Saturday, August 18, 2012

KIA ၏ ခုခံခြင်းကို ပြင်းထန်စွာ ခံနေရသော အစိုးရ၏ ရွှေပြည်သာ စစ်ဆင်ရေး


(ရွှေဟင်္သာသတင်းဌာန)

အစိုးရ တပ်ဖွဲ့များသည် ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) လိုင်ဇာဌာနချုပ်အား ပြင်းထန်သော တိုက်ပွဲများဖြင့် နေ့စဉ် စစ်ဆင်နေ သော်လည်း ရှေ့မတိုးနိုင်ဟု KIO ပြောခွင့်ရသူ ဦးလာနန်းက ရွှေဟင်္သာ သတင်းဌာနကို ပြောပါသည်။

“ KIO ကို လေးဖက်လေးတန်ကနေ စစ်ရေးအရအကြပ် ကိုင်နိုင်ဖို့ ရွှေပြည်သာ စစ်ဆင်ရေးနဲ့ စစ်ဆင်နေတာ တနှစ် ကျော် နေပါပြီး။ ကနေ့အထိလည်း ပြင်းထန်တဲ့ တိုက်ပွဲနဲ့ ဆင်နေတုန်းဘဲ။ ဒါပေမဲ့ အစိုးရထင်သလိုတော့ ဘယ်ဖြစ် မလဲဗျာ။ ကျနော်တို့ မှာလည်း လက်နက်ရှိတယ် ကျည်ဆံလည်း ရှိတယ်လေ။ ထင်သလို ဘယ်တက် နိုင်မှာလဲ။ အခုတောင် တိုက်ပွဲ တွေက ဒီလဆန်းကနေ အခု (၁၆) ရက်အထိ ပြောရရင် တိုက်ပွဲက (၄၇) ပွဲရှိခဲ့တယ်။ ဒါပေမဲ့ အစိုးရတပ်တွေ က ရှေ့ကို တိုး လာလို့ကို မနိုင်ပါဘူး” ဟု ဆိုပါသည်။
ထို့အပြင် ကချင်ပြည်နယ် အရှေ့မြောက်ဖက်မှ ချီဖွေမြို့နယ် ပန်းဝါဒေသ နှင့် တရုတ်နိုင်ငံ တန်ချွန်းနယ်စပ်ဒေသ နယ်ခြားမှတ် တိုင် 6/7 ဖက်၌ လည်း တိုက်ပွဲများပြင်းထန်နေပါသည်။ ထိုနေရာ၌ အစိုးရဖက်မှ အကျအဆုံးများသည်ဟု KIA ဖက်ကပြော သော်လည်း သီးခြား အတည်ပြုချက်မရှိသေးပေ။ KIA သည်ဤဒေသကို ဒုက္ခသည်များ အတွက် စစ်မဲ့ဇုံအဖြစ်ထားရှိရန် ၀န် ကြီးဦး အောင်မင်းတို့နှင့် အလွတ်သဘော ဆွေးနွေးစဉ်က အဆိုပြုခဲ့သော နေရာဖြစ်ပါသည်။ စစ်ပွဲကြောင့် ဤနေရာ၌ စစ် ပြေး ဒုက္ခသည်များ မထားရှိနိုင်သေးပေ။

အစိုးရသည် KIO ၏ လှုပ်ရှားမှုကို ထိမ်းချုပ်နိုင်ရန် အင်အား တသောင်း ကျော်နှင့် ပိတ်ဆို့ရေး နည်းဗျူဟာကို အသုံးပြုနေ သည် ဟု KIA က ဆိုပါသည်။ သို့သော် အစိုးရ၏ စစ်ဆင်ရေးကြောင့် KIO အပေါ် ပြည်သူ များ၏ ထောက်ခံမှု ပိုမိုရရှိခဲ့သည် ဟုဆိုပါသည်။ ဤအခြေအနေကြောင့် KIO ၌ လူအင်အား၊ လက်နက်ခဲယမ်း မီးကျောက်အင်အား၊ စည်းလုံးညီ ညွတ်ရေးအင် အား၊ နှင့် မဟာမိတ် အင်အား အပြည့်ရှိနေသဖြင့် အစိုးရ တပ်များ ရှေ့မတိုးနိုင်ခဲ့ဟု ဆိုပါသည်။


“သူတို့ကလည်း ဆက်လက် ပိတ်ဆို့မှာဘဲ။ လုံးဝလှုပ်လို့ မရအောင် ပိတ်ဆို့ထားမယ်။ အခွင့်သာတဲ့အခါ ဝင်တိုက်မယ်။ အဲဒီ ပုံစံပါဘဲ။ သူတို့ရဲ့ နည်ဗျူဟာက အရင်တုန်းကတည်းကဘဲ အပြတ်ချေမှုန်းတဲ့ သဘောပါဘဲ။ ဒီတော့ သူတို့က ပထမအဆင့် အနေနဲ့ အရင်ပိတ်ဆို့ နေတာ၊ပြီးတော့ ကျနော်တို့ ဗဟို ပတ်ပတ်လည်မှာ သူတို့တပ်တွေကို ပို့နိုင်သလောက် ပို့ထားမယ်။ နောက်ပိုင်း လုံးဝ လှုပ်မရတော့မှ တဖြည်း ဖြည်းချင်နဲ့ သူတို့ စိုးမိုးအောင် လုပ်မယ်ဆိုတဲ့ ပုံစံဖြစ်ပါလိမ့်မယ်” ဟု ဦးလာနန်းက ဆိုပါသည်။  

အစိုးရတပ်ဖွဲ့သည် ပထဝီအ နေအထားရ စစ်ကြောင်းကြီးများ ချီပြီး ဒီလိုင်ဇာ ဌာနချုပ်ကို ၀င်သိမ်းရန် အခြေအနေမပေး ဟု KIA ကဆိုပါသည်။ ဤသို့ကြောင့် ပထမအဆင့် အနေဖြင့် အရင်ပိတ်ဆို့ ထားမည်။ နေရာယူမှု အတည်တကျ ဖြစ်လာပြီးဆို လျှင် လက်နက်ကြီး များနှင့် အမြဲတမ်း ပစ်ပေးနေမည်။ ဤကဲ့သော နည်းလမ်းဖြင့် ချေမှုန်းစစ် စစ်ဆင်ရေးများဆင်နွဲလာ လိမ့် မည်ဟု KIA ဖက်မှ တွက်ဆထားပါသည်။ KIA ဖက်မှလည်း ဤနည်းဗျူဟာအတွက် ပြင်ဆင်ထားပါသည်။

အစိုးရသည် စစ်ရေးအရ KIO ကိုထိမ်းချုပ်မှု မရသေးမှီ တွေ့ဆုံဆွေးနွေး ရေးကို ခေတ္တရပ်ဆိုင်းထားဖွယ်ရှိပါသည်။ ဤသို့ ကြောင့် ယနေ့ထိ ထပ်မံ ကမ်းလှမ်းမှုများ မရှိတော့ပေ။ အစိုးရ၏လုပ်ရပ်ကို ထောက်ရှုခြင်းအား ဖြင့် အစိုးရသည်မည်သို့သော နည်း ဗျူဟာကို သုံးနေပါစေ၊ KIO အား ပြည်တွင်းရှိ လူမှုအဖွဲ့အစည်းများက စာနာစိတ်ဖြစ်လာပြီး KIO ထံ လာရောက် အားပေး ထောက်ခံမှုများ ဖြစ်လာသည်ဟု ဆိုပါသည်။

အစိုးရ၏ အပစ်အခတ် ရပ်စဲရေး လမ်းစဉ်သည် ရိုးသားမှုမရှိဟု အပစ် အခတ် ရပ်စဲထားသော တိုင်း ရင်းသားအဖွဲ့များက လည်း ထောက်ပြလာ နေကြပါသည်။ အစိုးရကကျင့်သုံးနေသော ပြည်တွင်းစစ်သည် ၁၉၆၂ ခုနှစ် စစ်အာဏာရှင် ဦးနေ၀င်း အာဏာသိမ်းနောက်ပိုင်း စတင်လာခဲ့ရာ နှစ်ပေါင်း (၅၀) ခန့် ရှိနေပြီးဖြစ်သည်။


တိုင်းရင်းသားများ၏ အခွင့်အရေးကို ပြည်တွင်း စစ်နည်းဖြင့် အစိုးရ အဆက်ဆက်က လိမ်လည်ခြင်း၊ တပတ်ရိုက်ခြင်း၊ ချေ မှုန်းခြင်း၊ အပစ်အခတ်ရပ်စဲခြင်း၊ သွေးခွဲခြင်း ဖြင့်နည်း အမျိုးမျိုး ဖန်တီးပြီး ဖြေရှင်းလာခဲ့သည်မှာ ယနေ့ဦးသိန်းစိန်အစိုးရ တိုင်ဖြစ်သည်ဟု တိုင်းရင်းသားအဖွဲ့များကဆိုပါသည်။ ဤ သို့ကြောင့် အစိုးရသည် စစ်မှန်သောငြိမ်းချမ်းရေးကို တည် ဆောက်လိုစိတ် မရှိမချင်း  တိုင်းရင်းသားများသည် သတိကြီးစွာ ထားပြီး လက်ရှိ အစိုးရ၏ ငြိမ်းချမ်းရေး အစီစဉ်ကို စောင့် ကြည့်နေကြမည်သာ ဖြစ်ပါသည်။ 

Friday, August 17, 2012

ကချင်တို့၏ နိုးကြားမှု (သို့မဟုတ်) ပိုမိုကြီးမားကျယ်ပြန့်သော တော်လှန်ရေး


Friday, 17 August 2012 12:21

ပြုပြင်ပြောင်းလဲရေးဟု ခေါ်ဆိုကြသည့် နိုင်ငံရေးအပြောင်းအလဲ ကာလ အတွင်း ၂၀၁၁ ခုနှစ်၊ ဇွန်လ (၉)ရက်နေ့မှ စတင် ကာ ကချင်လွတ်လပ် ရေးတပ်မတော်သည် ဗမာ့တပ်မတော်ကို ပိုမိုရင်ဆိုင်တိုက် ခိုက်နေရ လျက်ရှိသည်။ ဗမာစစ်သားများ၏ ညှင်းပန်းနှိပ်စက်ခြင်းမှ ရှောင်တိမ်းရန် အတွက် မိမိတို့၏ ရပ်ရွာနေအိမ်များကို စွန့်ခွာထွက်ပြေးကြသော စစ်ပြေးဒုက္ခသည် အရေအတွက်သည်လည်း (၇၅၀၀၀) ကျော်လွန်လာပြီ ဖြစ်သည်။

ပိုမိုဆိုးရွားလာသော ပဋိပက္ခများ၊ ထွက်ပြေး တိမ်း ရှောင် ရခြင်းများနှင့် လူမှုဆင်းရဲဒုက္ခများကို ခါးစည်းခံနေ ရသည်မှာ တစ် နှစ်ကျော်ကြာ လွန်လာပြီ ဖြစ်သော်လည်း ကချင်လူမျိုးများမှာ ယခင်ကာလများ၌ မရရှိခဲ့ဖူးသည့် စည်းလုံးညီညွတ်မှု နှင့်အ တူ လွတ်မြောက်ရေးအတွက် စိတ်အားထက်သန် နိုးကြားလျက်ရှိ သည်။ ဆင်းရဲဒုက္ခခံစားနေရသည့် သွေးချင်းများကို ကူညီ ရန် ပြည်ပကချင်အဖွဲ့အစည်းများမှ ရန်ပုံငွေပွဲ များ ပြုလုပ်ကြသည်။

အရေးတယူလုပ်သည့် အဖွဲ့အစည်း၊ သတင်းမီဒီယာများထံ မိမိတို့၏ စိုးရိမ်ပူပန်မှုများကို ဝေမျှဆန္ဒ ထုတ်ဖော်ကြသည်။ အ ကာအကွယ်နှင့် ကူညီစောင့်ရှောက်ပေးရန် ထာဝရဘုရားသခင်ထံ ဆုတောင်း လျက်ရှိကြ သည်။ ပြည်တွင်း၊ ပြည်ပမှ ကချင် တစ်မျိုးသားလုံးမှလည်း ကချင် လွတ်လပ်ရေးအဖွဲ့/ တပ်မတော် (ကေအိုင်အို/ကေအိုင်အေ)၏ မူဝါဒနှင့် လုပ်ငန်းစဉ်များကို မည်သည့်အခါကမျှ မရှိခဲ့ဖူးသည့် ထောက်ခံမှုများဖြင့် အားပေး ထောက်ခံလျက်ရှိကြသည်။ ကချင်လူထု အများစု၏ ကိုယ် စားပြုအဖွဲ့ အစည်းအဖြစ် အသိအမှတ်ပြုခြင်းကို အမြင့်မားဆုံးရရှိသည့် အဖွဲ့အစည်းအဖြစ် ကေအိုင်အိုက ရပ်တည် နိုင်ခဲ့ပြီ ဖြစ်သည်။

သို့သော် ကချင်တို့သည် မဟူရာအမှောင်ည၏ တစ်ပွင့်တည်းသော ကြယ်တံခွန်ဖြစ်နေသည်။ အခြားသော တော်လှန် ရေး အင်အားစု များသည် အစိုးရနှင့် အပစ်ရပ်သဘောတူစာချုပ်များကို လက်မှတ်ရေး ထိုးထားပြီး ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းများသည်လည်း စွဲမက်နှစ်လိုဖွယ်ဖြစ်သော ဗမာအစိုးရ၏ သတို့သမီးဖြစ်လာနိုင် ရေးအတွက် ရည်ရွယ်ချက် အမျိုးမျိုးအဖုံဖုံဖြင့် ချဉ်းကပ်လျက်ရှိကြသည်။ အချို့သော ဗမာ့အရေး အလေးပေးသော ပြည်ပမီဒီယာတို့ပင်လျှင် ဗမာပြည် တွင်းမှ အဓိကပရိသတ်အင်အားကို ရှေးရှုကာ အစိုးရ၏ ဆောင်ရွက်ချက်များအပေါ် ယခင်ကဲ့သို့ ပြင်းပြင်းထန်ထန် ဝေဖန် ခြင်းမရှိကြတော့ပေ။
မြန်မာ့အလင်းကဲ့သို့သော အစိုးရသတင်းစာမှ ၀ါဒဖြန့်ခြင်းများကို သံယောင်လိုက်ကာ ကချင်အမျိုးသားတို့၏ တော်လှန် ရေးကိုပင် အပြစ်တင်ဝေဖန်လာကြသည်။ သို့မဟုတ် ကောင်းသတင်းများ ပလူပျံနေချိန်တွင် ကချင်အရေးနှင့် ဆက်နွှယ် နေသည့် သတင်းဆိုး များကို ရေးသားတင်ပြရန် တွန့်ဆုတ်နေခြင်းလည်း ဖြစ်ဟန်တူသည်။

ကချင်လူမျိုးတို့၏ အမျိုးသားရေးနိုးကြားမှု လက်ရှိအခြေအနေကို ကြားလူတစ်ဦး၏ အမြင်ဖြင့် ခိုင်းနှိုင်း ဖော်ပြမည်ဆိုပါက ပြင်သစ်လူမျိုး လူမှုဗေဒပညာရှင် Emile Durkheim အကျယ်တ၀ံ့အသုံးပြုခဲ့သည့် Anomie ဟူသည့်စကားလုံးဖြင့် ခိုင်းနှိုင်း ဖော်ပြနိုင်ပေလိမ့်မည်။ ကချင်တို့၏ လိုလားချက် ပန်းတိုင် ရောက်ရှိရန်အတွက် ကြိုးပမ်းနေသည့် နည်းလမ်းမှာ မြန်မာ့ နိုင် ငံရေး ရေစီးကြောင်းအခြေအနေနှင့် ဆန့်ကျင် ဘက်ကဲ့သို့ ဖြစ်နေသော်လည်း၊ ကချင်တို့ခံစားခဲ့ရသော အတွေ့အ ကြုံ များအရ မိမိတို့ လိုလားသော လွတ်လပ်မှု၊ မျှတမှုတို့ကို အပစ်ရပ်စဲခြင်း၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ခြင်း၊ နိုင်ငံရေးပြ ဿ နာကို ညှိနိုင်းအဖြေ ရှာခြင်း စသည့် အဆင့်များ ပါဝင်သည့် တွေ့ဆုံဆွေးနွေးခြင်းနည်း လမ်းဖြင့် ရနိုင်လိမ့်မည်ဟူသည့် မျှော်လင့်ချက် မရှိကြတော့ပေ။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေး လုပ် ဆောင်ချက်များကို နိုင်ငံတကာအ ဖွဲ့အစည်းများက ၀ိုင်းဝန်းထောက်ပံ့ခြင်း ကဲ့သို့သော ကူညီဖေးမမှုများကိုလည်း ရရှိနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကချင် တို့သည် မိမိကိုယ်ကို ကာကွယ်ရန်နှင့် မိမိတို့၏ ရပိုင်ခွင့်များအတွက် အခြားသူများနှင့် မတူသော၊ ထောက်ခံ အားပေးမှု နည်းသော နည်းလမ်းဖြင့် လက်ရှိ မြန်မာ့နိုင်ငံရေး အခင်း အကျင်းတွင် တိုက်ပွဲဝင်နေရခြင်း ဖြစ်သည်။

စိတ်ကောင်း စေတနာမွန်ဖြင့် ပြည့်စုံသော လူကြီးမင်းများ၏ အပယ်ခံဖြစ် နေရသော်လည်း၊ လွတ်မြောက်ရေးလှုပ်ရှားမှု၏ အရေးပါသော အကြောင်းအရာများကို ကချင်တို့ နားလည်သဘောပေါက်ခဲ့ကြသည်။ မှောင်မိုက်ခြင်း၏ အခြားတဘက်မှ လင်းရောင်ခြည်ကို အမျိုးသားရေး နိုးကြားသည့် ကချင်တို့ တွေ့ရှိခဲ့ကြသည်။

အင်အားကြီးမားသော ဗမာ့တပ်မတော်ကို အပြင်းအထန် ခုခံတွန်းလှန်နေ ရသောကာလအတွင်း ကချင်လွတ်လပ်ရေး တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်ထန်ဂမ်ရှောင်မှ လူထုတွေ့ဆုံပွဲတစ်ခုကို ၂၀၁၂၊ ဇန်န၀ါရီလ (၂၇) ရက်နေ့၌ လိုင်ဇာ မြို့တွင် ကျင်းပခဲ့သည်။ ဗိုလ်ချုပ်ဂမ်ရှောင် မိန့်ခွန်းပြောကြားရတွင် ကေအိုင်အို၏ ဗမာ့တပ်မတော်နှင့် ပြည်သူလူ ထုအ ပေါ်ထားရှိသော သဘောထားများ၊ ရည်မှန်းချက်၊ နည်းဗျူဟာများ နှင့် အမြင်များကို ပွင့်လင်းမြင်သာမှုရှိရှိဖြင့် ထပ် လောင်း ရှင်းလင်းပြော ကြားခဲ့သည်။ တော်လှန်ရေးသည် ကချင်လူထု၏ ပိုမိုကောင်းမွန်သော အနာဂတ်ကို ဦးတည်ကြောင်း လူထု အစည်းအဝေးများမှတဆင့် ရှင်းလင်းပြသနိုင်ခဲ့သည်။

အနောက်နိုင်ငံများနှင့် အင်အားကြီး အိမ်နီးချင်းနိုင်ငံများသည် မိမိတို့ အတွက် အဖြေမဟုတ် ဟူသည့် အမှန်တရားကို တကိုယ်တည်း တော်လှန်ရေးဆင်နွှဲခြင်းအားဖြင့် ကချင်တို့ နားလည်သဘော ပေါက်ခဲ့ကြ သည်။ မိမိတို့၏ လွတ်မြောက် ရေးအတွက် မည်သည့် တိုင်းနိုင်ငံ၊ မည် သည့် အဖွဲ့အစည်းကိုမျှ မှီခိုအားထားခြင်း မပြုနိုင်ကြောင်း ခါးသီးဖွယ်ဖြစ် သော်လည်း အမှန်တရားဖြစ်သည့် နားလည်မှုကို ရရှိခဲ့ကြသည်။ အဆမတန်အင်အားကြီးမားသော ဗမာ့တပ်မတော်ကို မိမိတို့ကိုယ်တိုင် ရင်ဆိုင်ခြင်းဖြင့် လွတ်မြောက်ရေးကို ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ် ကိုးကာ အမျိုးသားရေးစိတ် ဓါတ်ဖြင့် လုပ်ဆောင်ရတော့မည်ဖြစ်သည်။

 “မိမိအိမ်နောက်ဖေးမှ ချုံနွယ်များကို မိမိကိုယ်တိုင် ရှင်းလင်းရမည်” ဟူသည့် ကချင်စကားပုံကို ပိုမိုနားလည် သဘော ပေါက်ခဲ့ကြပြီ ဖြစ် သည်။ ကချင်မျိုးနွယ်စုဝင် မဟုတ်သော ရှမ်း၊ ပလောင် နှင့် ဂေါရခါး လူမျိုးများ သာမက ဗမာကျောင်း သားများပင်လျှင် ပြည်သူ့စစ်အဖွဲ့ (Mung Shawa Hpyen Hpung – MHH) ထံသို့ မိမိဆန္ဒအလျောက် ပူးပေါင်းပါ ၀င် လာကြသည်။ ကျူးကျော် ၀င်ရောက်လာသော ဗမာ့ တပ်မတော်ကို ကချင်လွတ်လပ်ရေးတပ်မတော်နှင့် လက်တွဲကာ ခုခံတွန်းလှန်နေခြင်းသည် ပြည်သူလူထုက မိမိတို့၏ ရည်မှန်းချက်ကို မိမိတို့ကိုယ်တိုင် ပုံသွင်းထုဆစ်နေသည့် ပြ ယုဂ် တစ်ခုဖြစ်သည်။

ဘုရားသခင်ပေးအပ်ထားသော မိမိတို့၏ အခြေခံအခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု ကချင် လူမျိုးတို့က တစ်မျိုးသားလုံးအသွင်နှင့်သာမက တစ်ဦးတစ်ယောက်ချင်းအနေနှင့်ပါ အခိုင်အမာ ပြောဆို နေကြ သည်။ အထီးကျန်အနေအထားတွင် ရောက်ရှိနေသော ကချင်လူမျိုးတို့သည် ကာကွယ်စောင့်ရှောက်မှု၊ အထောက်အပံ့နှင့် အဆုံး စွန်သော တရားဝင်မှုတို့ကို ထာဝရဘုရား သခင်ထံမှ တောင်းလျှောက်ကာ တော်လှန်ရေးကို ဆင်နွှဲနေကြခြင်း ဖြစ်သည်။ ဤတော်လှန်ရေးအားဖြင့် ကချင်တို့၏ နှစ်ထပ်ကွမ်း အောင်မြင်မှုဆီသို့ ဦးတည်ချီတက်နေကြသည်။ အောင်မြင်မှုနှစ်ခုမှာ ဘုရားသခင်ပေးထားသော မွေးရာပါ လူသားအခွင့်အရေး ပြန်လည် ရရှိမှုနှင့် ဗမာအာဏာပိုင်တို့မှ ကျူးကျော် သိမ်းဆည်း ထားသော မိမိတို့၏ နယ်မြေဒေသကို ပြန်လည်ပိုင်ဆိုင်ရရှိခြင်း တို့ပင်ဖြစ်ပေသည်။

[Jaiwa ရေးသားသော The Kachin Spring: An Eclipsed Revolution” ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ မူရင်းဆောင်းပါးကို http://kachinlandnews.com/?p=21830 တွင် ဖတ်ရှုနိုင်ပါသည်။]
(Translated by- ZAW MAN) 

မြန်မာစစ်တပ်မှ (၁၄) နှစ် အရွယ် မိန်းကလေးတစ်ဦးအား မုဒိန်းကျင့်

(jinghpawkasa)

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ တုံပင်ရွာမှ ဥက္ကဌ ဦးသိန်းဝင်း (ရှမ်း) ၏ သမီး မအိဖြူဝင်း အသက် (၁၆) အရွယ်ကို မိုးညှင်းအခြေစိုက် မြန်မာအစိုးရစစ်တပ် ခ.လ.ရ (၁၅) မှ တပ်ခွဲမှူး ဗိုလ်ကြီးဇော်ထက်မင်း ဦးဆောင်သော တပ်ခွဲမှ သြဂုတ်လ (၁၁) ရက်နေ့တွင် အဓမ္မပြု မဒိမ်းကျင့်ခဲ့ကြောင်း သတင်းရရှိပါသည်။ မအိဖြူဝင်းသည် ယခုချိန် အင်းတော်ကြီး လုံးတုံ ဆေးရုံတွင်  ဆေးကုသမှုခံယူနေကြောင်းနှင့် သွေးထွက်လွန်သောကြောင့် သတိမေ့မျော့လျက်ရှိကြောင်း သတင်းရရှိပါသည်။ ဖခင်ဖြစ်သူ ဦးသိန်းဝင်းမှ သမီးဖြစ်သူ မအိဖြူဝင်း၏ အမှုကို မိုးညှင်းခရိုင်ရုံးသို့ တိုင်ကြားထားသော်လည်း အရေးယူဆောင်ရွက်ပေးမှု တစုံတရာမရှိသေးကြောင်းသတင်းရရှိပါသည်။ ကချင်ပြည်နယ်ရောက် မြန်မာအစိုးရစစ်တပ်များသည် ယခုအခါ ကချင်ပြည်သူများကိုသာမက ကချင်ပြည်နယ်ရှိ ညီအစ်ကိုတိုင်းရင်းသားများကိုပါ အတင်းအဓမ္မ လုယက်၊ သတ်ဖြတ်၊ မဒိမ်းကျင့်ကာ နှိပ်စက်နေလျက်ရှိကြောင်း သတင်းရရှိပါသည်။

နယ်စပ်ရှိ စစ်ပြေး ဒုက္ခသည် (၄၅၀၀) ခန့် တရုတ်က မောင်းထုတ်



တရုတ်မြန်မာနယ်စပ် နောင်တောင်းဒေသရှိ ကချင်စစ်ပြေးဒုက္ခသည် စခန်း(၆) ခုမှ ဒုက္ခသည် (၄၅၀၀) ခန့်ကို သြဂုတ်လကုန် အပြီး ပြောင်း ရွှေ့ရန် တရုတ်ဒေသ အာဏာပိုင်များက တရားဝင်  ပြောဆိုလိုက် သည်။

ယန်လု၊ လော့ဖိုင့်၊ နားကောင်းကောင့်၊ ငါနောင်ပါ၊ လုံကောက်၊ ခါ့ဒေါင်း ပါ စသည့် စခန်းများ အနက် တရုတ်နိုင်ငံ အတွင်းရောက်ရှိနေသည့် ယန်လု နှင့် လော့ဖိုင် စခန်း တာဝန်ခံများအား သြဂုတ်လ (၁၄) ရက် နေ့ နံနက်က ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့မှ တာဝန်ရှိသူအချို့ အပါအ၀င် တရုတ်ဒေသ အာဏာပိုင်များက လာ ရောက် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မိုးတွင်းကာလ သွားလာရေး အခက်အခဲ ဖြစ်သည့်အပြင် စာသင် ကျောင်း များ ဖွင့်လှစ်ထားသဖြင့် လာမည့် ဆောင်းတွင်းကာလအထိ စောင့်ဆိုင်း ပေးရန် ဒုက္ခသည်များဖက်က တင်ပြခဲ့သော်လည်း တရုတ်အာဏာပိုင် ဖက်က လက်မခံသည့်အတွက် ကျောင်းသူ၊ ကျောင်းသား (၁၀၀၀) ကျော်၏ ပညာရေး နစ်နာမှုဖြစ်ရကြောင်း ဓမ္မဆရာ ခွန်ထွန်းက အခုလို ပြောသည်။

“အခုကျနော်တို့ ကမ့်(၆)ခုက မူကြိုကျောင်းသားတွေက (၃၃၇)ဦး ရှိတယ်။ သူငယ်တန်းကနေ လေးတန်း အထိက(၈၆၈)ယောက်ရှိ တယ်။ အားလုံး တစ်ထောင်ကျော်ရှိတယ်။ မနှစ်ကလည်း စာကောင်းကောင်း မသင်ရဘူး။ အခုလည်း ပြောင်းရွှေ့ရမယ်ဆိုတော့ တချို့အေးချမ်းတဲ့ မြို့လိုနေရာ တွေမှာ ကျောင်းသွား တက်ချင် ကြတယ်လေ။ အဲလို လူတွေအတွက် ကျောင်းထောက်ခံစာတို့ ကျောင်းထွက်လက်မှတ်တို့ လိုတယ်။ ဒီမှာက IDP စခန်းလည်း ဖြစ်နေတော့ ကျောင်းထွက်လက်မှတ် မပေးနိုင်ဘူး ဆိုတော့ ဒီနှစ်မှာ သူတို့ပညာရေးအတွက် တော်တော်လေးကို နစ်နာသွား နိုင်တယ်။” 

ပြောင်းရွှေ့ရေးနှင့် ပတ်သက်၍ တရုတ်အာဏာပိုင်များက KIA တပ်ဖွဲ့ ဒေသခံ အုပ်ချုပ်ရေးမှူး များမှတဆင့် ဖိအားပေး ပြောဆိုခဲ့ရာ KIA အရာရှိများက လူထုဆန္ဒအပေါ် မူတည်၍ ဆောင်ရွက် သင့်ကြောင်း တရုတ်အာဏာပိုင်များထံ တင်ပြခဲ့သော်လည်း တရုတ်ဖက်က လက်မခံခဲ့ကြောင်း သိရသည်။

လက်ရှိနေရာမှ (၁၆) မိုင်ခန့် ကွာဝေးသည့် KIA တပ်ဖွဲ့ ထိန်းချုပ်ရာ လနာ့ဇွပ် စခန်းသို့ ပြောင်းရွှေ့ရန် KIA ဖက်က စီစဉ်ထားသော်လည်း စခန်းတည်ဆောက်ရေး လုပ်ငန်းများ မပြီးပြတ်သေးသလို လောလောဆယ် ယင်းစခန်းရှိ သက်ကြီးရွယ်အိုများနှင့် လူမမယ် ကလေးငယ်များ ကျန်းမာရေး ချို့ယွင်းနေကြောင်း သိရသည်။

လွန်ခဲ့သည့် ဇူလိုင်လဆန်းပိုင်းက ယင်းစခန်းနှစ်ခုတွင် ၀မ်းပျက်၊ ၀မ်းလျောရာဂါဖြစ်ပွားခဲ့ပြီး ကလေးတဦး သေဆုံးခဲ့သလို အခြားစခန်းတခုဖြစ်သည့် ငါနောင်ပါစခန်းတွင်လည်း လူ(၆) ဦးခန့်  အသည်းရောင် အသားဝါ ရောဂါဖြစ်ပွားခဲ့ပြီး တယောက် သေဆုံးခဲ့သည့်အပေါ် ကူးစက်ရောဂါ ပြန့်ပွားလာမည့်အရေး တရုတ်အစိုးရ အာဏာပိုင်များက စိုးရိမ်မကင်းဖြစ်ခဲ့သည်။

ယင်းသို့ ဖြစ်ပွားပြီး တရုတ်အာဏာပိုင်များက ပြောင်းရွှေ့ရန် နှစ်ကြိမ်ခန့် လာရောက် ပြောဆိုခဲ့ရာ လော့ဖိုင့်နှင့် ယန်လုစခန်းမှ မိသားစု (၃၀) ခန့် အခြားနေရာတခုသို့ ထွက်ခွာသွားကြောင်း ဆရာခွန်ထွန်းက ပြောသည်။

“ယန်လုကမ့်က အိမ်ထောင်စု (၁၀) စုလောက်နဲ့ လော့ဖိုင့်ကမ့်က အိမ်ထောင်စု (၂၀) လောက်တော့ မန်ဝိန်းဖက်ကို ပြောင်းသွားတာရှိ တယ်။ ပြီးတော့ တိုက်ပွဲတွေ မဖြစ်တဲ့ တောတွေထဲမှာ သွားခိုပြီး နေကြတာတွေရှိတယ်။ လောလောဆယ် သူတို့ ဘယ်အဖွဲ့အစည်းက၊ ဘာပစ္စည်းမှ အကူအညီ  မရကြဘူးလို့ သိရတယ်။”

တချိန်တည်းတွင် ကချင်ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့ (KPN) မှ ဦးဆောင်၍ နာရေးကူညီမှု အသင်း (ရန်ကုန်)၊ ကလေးချစ်သူများ ကွန်ယက်၊ အဖြူရောင် တွဲလက်များအဖွဲ့တို့ အပါအ၀င် ကုမုဒြာနှင့် မော်ဒန် ဂျာနယ် (၂) စောင်မှ သတင်းထောက်အဖွဲ့များ စုပေါင်း၍ တရုတ်မြန်မာ နယ်စပ်ရှိ စစ်ပြေး ဒုက္ခသည်များ၏ လိုအပ်မှုများကို လာရောက် လေ့လာခဲ့ကြောင်း သိရသည်။

ယင်းအဖွဲ့က KIO ဌာနချုပ် လိုင်ဇာမြို့သို့ ယနေ့ နံနက် ရောက်ရှိကာ ဆေးဝါးအချို့နှင့် ဆေးရုံသုံးပစ္စည်း ကရိယာ အချို့တို့ လှူဒါန်းခဲ့ပြီး မိုးမောက်မြို့နယ်အတွင်း မိုင်ဂျာယန် ဒုက္ခသည် စခန်းသို့ သွားရောက်ရန် အစီအစဉ်ရှိကြောင်း သိရသည်။

အစိုးရတပ်နှင့် KIA တို့ တနှစ်ကျော်ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် မြို့ပေါ်ဒေသ အပါအ၀င် တရုတ်ပြည် နယ်စပ်တလျောက်နှင့် KIO ဌာနချုပ် လိုင်ဇာမြို့သို့ ထွက်ပြေး ရောက်ရှိလာသည့် ဒုက္ခသည်ပေါင်း (၇) သောင်းခန့် ရှိပြီဟု ဒုက္ခသည် ကူညီပေးရေးအဖွဲ့များက ခန့်မှန်းပြော ဆိုသည်။

Thursday, August 16, 2012

မြစ်ကြီးနားမြို့ စည်ပင်ဆိပ်တွင် အကြမ်းဖက်မှု ဖြစ်ပွား

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့တွင် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့ (ကြာသပတေးနေ့) ည ၉ နာရီ ပတ်ဝန်းကျင်တွင် အကြမ်းဖက်မှုတစ်ခုဖြစ်ပေါ်ခဲ့ပါသည်။

ဖြစ်ပွားသည့်နေရာမှာ ဧရာဝတီမြစ်ကမ်းဘေး မြို့ကြီးနားမြို့ မြို့နယ်စည်ပင်ရုံးနှင့် ကပ်ရက် စည်ပင်ဆိပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရာသီဥတု ပူအိုက်သောကြောင့် ဆိပ်ကမ်းဘေးတွင် အနားယူသူများဖြင့် စည်ကားလျက်ရှိသည်။
ထိုအချိန်အတွင် အမည်မသိ လူငယ်တစ်စုမှ တုတ်၊ ဓားများဖြင့် ရောက်ရှိလာပြီး လာရောက် အကြမ်းဖက်ခြင်းဖြစ်သည်။ လူအများမှ ၄င်းတို့ကို မြင်သောကြောင့် ထွက်ပြေးကြသည်။
၎င်းတို့အုပ်စုမှ တုတ်များ၊ ကျောက်ခဲများ၊ အုတ်ခဲများဖြင့် လူအုပ်ကြီးကို လိုက်လံပစ်ခတ်ခဲ့ပါသည်။

ကျန်ခဲ့သော အချို့တစ်ဝက်မှာ တုတ်များဖြင့် ဆိပ်ကမ်းနားတွင် ရပ်ထားသော ဆိုင်ကယ်အမြောက်အများကို ရိုက်ခွဲ ဖျက်ဆီးကြသည်။
၎င်းတို့၏ ဖျက်ဆီးမှုကြောင့် ဆိုင်ကယ်တော်တော်များများ ပျက်စီးသွားကြောင်းလဲ သိရပါသည်။
ဆိုင်ကယ်အစီး ၂၀ ခန့် ပျက်စီးကြောင်း ၄င်းအဖြစ်အပျက်တွင် ကြုံခဲ့သော သူတစ်ယောက်ပြောပြချက်မှ သိရှိရပါသည်။

အချို့မှာ အရိုက်ခံရပါသည်။ အချို့မှာလည်း ခဲမှန်သောကြောင့် ဒဏ်ရာများ အနည်းငယ်ရရှိခဲ့ကြောင်းလည်း ဆက်လက်သိရှိရသည်။ ထိုအုပ်စုများ ရမ်းကားပြီးနောက်ထွက်ခွာသွားကြသည်။ တာဝန်ကျရဲများမှလည်း ထိုအကြောင်းအရာကို ဆက်လက်စုံစမ်းနေကြောင်းသိရှိရသည်။

ထိုကဲ့သို့ အကြောင်းမဲ့ အကြမ်းဖက်သူများကို အရေးယူပေးစေလိုကြောင်း ကြုံတွေ့ရသူများက ရဲများကိုပြောသည်။

KIA နှင့် အစိုးရတပ် တိုက်ပွဲများ နှစ်ဖက် အကျအဆုံးရှိ

(ကချင်သတင်းဌာန)

ထိုးစစ်ဆင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသော ကချင်ပြည်နယ်တွင် အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ကြား ယမန်နေ့ သြဂုတ် ၁၅ ရက်တွင် အနည်းဆုံး ၃ နေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။
KIA တပ်မဟာ (၄) နယ်မြေ ရှမ်းပြည်မြောက်ပိုင်း မုန်းလုံ (Mung Lung) ဒေသရှိ နားခါး (Na Hka)နှင့် တောဂွတ် (Taw Guk) ကြားတွင် မြန်မာ အစိုးရတပ် ခလရ (၉၅)နှင့် တပ်မ (၈၈) တပ်ပေါင်းစု စစ်အင်အား ၇၀ ကျော်နှင့် KIA တပ်ရင်း (၃၄) တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရ သူများရှိသော်လည်း အတိအကျမသိရသေးကြောင်း ရှေ့တန်းသတင်း မှသိရသည်။
ယမန်နေ့ KIA တပ်မဟာ (၅) နယ်မြေတွင်လည်း  ဒွမ်ဘန်ဘွမ် (Dumbang Bum) မှ နမ်ဆန်ယန် (Namsan Yang) စရဖ ရုံးဘက် ရောက်ရှိလာသော မြန်မာအစိုးရတပ် ခမရ (၃၉၀) စစ်အင်အား (၁၀၀) ကျော်နှင့် ပေါ်ဆဲ (Pau Se) အနီးတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှု မသိရသေးကြောင်း လိုင်ဇာ ဗဟိုဌာနချုပ်မှ အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
တိုက်ပွဲဖြစ်ပွားခဲ့ချိန်တွင်း ဒွမ်ဘန်ဘွမ် (Dumbang Bum)နှင့် လိုင်လွမ်အောင်ဂျာ (Lailum Awng Ja) အစိုးရစစ်တပ်မှ (၈၁ မမ) လက်နက်ကြီးများနှင့် နမ်ဆန်ယန် (Namsan Yang) ဖက်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဂန်ဒေါင်ယန် (Gangdau Yang) အစိုးရတပ်စခန်းမှလည်း (၁၀၅ မမ) လက်နက်ကြီးများနှင့် (၁၇) ကြိမ်ပစ်ခတ်ခဲ့သည်ဟု KIA သတင်းစဉ်အရသိရသည်။
အစိုးရနှင့်တိုက်ပွဲများသည် ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ပြီး သြဂုတ် ၁၃ ရက်နေ့ KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၈)နှင့် အစိုးရတပ်ပေါင်းစုများ မဂွေဘော်ဘွမ် (Magwibaw Bum) တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် KIA တပ်ကြပ်ကြီးတဦး ကျဆုံးပြီး တပ်သား တဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မဟာ (၄) အရာရှိပြောသည်။
ပြီးခဲ့သည့်အပတ် သြဂုတ် ၈ ရက်နေ့ နံနက်ပိုင်းတွင် KIA တပ်ရင်း (၈) ဒေသ မုန်းမောပါ-မန်ဟိုင်းဈေးတွင် မြန်မာအစိုးရတပ် ခမရ (၃၂၄) တပ်မှ တပ်သား ၇ ဦးသည် ဈေးဝယ်နေချိန် KIA တပ်သား ၆ ဦး အရပ်ဝတ်စုံဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့မှုဖြစ်ပွားခဲ့ပြီး KIA ၁ ဦး ကျဆုံး၍ အစိုးရ တပ်သား ၄ ဦးသေဆုံးကာ ၁ ဦးဒဏ်ရရှိကြောင်း အရာရှိတဦးပြောသည်။
ဤသို့ဖြစ်ပွားခဲ့ပြီးနောက် ၎င်း KIA တပ်မဟာ (၄)အောက် တပ်ရင်း (၈) နေရာတွင် မြန်မာအစိုးရ စစ်အင်အား ၃၀၀ ကျော် အင်အားထပ်မံတိုးချဲ့ ထားကြောင်းသိရသည်။
ထို့ပြင် အစိုးရတပ် အင်အားတိုးချဲ့မှုများသည် တပ်မဟာ (၄) အောက် တပ်ရင်း (၃၄) မုန်မစ် (မိုးမိတ်) ဒေသတွင် မြန်မာအစိုးရတပ်ရင်း (၁၀) ခုမှ စစ်အင်အားအမြောက်အများ တိုးချဲ့ထားကြောင်းသိရသည်။ မုန်တုံ (Man Dung) ဒေသတွင်လည်း ခလရ (၉၅၊ ၁၁၆၊ ၁၃၀၊ ၁၁၄)၊ ခမရ (၅၀၁၊ ၅၀၂၊ ၅၀၃) နှင့် တပ်မ (၄၄၊ ၈၈) တပ်များ ထားရှိကြောင်း သိရသည်။
KIA တပ်မဟာ (၄) အောက် တပ်ရင်း (၂) ဒေသ ယိန်းမော (Ying Maw)၊ ဘာဖန် (Ba Hpang) လွယ်တောင်း (Loi Tawng)၊ လွယ်ဝေါန့် (Loi Wawng)၊ ရှိန်ဗွေ (Shing Bwi)၊ မန်ဂန် (Man Gang) တွင်လည်း  မြန်မာအစိုးရ စစ်အင်အား ခလရ (၂၄၁၊ ၂၄၂၊ ၂၉၀၊ ၁၂၈၊ ၁၂၉) တပ်များ အင်အား ၃၀၀ ကျော်တိုးချဲ့ ထားကြောင်း တပ်မဟာ (၄) အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
ယခု ချိန်မြန်မာအစိုးရတပ်သည် ကချင်လွတ်မြောက်ရးတပ်ဖွဲ့ KIA တပ်ချထားသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ဖက်တွင် အဓိက စစ်မျက်နှာ (၄) ဖက်ဖွင့်၍ အင်အားတိုးချဲ့ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ၄င်းတို့သည် ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ (၄)၊ ဗဟိုဌာနချုပ် လိုင်ဇာ၊ ဆဒုံးနှင့် ပန်ဝါ ဒေသများဖြစ်ကြောင်း KIA အရာရှိများပြောသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၏ ထုတ်ပြန်ချက်ပေါ် KIO ကန့်ကွက်

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ သြဂုတ်လ ၁၄ ရက်နေ့ထုတ် သတင်းထုတ်ပြန်ချက်တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)သည် လူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်ခြင်းရှိနေပြီး တပ်သားသစ်အဖြစ် အတင်းအဓမ္မစုဆောင်းခြင်းကိုမပြုလုပ်ရန် တိုက်တွန်းထားခြင်းအပေါ် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ ကန့်ကွက်လိုက်သည်။
အစိုးရနှင့် KIO  နှစ်ဘက်စလုံး လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေပြီး ကာယကံရှင်များနှင့် တွေ့ဆုံမေးမြန်းခဲ့သည်ဟု လူ့အခွင့်အရေးကော် မရှင်မှ ပြောဆိုခဲ့ခြင်းအပေါ် အဖြစ်မှန်ကို အသေးစိတ်ထုတ်ဖော်ပြော ဆိုခြင်းမရှိကြောင်းနှင့် အစိုးရက ခန့်ထားသောအဖွဲ့ဖြစ်သောကြောင့် အစိုးရဘက်လိုက်သော ထုတ်ပြန်ချက်သာဖြစ်သည်ဟု KIO ဒု အထွေထွေအတွင်းရေးမှူး-၂ ဦးလာနန်က ဝေဖန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“သူတို့အနေနဲ့ လာရောက်တယ်ဆိုတာက နှစ်ဖက်က လက်နက်ကိုင် တပ်ဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတာကို သူတို့ဘယ်မှာ ဆုံးဖြတ်လို့ရလဲ။ အဲဒီမြစ်ကြီးနားမြို့မှာပဲ ရောက်ပြီး သူတို့ အထူးရွေးပြီး ခေါ်ထားတဲ့သူတွေနဲ့ မေးပြီးရတဲ့ ဟာကိုပဲ ချုံပြီးပြောလိုက်တာဆိုရင် တော့ သူတို့ မြန်မာအစိုးရတွေရဲ့ လူ့အခွင့်အရေးကော်မရှင်ရဲ့ သိက္ခာ တော့ရှိတော့မှာ မဟုတ်ဘူး။ အဲဒါကြောင့် အချုပ်အနေနဲ့ပြောမယ်ဆိုရင် အခုသူတို့လုပ်တာက တဖက်မှာပဲရပ်ပြီးပြုလုပ်တဲ့ ကော်မရှင်တစ်ခု ဖြစ်တယ်လို့ပြောချင်တယ်။ အဲဒါကြောင့် သူတို့ပြောတာကို ကျနော်တို့ KIO အနေနဲ့ ကန့်ကွက်ချင်တယ်။”
ထို့အတူ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့၏ ကချင်ပြည်နယ် ခရီးစဉ် သတင်းထုတ်ပြန်ချက်အပေါ်လည်း နှစ်ဖက်မျှတမှုမရှိကြောင်း သုံးသပ် ပြောဆိုနိုင်သည်ဟု ဆက်ဆိုသည်။
“ဒီအဖွဲ့က အစိုးရအတွင်းကနေ ဖွဲ့စည်းထားတဲ့ ကော်မရှင် အဖွဲ့တစ်ခုဖြစ် တဲ့အတွက် အစိုးရကြိုက်သလို ပြောဖို့ သူတို့မှာ တာဝန်ရှိတယ်။ အခုဖြစ်သွားတဲ့ အဖြစ်အပျက်တွေကို ဘယ်လိုဖြစ်တယ်။ ဘယ်လို နည်းလမ်းနဲ့ဖြစ်တယ် ဆိုတာကို သူတို့မစုံစမ်းဘူး။ ကြားတာကိုပဲ လူ့အခွင့် အရေးချိုးဖောက်တယ်ဆိုပြီး ဆုံးဖြတ်ပြောတယ်လို့ မြင်တယ်” ဟု KIO ဒု-အထွေထွေအတွင်းရေးမှူး ဦးလာနန်ကပြောသည်။
လူ့အခွင့်အရေး ကော်မရှင်သည် မြစ်ကြီးနားမြို့နယ် တာလောကြီး ကျေးရွာမှ သက်သေများ၏ ထွက်ဆိုချက်အရ KIA မှ တာလောကြီးရွာ သားများအား တပ်သားသစ်အဖြစ် အတင်းအဓမ္မ စုဆောင်းခြင်းရှိခဲ့ ကြောင်းနှင့် KIA ပြည်သူ့စစ်အဖြစ်ဆောင်ရွက်နေသူ တာလောကြီးရွာ သား (၅၃) ဦးအလင်းဝင်ရောက်ခဲ့သည်ဟု ဖော်ပြထားသည်။
ကချင်ပြည်နယ်မှ တိုင်ကြားစာနှင့်ပတ်သက်၍လည်း သက်သေများအား ခေါ်ယူစစ်ဆေးချက်အရ လူ့အခွင့်အရေး ချိုးဖောက်မှုအချို့တွေ့ရှိရ ကြောင်းနှင့် တပ်သားသစ်များ အဓမ္မစုဆောင်းခြင်းမပြုရန် တိုက်တွန်း ထားခြင်းအပေါ် KIA အနေဖြင့် တိုက်ပွဲဖြစ်ပွားလာခြင်းကြောင့် မိမိဒေသ အား ကာကွယ်နိုင်ဖို့ အင်အားဖြည့်ရန် စစ်သားစုဆောင်းခြင်းကို လူ့အခွင့် အရေးချိုးဖောက်ခြင်းဟု မဆိုနိုင်ကြောင်း  ဦးလာနန်မှ ဆက်ဆိုသည်။
“ဒီနေ့ ကျနော်တို့ဒေသမှာ စစ်ဖြစ်တာမရှိလို့ရှိရင် စစ်သားစုဆောင်းတာ လည်းရှိမှာ မဟုတ်ဘူး။ အောက်ပိုင်းက မြန်မာအစိုးရတပ်ဖွဲ့တွေ ထောင် ဂဏန်း ကိုယ့်ဒေသမှာ ထိုးစစ်ဆင်လာတာကြောင့် မိမိဒေသမှာရှိနေတဲ့ ပြည်သူလူထုတွေက အောက်ပြည်ကရောက်လာတဲ့ ရန်သူတွေကို ပုန်ကန်ဖို့လိုလာတယ်။ ဒီလို လိုလာတယ်ဆိုတော့ ကိုယ်ကလက်နက် ကိုင်တပ်ဖွဲ့တစ်ခုကို ပုန်ကန်ဖို့ဆိုရင် ကိုယ့်ဖက်မှာလည်း လက်နက်ကိုင် တပ်ဖွဲ့တွေ အင်အားများရမယ်။ အဲဒါကြောင့် ဒီနေ့ ကျနော်တို့ဒေသ တွေမှာ စစ်သားစုဆောင်းတယ်ဆိုတာ ရှိလာတာဖြစ်တယ်။ ဒီဟာကို လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုပြီး ပြောရင်တော့ မမှန်ဘူးလို့ပြော ချင်တယ်။ အစိုးရက စစ်အင်အားနဲ့ ထိုးစစ်ဆင်လာတယ်ဆိုတော့ ကိုယ့်ဘက်က ကာကွယ်နိုင်ဖို့ စစ်အင်အား များလာအောင် ရှိလာအောင် ပြုလုပ်တဲ့ နည်းလမ်းတစ်ခုပဲ” ဟု ဦးလာနန်ကပြောသည်။
KIA မှ စစ်သားစုဆောင်းမှုပြုလုပ်နေသော်လည်း အသက်မပြည့်သေး သောကလေးများနှင့် ကိုယ်ခန္ဓာကျမ်းမာခြင်းမရှိသော သူများကို ခေါ်ယူခြင်းမရှိပဲ ကျမ်းမာရေးစစ်ဆေးပြီးမှသာ KIA တာဝန် ထမ်းဆောင် ခွင့် ပေးခြင်းဖြစ်ကြောင်း ပြောဆိုသည်။
လူ့အခွင့်အရေးကော်မရှင်အဖွဲ့များမူ နယ်ခြားဒေသများသို့ မသွားနိုင်ခဲ့ ခြင်းသည် လုံခြုံရေးအရ စိတ်ချမှုမရှိသောကြောင့်နှင့် နှစ်ဘက် မည်သို့ဖြစ်သည်ကို ဖော်ပြခြင်းမရှိခြင်းသည် လည်း နှစ်ဘက် တပ်ဖွဲ့အား သွေးထိုးသည့်သဘော ဖြစ်မည်ကိုစိုးရိမ်သဖြင့်၊ ပြည်သူလူထု၏ စိုးရိမ်မှု ပိုမိုကြီးထွားစေမည်ကို မလိုလားသောကြောင့် နှစ်ဘက် မျှပြီး တိုက်တွန်း ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ အတွင်းရေးမှူး ဦးစစ်မြိုင်က ဗီအိုအေ သတင်းဌာနတွင် ပြောဆိုထားသည်။
ကချင်ပြည်နယ်တွင်း အစိုးရတပ်ဖက်မှ ထိုးစစ်များရပ်နားခြင်းမရှိပဲ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲကာလ တွင် KIA ဖက်မှ စစ်သားစုဆောင်းမှုများ ဆက်လက်ပြုလုပ်နေခြင်းကို ငြိမ်းချမ်းရေး လိုလားသောလူထုများတွင် လည်း ထောက်ခံသူများရှိနေသကဲ့သို့ ကန့်ကွက်သူများလည်း ရှိနေကြောင်း ဒေသခံများပြောသည်။
တပ်သားစုဆောင်းမှုတွင်လည်း ပြီးခဲ့သည့်လ ၀ိုင်းမော်မြိ့နယ် နမ့်ဝါ (Nam Wa) ကျေးရွာမှ ရွာသား ၁၀ ဦးအား KIA မှ စုဆောင်းသွားခဲ့စဉ် တချို့ရွာသားများကို အိမ်တွင်း အခက်အခဲကြောင့် ပြန်လွှတ်ပေးခဲ့ ကြောင်း  နမ့်ဝါ ဒေသခံတစ်ဦးကပြောသည်။
“တချို့ကိုတော့ ပြန်လွှတ်လိုက်တယ်။ မိဘမဲ့ ကလေးတွေ တကယ် အိမ်မှာ အခက်အခဲရှိတာကို သူတို့မိသားစုက တင်ပြနိုင်တဲ့သူတွေကို တော့ လွတ်လိုက်ပြီ။ တချို့ပညာတတ်တဲ့သူတွေကိုတော့ ဆေးပညာတွေ သင်ပေးမယ်ဆိုပြီး ဘာမပြောတော့ဘူး” ဟု နမ့်ဝါကျေးရွာဒေသ အမျိုးသားပြောသည်။
အဓမ္မစစ်သားစုဆောင်းခြင်းနှင့်ပတ်သက်၍ လူ့အခွင့်အရေးချိုးဖောက်မှု ဟုတ်မဟုတ် နှစ်ဖက် ဝေဖန်ပြောဆိုမှုများသည်လည်း မတူညီသော အယူအဆ၊ ခံယူချက်များအရ အမြင်ကွဲလွဲနေခြင်းဖြစ်ကြောင်း ထိုင်း အခြေစိုက် ကချင်အမျိုးသမီးအဖွဲ့ KWAT မှ ပြောရဲဆိုခွင့်ရှိသူ ဒေါ်မွန်းနေလီပြောသည်။
“KIO အနေနဲ့ စစ်သားစုဆောင်းတယ်ဆိုတာကို ကြည့်မယ်ဆိုရင် အဲဒါကို လူ့အခွင့် အရေးချိုးဖောက်တယ်လို့ ပြောမလား။ အမျိုးသားရေးမှာ ပူးပေါင်းဆောင်ရွယ်တယ်လို့ပြောမလားလေနော်။ အဲဒါက တစ်ယောက်နဲ့ တစ်ယောက် ခံယူတဲ့ အယူအဆက မတူရင်မတူမှာလေနော်။ စစ်သား စုဆောင်းတာကိုလည်း တော်လှန်ရေးတစ်ခုဖြစ်နေတဲ့အတွက်ကြောင့်မို့ သူတို့အနေနဲ့ လုပ်သင့်လုပ်ထိုက်လို့ လုပ်တာပဲဟု တော့မြင်တယ်လေ” ဟု မွန်းနေလီကပြောသည်။
အဖွဲ့ဝင် (၁၅) ဦးပါသော မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့မှ ဇူလိုင်လ ၂၃ ရက်မှ ၂၇ ရက်နေ့အထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ၀ိုင်းမော်မြို့များသို့ သွားရောက်၍ စစ်ပြေးဒုက္ခသည် စခန်း ၁၆ ခုတွင် လေ့လာခဲ့ပြီး နှစ်ဖက်တပ်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေများကို တွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။
(ကချင်သတင်းဌာန)





စရဖ အရာရှိ တရားရုံးကို မထီမဲ့မြင်လုပ်

(ဧရာဝတီသတင်းဌာန)


ကချင်တိုင်းရင်းသား ဦးလထော်ဘရန်ရှောင်အား ဖမ်းဆီးပြီး တရားစွဲဆို ထားမှုနှင့် ပတ်သက်၍ တရားရုံး၌ တရားလိုပြ သက်သေ အဖြစ် ထွက်ဆိုသူ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့(စရဖ) အရာရှိက တရားခွင် အတွင်း မထီမဲ့မြင် ဆက်ဆံမှုများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။
မြစ်ကြီးနား မြို့နယ် အစိုးရထိန်းချုပ်မှုအောက်ရှိ ဂျန်မိုင်ကောင် စစ်ပြေး ဒုက္ခသည်စခန်း၌ ဒုက္ခသည်အဖြစ်နှင့် ခိုလှုံနေသော ဦးဘရန်ရှောင်ကို ကချင်ပြည်လွတ်လပ်ရေး အဖွဲ့(KIO)၏ ဝန်ထမ်းနှင့် ဖောက်ခွဲရေး သမားဟု စွပ်စွဲဖမ်းဆီးထားပြီး စရဖ အဖွဲ့က မြစ်ကြီးနား မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသည်။
ယင်းသို့ စွဲဆိုချက်များနှင့် ပတ်သက်၍ ဦးဘရန်ရှောင်၏ ရှေ့နေ ဦးဂျီမာခါး က ယမန်နေ့က ရုံးချိန်းတွင် စစ်ဆေးမေးမြန်းရာ၌ တရားလိုပြသက်သေ အဖြစ် ထွက်ဆိုသော တပ်ကြပ်ကြီး စောလှထူးက မထီမဲ့မြင် ပြုမူ ဆက်ဆံခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောပြသည်။
“ကျနော်မေးခွန်းမေးတဲ့ အချိန်မှာ သူကနားမထောင်ဘူး၊ စာပဲ ငုံ့ပြီးဖတ် နေတယ်၊ ကျနော်မေးပြီးရင် သူက ဘာပြောတာလဲ ဆိုပြီး မထီတထီနဲ့ ထပ်ခါထပ်ခါ ပြန်မေးတယ်၊ တရားရုံးထဲမှာ တာဝန်အရ မေးမြန်းချိန်မှာ ဒါမျိုးလုပ်ခွင့်မရှိပါဘူး၊ ကျနော်လည်း တရား သူကြီးကို ပြောတဲ့အခါ တရားသူကြီးက စာဖတ်လို့မရဘူး၊ မေးတာကို ဖြေပေးပါဆိုမှ သူဆက်မလုပ်တော့တာ”ဟု ဦးဂျီမာခါး က ဧရာဝတီသို့ ပြောသည်။
ဦးဘရန်ရှောင်သည်၂၀၀၂ ခုနှစ်တွင် KIO ၌ စတင် တာဝန်ထမ်းဆောင် ခဲ့ပြီး ကိုယ်ပိုင်အမှတ် A-18555 ဖြစ်ကြောင်း စရဖ က စွပ်စွဲရာ ထိုစွဲချက် နှင့်ပတ်သက်၍ ယင်းသို့နံပါတ်စဉ်မျိုးသည် KIO ၌ ၁၉၈၀ ခုနှစ်နောက် ပိုင်းတွင် သုံးစွဲခြင်းမရှိတော့ကြောင်း ယခု လက် ရှိ သုံးစွဲနေသည့် ကိုယ်ပိုင်နံပါတ် များနှင့် လွဲမှားနေကြောင်း လေ့လာသိရှိချက်များနှင့် ထောက်ပြ ပြောဆိုရာတွင် တပ်ကြပ်ကြီး စော လှထူးက ဒေါသဖြင့် ကြမ်းတမ်းစွာ အော်ဟစ် ပြောဆိုသည်ဟုလည်း ၎င်းက ဆိုသည်။
“ကျနော်ကမေးတဲ့အခါမှာ သူမဖြေနိုင်တော့ဘဲနဲ့ ထအော်တယ်၊ ခင်ဗျားက KIO နဲ့ ဆက်သွယ်လို့လား၊ ခင်ဗျားက KIO မို့လို့လား အဲဒီလောက်သိရအောင်ဆိုပြီး မဲတာပေါ့။ တရားရုံးမှာ မထီမဲ့မြင်လုပ် တာပေါ့၊ တရားသူကြီးက ခင်ဗျားအဲဒီလိုမပြောနဲ့ မေးတာပဲဖြေ ပါဆိုမှ ငြိမ်သွားတယ်”ဟု ဦးမာခါး က ပြောဆိုသည်။
ထို့အပြင် ဦးဘရန်ရှောင်အားဖမ်းဆီးထားစဉ်က နှိပ်စက်ဒဏ်ရာများနှင့် ပတ်သက်၍ မေးမြန်းရာတွင် ၎င်းတို့ စရဖ အဖွဲ့က နှိပ်စက်ခြင်း မဟုတ် ကြောင်း၊ ဦးဘရန်ရှောင်ရရှိထားသော ဒဏ်ရာများမှာ ၎င်းတို့ မဖမ်းဆီး မီက ဆိုင်ကယ်မှောက်ရာမှ ရရှိထားသော ဒဏ်ရာများသာ ဖြစ်ကြောင်း တပ်ကြပ်ကြီး စောလှထူးက ထွက်ဆိုခဲ့သည်ဟုလည်း သိရသည်။
သို့သော် ဇူလိုင်လ ၂၄ ရက်နေ့ရုံးချိန်းတွင် ဦးဘရန်ရှောင်အား ဖမ်းဆီးခဲ့ သူ မြစ်ကြီးနားခရိုင် ဒုစရိုက် နှိမ်နှင်းရေး တပ်ဖွဲ့မှ ဒုရဲအုပ် ဦးကျော်မျိုးနိုင် က တရားလိုပြ သက်သေအဖြစ် ထွက်ဆိုခဲ့ရာတွင် ၎င်းအနေဖြင့် ဦးဘရန်ရှောင် သည် ဗုံးဖောက်ခွဲမှုတွင် ပါဝင်သူ တဦးဖြစ်ကြောင်း စရဖ ၏ သတင်းပေးချက်အရ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး နှိပ်စက်မေးမြန်းမှုတွင် မပါဝင်ကြောင်း ထွက်ဆိုထားသည်။
တရားရုံးတွင်ဖြစ်ပျက်ခဲ့သော အခြေအနေများနှင့်ပတ်သက်၍ တပ်ကြပ်ကြီး စောလှထူး ကို ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ် မှု ရရှိခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မပြုခဲ့ပေ။
ဦးဘရန်ရှောင်၏ ဒဏ်ရာများနှင့် ပတ်သက်၍ ဇနီးဖြစ်သူ ဒေါ်ညွယ်ဇယ် က “သူ့ကို စပြီးဖမ်း သွားတုန်းကဆိုရင် ဘာဒဏ်ရာ ဒဏ်ချက် မှ မရှိဘူး၊ အခုကြတော့ သူတို့နှိပ်စက်ထားပြီးမှ အကုန်လုံး မျက်နှာမှာ မီးနဲ့ကင် ထား၊ မျက်ခုံးပေါ်မှာလည်း ဆေးလိပ်မီးတွေနဲ့ တို့ထား၊ ခြေသလုံးမှာ လည်း ရိုက်ထားပြီးတော့မှ တကယ်ဆို ဘရန်ရှောင်က ဆိုင်ကယ်လည်း မစီးတတ်ဘူး၊ စက်တောင်နှိုးတတ် တာ မဟုတ်ဘူး၊ ကျမတို့မှာ ဆိုင်ကယ် ရော၊ စက်ဘီးရောမရှိဘူး၊ သွားလို့ရှိရင်လည်း ခြေကျင်ပဲသွားတာ၊ ဒီစခန်းကလူတွေ အကုန် မျက်မြင်ပဲ”ဟု ဧရာဝတီသို့ ပြောသည်။
ဦးဘရန်ရှောင် ရုံးချိန်းကို နှစ်ဘက်ရှေ့နေ၊ တရားလို တရားခံမှအပ တရားရုံးအတွင်း ကြားနာခွင့် ပိတ်ပင်ကြောင်း မြစ်ကြီးနား မြို့နယ် တရားရုံးက အမိန့်ထုတ်ပြန်ထားသဖြင့် ဇနီးဖြစ်သူနှင့် ဒေသခံများ ဝင်ရောက်ကြားနာခွင့် မရခဲ့ပေ။ သို့သော်လည်း တရားခွင် ပြင်ပတွင် တွေ့ခွင့်ရရှိခဲ့ကြောင်း ဒေါ်ညွယ်ဇယ် က ပြောပြသည်။
၎င်းနှင့်တွေ့ရှိချိန်တွင် ဦးဘရန်ရှောင်၏ ဒဏ်ရာများမှာ အပေါ်ယံသက် သာမှုများတွေ့ရသော်လည်း ထိုဒဏ်ရာများကြောင့် ဘယ် ဘက် နားတဘက်လုံးဝ မကြားတော့ကြောင်း၊ ကျန်းမာရေး ထိခိုက်မှုများရှိ နေကြောင်း ဆက်ပြောသည်။
“နေမကောင်းဘူးလို့ပြောတယ်၊ ရင်ဘတ်မှာလည်း တအားနာတယ်၊ ချောင်းဆိုးရင်လည်း သွေး တွေပါတယ်တဲ့၊ စကား ပြောလို့ သိပ်မရဘူးတဲ့၊ ဘယ်ဘက် နားတဘက် လုံးဝ မကြားတော့တာ၊ ကျမတို့ပြောတာက တမျိုး သူကြားတာက တမျိုး၊ တရားရုံးမှာ စစ်မယ့်နေ့တောင်မှ ကျမတို့က စိုးရိမ်နေတာ၊ တရားသူကြီးတွေ၊ ရှေ့နေတွေပြောတာတမျိုး သူကြားတာ က တမျိုး အဲလို မျိုးတွေဖြစ်မှာလည်းစိုးတာ”ဟုလည်း ဒေါ်ညွယ်ဇယ် က ပြောသည်။
စရဖ ဖမ်းဆီးထားစဉ်က ဦးဘရန်ရှောင်၏ ပေါင်နှစ်ဘက်လုံးတွင် ဓားဖြင့် ထိုးမွှေထားသော ဒဏ်ရာ၊ ဦးခေါင်း၊ မျက်နှာနှင့် ခန္ဓာကိုယ် အနှံ့ ဒဏ်ရာ များ ရရှိထားသဖြင့် ဆေးကုသခွင့်ပေးရန် ဇူလိုင်လ ၁၁ ရက်နေ့ ပထမဆုံး ရုံးချိန်းတွင် ရှေ့နေ ဦးဂျီမာခါးက တောင်းဆိုခဲ့ခြင်းကို တရားရုံးက ပယ်ချ ခဲ့သည်။
ထို့အတူ အနှိပ်စက်ခံ ဒဏ်ရာများကို ဓာတ်ပုံ မှတ်တမ်းယူခွင့် တောင်းဆို သည်ကိုလည်း ပိတ်ပင်ခဲ့သည်။
ဇွန်လ ၂၈ ရက်နေ့က စရဖ နှင့် ရဲအဖွဲ့များက ဦးဘရန်ရှောင်ကို ရုံးထုတ်ခဲ့ရာတွင် ခန္ဓာကိုယ်အနှံ့ နှိပ်စက်ဒဏ်ရာများ တွေ့ရှိခဲ့ရ သကဲ့သို့ အင်္ကျီအတွင်း ဝမ်းဗိုက်ပေါ်တွင် အာဏာပိုင်အဖွဲ့များက အသံဖမ်းစက်တလုံး တပ်ဆင်ပေးလိုက်သည်ကို တွေ့မြင်ရကြောင်း ဦးဂျီမာခါးက ပြောပြသည်။
ဦးဘရန်ရှောင်ကို ဇွန်လ ၁၇ ရက်နေ့က မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းမှ ဒုရဲအုပ် ကျော်မျိုးနိုင်က ဂျန်မိုင်ကောင် ဒုက္ခသည် စခန်းတွင် ဖမ်းဆီးခဲ့ပြီး စရဖ အဖွဲ့က လွှဲပြောင်းယူကာ ၃ ရက်ကြာ စစ်ဆေးခဲ့ပြီးမှ ပြင်းထန်သည့် ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်း ဇနီးဖြစ်သူနှင့် ဂျန်မိုင်ကောင် ဒုက္ခသည်စခန်း တာဝန်ရှိသူများက ပြောသည်။
“သူဘာမှမဟုတ်ဘဲနဲ့ ဒီလိုဖမ်းဆီးပြီးမှ နှိပ်စက်တဲ့အခါကြတော့ ကျမမှာ ရင်ကျိုးမရ တအားကြီးကို စိတ်ညစ်တယ်၊ အရမ်းလည်း ဝမ်းနည်းတယ်၊ သူအမြန်ဆုံးပြန်လွတ်စေချင်တယ်”ဟု ဒေါ်ညွယ်ဇယ် က ဆိုသည်။
ဇူလိုင်လ ၆ ရက်နေ့က မြစ်ကြီးနားမြို့ပေါ်ရှိ အစိုးရရုံးများနှင့် မြို့တွင်း လမ်းမများ ပေါ်တွင် ဦးဘရန်ရှောင်ကို ခြွင်းချက်မရှိ လွှတ်ပေး ရေး အပါအဝင် စစ်ဘေးခိုလှုံသူ ဒုက္ခသည်များကို အဓမ္မဖမ်းဆီး နှိပ်စက်ခြင်း မပြုရန်၊ ဒုက္ခသည်များကို လုံခြုံမှုပေးရန်၊ တရားရုံး ခွင့်ပြုမိန့်မရဘဲ လူတဦးအား ၂၄ နာရီ ကျော်လွန်၍ ဖမ်းဆီးထားခြင်း မပြုရန်နှင့် ဖမ်းဆီး ထားသူအား ညှဉ်းပန်းနှိပ်စက် ခြင်းများ မပြုရန် ဒေါ်ညွယ်ဇယ် အပါအဝင် ခရစ်ယာန် ဘာသာရေးခေါင်းဆောင်များ၊ ဒုက္ခသည် ၅၀၀ ကျော်နှင့် မြို့ခံ ၁၀၀၀ ကျော်တို့ စုပေါင်း၍ ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
ဦးဘရန်ရှောင်အပါအဝင် ကချင်ပြည်နယ်အတွင်း၌ KIO နှင့်ဆက်နွယ် သည်ဟုဆိုကာ မတရားအသင်းနှင့် ဆက်သွယ်မှုပုဒ်မ ၁၇/၁ ဖြင့် ဖမ်းဆီးခံထားရသူ ၅၀ ကျော်ရှိကြောင်း မြစ်ကြီးနားမြို့နယ်ရှိ ရှေ့နေများ ၏ မှတ်တမ်းများအရ သိရှိရသည်။ ထို့အပြင် ရှမ်းပြည် နယ် မြောက်ပိုင်း တွင်လည်း ယင်းသို့စွပ်စွဲချက်ဖြင့် ဒေသခံ ၂၀ ကျော်ရင်ဆိုင်နေရကြောင်း သိရသည်။

တရုတ်ပြည်မှာ ခိုလှုံနေတဲ့ ကချင် ဒုက္ခသည်တွေကို KIO ပြန်ခေါ်

(ကချင်သတင်းဌာန)
ကချင်ပြည်နယ်တွင်း အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကြားတိုက်ပွဲများဖြစ်ပွားမှုကြောင့် တရုတ်ပြည်နယ်သို့ ထွက်ပြေးခိုလှုံနေ သော နောင်တောင်း (Nongdao) ရှိ ဒုက္ခသည်စခန်း ၆ ခုကို လနာ့ဇွပ် (Lana zup) စခန်းသို့ ပြောင်းရွှေ့ရန် KIO အရာရှိများ သြဂုတ် ၁၅ ယနေ့ လာရောက် ညွှန်ကြားလာခဲ့သည်။

တရုတ်ပြည်ရှိ ကချင်စစ်ပြေးဒုက္ခသည်စခန်းများသည် KIO ၏ အနီးကပ် ကြည့်ရှုမှုအောက်တွင် နေထိုင်စေရန် ရည်ရွယ်ချက်တစ်ခုဖြစ်သည် ဟုလည်း စခန်းသို့ KIO အရာရှိများ စခန်းအသီးသီးသို့ ၀င်ရောက် ပြောကြားသွားခဲ့ကြောင်းသိရသည်။

ထိုသို့ ပြောင်းရွှေ့ရန် KIO သည် တရုတ်အစိုးရနှင့် ညှိနှိုင်းသဘောတူပြီး ပြောင်းရွှေ့ရခြင်းဖြစ်ကြောင်း KIO အရပ်ဖက် အရှေ့ဘက်တိုင်း အုပ်ချုပ် ရေးမှူး ဒရှီ ဆိုင်းလီ (Salang Kaba Dashi Seng Li) မှပြောဆိုခဲ့သည်။

“KIO ထိန်းချုပ်နယ်မြေ ဒုက္ခသည်စခန်းအတွင်းရှိတဲ့ ဒုက္ခသည်များရဲ့ ပညာရေး၊ ကျန်းမာရေးများ ကိုကြည့် ပေးလို့ရတယ် တရုတ်ပြည်အတွင်း မှာဆိုတော့ ဆရာမတွေက ကျောင်းသားများကို ဘယ်လိုသင်ပေးနေလဲ ကျောင်းသားများ ဘာလိုနေလဲ ဒုက္ခသည်များရဲ့ ကျန်းမာရေးတွေ.… ဘာဆေးများလိုအပ်မှုတွေရှိနေလဲ… အဲဒါတွေလာကြည့်ဖို့အတွက် ခက် တယ် လာချင်တဲ့ အချိန်လာလို့မရဘူး” ဟု ပြောဆိုခဲ့ကြောင်း အစည်း အဝေးတွင် ပါဝင်ခဲ့သော ဒုက္ခသည်များကို ကူညီနေသည့် ကိုဂွန်ရှောင် ပြောသည်။  

စစ်ပြေးဒုက္ခသည်များကို KIA တပ်မဟာ (၃) နယ်မြေ အင်ဘာပါ (Nbapa) လနာ့ဇွပ် (Lana Zup) ဒုက္ခသည် စခန်းဆောက်လုပ်ရေး စီမံကိန်းများပြုလုပ်ပြီးသည်နှင့် ယခုလနောက်ဆုံးတွင် KIO မှကားဖြင့် ဒုက္ခသည်များကို လာခေါ်မည်ဖြစ်ကြောင်းပြောသည်။

၎င်းဒုက္ခသည် စခန်းများသို့ အုပ်ချုပ်ရေးမှူး ဆိုင်းလီနှင့် ပညာရေးမှူးများ၊ ဆေးမှူးများ၊ WPN (Wunpawng Ninghtoi အဖွဲ့)၊ အမျိုးသမီးရေးရာ အဖွဲ့များ၊ ရွှေလီမြို့ရှိအမှုထမ်းများစုစုပေါင်း ၂၀ ကျော် လာရောက် ပြောကြားခဲ့ခြင်းဖြစ်သည်။

“အခု အစိုးရပြောတဲ့နေရာကို 
မလိုက်နာဘူးဆိုရင် စည်းရုံးတဲ့အချိန်တခု အတွင်း အတူနေရအောင်လို့ ညွှန်ကြားထားတဲ့နေရာမဟုတ်တဲ့ တခြား ကိုယ်ကြိုက်တဲ့နေရာတွေမှာ တရုတ်ပြည်တွင်းမှာပဲ ဆက်နေမယ်ဆိုရင် ပြဿနာဖြစ်လာရင် KIO က တာဝန်ယူမှာမဟုတ်ဘူး” ဟု ပြောဆိုခဲ့ ကြောင်း အစည်းဝေးတက်ရောက်သူ ကိုဂွန်ရှောင်ဆက်ပြောသည်။

သြဂုတ်လ ၁၄ ရက်နေ့တွင် လော့ဖိုင် (Law Hpai) နှင့် ယန်လု (Yang Lu) စခန်းကို လာရောက်ပြောကြားခဲ့ခြင်းဖြစ်ပြီး လူဦးရေ ၆၃၀ ကျော်ရှိသော ငါနောင်ပါ (Nga Nawng Pa) ဒုက္ခသည်စခန်းတွင် ယနေ့တွင် ခဒေါင်း (Hka Dawng) စခန်းဘက်သို့ ပြောင်းရွှေ့ရန် ပြောဆိုသွားခဲ့ကြောင်းသိရသည်။

သြဂုတ် ၁၆ ရက် နေ့တွင်လည်း လုံကရောတ် (Lung Krawk) နှင့် နားကောင်း (Na Kawng) ဒုက္ခသည် စခန်းများ သို့သွားရောက်ကြောင်း သိရသည်။

ဒုက္ခသည်စခန်း ပညာရေးမှူးမှလည်း ကလေးများကျောင်းကိစ္စများ အတွက် စိတ် ပူစရာမလိုကြောင်း ရှင်းပြခဲ့သည်။

ဒုက္ခသည်များမူ
 နေရပ်ပြန်ရေးထက် နဂိုနေထိုင်သည့် နေရာမှ ပြောင်းရွှေ့ရန်ဆန္ဒမရှိသော်လည်း ထပ်မံရွှေ့ပြောင်းစေသည့် ဖိအားများကြောင့် ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း ပြောဆိုနေကြသည်။

တရုတ်ပြည်နယ် နောင်တောင်းခရိုင်ရှိ ကချင်စစ်ပြေးဒုက္ခသည် စခန်း များကို ပြီးခဲ့သည့်ဇွန်လိုင်လတွင်း တရုတ်ထိပ်ပိုင်းအရာရှိများက ကူးစက်ရောဂါများဖြစ်လာချိန် နေရပ်ပြန်ရန်နှင့် ပြောင်းရွှေ့ပေးရန် စတင်ဖိအားပေးမှုကြောင့် ဒုက္ခသည်တာဝန်ရှိသူများနှင့် တရုတ် အစိုးရညှိနှိုင်းဆွေးနွေးမှုကြောင့် ပြန်လည်နေခွင့်ရခဲ့ခြင်းဖြစ်သည်။

ထို့သို့ တရုတ်အစိုးရမှ ဒုက္ခသည်များအား ပြန်လည်နေထိုင်ခွင့်များ ပေးပြီးနောက် တရုတ်နှင့် KIO နှစ်ဖက် ဆွေးနွေးမှုများရှိခဲ့ပြီး ယခုချိန်တွင် KIOမှ ဒုက္ခသည်များကို မိမိဒေသတွင်းပြန်လည်အခြေချစေ၍ တာဝန်ယူဆောင်ရွက်ပေးမည့် ကိစ္စထွက်ပေါ်လာသည်။















ဝက်သက်ဖြစ်ပွားသည့် ကချင်ဒုက္ခသည်များကို တရုတ်ဆေးဆရာများ စစ်ဆေးကုသ


(ကေအိုင်စီ)



ကချင်ပြည်နယ် လွယ်ဂျယ်မြို့နှင့် မျက်နှာချင်းဆိုင် တရုတ်နိုင်ငံအတွင်းရှိ လိုင်းရင်းဒုက္ခသည်စခန်းတွင် ၀က်သက်ရောဂါ ဖြစ်ပွားသူများ ပြားလာ၍ တရုတ်ဆရာဝန် အပါအ၀င် ဆေးမှူး ၁၀ဦးကျော်က သွားရောက် စစ်ဆေး ကုသမှုများ ယနေ့ပြုလုပ်နေသည်ဟု လိုင်းရင်းရှိ ကချင်ကယ်ဆယ်ရေး အဖွဲ့ WPN က ပြောသည်။

“၀က်သက်ဖြစ်ပွားသူတွေ ဒီသုံးရက်အတွင်းမှာပဲ ဆေးခန်းလာပြတဲ့သူ ဆယ်ယောက်ကျော်တယ်။ အကုန်လုံး ၁၀နှစ်အောက် ကလေး တွေချည်း ပဲ။ ကူးစက်မြန်တဲ့ ဒီရောဂါကို တရုတ်က သူတို့နိုင်ငံက လူထုတွေကို ကူးစက်မှာစိုးလို့ လာရောက်စစ်ဆေးကုသမှုတွေ လုပ်တာ ပါ”ဟု လိုင်းရင်းစခန်း၌ ဒုက္ခသည်များကို ဆေးကုသနေသည့် WPN မှ ဆရာမ ဒွဲဇင်က ကေအိုင်စီသို့ ပြောသည်။

လက်ရှိ လိုင်းရင်းစခန်းတွင် ၀က်သက်ရောဂါဖြစ်ပွားသူများထဲတွင် ဆေးခန်းလာရောက်၍ စစ်ဆေးကုသမှု ခံယူသူမှာ သုံးပုံလျှင် တပုံသာ ရှိပြီး အများစုမှာ ရိုးရာဓလေ့ကုထုံးဖြင့် ကုသကြကာ နောက်ဆုံးကုမရဘဲ ရောဂါရင့်လာမှသာ ဆေးခန်းသို့ လာရောက်ကြသူ များပြား သည်ဟု သူမက ဆက်ပြောသည်။

ဝက်သက်ရောဂါ ဖြစ်ပွားသူကလေးငယ်၏ မိခင် လိုင်းရင်းဒုက္ခသည် အမျိုးသမီးတဦးက “ရိုးရာကုသနှုန်းနဲ့ ကျမတို့ကုတာ မရလို့ ဆေး ခန်းလာပြရတာပဲ။ ရိုးရာကုထုံးအရဆိုရင် ရေမချိုးဘဲ တစ်ပတ်အထိ နေတာ ပျောက်ကင်းသွားတဲ့ အယူအဆရှိတယ်လေ”ဟု ပြောသည်။

လတ်တလော ၀က်သက်ဖြစ်ပွားသူ ဒုက္ခသည်များကို လာရောက်စစ်ဆေး ကုသသည့် တရုတ်ဆေးမှူးများ သည် လိုင်းရင်းစခန်းအတွင်းရှိ နေရာများ ကို သန့်ရှင်းရေးလုပ်စေပြီး ကလိုရင်းပိုးသတ်ဆေးများဖြင့် လိုက်လံဖျန်း ပေးခဲ့သည့်အပြင် ၀က်သက်လူနာများကို ၁၀ရက်အ တွင်း ဆေးထိုးရ မည်ဟုပြောဆိုခဲ့သည်။

လိုင်းရင်းစခန်းမှာ တရုတ်နိုင်ငံ၏ မသန့်ရှင်းသော အမှိုက်ပုံနေရာဖြစ်ခြင်း နှင့် လူထူထပ်၍ သောက်သုံးရေ များကို မျှဝေသုံးစွဲရခြင်းတို့ ကြောင့် စခန်းတွင်း နေထိုင်ကြရသည့် ဒုက္ခသည်များမှာ ၀က်သက်ဖြစ်ပွား သူဦးရေ များလာခြင်းဖြစ်နိုင်ကြောင်း WPN ဆေးဝန်ထမ်းများ က ပြောဆိုနေကြ သည်။

တရုတ်ဆေးဝန်ထမ်းများသည် မိမိတို့နိုင်ငံအတွင်းရှိ လိုင်းရင်းဒုက္ခသည် စခန်းမှ ရောဂါဖြစ်ပွားသူများကို ယခု ပထမဆုံးအကြိမ် သွား ရောက် စစ်ဆေးကုသပေးခြင်းဖြစ်သည်ဟု သိရသည်။ လက်ရှိ လိုင်းရင်းဒုက္ခ သည်စခန်းတွင် စစ်ပြေးဒုက္ခသည်ဦးရေ ၂,၀၀၀ခန့် အခြေချ နေထိုင် လျှက်ရှိသည်ဟု WPN က ပြောသည်။

ဧရာဝတီမြစ်က ပူးပေါင်းဂိတ်သစ်ကြောင့် ဒေသခံများ အခက်အခဲဖြစ်

သတင်းနှင့်မီဒီယာကွန်ယက် 


ကချင်ပြည်နယ် အတွင်း ဧရာဝတီ မြစ်တလျောက် အသစ်ဖွင့်လှစ်လိုက် သည့် ပူးပေါင်း ဂိတ်မှ အခွန်ဆောင်ပြီး ကုန်ပစ္စည်းများအပေါ် ထပ်မံကောက်ခံနေမှုကြောင့် ဒေသခံများ အခက်အခဲ ဖြစ်နေသည်။
တာလောကြီးကျေးရွာ ဌာနေပြည်သူ့စစ် တပ်ဖွဲ့အပါအ၀င် မြစ်ကြီးနားမြို့ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ခြေလျင်တပ်ရင်း ခလရ (၃၇) မှ တပ်ဖွဲ့ ၀င်များ ပူးပေါင်း၍ တာလော ရေပေါက် ဟုခေါ်သည့် နေရာတွင် ဂိတ် အသစ်ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

ဗန်းမော်မြို့မှ မြစ်ကြီးနားမြို့သို့ အရက်၊ ဘီယာ အပါအ၀င် စားသောက် ကုန်များ၊ အထည်အလိပ်နှင့် စက်ကရိယာပစ္စည်းများ သယ်ယူသွားသည့် ရှပ်ပြေးရေယာဉ်များနှင့် အငယ်စားစက်လှေများအပေါ် ကောက်ခံခြင်း ဖြစ်သည်ဟု ဆင်ဘိုမြို့ရှိ မျက်မြင် ဒေသခံ တဦးက အခုလို ပြောသည်။

“ဗန်းမော်ဂိတ်ကနေပြီး ကာစတန်(အကောက်ခွန်)ဆောင်ပြီး လာခဲ့ရင် အဲဒီကာစတန် လက်မှတ်ပြတာတောင်မှ မဆိုင်ဘူးလို့ ပြောတယ်။ သူတို့ကောက်နေတဲ့ဟာကပဲ အတည်ဆိုရင် ဒါဆိုရင် ဗန်းမော်မှာ ကာစတန် ဆောင်ပြီးမှ ယူလာတဲ့ ပစ္စည်းတွေက တရားမ၀င် တော့ ဘူးလားပေါ့။”

ကုန်ပစ္စည်း အမျိုးအစားပေါ်မူတည်၍ ရှပ်ပြေးယာဉ်တစီးလျင် မြန်မာ ကျပ်ငွေ နှစ်သိန်းမှ သုံးသိန်းအထိ ကောက်ခံပြီး အငယ်စား စက်လှေ တစီးလျင် အနည်းဆုံး ကျပ်ငွေ သုံးသောင်းအထိ ပေးဆောင်ကြရသည်။

ဧရာဝတီ မြစ်အတွင်း ဖြတ်သန်းသွားလာသည့် အစုန်အဆန် ရေယာဉ် များ ယင်းဂိတ်သို့ မ၀င်ပါက သေနတ်ပစ်ဖောက်ခေါ်ယူမှုများ ရှိသလို အခွန်မဆောင်ပါက ခြိမ်းခြောက် မှုများ ရှိသည်ဟုလည်း အဆိုပါ ဒေသခံက ဆိုသည်။

ယင်းသို့ အခွန်ပေးဆောင်ရသည့်အတွက် ကုန်သည်များအနေဖြင့် နစ်နာမှု မရှိသော်လည်း ကုန်ဈေးနှုန်း ပိုမို မြှင့်တက်လာသည့်အတွက် စားသုံးသူများ အခက်အခဲ ဖြစ်ကြရသည်ဟု ၎င်းက အခုလို ဆက်ပြော သည်။

“မပေးဘူးဆိုလို့ရှိရင် သူတို့က ဖမ်းမယ်ဆီးမယ်ဆိုပြီး ခြိမ်းခြောက်တဲ့ ပုံစံတွေ အများကြီး ရှိတယ်ဗျ။ အဲဒါကြောင့် သွားလာနေတဲ့ စက်လှေ ပိုင်ရှင်တို့ ကုန်ပစ္စည်း ပိုင်ရှင်တို့ကလည်း အဲဒါမျိုး အဖြစ်မခံနိုင်တဲ့ အခါကျတော့ ပေးရတော့တာပေါ့ဗျာ။ ပေးပြီးတော့လည်း ကုန်သည် က သူ့အတွက် မနာအောင်ဆိုပြီး ကုန်ပစ္စည်းတွေမှာ ဈေးပြန်တင်ဆိုတော့ ကျနော်တို့ အောက်ခြေ လူတန်းစားတွေက ဈေးကြီးပေးဝယ်နေရတော့ ပိုခက်လာတာ ပေါ့ဗျာ။” 

ယင်းကိစ္စ တာလောကြီးကျေးရွာ ပြည်သူ့စစ်တပ်ဖွဲ့မှ တာဝန်ရှိသူများ အပါအ၀င် မြစ်ကြီးနားရှိ နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီးရုံးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

သို့သော် တာလောကြီးကျေးရွာ ပြည်သူ့စစ်နှင့် နီးစပ်သူတဦးက ကချင် ပြည်နယ်အတွင်း  တိုက်ပွဲများကြောင့် လယ်ယာ လုပ်ငန်း မလုပ်ကိုင်နိုင် သလို ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ စားဝတ်နေရေး အခက်အခဲကြောင့် စေတနာကြေး တောင်းယူခြင်း ဖြစ်သည်ဟု သိရကြောင်း အခုလို ပြောသည်။ 

“ကျနော်သိရသလောက်တော့ သူတို့စေတနာကြေးပဲ တောင်းတာပါတဲ့။ စပါးလည်း မစိုက်ရဆိုတော့ သူတို့ မိသားစုတွေအတွက် တော်တော် ခက်နေကြတယ်လို့ သိရတယ်။ ဒီဒေသက တနှစ်ကို စပါးတင်း ရှစ်ထောင် လောက် ထွက်တဲ့နေရာ ဒီနှစ် စပါးမစိုက်နိုင် ဘူးလေ။”

မြစ်ကြီးနားမြို့ အရှေ့ဖက်ကမ်းရှိ ၀ိုင်းမော်မြို့ခံ တဦးကမူ လူထု လုံခြုံရေး အတွက် ပြည်သူ့စစ်တပ်ဖွဲ့စည်းခြင်းကို လက်ခံသော်လည်း အခွန် ကောက်ခံသည့် ကိစ္စနှင့် ပတ်သက်၍ အစိုးရထံ တာဝန်ရှိကြောင်း အခုလို ပြောဆိုသည်။

“ရပ်ရွာလုံခြုံရေးအတွက် ပြည်သူ့စစ်ဖွဲ့ပေးထားတယ်ဆိုတာ ကောင်းပါ တယ်။ ဒါပေမယ့် သူတို့ကို ဖြည့်ဆည်းပေးရတဲ့ အပိုင်းနဲ့ ပတ်သက်လို့ အစိုးရမှာ တာဝန်အရှိဆုံးပဲလေ။ ပြည်သူ့စစ်တွေကလည်း ပြည်သူ့စစ် ဖွဲ့ပေးထားတာကို ခုတုံးလုပ်ပြီး အခွင့်အရေး ရရင် ရသလို လုပ်ကြတာ တော့ မကောင်းဘူး ပေါ့ဗျာ။ အမှန်ပြောရရင် ကျနော်တို့ကတော့ မကောက်သင့်ဘူးလို့ မြင်တယ်ဗျ။”

လွန်ခဲ့သည့် (၃) လခန့်က ကချင်ပြည်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့မှ အစိုးရထံ လက်နက်ချ အလင်းဝင် ခဲ့သည့် တာလောကြီး ကျေးရွာအုပ်စု အတွင်းမှ ဒေသခံများအား အစိုးရမှ ဌာနေပြည်သူ့စစ် အဖြစ် တရားဝင် ဖွဲ့စည်းပေး ခဲ့သည်။

အဆိုပါဂိတ်အား လွန်ခဲ့သည့် (၂) လခန့်က စတင်၍ အသစ်ဖွင့်လှစ် လိုက်ပြီး ဂိတ်တာဝန် ယူသည့် တပ်ဖွဲ့ဝင်များ သက်ဆိုင်ရာ တပ်ဖွဲ့ အလိုက် မကြာခန အလဲအလှည် ပြုလုပ်လေ့ ရှိကြောင်း သိရသည်

Wednesday, August 15, 2012

မြစ်ကြီးနားမြို့နှင့် အင်တာနက်

၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်၊ ဗုဒ္ဓဟူးနေ့



 မြစ်ကြီးနားမြို့တွင် အင်တာနက်ဆိုင်း အများအပြားရှိသည်။ ဆိုင်များတွင် အသုံးပြုသူများလည်း ပုံမှန်ပင်။

Mobile ဖုန်းများဖြင့် အင်တာနက်အသုံးပြုနိုင်ပြီဖြစ်သော်လည်း အများစုများ ဆိုင်များတွင်သာ သုံးနေဆဲ။
ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့်ယှဉ်ပါက နည်းပညာ ဗဟုသုတပိုင်းတွင် များစွာ နောက်ကျကျန်ခဲ့ခြင်းမှာ လည်း အကြောင်းအရာတစ်ခုဖြစ်သည်။

ဖုန်းဖြင့် အသုံးပြုရသည်မှာ
- မျက်နှာပြင်သေးငယ်ခြင်း
- မြန်မာစာ ရိုက်ထည့်ရန်၊ မြင်ရရန် အခက်အခဲများရှိနေသေးခြင်း
- Wifi ဖြင့် အသုံးပြုရန်၊ Moderm ဖြင့် အသုံးပြုရန်မှာလည်း ကိုယ်ပိုင် ကွန်ပျူတာ၊ laptop များ ပိုင်ဆိုင်မှု နည်းနေသေးခြင်း
အကြောင်းအမျိုးမျိုးကြောင့် ဆိုင်များတွင်သာ သုံးနေဆဲဖြစ်သည်။

မြစ်ကြီးနားတွင် အင်တာနက်ဆိုင်များ၏ တစ်နာရီ အသုံးပြုခ မှာ ၄၀၀ ကျပ်ဖြစ်သည်။ အချို့ဆိုင်တွင် မီးမလာပါက ၅၀၀ ကျပ်ပေးရသည်။

နယ်မြေတည်ငြိမ်မှုနည်းလာပြီးနောက်ပိုင်း မြစ်ကြီးနားမြို့တွင် မကြာခဏ internet connection ပြတ်တောက်လေ့ရှိသည်။
သို့ရာတွင် ဖုန်းများတွင် connection ပြတ်တောက်ခြင်း မရှိကြောင်း သိရသည်။

အင်တာနက်ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။
''connection က ခဏခဏ ပြတ်တော့ အလုပ်မဖြစ်ဘူး၊ ဆီဖိုး အလုပ်သမားဖိုး ဆိုင်ခန်းဖိုး နဲ့ မနည်းရပ်တည်နေရတာ။ လိုင်းမရလို့ ဆိုင်မှာ လူမရှိလည်း လစဉ်ကြေးက လတိုင်း ပုံမှန်ပေးရတော့ အင်တာနက်ဆိုင်နဲ့ ရပ်တည်ဖို့က အခက်အခဲတွေ အများကြီးပဲ''

အချို့ဆိုင်များမှာ net game များနှင့် တွဲဖွင့်လေ့ရှိသည်။
connection မရပါက game ကစားသူများလာရောက်ပါက နည်းနည်းပါးပါး ကျန်အောင် gamer များကို အားထားခြင်းဖြစ်သည်။

မြစ်ကြီးနားမြို့၏ အင်တာနက် connection မှာ နိုင်ငံရေးနှင့် တိုက်ရိုက် အချိုးကျနေသကဲ့သို့ ဖြစ်နေသည်။
ကချင်ပြည်နယ်တစ်ဝန်း တိုက်ပွဲများပြင်းထန်လာပါက connection ကျသွားလေ့ရှိသည်။
ထို့ကြောင့် အချို့အင်တာနက်ဆိုင်များမှာ မိမိတို့ရပ်တည်နိုင်ရေးအတွက် ဥာဏ်နီဥာဏ်နက်များ ထုတ်လာသည့်ဆိုင်များလည်းရှိသည်။

ဘူတာကြီးနားရှိ အင်တာနက်ဆိုင်တွင် ပုံမှန်အသုံးပြုသူတစ်ဦးပြောသည်မှာ
''မိနစ် ၄၀ သုံးတာ ၁ နာရီစာပေးရတယ်။ ၄၀၀ ကျပ်တဲ့။ ၁၀၀၀ တန်ပေးရင် ၅၀၀ တန်နဲ့ ၁၀၀ အစားကို coffee mix တစ်ထုပ်အမ်းတယ်၊ မြစ်ကြီးနားမှာ ၁၀၀ တန် ၂၀၀ တန်ဆို ဆိုင်တော်တော်များများက အမ်းရတယ်လို့တောင်  မထင်ကြတော့ဘူး"

အခြားတစ်ယောက်ကလည်းပြောသည်။
''ကျွန်တော်သုံးခဲ့တာ ၂၀၀ ကျတယ်။ သူတို့က ကဒ်လေးတွေ လုပ်ထားတာလေ။ အကြွေမရှိလို့ဆိုပြီးတော့ ၁၀၀ တန်ကဒ်၊ ၂၀၀ တန်ကဒ်၊ ၃၀၀ တန်ကဒ်။ ခါတိုင်းတော့ ဒါတွေအမ်းတယ်။ နောက်ပိုင်းပိုဆိုးလာတယ်။
၂၀၀ ကျလို့ ၅၀၀ တန်ပေးတာ ၂၀၀ တန် တစ်ကဒ်နဲ့ ကော်ဖီတစ်ထုပ်အမ်းတယ်။ ဒါတော့ မဖြစ်သင့်ဘူးလေ။ ကဒ်က သူတို့ဆီပဲပြန်သုံးမှာ။ မရဘူး ၃၀၀ တန်ကဒ်ပေးဆိုပြီး ယူခဲ့ရတာ။
ဒီဆိုင်က တခြားဆိုင်တွေထက်စာရင် ပိုပြီး ဆိုးတယ်။ အမြဲသုံးနေကျ customer ကိုတောင် ၁၀၀၊ ၂၀၀ က အစတွက်ကပ်နေတာ။ ဒီရက်ပိုင်းဆို နံရံမှာရေးထားသေးတယ်။ ဘာတဲ့ ...
air-con အလကားမရပါ။ လူများပါက မအေးပါ။ ဒါကြောင့် လူပို တစ်ယောက် ၂၀၀ တဲ့။ မကြားဖူးသေးပါဘူးဗျာ"

မည်သို့ပင်ဆိုစေကာမူ အင်တာနက်ဆိုင်များတွင် connection ရပါက chatting ၀င်၊ မရပါက game ကစား၊ စက်ထဲတွင် ထည့်ထားသော ဇာတ်ကားများကြည့်၊ သီချင်းနားထောင် စသဖြင့် customer များကတော့ ရှိနေဆဲ ......


ကချင်ပြည်နယ် စုံစမ်းတွေ့ရှိမှု လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်

VOA သတင်းဌာန


မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ကချင်ပြည်နယ် အတွင်းမှာ သွားရောက် လေ့လာ တွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ သြဂုတ်လ ၁၄ ရက်နေ့ မှာ ကြေညာချက် ထုတ်ပြန်ပြီးတော့ အကြံပြုချက် တချို့လည်း ထည့်သွင်း ဖော်ပြထားပါတယ်။ ဒါပေမယ့်  ကချင် လွှတ် မြောက်ရေးအဖွဲ့ ကေအိုင်အို ကတော့ ဒီအဖွဲ့ဟာ အစိုးရက ခန့်ထားတဲ့ အဖွဲ့ဖြစ်တဲ့အတွက် အဖြစ်မှန်တွေကို သမာသမတ် ကျကျ ထုတ်ဖော်ပြော ဆိုခြင်း မရှိဘူးလို့ ထောက်ပြ ဝေဖန်လိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က ပြော ပြပါမယ်ရှင်။

ဟုတ်ကဲ့ပါ။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အတွင်း ရေးမှူး ဦးစစ်မြိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် ၂ ဦး ဇူလိုင်လ ၂၃ ရက်ကနေ ၂၇ ရက်နေ့အထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ၀ိုင်းမော် မြို့တို့မှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့ပြီးတော့ သြဂုတ်လ ၁၄ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ သူတို့ အနေနဲ့ အဲဒီမှာ ရှိနေတဲ့ ဒုက္ခသည်တွေရဲ့စားဝတ်နေရေး အခြေအနေ တွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆိုင်တဲ့ တိုင်ကြားချက်တွေကို ကာယကံရှင်တွေနဲ့ တွေ့ဆုံ မေးမြန်းခဲ့တယ်လို့ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ဗွီအိုအေကို ပြောပြပါတယ်။ သူတို့အနေနဲ့ အစိုးရဖက် ကရော၊ ကေအိုင်အိုဖက်ကပါ  နှစ်ဘက်စလုံးက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတာကို စုံစမ်း တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

“ကျွန်တော်ပြောချင်တာကတော့ ဒီလက်နက်ကိုင် ပဋိပက္ခ ဖြစ်တဲ့နေရာ တွေဟာကမ္ဘာ ရဲ့ မည်သည့်နိုင်ငံ မည်သည့်နေရာမှာမဆို လက်နတ်ကိုင် ပဋိပက္ခဖြစ်တဲ့နေရာတွေမှာကတော့ လူ့အခွင့်အရေး ချိုးဖောက်ခံရမူတွေ ရှိတယ်လို့ ကျွန်တော်တို့ရဲ့ လေ့လာမှုတွေအရ သိရပါတယ်။ ထိုနည်း အတူပဲ ကချင်ပြည်နယ်အတွင်းဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခမှာလည်း ကျေးရွာလူထုအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မူတွေရှိတယ် ဆိုတာ ကျွန်တော်တို့ ဒီတခေါက် သက်သေတွေ စစ်ဆေး ထွက်ဆိုချက် အရသိရပါတယ်။ ဒါ နှစ်ဘက်လုံးပါပဲ။ အတင်းအဓမ္မ ခေါ်ဆောင်ခြင်း၊ ပေါ်တာခေါ်ခြင်း နောက် အနိုင်ကျင့်ခြင်း၊ညှင်းပမ်း နှိပ်စက်ခြင်း ဆိုတဲ့ ဒီလိုအချက်အလက်တွေကို ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဒီမှာဖော်ပြပြီးတော့ပန်ကြားခြင်း ဖြစ်ပါတယ်။”

ဒါပေမယ့် ကော်မရှင်ရဲ့ ဒီထုတ်ပြန်ချက်ဟာ များသောအားဖြင့် အဖြစ် မှန်တွေနဲ့ ကွာဟနေပြီး အကြံပြုချက်၊ တင်ပြချက်တွေဟာလည်း အစိုးရဖက်က လိုက်ပြောပေးသလိုဖြစ်နေတယ်လို့ ကေအိုင်အို ကချင် လွှတ်မြောက်ရေး အဖွဲ့ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်က ထောက်ပြ ပြော ဆိုပါတယ်။

“သူတို့ကတော့ ဒီတပ်ကနေ ဖွဲ့စည်းထားတဲ့ ကော်မရှင် အဖွဲ့ ဆိုတော့ အစိုးရအကြိုက်ပဲ သူပြောတယ်ဆိုတာ သိသာပါတယ်။ ကြားကနေ နေဆိုပြီး သူ ပြောဖို့ ကတော့ မမြင်ဘူးလေ။ ပြီးတော့ သူ အဲ့ဒီ့မှာ ပြောသွားတဲ့ ထုတ်ပြန်ချက်မှာလည်း ကြည့်တဲ့အခါမှာ အစိုးရဘက်က လုပ်ဆောင်မူတွေ အားလုံးကို အကောင်းအနေနဲ့ပဲ ဖော်ပြထားတာ တွေ့ရတယ်။ ဒုက္ခသည်စခန်းကနေ ဖမ်းဆီးခံရတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ ရွာတွေကနေ အိမ်ထဲမှာ လာပြီးတော့ ဆွဲသွားတဲ့ ဖမ်းသွားတဲ့ သူတွေလည်းရှိတယ်။ သူတို့ကို ဖမ်းသွားတဲ့အခါမှာလည်း ဥပဒေအရ လုပ်ပါတယ်ဆိုတဲ့ အနေနဲ့  သူကလက်ခံတဲ့သဘော တွေ့ရတယ်။ တကယ်ပဲ၂၄နာရီထက် ကျော်ပြီး ဖမ်းဆီးထားခွင့်ရှိတယ် မရှိဘူး ဆိုတဲ့ကိစ္စကိုတော့ မဖော်ပြဘဲနဲ့ မသင်္ကာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို တစ်လကျော်ကျော် နှစ်လကျော်ကျော် ဖမ်းဆီးနှိပ်စက်တာမျိုး လုပ်တာတွေကို ဖော်ပြထားတာမျိုး မတွေ့ရဘူး။ လုပ်တဲ့လုပ်ငန်းတွေ အားလုံးဟာ သူ့ရဲ့ တည်ဆဲ ဥပဒေနဲ့ လုပ်တဲ့ကိစ္စဖြစ်တဲ့ အတွက်ကြောင့် လက်ခံတယ်ဆိုတဲ့ အနေနဲ့ ဖော်ပြထားတာ တွေ့ရတယ်။”

ဒီလို ဝေဖန် ပြောဆိုမှုတွေဟာ တယောက်နဲ့တယောက် အယူအဆချင်း၊ ခံယူချက်ခြင်း မတူတဲ့ အတွက် အခုလို ပြောဆိုတာမျိုး ဖြစ်မယ်လို့ ဦးစစ်မြိုင်က ပြောပါတယ်။

“မဟုတ်ဘူး။ အဲ့တာကတော့လေ သူတို့ခံစားတတ်တာလည်း ဆိုင်ပါ လိမ့်မယ်။ တချို့ ကလည်း ခပ်ပြင်းပြင်းရှရှလေးကို ခံစားလိုက်ရမှ ခံတွင်း တွေ့တာရှိပါတယ်။ တချို့လည်း ပျော့ပျော့ပြောင်းပြောင်း ငြင်ငြင်သာ သာမျိုးကို ခံစားရတာမျိုးကို နှစ်သက်တာမျိုးလည်း ရှိပါတယ်။ အဲ့တော့ ကျွန်တော်တို့ ရခိုင်သွားတဲ့ ခရီးစဉ်မှာရော အခုရော ကျွန်တော်တို့ နှစ်ဘက်စလုံးကို မျှပြောပါတယ်။ မျှပြောတယ်ဆိုတာ တကယ်လည်း ပြောစရာ အကြောင်းတွေ ရှိလို့ ကျွန်တော်တို့ ပြောပါတယ်။ ဒါပေမယ့်လို့ ဘာတွေဖြစ်တယ် ဆိုတာကတော့ ဖော်ပြဖို့ မသင့်ဘူး။ ဒီလို ဆိုပါတော့ နှစ်ဘက်ဘာတွေ ဖြစ်ခဲ့လည်းဆိုတာ ဖော်ပြလိုက်မယ် ဆိုလို့ရှိရင် နှစ်ဘက်ကို သွေးထိုးသလိုဖြစ်ပြီးတော့ ပြည်သူလူထုရဲ့ စိုးရိမ်မူတွေ ပိုပြီးတော့ ကြီးထွားစေမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ကျနော်တို့ ပြောသင့် သလောက်ပဲပြောပြီးတော့ နှစ်ဘက်ကို ချပြီးတော့ မျှပြောပြီး တော့ ကျွန်တော်တို့ တိုက်တွန်းတဲ့သဘောပဲ တင်ပြခြင်း ဖြစ်ပါတယ်ဗျာ”

သူတို့အနေနဲ့ လုံခြုံရေးအရ စိတ်ချရမှု မရှိတဲ့ နယ်ခြားဒေသတွေကိုတော့ မသွားနိုင်ခဲ့ဘူး ဆိုတဲ့ အချက်ကိုတော့ ဦးစစ်မြိုင်က ၀န်ခံ ပြောဆို ပါ တယ်။

“ကျွန်တော်တို့က သွားတော့လည်း နယ်မြေအရ လုံခြုံရေးအရ ကန့်သတ် ချက်တွေက ရှိပါတယ်။ ရှိတော့ ကျွန်တော်တို့ သွားနိုင်တာက မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော်ပဲ ဖြစ်ပါတယ်။ ဆိုတော့ လုံခြုံရေးရှိတဲ့ မြို့တွေပဲ ကျွန်တော်တို့က သွားလို့ရတယ်။ ဟိုနယ်စပ်မှာရှိတဲ့ စခန်းတွေကတော့ ကျနော်တို့ က သွားဖို့လာဖို့ ဘယ်လိုမှကို အခြေအနေမပေးပါဘူး။ လုံခြုံရေးအရ လမ်းကြောင်းလည်း ဝေးလည်းဝေးတယ်။ အခုရိက္ခာ မလောက်ဘူးဆိုတာ ကျွန်တော် သိထားတာကတော့ အဲ့ဒီနယ်စပ်တ လျှောက်မှာရှိတဲ့ စခမ်းတွေပေါ့လေစောင့်ရှောက်ရေးစခန်းတွေလို့ ကျနော်တို့က သိရပါတယ်"

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင် ပြောပြခဲ့တာပါ။ ကချင်ပြည်နယ်အတွင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးပြီး ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေကြသူတွေ နေရပ်ပြန်နိုင်ရေး၊ သူတို့ဘ၀ ရေရှည် ရပ်တည်ရေးနဲ့ အထူးသဖြင့်တော့ကလေးငယ်တွေ ကျောင်းပညာ ဆက်မသင်နိုင်တဲ့ ကိစ္စ တွေနဲ့ပတ်သက်လို့ အခုဆိုနှစ်နဲ့ချီ ကြာလာနေပြီဖြစ်တဲ့အတွက် ဝေဖန် ပြောဆိုနေကြတာ ဖြစ်ပါတယ်။

ဒီအတောအတွင်း တရုတ်နိုင်ငံထဲကို ရောက်ရှိနေကြတဲ့ ကချင်ဒုက္ခ သည်တွေကို မြန်မာနိုင်ငံထဲကို ပြန်နိုင်အောင် စီစဉ်ဖို့ တရုတ်အစိုးရက ကချင် လွတ်မြောက်ရေး အဖွဲ့ကို တိုက်တွန်းနေတာကြောင့် ကေအိုင်အို ကရွှေ့ပြောင်းပေးဖို့ စတင်ပြင်ဆင် နေပေမယ့် ဒုက္ခသည်တွေက တော့ပြောင်းရွှေ့လိုကြတဲ့ ဆန္ဒမရှိကြဘဲ ဖြစ်နေတာပါ။ မြန်မာအစိုးရနဲ့ ကေအိုင်အိုအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နိုင်ဖို့ ဇူလိုင်လ ၁၇ ရက်နေ့မှာ ကေအိုင်အေဖက်က စာရေး အကြောင်းကြား ထားပေမယ့် အခုချိန်ထိတော့ အစိုးရဖက်က အကြောင်းပြန်ကြားတာ မရှိသေးတဲ့အပြင် တိုက်ပွဲတွေလည်း နေ့စဉ်လိုလို ဆက်လက် ဖြစ်ပွား နေတယ်လို့ဦးလာနန်က ပြောပါတယ်ခင်ဗျား။

အင်တပ်ဘွမ် (အင်တပ်တောင်) တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေ

၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၅) ရက် (jinghpawkasa)

ကချင်ပြည်နယ် KIA ထိန်းချုပ်နယ်မြေ တပ်မဟာ (၅)၊ အင်တပ်ဘွမ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားကြောင်း သတင်းရရှိပါသည်။

အင်တပ်ဘွမ်နယ်မြေသည် ယမန်နှစ်က မြန်မာစစ်သားများ သိမ်းပိုက်နိုင်ရန် အလုံးအရင်းဖြစ် တိုက်စစ်ဆင် ကာ တိုက်ခိုက်ခဲ့သော်လည်း KIA မှ ကြံ့ကြံ့ခံထားနိုင်သော ဒေသဖြစ်ကြောင်း သတင်းရရှိသည်။

နှစ်ဖက် အကျအရှုံးစာရင်းများ အသေးစိတ်မသိရသေးပါ။

စဂါပါကျေးရွာဒေသခံများနေအိမ်မှ ကျပ်သိန်း ၈၀ ခန့် အစိုးရတပ်များ လုယူသွား

၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်။  (ကချင်သတင်းဌာန)


မြန်မာအစိုးရစစ်တပ်ဖွဲ့များသည် ကချင်ပြည်နယ် ၀ိုင်းမော်မြို့ ဆဒုံးသွား လမ်း စဂါပါ (Saga Pa) ကျေးရွာတွင် ဒေသခံများနေအိမ်မှငွေများကို အသိမပေးပဲ စစ်သားများက နေအိမ်အသီးသီးတွင် အဓမ္မရှာဖွေ မွှေနှောက်ကာ ကျပ်သိန်း ၈၀ ခန့်ကို လုယူသွားခဲ့ကြောင်း ဒေသခံများ ပြောသည်။

သြဂုတ်လ ၁၁ ရက်နေ့တွင် စဂါပါကျေးရွာအနီး မြန်မာအစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ KIA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အစိုးရစစ်တပ်ဖွဲ့ အင်အား ၁၀၀ ကျော်ခန့်သည် ကျေးရွာအတွင်း ၀င်ရောက်လာကာ ရွာသားများကို ခေါ်၍  အိမ် ၅ အိမ်တွင် ခေါ်သွင်း ထားပြီး ၄င်းတို့နေအိမ်များမှ ငွေများရှာဖွေ ယူသွားခဲ့ကြောင်း ဒေသခံ တစ်ဦးပြောသည်။

“ရွာသားတွေကိုတော့ အိမ် ၅ အိမ်မှာ စုထားတယ်။ ပြီးတော့ တချို့က စောင့်နေတယ်။ တချို့က အိမ်တိုင်းမှာ လိုက်ရှာယူကြတယ်။ အသင်း တော်က တရုတ်ငွေ ၂၁၀၀၀ ပါသွားတယ်။ ရွာကအိမ်ထဲကတော့ တစ် အိမ်က ၁ သိန်း ၂ သိန်းပါသွားကြတယ်။ သူတို့ရွာထဲဝင်လာတာက ၉ နာရီလောက်မှာ.. ပြန်သွားတာက ၂ နာရီလောက်မှ ပြန်သွားကြတယ်။ သူတို့ ပြန်ပြီးတဲ့အခါ အကုန်လုံးအိမ်ပြန်ကြည့်တော့ ရှိသမျှအကုန်ပါ သွားပြီလေ။ သူတို့ကပြောတာပဲ နင်တို့တိုင်ချင်ရင် တိုင်ပါ ရတယ်တဲ့” ဟု စဂါပါ ဒေသခံတစ်ဦးကပြောသည်။

စဂါပါဒေသခံကျေးရွာသားများကို တခြားနေအိမ်များတွင် ခေါ်ယူစုထားပြီး ၄င်းတို့နေအိမ်များ တွင် စစ်သားများက မွှေနှောက်ပြီး မိသားစုပိုင်ငွေ များနှင့် ခရစ်ယာန်ဘုရားကျောင်းမှ အလှူငွေများကိုပါ အဓမ္မလိုက်လံရှာ ဖွေယူဆောင်သွားခြင်းကြောင့် ဒေသခံများ မကျေမနပ် ဖြစ်နေကြသည်။

ထိုသို့ စဂါပါကျေးရွာတွင် အဓမ္မငွေများဝင်ရောက်ယူဆောင်သွားခဲ့သော အစိုးရတပ်ဖွဲ့များသည် တပ်မ ၈၈ လက်အောက်ခံတပ်ဖွဲ့များဖြစ်ကြောင်း သိရသည်။

ဒေသခံကျေးရွာသားများသည် အစိုးရတပ်ဖွဲ့မှ ယူဆောင်သွားသော ငွေကြေးတန်ဖိုးများကို စာရင်းပြုစု၍ ပြန်လည်ရယူနိုင်ရန် သက်ဆိုင်ရာ အာဏာပိုင်များထံ စာဖြင့်တောင်းဆိုသွား ရန်ပြင်ဆင်ထားသည်ဟု သိရသည်။

အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှစ်ဖက် တင်းမာမှုရှိ နေချိန်တွင် တိုက်ပွဲများ ဖြစ်ပွားနေချိန် ကာလများတွင် အစိုးရစစ်သား များသည်  ရိက္ခာပြတ်လပ်မှုပြဿနာ များရင်ဆိုင်နေရခြင်းကြောင့် ဒေသခံ ရွာသားများထံမှ တောင်းရမ်းစားသောက်ခြင်း၊ စိုက်ခင်းများ မှအသီးအနှံ များကို ခူးယူစားသောက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများ ပြောသည်။

KIA တပ်မဟာ (၃) နယ်မြေတွင် တိုက်ပွဲဖြစ်

၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၅) ရက် (ဗုဒ္ဓဟူးနေ့)၊ (Kachin Net)

၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့ ညနေပိုင်း ၂း၃၀ အချိန်တွင် KIA ထိန်းချုပ်နယ်မြေဖြစ်ော တပ်မဟာ (၃)၊ နမ့်ဖတ်ခ အနီးတွင် KIA ပြည်သူ့စစ်များနှင့် မြန်မာအိုးရတပ် ခလရ (၂၂၃) နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
တိုက်ပွဲအခြေအနေကို အသေးစိတ် သိရသေးပါ။

ကချင်ပြည် အခြေအနေ လူ့အခွင့်အရေး ကော်မရှင် သေချာ စုံစမ်းသင့်ဟု KWAT ပြော


သြဂုတ်လ ၁၄ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (ကေအိုင်စီ)



ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လူ့အခွင့် အရေး ချိုးဖောက်ခံနေရသည့် အခြေအနေများကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင် အနေနှင့် သေချာစုံစမ်းသင့်ကြောင်း ကချင် အမျိုးသမီးအစည်းအရုံး(ထိုင်းနိုင်ငံ)-KWAT တာဝန်ခံ မွန်းနေလီက ပြောသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေနှင့် ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြလိုက်သည့် ကချင်ပြည် ခရီး စဉ်နှင့်ပတ်သက်၍ ၎င်းတို့၏ သတင်းထုတ်ပြန်ချက် ၅/၂၀၁၂ အထဲတွင် ကချင်စစ်ပြေးဒုက္ခသည်များ ၁နှစ်ကျော်ကြာလာသော်လည်း အခြေခံ လိုအပ်ချက်များ ပုံမှန်အတိုင်း ထိန်းသိန်းထားနိုင်ကြောင်း၊ ရာသီဥတု ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ကြောင်း ဖော်ပြ ထားသည့် အပေါ် သူမက တုန့်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ဒုက္ခသည်တွေ သူတို့ အခြေခံလိုအပ်ချက်တွေ ပုံမှန်အတိုင်း ဖြစ်နေတာ ဆိုကလည်း သေချာလေ့လာစေချင်တယ်။ ဘာလို့လဲဆိုတော့ ဒုက္ခသည် တွေက စားရေးသောက်ရေး နောက်ပြီးတော့ ဆေးဝါး စတာတွေကို အရမ်း အကူအညီတွေ လိုအပ်နေတာလေ။ လာကူညီတဲ့ အဖွဲ့အစည်း တွေ ဥပမာ ယူအဲန်က လာကူတာ။ ဒါကို အစိုးရက တားဆီးတယ်။ ပေးကူညီတဲ့နေရာလောက်ပဲ ကူညီခိုင်းတယ်။ တကယ် အကူအညီ လိုအပ်နေတဲ့နေရာတွေ မရောက်ဘူး”ဟု မွန်းနေလီက ပြောဆိုသည်။
ဆက်လက်၍ ဒုက္ခသည်စခန်းနေသူများက ရွာပြန်လို၍ ရွာတစ်ဝိုက်တွင် မိုင်းရှင်းလင်းပေးရန်၊ ဒေသခံများ၏ တင်ပြချက်များအရ လက် နက်ကိုင် အဖွဲ့များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုရှိနေသေးသလို ကေအိုင်အိုမှ တပ်သားသစ် စုဆောင်းခြင်းများအတွက် ထိုလုပ်ရပ်များ မပြုလုပ်ရန် တိုက်တွန်းဖော်ပြထားသည့်အပေါ် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIO)ကို မေးမြန်းရန် ကြိုးစားရာ အဆက်အသွယ် မရရှိ ခဲ့ပေ။
သို့သော် မွန်းနေလီ “လူထုတွေ နေရပ်မပြန်ရဲကြတာက မိုင်းကြောင့် တစ်ခုထဲမဟုတ်ဘူး။ ဗမာတပ်တွေ ရွာထဲဝင်၊ အိမ်မီးရှို့၊ လူထုတွေ ကို ရိုက် နှက်၊ ပြီးတော့ မသင်္ကာသူတွေဆိုရင် ခေါ်သွား၊ သတ်ဖြတ်။ အဲဒါတွေကို လူထုတွေ ပိုကြောက်နေကြတာ။ ဒေသခံတွေ အခွင့်အ ရေး အမျိုးမျိုး ချိုးဖောက်ခံနေရတာပါ။ ဒါကို လူ့အခွင့်အရေးကော်မရှင်တွေ သေချာလေ့လာစေချင်တယ်”ဟု ပြောသည်။
ထို့အပြင် ကချင်ဒုက္ခသည်စခန်းများအတွင်း ခိုလှုံနေကြသည့် ဒုက္ခသည် များအတွက် ၎င်းတို့၏ အခြေခံလိုအပ်ချက်များမှာလည်း အရေး ပေါ် လိုအပ်နေဆဲဖြစ်ကြောင်းကိုလည်း သူမက ဆက်လက် ပြောဆိုသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင် ၂ဦးတို့သည် ဇူလိုင်လ ၂၃ရက်မှ ၂၇ရက်နေ့အထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့များသို့ သွားရောက်ခဲ့သည်။
ယင်းခရီးစဉ်တွင် စောင့်ရှောက်ရေးစခန်း ၁၆ခုသို့ သွားရောက်၍ စခန်းနေလူထုနှင့် တွေ့ဆုံခြင်း၊ ကော်မရှင်ထံ ပေးပို့ခဲ့သည့် လူ့အခွင့်အ ရေးချိုးဖောက်မှု တိုင်ကြားစာများနှင့်ပတ်သက်၍ သက်သေများ ခေါ်ယူစစ်ဆေးခြင်းနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ၀န်ကြီး များနှင့် လက်ရှိ ကချင်ပြည်နယ် အခြေအနေကို အမြင်ချင်း ဖလှယ်ခဲ့သည်ဟု ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထား သည်။

Tuesday, August 14, 2012

KBC အသင်းတော်သို့ ခြိမ်းခြောက်စာရောက်

Published on 2012, August 14 (Tuesday)

သြဂုတ်လ ၁၃ ရက် (တနင်္လာ) နေ့က မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်ရှိ KBC အသင်းတော်ရုံးသို့ A4 စာရွက်ဖြင့် စာမျက်နှာပြည့် ရေးသားထားသော ခြိမ်းခြောက်စာတစ်စောင်ရောက်ရှိလာကြောင်း သတင်းရရှိပါသည်။
အဆိုပါစာထဲတွင် ရေးသားချက်များမှာ --
ကချင်ပြည်နယ်တွင် ကချင်တိုင်းရင်းသားသာ နေထိုင်သည်မဟုတ်ကြောင်း၊ ကချင်အားလုံးသည် KIA မဟုတ်ကြောင်း၊ အသင်းတော်ရှိ သင်းအုပ်ဆရာများအနေဖြင့် သင်းအုပ်ဆရာအလုပ်သာ လုပ်ရန်၊ သို့မဟုတ်ပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသည်။
ရေးသားထားသူမှာ ရှမ်းတိုင်းရင်းသားတစ်ဦးဟု ရေးသားထားခြင်းဖြစ်သည်။
သို့ရာတွင် အဆိုပါ အခြေအမြစ်မရှိသော စာမှာ အစိုးရ၏ နိုင်ငံရေးလှည့်ကွက်သာဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။
မြန်မာစစ်တပ်မှ ရွှေပြည်သာ စစ်ဆင်ရေးဟု အမည်ပေးကာ စစ်အင်အားအလုံးအရင်းဖြင့် KIA ဌာနချုပ် လိုင်ဇာမြို့အား စစ်ဆင်နေချိန်လည်းဖြစ်သည်။
KIA နှင့် နိုင်ငံရေး ဆွေးနွေးမည်ဟု ဆိုသော်လည်း ယနေ့အချိန်ထိ လက်တွေ့ ဖြစ်မလာသေးချေ။