လည် စိုက်ပျိုးခြင်းမပြုသည့်အပြင် သစ်ပင်များပေါက်သော တောင်များကို လည်း မြေစာများဖြင့် ဖို့ခြင်းများ ပြုလုပ်သဖြင့် ယခုကဲ့သို့ မိုးသည်းထန်စွာရွာသွန်းပါက ရေများကို ဒလဟောဖြင့် လူနေရပ်ကွက်များသို့ ၀င်ရောက်လာခြင်းဖြစ်ပါသည်။ 

“ကုမ္မဏီတွေက ရေလမ်းကြောင်းတွေကို စည်းမရှိ၊ ကမ်းမရှိ လျှောက် လွှဲလိုက်တော့ ရေတွေက စီးစရာနေရာမရှိဘဲ လူနေရပ်ကွက်ထဲဝင်လာတာပေါ့ဟု” ဒေသခံတစ်ဦးက ပြောပြပါသည်။ ယခုအခါ ဒေသခံများသည် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများ၊ အသင်းတော်များတွင် ခိုလုံနရကာ အကူအညီ အလွန်လိုအပ်လျှက်ရှိပါသည်။ ဒေသခံအာဏာပိုင်များလည်း လာရောက် ကူညီခြင်း မရှိသေးသည့်အပြင် တာဝန်ရှိရာကုမ္မဏီများကိုလည်း စစ်ဆေးခြင်းမရှိသေးပေ။ ယခု ရေလျှံခဲ့သည့် ရေကန်မှာ တစ်ခုတည်းမဟုတ်ဘဲ တောင်အဆင့်ဆင့်မှ ကုမ္မဏီရေကန်များမှဖြစ်ပါသည်။ ထိုအခင်းဖြစ်ပွါးရာနေရာ အနီးတွင် ရွှေထိုင်း၊ သံလွင်ဧရာ၊ ဘ၀တက်လမ်း၊ ရတနာတောင်တန်း၊ မြစိမ်းရောင်ခြယ် စသည့် ကုမ္မဏီများ တည်ရှိသောနေရာဖြစ်ပါသည်။ ကုမ္မဏီများအနေဖြင့် ယခုအချိန်ထိ ဒေသခံများအတွက် တစ်စုံတစ်ရာ လုပ်ဆောင်ပေးခြင်းမရှိသေးပေ။ ယခင်လကလည်း သံလွင်ဧရာကုမ္မဏီ၏ ယမ်းဂိုဒေါင်မှ ယမ်းများအရည်ဖျော်ကာ စွန့်ပစ်မှုတွင်လည်း ယခု အခင်းဖြစ်ပွါးသည့် ဖားပြင် ရပ်ကွက် ၄ ဒေသခံများ အစာအဆိပ်သင့်ခဲ့ဖူးပါသည်။

မြစ်ဆုံမှ ပြောင်းရွှေ့လာသော ရွာသားများ သောက်သုံးရေ အခက်တွေ့နေ

(မဇ္စျိမ) ။       ။ မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ပြောင်းရွှေ့လာကြရသည့် အောင်မြင်သာ ရွာသားများ
သောက်သုံးရေ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရှိရသည်။

စက်တင်ဘာလ အတွင်းက မိုးအဆက်မပြတ် ရွာသွန်း၍ ကျိန်ခရန်ချောင်းရေ ကြီးလာကာ ရေပိုက်များ မျောပါသွားခြင်းကြောင့် အောင်မြင်သာကျေးရွာမှာ ရက်သတ္တ နှစ်ပတ်ခန့်ကြာ သောက်သုံးရေ ပြဿနာနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

“ရွာထဲမှာက ရေမရဘူး။ ကျိန်ခရန် ချောင်းကနေ ချက်ရေ ခပ်တယ်။ သောက်ရေက မြစ်ကြီးနားကနေ ဝယ်သုံးနေရ တယ်။ နှစ်ပတ် ကျော်သွားပြီ။ ခု အေးရှားဝေါက ယာယီအနေနဲ့ လုပ်ထားတယ်။ ဒါပေမယ့် မလောက်သေးဘူး” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနော်ဂျာ က ပြောသည်။


ကေအိုင်အေ ပြန်ကြားရေးမှူး ဦးလနန်နှင့် တွေ့ဆုံခြင်း

(ELEVEN MEDIA GROUP)

'ပြည်တွင်းမှာဖြစ်နေတဲ့ ဆယ်စုနှစ်ချီတဲ့ ပြည်တွင်းစစ်တွေဟာ နိုင်ငံရေးပြဿနာလို့ပဲ ပြောလို့ရတယ်။ တိုင်းရင်းသားတွေ ကိစ္စဟာလည်း နိုင်ငံရေးပြဿနာပါ'

မေး - ကေအိုင်အေနှင့် တပ်မတော်ကြား ၁၉၉၄ မှ အပစ်အခတ် ရပ်စဲလာတယ်။ ၂၀၁၁ ဇွန်မှာ တိုက်ပွဲတွေပြန်ဖြစ်လာတယ်။ ဘာကြောင့်ပါလဲ။

ဖြေ - တိုက်ပွဲကတော့ ၂၀၁၁ ဇွန်လမှာ ပြန်ဖြစ်လာတယ်ဆိုပေမယ့် တစ်ချိန်ချိန်မှာ ပြန်ဖြစ်မယ်ဆိုတဲ့ လမ်းကြောင်းကိုသွားနေတယ်။ အစိုးရကနေပြီးတော့ တော်လှန်ရေးအဖွဲ့ အစည်းတွေကို နိုင်ငံရေးနဲ့ ဖြေရှင်းတဲ့ ကဏ္ဍမရှိဘဲနဲ့ စစ်ရေးနဲ့ပဲ တော်လှန်ရေး အဖွဲ့အစည်းကိုင်ထားတဲ့ လက်နက်ကို ဘယ်လိုသိမ်းဆည်းမလဲ ဆိုတဲ့ပုံစံနဲ့ပဲ ငြိမ်းချမ်းရေးကို ချဉ်းကပ်တယ်။ အဲဒါကြောင့်ပဲ တိုက်ပွဲတွေ ပြန်ဖြစ်ပါတယ်လို့ ပြောရမှာပါ။

မေး - အခုလောလောဆယ်ဆယ် အစိုးရနဲ့ ဆရာတို့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ကွဲလွဲနေတဲ့ အချက်တွေက ဘယ်နှစ်ချက်လောက်ရှိပါသလဲ။

ဖြေ - အစိုးရစစ်တပ်ဟာ ကချင်ပြည်နယ်အတွင်းမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ပြဿနာရဲ့ အကြောင်းတရားကို အဓိကမထားဘဲနဲ့ လက်နက်ကိုဘယ်လိုဖြုတ်သိမ်းမလဲဆိုတဲ့ ကိစ္စကပထမအချက်ပါ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အမြဲတမ်းပြောနေတဲ့အချက်ကတော့ နိုင်ငံရေးပြဿနာဖြစ်တဲ့အတွက်ကြောင့်မို့ နိုင်ငံရေးနည်းလမ်းနဲ့ မှန်မှန်ကန်ကန်ဖြေရှင်းရမယ်ဆိုတဲ့ အချက်ကအဓိကပါ။ နိုင်ငံရေးကိစ္စနဲ့ ဖြေရှင်းမယ်ဆိုတဲ့နေရာမှာ တိုင်းရင်းသားတွေပြောဆိုနေတဲ့ နိုင်ငံရေး ဖြေရှင်းပုံနည်းလမ်းတော့ ရှိပါတယ်။ အဓိကဘာလဲဆိုတော့ ၁၉၄၈ ခုနှစ်မှာ စပြီးတော့ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဆိုတာ စပြီးပေါ်ထွန်းလာခဲ့တယ်။ အဲဒီပြည်ထောင်စုရဲ့ မူဝါဒအတိုင်း စစ်မှန်တဲ့ပြည်ထောင်စုပုံစံ နိုင်ငံရေးဖြေရှင်းပုံ၊ ဖြေရှင်းနည်း၊ နည်းလမ်းက အရေးကြီးတယ်ခင်ဗျ။ ဒီကိစ္စက အဓိကကွဲလွဲချက်ပါ။ အခုအစိုးရက ဘာလဲဆိုတော့ ဥပဒေထဲကိုဝင်မယ်။ ၂၀၀၈ ခုနှစ်၊ အခြေခံဥပဒေအတိုင်းပဲ နိုင်ငံရေးဆွေးနွေးမှု လုပ်ကြမယ်လို့ ရွေးစရာပါတယ်။ ဒါလည်း အဓိကွဲလွဲချက်ထဲမှာ ပါတာပါ။

Tuesday, October 2, 2012

ကာ/လုံအစည်းအဝေးမှ ငြိမ်းချမ်းရေး ဆန္ဒပြမှုများအပေါ် သဘောထားများ

(စည်းလုံးခြင်းရဲ့ အင်အား)


၂၀၁၂ ခုနှစ် စက်တင်ဘာလ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် ကချင်ပြည်နယ်စစ်ပွဲများ ရပ်တန့်ရေးအတွက် ဆန္ဒပြနေသည့် ပြည်သူများ

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ရရှိရေးအတွက် စစ်မက်ဖြစ်ပွားနေသော နေရာများမှ စစ်ပွဲများ ရပ်ဆိုင်းနိုင်ရန် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုမှုများအပေါ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးမှ သဘောထား မှတ်ချက်များ ကြားသိခဲ့ရကြောင်း စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုက်ဒ်သို့ နေပြည်တော်နှင့် နီးစပ်သူများမှ သတင်းပေးပို့လာပါတယ်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးများတွင် ပြည်ထဲရေးဝန်ကြီးဌာနက ဆန္ဒပြမည့် သတင်းများကို တင်ပြရကြောင်း၊ ဆန္ဒပြသူများ၏ တင်ပြချက်၊ ၎င်းတို့၏ ရည်ရွယ်ချက်များကို ဖော်ပြရကြောင်း၊ အစည်းအဝေး တက်ရောက်သူများက အပြန်အလှန် ဆွေးနွေးကြရပြီး ထိုဆန္ဒပြပွဲကို ခွင့်ပြုရန် သင့်/မသင့် ဆုံးဖြတ်ပေးသည်ဟု သိရပါကြောင်း၊ စစ်ပွဲများအမြန်ရပ်ဆိုတဲ့ ခေါင်းစဉ်ဖြင့် တင်ပြလာသောအဖွဲ့များ ဖြစ်ကြတဲ့ ကချင်ငြိမ်းချမ်းရေးကွန်ယက်၊ Generation Wave စသည့် အဖွဲ့ပေါင်းစုံ၏ တင်ပြချက်များအပေါ် ကာ/လုံအဖွဲ့ဝင်များက ခွင့်ပြုရန်မသင့်ဟု ဆွေးနွေးခဲ့ပါကြောင်း၊ KIO အဖွဲ့အစည်းရဲ့ ပယောဂမကင်းဟု ယူဆသူများလည်း ရှိနေကြောင်း၊ နေပြည်တော်ကို KIO အား လာရောက်ဆွေးနွေးရန် ကမ်းလှမ်းချက်အား KIO မှ ချက်ချင်းတုန့်ပြန်ခြင်း မရှိသည့်အပေါ် ဘ၀င်မကျ ဖြစ်သည်ဟု ကြားသိရကြောင်း၊ ထိုငြိမ်းချမ်းရေး ဆုတောင်း ဆန္ဒပြပွဲများကို ခွင့်ပြုလိုက်မည်ဆိုပါက တစ်နိုင်ငံလုံး ပြန့်နှံ့သွားနိုင်ပြီး နိုင်ငံတကာ ဖိအားပါ အစိုးရအပေါ် ၀င်ရောက်လာနိုင်ကြောင်း၊ ဒါ့အပြင် နိုင်ငံတကာနယ်ပယ်မှာ သမ္မတရဲ့အမိန့်ကို တပ်မတော်က မနာခံဟု သတင်းထွက်နေကြောင်း၊ အစိုးရက မသိကျိုးကျွံပြုပြီး တပ်မတော်ကလည်း စစ်ပွဲကို ဦးဆောင်နေတယ်လို့ ထင်နေကြောင်း၊ ဘင်္ဂလီကိစ္စနဲ့စပ်လျဉ်းပြီး သမ္မတကို ထောက်ခံသည့် ဆန္ဒပြပွဲကိုတော့ ခွင့်ပြုပြီး ငြိမ်းချမ်းရေးကိုတော့ ခွင့်မပြုသည့်အတွက် ထောက်ကွက်တစ်ခု ဖြစ်နေကြောင်း၊ ဘာပဲဖြစ်ဖြစ် သမ္မတက တရုတ်နိုင်ငံနှင့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် ရှိနေလို့ ဆန္ဒပြပွဲများကို ခေတ္တထိန်းချုပ် တားဆီးထားပြီး ပြန်လာပါက ဆက်လက် ကိုင်တွယ်ဖြေရှင်းမည်ဟု သိရပါကြောင်း သတင်းရရှိပါတယ်။

စစ်ပြေးဒုက္ခသည်များ လိုအပ်မှု၏ ၄% သာ နိုင်ငံတကာ ကူညီခဲ့ဟု အစီရင်ခံစာဆို

မဇ္ဈိမသတင်းဌာန

စစ်ပြေးရှောင် ကချင်ဒုက္ခသည်များအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ ရရှိသည့် အကူအညီမှာ အခြေခံ အစားအသောက် လိုအပ်ချက်၏ ၄ ရာခိုင်နှုန်းသာ ရှိကြောင်း အစီရင်ခံစာတစောင်က ဆိုသည်။
အောက်တိုဘာလ ၂ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့အစည်း KWAT ၏ အဆိုပါ အစီရင်ခံစာတွင် ကချင် လွတ်လပ်ရေး အဖွဲ့ KIO ထိန်းချုပ်နယ်မြေတွင်းရှိ ဒုက္ခသည်
ခြောက်သောင်းခန့်အတွက် လိုအပ်သော အကူအညီ၏ ၃ ရာခိုင်နှုန်းမှာ ကုလသမဂ္ဂမှ ရရှိပြီး နိုင်ငံတကာ INGO များထံမှ ၁ ရာခိုင်နှုန်းသာ ရရှိခဲ့သည်ဟု ဖော်ပြထားသည်။

“ကျမတို့က အထဲမှာ ဘယ်သူတွေက ဘယ်လောက်ကူညီတယ်ဆိုတာတွေ မေးမြန်းပြီးတော့ လုပ်ထားတာ။ UN အပါအဝင် ရတဲ့ အကူအညီတွေကနေ လုပ်ထားတာ။ လူ့အဖွဲ့အစည်းတွေကနေပြီး ကူညီတာတွေကို စုစည်းပြီးတော့ ကျမတို့ ပြန်ပြီး သုံးသပ်ထားတာ” ဟု KWAT တာဝန်ခံ ဒေါ်မွန်းနေလီက ပြောသည်။

နေရပ်ပြန်ပို့ခံရသောကချင်စစ်ပြေးဒုက္ခသည်များ ခုထိအကူအညီလိုအပ်ဆဲ

သျှမ်းသံတော်ဆင့်သတင်း

ကချင်ပြည်နယ်တွင်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်တရုတ်ပြည်၊ နောင်တောင်းခရိုင်တွင် ၀င်ရောက် ခိုလှုံနေထိုင်သော ဒုက္ခသည်များကို ဒီနှစ်သြဂုတ်လကုန်ပိုင်းက တရုတ်အာဏာပိုင်များက နေရပ်ဆီ ပြန် ပို့လိုက်ပြီဖြစ်သော်လည်း လုံလောက်သောကူညီထောက်ပံ့မူမရသေးကြောင်းစုံစမ်းသိရှိရပါသည်။

“တရုတ် မြန်မာနယ်စပ် တလျောက် ဒုက္ခသည်စခန်းပေါင်း(၄၀)ကျော်ရှိတယ်။ မြန်မာအာဏာပိုင်တွေ ထိန်းချုပ်နယ် ထဲမှာရှိတဲ့ နမ့်ခမ်းမြို့နယ်ထဲက ဒုက္ခသည်စခန်း နဲ့  နမ့်ခမ်းနဲ့ (၁၀) မိုင်လောက် ဝေးတဲ့ မန့်ဝိန်းကြီးရွာက ဒုက္ခသည် စခန်းကဘဲ (WFA)  ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံရေး အစီအစဉ်ရဲ့အကူအညီကို ရတယ်။ ဒီ KIO ထိန်းချုပ် နယ်မြေ ဘက်က ဒုက္ခသည်စခန်းတွေကိုတော့ KIO ကဘဲ ကူညီထောက်ပံ့ပေး တယ်။ အခုလောလောဆယ် ဒုက္ခသည်တွေ လိုနေတာ ကတော့  တဲအိမ်ဆောက်လုပ်ဖို့ မိုးကာ၊ အသုံးအဆောင် ၊အစားအသောက်၊ ဆေးဝါး၊ ကျောင်းသုံး ကိရိယာ တွေပေါ့ ” ဟု ကချင်ဒုက္ခသည်များ ကူညီရေး အဖွဲ.တာဝန်ခံ ဦးတွဲပီဆ က ပြောကြားသွားပါ သည်။

ကချင်နှင့်သျှမ်းပြည် စီးပွားရေးလုပ်ငန်ရှင်များ မျက်စိကျစရာ နေရာဖြစ်လာနိုင်ကြောင်း ထိုင်းပညာရှင်ပြော

သျှမ်းသံတော်ဆင့်သတင်း 
 
၂၀၁၅ ခုနှစ် အာဆီယံ စီးပွားရေး ကွန်မြူနတီ (ASEAN Economic Community- AEC) ဖြစ်လာ ပါက ကချင်နှင့်သျှမ်းပြည်သည် အင်အားကြီးနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မျက်စိကျစရာ နေရာ ဖြစ်လာနိုင်ကြောင်း ထိုင်းပညာရှင်များက ပြောဆိုပါသည်။

“ကချင်နဲ့သျှမ်းပြည်မှာ မြေပေါ်မြေအောက် သယံဇာတွေ အများကြီး ရှိနေတုန်း။ လျှပ်စစ်ဓာတ်အား ထုတ်ဖို့ ရေအားလည်း အလုံအလောက်ရှိတယ်။ အရင်က လောနိုင်ငံဟာ အာရှရဲ့ ဘက်ထရီအိုးလို့ တင်စားကြပေမဲ့ အခု လျှပ်စစ်တွေ သိပ်မထုတ်နိုင်တော့ ကချင်နဲ့သျှမ်းပြည်ဘက်ကို ရွှေ့လာနိုင်တယ်။ ဒီနယ်မြေဟာလည်း တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ ဂျပန်စတဲ့ အင်အားကြီးနိုင်ငံတွေ ပြိုင်ဆိုင်လုယူချင် တဲ့ နယ်မြေလည်း ဖြစ်တယ်” ဟု ထိုင်းပညာရှင် Dulyaphak Preecharach က ပြောပါသည်။

ASEAN Economic Community: Opportunities and Challenges ခေါင်းစဉ်ဖြင့် ဟောပြောပွဲ တရပ်ကို စက်တင်ဘာ ၃၀ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Holiday Garden Hotel ၌ ဘန်ကောက်မှ သျှမ်းသံဃာတော်နှင့် သျှမ်းတက္ကသိုလ်ကျောင်းသားများအဖွဲ့က ဦးစီးကျင်းပရာ ရဟန်းသံဃာတော် အပါအဝင် ပရိသတ် စုစုပေါင်း ၈၀ ကျော် တက်ရောက်ခဲ့သည်။


ပူတာအိုမှာ သီတဂူဆရာတော် ဆန်လှူ

(ဧရာဝတီသတင်းဌာန)

သီတဂူဆရာတော် အရှင်ဉာဏိဿရက ဆန်ပြတ်လပ်မှု ရင်ဆိုင်နေရသော ကချင်ပြည်နယ်၊ ပူတာအို ခရိုင်သို့ ဆန်တတင်းခွဲဝင် အိတ်ပေါင်း ၁၀၀ သွားရောက် လှူဒါန်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။

“မနေ့က ညနေ သုံးနာရီခွဲ မန္တလေးရထားနဲ့ ဆန်အိတ် ၁၀၀ မြစ်ကြီးနားကို ပို့လိုက်ပါပြီ။ ဆရာတော်ကြီးကတော့ အောက်တိုဘာ ၁၂ လောက်မှာ မြစ်ကြီးနားကို ရောက်မယ်” ဟု သီတဂူဆရာတော်၏ မြစ်ကြီးနားခရီးစဉ်ကို စီစဉ်သူ စစ်ကိုင်းမှ ဆရာတော် ဦးကောဝိဒက မိန့်သည်။
သွားရောက်လှူဒါန်းခြင်းသည်  သီတဂူဗုဒ္ဓတက္ကသိုလ်၏ အလှူသက်သက်သာ ဖြစ်ပြီး အခြားအဖွဲ့အစည်း နှင့် ပုဂ္ဂလိက အလှူရှင်များ ပါဝင်ခြင်း မရှိသေးကြောင်း သိရသည်။

“ဆရာတော်က မြစ်ကြီးနားထောင်မှာ လှူဦးမယ်။ ဆေးရုံမှာလည်း မျက်စိ ဝေဒနာသည်တွေ ကုဖို့ ၀င်ဦးမယ်ဆိုတော့ ပူတာအိုကို ၁၅ ရက်နေ့လောက်မှ ရောက်မှာပါ” ဟု ဦးကောဝိဒက ဆက်မိန့်သည်။

အစိုးရနှင့် KIO တို့ ဆွေးနွေးနိုင်ရေး ကြန့်ကြာနေ

(ဧရာဝတီသတင်းဌာန)

အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ နှစ်ဘက် တွေ့ဆုံ ဆွေးနွေး နိုင်ရေးအတွက် သမ္မတ ဦးသိန်းစိန်၏ ညွှန်ကြားချက်မှတဆင့် ငြိမ်းချမ်းရေးအဖွဲ့က အစိုးရရုံးစိုက်ရာ နေပြည်တော်သို့ ကမ်းလှမ်း ထားသော်လည်း အဆင်မပြေ ဖြစ်ခဲ့ကြောင်း သိရသည်။

KIO က ၎င်းတို့နယ်မြေအတွင်း အစိုးရတပ်များဘက်က အင်အားတိုးချနေသည့် အပြင် စစ်ရေး ပြင်ဆင်မှုများ ရှိနေကြောင်း၊ ထိုကဲ့သို့သော အခြေအနေများက နှစ်ဘက်တပ်များအပေါ် ယုံကြည်မှု ကင်းမဲ့နိုင်သောကြောင့် နောက်ဆုံးအကြိမ် ကမ်းလှမ်းချက် ဖြစ်သည့် နေပြည်တော်တွင် ဆွေးနွေးရန်ကိစ္စ မဖြစ်နိုင်ကြောင်း ယခင်လ ၁၇ နှစ်ရက်နေ့က အကြောင်း ပြန်ထားသည်ဟု KIO ဘက်က ပြောသည်။

အစိုးရ စစ်ဆင်ရေးသည် မူးရစ်ဆေးဝါး တိုက်ဖျက်မှုကို ကာကွယ်ရန်ဖြစ်

(ရွှေဟင်္သာသတင်းဌာန)

တိုင်းရင်းသား တပ်ဖွဲ့များ ပူးပေါင်း ထားသည့် မူးရစ်ဆေးဝါး တိုက်ဖျက်ရေး ပညာပေးရေး တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့တို့ ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည် မြောက်ပိုင်း နမ်ဆန်းမြို့နယ် ထောရဲာအုပ်စု (တိုက်နယ်) ၌ တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟုပူး ပေါင်းတပ် ဖွဲ့ဝင်မှ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်ဦး ဥက္ကဌ မိုင်အိုက်ဖုန်းက ဆိုပါသည်။

“ ဒီနေ့ဖြစ်တဲ့ တိုက်ပွဲက ကျနော်တို့ တပ်ရင်း (၂၅၇) နဲ့ နောင်ချို အခြေစိုက် ခမရ (၅၀၁) တပ်ရင်းက တပ်ဖွဲ့နဲ့ ဖြစ်တဲ့ ထိပ်တိုက် တိုက်ပွဲပါ။ မနေ့ တုန်းကလည်း ဖြစ်တယ်။ မနေ့တုန်းကတော့ ကျနော်တို့ (၃) ဖွဲ့ပေါင်းပေါ့၊ KIA တပ်မဟာ (၄) က တပ်ဖွဲ့တွေရယ်၊ ပြီးတော့ ရှမ်းပြည် တိုးတက်ရေး ပါတီ၊ SSPP တပ်မဟာ (၁) နဲ့ ပလောင်က ၂၅၇ တပ်ဖွဲ့တွေ နဲ့ပေါ့။ အစိုးရဖက်က ကွတ်ခိုင် အခြေချ ခမရ ၅၀၂ နဲ့ ၃၂၄ တပ်ဖွဲ့တွေနဲ့ မန်တုံ၊ နမ်ဆန်း၊ ကွတ်ခိုင် ဒေသ ဖက်မှာပေါ့ တိုက်ပွဲ (၃) ကြိမ် ဖြစ်ခဲ့ပါ တယ်။ အစိုးရဖက်က အသေအပျောက် ရှိတယ်လို့ ကြားရပါတယ်” ဟု ဆိုပါသည်။

CPI ကုမ္ပဏီကို ကချင်ဒေသခံများ တရားစွဲမည်

(ဧရာဝတီသတင်းဌာန)

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဆောက်လုပ်ခွင့်ရရှိထားသော တရုတ်နိုင်ငံမှ China Power Investment (CPI) ကုမ္ပဏီကို သဘာဝပတ်ဝန်းကျင်နှင့် အမွေအနှစ်များကို ဖျက်ဆီးမှုဖြင့် ကချင်ပြည်သူများက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ၏ ဥက္ကဋ္ဌလည်းဖြစ်၊ ကချင်ငြိမ်းချမ်းရေးအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်ဘောက်ဂျာက ဧရာဝတီသို့ ပြောသည်။


သမ္မတ ဦးသိန်းစိန်က ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ၄င်း၏ သမ္မတသက်တမ်းအတွင်း လုံးဝ ရပ်ဆိုင်းထားရန် ၂၀၁၁ ခုနှစ်အတွင်း အမိန့်ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း စီမံကိန်းကြောင့် ကချင်ဒေသခံများ၏ဘ၀များ၊ သဘာဝအလှများကို ရည်ရွယ်ချက်ရှိရှိ ပျက်စီးစေခဲ့ကြောင်း၊ လတ်တလော မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားသည်ဟု ဆိုသော်လည်း စီမံကိန်း ဆက်လက်လုပ်ကိုင်နေသော အခြေအနေများ တွေ့နေရကြောင်း ၄င်းက ဆိုသည်။
“မြစ်ဆုံစီမံကိန်းကြောင့် ကချင်ပြည်နယ်ကို ဖျက်ဆီးခံလိုက်ရတယ်။ ကချင်ပြည်သူတွေရဲ့ဘ၀၊ ကချင်ပြည်နယ်ရဲ့ သဘာဝပတ်ဝန်းကျင်၊ အမွေအနှစ်တွေ ဖျက်ဆီးခံလိုက်ရတယ်။ ကျမတို့ ကချင်ဒေသခံတွေအနေနဲ့ CPI ကို တရားစွဲမယ်။ ဥပဒေကြောင်းအရ တရားစွဲဖို့ လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်နေပါတယ်” ဟု ဒေါ်ဘောက်ဂျာက ရှင်းပြသည်။

ကချင်ကျောင်းသူ သေဆုံးမှု စုံစမ်းပေးရန် လူ့အခွင့်အရေး ကော်မရှင်ထံ တိုင်ကြား


(မဇ္စျိမ) ။       ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက် အုပ်စု(၁) ဆွတ်ငိုင်ယန် ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် နဝမတန်း ကျောင်းသူ မဂျာဆိုင်းအိန် အား ပစ်ခတ်ခဲ့သော တပ်ဖွဲ့အား စုံစမ်းစစ်ဆေး အရေးယူပေး ရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံ ဖခင်ဖြစ်သူက တနင်္လာနေ့တွင် တိုင်ကြားလိုက်သည်။

စက်တင်ဘာလ ၁၃ ရက်နေ့က မဂျာဆိုင်းအိန် ကျောင်းမှ အပြန်တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်များအချင်းချင်း ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်ဟု စွပ်စွဲထားပြီး ကော်မရှင်မှ စုံစမ်းစစ်ဆေးပေးရန် သေဆုံးသူ ၏ ဖခင် ဦးဘရန်ရှောင် က တင်ပြလိုက်ခြင်း ဖြစ်သည်။

“တိုက်ပွဲ ဖြစ်ပွားချိန်မှာ ကျနော့်သမီးကို အစိုးရတပ်တွေက ပြည်သူတွေကို ကာကွယ်မယ့်အစား ရန်သူလို ပစ်ခတ်ခဲ့ တာတွေ ရေးထားတယ်။ နောက် ကျနော့်သမီးကို ပစ်တဲ့သူကို ဖော်ထုတ်ပြီးတော့ အရေးယူပေးဖို့ပါ” ဟု သေဆုံးသွားသူ၏ ဖခင် ဦးဘရန်ရှောင် က ပြောသည်။

ဖားကန့်ဒေသသို့ အစိုးရတပ်များ စစ်အင်အားလွန်စွာ တိုးချဲ့

(Jinghpawkasa)

ဖားကန့်ဒေသို့ တစ်ကျော့ပြန်တိုက်ပွဲများပြင်းထန်လာသည်မှာ တစ်လကျော်လာပြီ ဖြစ်ပါသည်။ ဖားကန့် ဒေသတွင် KIA နှင့်တိုက်ခိုက်ခဲ့သောတိုက်ပွဲများတွင် အစိုးရဖက်မှ အထိခိုက်အကျအဆုံး များလွန်းသည့် အပြင် ကချင်ပြည်နည်၏ အဓိကစီးပွါးရေးမြို့ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့သဖြင့် အစိုးရဖက်မှ ယခုလို စစ်အင်အားကို အလွန်အကျွံသုံးလာခြင်းဖြစ်ကြောင်း ဒေသခံများကယူဆလျှက်ရှိပါသည်။ ယခုအခါ ဖားကန့်ဒေသသို့ အစိုးရ စစ်တပ် တပ်မ (၃၃) နှင့် တပ်မ (၈၈) တို့၏ တပ်ရင်း ပေါင်း (၁၂) ရင်းဖြင့် တိုက်ခိုက်ရန် အစီစဉ် ဆွဲထားကြောင်း၊ ခြေလျှင်တပ်များ KIA တို့ထိန်းချုပ်ထားသောနယ်မြေများကို ကျော်လွန်နိုင်ခြင်းမရှိသည့်အပြင် အကျအဆုံးများလွန်းသဖြင့် လေတပ်အကူအညီဖြင့် တိုက်ခိုက်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ခိုင်လုံသော သတင်းရပ်ကွက်ကဆိုပါသည်။ ဖားကန့်ဒေသတွင် ဗျူဟာမှူး (၃) ဦးနှင့်အတူ  တပ်ရင်း (၉) ရင်းရောက်ရှိနေပြီး ကျန်ဗျူဟာမှူးတစ်ဦးမှာမှာ တပ်ရင်း (၃)ရင်းနှင့် မိုးကောင်း ၊ကားမိုင်းလမ်းကျောတွင်ရောက်  ရှိနေကြောင်း သိရှိရပါသည်။ သမ္မတဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်တွင် KIA အားထိုးစစ်ဆင်ခြင်းမရှိကြောင်း၊ ခုခံကာကွယ်ခြင်းသာဖြစ်ခြင်းနှင့် အစိုးရတပ်များ ရိက္ခာပို့ဆောင်ခြင်းသာဖြစ်ကြောင်း ပြောဆိုသွားသည်ကို တွေ့မြင်ရပါသည်။ သို့သော် ဖားကန့်ဒေသသို့ တပ်ရင်း ၁၂ ရင်း၊ ဗျူဟာမှူး ၄ ဦးဖြင့် လေတပ်အကူအညီများဖြင့် ရိက္ခာပို့ဆောင်သော အစိုးရတပ်အား စာရေးသူတသက် မကြားဖူးပါ။ ထိုသို့ စစ်အင်အားများအလုံးအရင်းဖြင့် ချီတက် လာရာတွင်လည်း ကချင်အိမ်တွေ အကုန်မီးရှို့ပစ်မယ်ဟု ကြွေးကြော်ကာတက်လာခြင်းဖြစ်သဖြင့် အစိုးရစစ်တပ်ဟု ခေါ်ဆိုရန်ခက်ခဲပြီး ဗမာသူပုန်များဟု ခေါ်ရမည်ဟုပင် တွေးမိလာပါသည်။ သမ္မတ၏ ပြောကြားချက်ကတမျိုး၊ ၀န်ကြီးဦးအောင်မင်း၏ လုပ်ရပ်က တစ်မျိုး၊ ကာချုပ်မင်းအောင်လှိုင်၏ လုပ်ရပ်က တစ်မှောက်၊ နှုတ်ဆိတ်နေသောလွှတ်တော်က တစ်ဖုံ အူကြောင်ကြားအစိုးရကို ကချင်လူမျိုးတို့ မည်သို့ ယုံကြည်ရမည်နည်း။ မည်သို့ပင်ဆိုစေကာမူ KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) မှ အရာရှိတစ်ဦးက အစိုးရစစ်တပ်တွေ ဘယ်လောက်တက်လာပါစေ၊ ကျွန်တော်တို့အနေနဲ့ ကိုယ့်ဒေသကို ကိုယ်ကာကွယ်ဖို့အသင့်ပါဘဲ၊ ပြင်းထန်စွာတုန့်ပြန်သွားမှာပါ ဟု သူ၏ အမြင်ကိုပြောကြားလာပါသည်။

ဂွေခါ ဆရာကောင်တွင် တိုက်ပွဲဖြစ်

(Jinghpawkasa)

ကချင်ပြည်နယ် ကေအိုင်အေတပ်မဟာ (၂) ထိန်းချုပ်နယ်မြေဖြစ်သော ဖားကန့်ဒေသ ဂွေခါ ဆရာကောင် တွင် ကေအိုင်အေ တပ်ရင်း (၆) မှ မျိုးချစ်ရဲဘော်များနှင့် ဗမာစစ်တပ်တို့ အောက်တိုဘာလ (၂) ရက်နေ့ညနေပိုင်းမှ တိုက်ပွဲများဖြစ်ပွားနေကြောင်း သတင်းရရှိပါသည်။ ဤသို့ တိုက်ပွဲဖြစ်ပွားရာ ဗမာအစိုးရ စစ်တပ်မှ ဒေသခံပြည်သူ (၁၀၀) ခန့်ကိုဖမ်းဆီးခေါ်ဆောင်လာပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေကြာင်း သတင်းရရှိပါသည်။ ဗမာအစိုးရစစ်တပ်မှ ယခုကဲ့သို့ လူသားတိုင်းများကို အသုံးပြုခြင်းသည် လူ့အခွင့်အရေးကိုချိုးဖောက်ခြင်းဖြစ်ပြီး၊ ကေအိုင်အိုအစိုးရတပ်များနှင့် စစ်ဖြစ်၍ စစ်ရှုံးတိုင်း ဗမာအစိုးရစစ်တပ်များမှ ယခုကဲ့သို့ လူသားဒိုင်းများကို အသုံးပြုခြင်းဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။

ငါးရက်ကြာ ပိတ်ထားခဲ့ရသော မိုးကောင်း-ဖားကန့်လမ်းပိုင်း ပြန်ဖွင့်

(ELEVEN MEDIA GROUP)

စက်တင်ဘာလ ၂၆ ရက်နေ့မှ စက်တင်ဘာလ ၂၉ ရက်အထိ လေးရက်နှင့် ငါးညကြာ ပိတ်ထားခဲ့သော မိုးကောင်း-ဖားကန့် တစ်ခုတည်းသော လမ်းမကြီးကို စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက ပြန်ဖွင့်ခဲ့ကြောင်း သိရသည်။ လမ်းပိတ်ရသည့် အဓိက အကြောင်းရင်းမှာ တပ်မတော်သားအများစုက မိုးကောင်းမှဖားကန့်ဘက်သို့ တပ်ရင်းအလိုက် ချီတက်သွား၍ဖြစ်ကြောင်း ဒေသခံများက ပြောကြားခဲ့ပါသည်။

အဆိုပါ လမ်းပိတ်ဆို့ခဲ့မှုကြောင့် ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူများ၊ ကုန်သည်များ၊ တက္ကသိုလ်ကျောင်းတက်လာသူများ အဆင်းဘက်တွင် ကားမိုင်းမြို့၌ ပိတ်မိနေပြီး အတက်ကားများမှာ မိုးကောင်း(၈) မိုင်ဂိတ်တွင် ပိတ်မိကာ အခက်အခဲဖြစ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
"ကားမိုင်းမှာပိတ်တဲ့ကားတွေ အစီး ၇၀ လောက်ရှိတယ်။ ခရီးသည်တွေကများလွန်းတော့ စာသင်ကျောင်းတွေမှာ သွားအိပ်ကြတာ။ ၂၇ ရက် နေ့မှာ ကျောင်းတွေပိတ်လိုက်ရတယ်။ ခရီးသည်တွေ အတော်များများတော့ လမ်းစရိတ်တွေပြတ်ပြီး နီးစပ်ရာမှာ ချေးငှားသုံးကြတယ်။ ထမင်းကတော့ မြို့နယ်လူမှုကူညီရေးအသင်းက ကျွေးတယ်။ ပစ်သံခတ်သံကတော့ မြို့ထဲကတောင် ကြားနေရတယ်" ဟု ကားဆရာတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ လမ်းပိတ်ဆို့မှုတွင် ဖားကန့်မြို့နယ်မှ အဝေးသင်တက္ကသိုလ် တက်ရောက်ရန် ကျောင်းသားအများစု ပါဝင်နေကြောင်းနှင့် မိုးကောင်းမြို့ တွင်လည်း တက္ကသိုလ်များမှ စာမေးပွဲပြီး၍ပြန်လာသော ကျောင်းသားအများစု ပါဝင်နေကြောင်း စုံစမ်းသိရှိရသည်။

ဒေသခံများမှာ လမ်းပိတ်မှုများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သိရသည်။ ဖားကန့်ဒေသတွင် သြဂုတ်လ ၂၇ ရက်နေ့မှစ၍ စက်တင်ဘာ ၂၉ ရက်အထိ အပြန်အလှန် ပစ်ခတ်မှုများရှိနေမှုကြောင့် ဒေသခံအများစုနှင့် အခြေခံပညာအလယ်တန်း၊ အထက်တန်းပညာ သင်ယူနေသူ ကျောင်းသား ကျောင်းသူအများစုမှာ ဒေသစွန့်ခွာမှု များပြားနေကြောင်း စုံစမ်းသိရှိရသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင်ရရှိသော သတင်းများအရ ကချင်ပြည်နယ် မိုးညှင်းနှင့် နမ္မားဘူတာအကြား ရေပေါက်တံတား တစ်ခုတွင် စက်တင်ဘာလ ၂၉ ရက်နေ့ ည ၉ နာရီခန့်က ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရထားခရီးစဉ်များ ပုံမှန်ပြန်လည်ပြေးဆွဲနိုင်ပြီဖြစ်ကြောင်းနှင့် ယခုရထားလမ်း မိုင်းခွဲခံရမှုမှာ ၂၀၁၁ ခုနှစ် ဇွန်လမှစတင်ပြီး နှစ်ဘက်တပ်များအကြား တိုက်ခိုက်မှုစတင်ခဲ့ပြီးနောက် ၅၃ ကြိမ်မြောက် မိုင်းခွဲခံရခြင်းဖြစ်ကြောင်း သိရသည်။

 

Monday, October 1, 2012

SLG. HPAUDUT NAW A NTA MYEN NI WAN NAT

(Jinghpawkasa)

Wunpawng Mungdan Shanglawt Asuya, Sinna Ginwang Dap Ba (2) Ginra rai nga ai Mohgaung - Kamaing lam Labang Kahkawng na Slg. Hpaudut Naw dum nta hpe myen asuya hpyen hpung ni kawn September (26) ya shani sinat kaba hte gap nna wan nat kau ya lai wa sai lam shiga na chye lu ai. N dai zawn Slg. Hpaudut Naw a nta wan nat ai hta makau na nta (4) mung hkru lawm mat wa sai lam matut na chye lu ai.

ကချင်ပြည်နယ် မိုးကောင်း - ကားမိုင်းလမ်းပေါ်ရှိ လဘန်ကထောင်ရွာမှ ဦးဖောင်ဒွတ်နော် ၏ နေအိမ်ကို ဗမာအစိုးရစစ်တပ် (တပ်ပေါင်းစု) မှ စက်တင်ဘာလ (၂၆) ရက်နေ့တွင် လက်နက်ကြီးဖြင့်ပစ်ကာ မီးရှို့ပေးလိုက်ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရစစ်တပ်မှ ဦးဖောင်ဒွတ်နော် ၏ နေအိမ်ကို မီးရှို့ဖျက်ဆီးရာ ဘေးအိမ် (၄) အိမ်လည်း မီးလောင်ပြာကျသွားကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဌသို့ ဂျာဆိုင်းအိန်၏ ဖခင်ဦးဘရန်ရှောင်မှ မေတ္တာရပ်ခံစာ

(Jinghpawkasa)




ဖားကန့်တွင် စရဖ လက်ချက်ကြောင့် ၁၇ (၁) တရားခံတစ်ဦးသေဆုံး

(Jinghpawkasa)


လွန်ခဲ့သော ဖေဖော်ဝါရီလ ၄ ရက်နေ့မှစ၍ ၁၇ (၁) ဖြင့်ဖမ်းဆီးခြင်းခံရသော တရုတ်လူမျိုးတစ်ဦး စရဖ ၏ညှင်းပန်းနှိပ်စက်မှုကြောင့် စက်တင်ဘာလ (၂၉) ရက်နေ့တွင် ဖားကန့်ပြည်သူ့ဆေးရုံးကြီးတွင် သေဆုံးသွားကြောင်း သိရှိရပါသည်။ သေဆုံးသွားသူမှာ ဦးမခေါ်ဂမ်အောင် (အသက် ၃၈နှစ်) ဖြစ်ပြီး ကချင်နာမည်ခံယူထားသော တရုတ်လူမျိုးတစ်ဦးဖြစ်ကာ တောင်ပြိုတရုတ်နှစ်ခြင်းအသင်းတော်မှ အသင်းသား တစ်ဦးလည်းဖြစ်ပါသည်။ 
ဦးမခေါ်ဂမ်အောင်အား စရဖ တပ်ကြပ် သန်းဌေးက KIA နှင့်ဆက်သွယ်သည်ဟူ သော စွပ်စွဲချက်ဖြင့် လွန်ခဲ့သော ဖေဖော်ဝါရီလမှ စ၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ စရဖမှ လာရောက် ဖမ်းဆီးချိန်တွင် ရဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်ခြင်းမရှိသည့်အပြင် ခေတ္တခေါ်ယူစစ်ဆေးခြင်း ဖြစ်သည်ဟုဆိုကာ ဖားကန့်ဗျူဟာကုန်းတွင် နှစ်ရက်ခန့် ရိုက်နှက်စစ်ဆေးကာ ဖားကန့် ရဲစခန်းသို့အပ်နှံလိုက်ကြောင်း မိသားစုဝင်များကဆိုပါသည်။ သက်သေခိုင်လှုံခြင်းမရှိဘဲ ၁၇ (၁) အမှုဖြင့်တရားစွဲဆိုခဲ့ပါသည်။ 
သို့ဖြစ်၍ ဦးဂမ်အောင်၏ ဇနီးဖြစ်သူ ဒေါ်မာတောင် (တရုတ်အမျိုးသမီး) မှာ ရှေ့နေတစ်ဦးငှားကာ အမှုရင်ဆိုင်ခဲ့ကြောင်း၊ နှစ်ပါတ်တစ်ကြိမ်ရုံးချိန်း ခေါ်ယူကာ အမှုအား (၈) လခန့်အထိအချိန်ဆွဲခဲ့ပါသည်။ တရားရုံးတွင်လည်း မည်သည့်သက်သေအထောက်အထား မပြသနိုင်ဘဲ နိုင်ငံရေးအမှုဖြစ်သဖြင့် နိုင်ငံရေးတည်ငြိမ်သွားပါက ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ဖားကန့်စခန်းမှူးနှင့် တရားသူကြီးက ပြောဆိုခဲ့သည်ဟု ဇနီးဖြစ်သူမှ ရှင်းပြပါသည်။ ဦးဂမ်အောင်အား မိသားစုဝင်များက ဖမ်းဆီးခံထားရသော (၈) လတာအတွင်း တွေ့ခွင့်မရဘဲ ဆေးဝါးနှင့် အစားအစာများသာ ၎င်းတို့ရှေ့နေမှတဆင့်ပို့ပေးရကြောင်း၊ ဦးဂမ်အောင်အား ဖားကန့်ရဲစခန်းတွင် ဖမ်းဆီးထားသည်ဟုဆိုသော်လည်း စရဖမှ ဗျူဟာကုန်းသို့ ခေါ်ယူကာ အမြဲရိုက်နှက်စစ်ဆေးကာ KIA နှင့် ဆက်သွယ်သည်ဟု ၀န်ခံခိုင်းကြောင်း ဇနီးဖြစ်သူမှ ဆက်ရှင်းပြပါသည်။ မဆုံးမှီ  ဗမာအစိုးရစစ်သားများ တိုက်ပွဲ တွင် အကျအဆုံးများသဖြင့် ယခုကဲ့သို့ အနှိပ်စက်လွန်ကာ ဆေးရုံသို့ရောက်ကာ သေဆုံးသွားခြင်းဖြစ်ကြောင်း ဇနီးသည်မှ ရှင်းပြပါသည်။ 
ဆက်လက်ပြီး ဦးဂမ်အောင်၏ရှေ့နေ ဦးခင်မောင်ထွေးကလည်း “ကချင်ပြည်မှာ ၁၇ (၁) အမှု ၃၇ မှုရှိပါတယ်၊ ဖားကန့်မှာ ၂ မှုရှိပါတယ်၊ သူ့ကိုဖမ်းတာလည်း ၁၇ (၁) နဲ့ပါ၊ အမှုက ဘာသက်သေမှမရှိပါဘူး၊ တရားသူကြီကတော့ အထက်ကအမိန့်ရရင် ပြန်လွှတ်ပေးဖို့ဖြစ်ပါတယ်၊ မလွှတ်ခင်မှာ အခုလိုဆုံးသွားခြင်း ဖြစ်ပါတယ်။ ရဲစခန်းကတော့ သူတို့ရိုက်နှက်နှိပ်စက်ခြင်းမပြုလုပ်ဘူးလို့တော့ပြောပါတယ်၊ ဒါပေမဲ့ တရားဥပဒေနဲ့ မလျှော်ညီတာ တွေတော့အများကြီးပေါ့ဗျာ၊ ဥပမာ စရဖက တပ်ကြပ်ကြီး သန်းဌေးကို ဆင့်ခေါ်စာနဲ့ခေါ်တာမလာဘူး၊ သက်သေမရှိတဲ့အပြင် တရားလိုဖက်က လာရောက်ထွက်ဆိုခြင်း မရှိဘူးလေ၊ ဒါကြောင့် အချိန်ကမကြာသင့်ဘဲ ကြာသွားရတယ်၊ ဘယ်လိုမှလည်း တရားစွဲလို့ မရဘူးဖြစ်နေတယ်” ဟုသူ၏အမြင်ကိုပြောပြသွားပါသည်။ 
ဦးဂမ်အောင်မသေဆုံးမှီတွင် ဖားကန့်ပြည်သူ့ဆေးရုံကြီးသို့ရောက်လာကာ ရိုက်နှက်ထားသော ဒဏ်ရာဖြင့် လမ်းလျှောက်နိုင်ခြင်းမရှိတော့ဘဲ၊ ၂၄ နာ၇ီ အောက်စီဂျင် သွင်းထားရကြောင်း၊ အန်သောအခါ သွေးများသာအန်ပြီး၊ ၀မ်းသွားသည့်အခါလည်း သွေးဝမ်းသာသွားကြောင်း၊ ခန္ဓာကိုယ်တစ်ခုလုံး ရိုက်နှက်ထားသော ဒဏ်ရာဖြင့် ရောင်ကိုင်းနေကြောင်း၊ ခြေထောက်နှင့် ၀မ်းဗိုက်တွင် ရိုက်နှက်ထားသော အမာရွတ်များ၊ သွေးခြေဥနေသောဒဏ်ရာများ၊ အတွင်းကြေဒဏ်ရာများတွေ့မြင်ရကြောင်း မိသားစုဝင်များက ဆိုပါသည်။ ယခုအခါ သေဆုံးသွားသော ဦးဂမ်အောင်အား ဖားကန့်ကချင်နှစ်ခြင်းအသင်းတော်မှ အသင်းတော်လူကြီးများက တာဝန်ယူပြီး သဂြိုလ်ပေးကြောင်း မိသားစုဝင်များကဆိုပါသည်။