Friday, December 21, 2012

တွေ့ဆုံဆွေးနွေးရန် အစိုးရ ကမ်းလှမ်းထား၊ KIO အကြောင်း မပြန်သေး

(ဧရာဝတီသတင်းဌာန)



ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် မြန်မာ အစိုးရတပ်များ အကြား စစ်ရေး တင်းမာနေစဉ် လာမည့်နှစ် ဇန်န၀ါရီလဆန်းပိုင်း၌ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန် အစိုးရဘက်က ကမ်းလှမ်းထားပြီး ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ဘက်မှ အကြာင်းမပြန်နိုင်သေးကြောင်း သိရသည်။

အစိုးရအနေနှင့် နှစ်ဖက် ကိုယ်စားလှယ်များ သွားရောက်နိုင်မည့် ကချင်ပြည်နယ် ဗန်းမော်မြို့ သို့မဟုတ် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် တွေ့ဆုံရန် အဆိုပြုထားပြီး ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ခေါင်းဆောင်များထံ ယခုလ ၁၃ ရက်နေ့က စာပေးပို့ထား ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးစန်းအောင်က ဧရာဝတီသို့ ပြောသည်။


အစိုးရက ပေးပို့သည့်စာကိုလည်း KIO ခေါင်းဆောင်များ လက်ခံရရှိပြီး လတ်တလော တစုံတရာ အကြာင်းပြန်ကြားခြင်း မရှိသေးကြောင်းလည်း ၎င်းက ဆိုသည်။

KIO တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးလနန်က “စာရတာနဲ့ ချက် ချင်း အကြောင်းမပြန်တာကတော့ အဲဒီစာနဲ့ အတူ ထိုးစစ်က ရောက်လာ တယ်။ အခုလည်း သူတို့ ထိုးစစ်ဆင်ဖို့အတွက် တော်တော်များများ အင်အားတွေ KIA ဗဟိုဘက်ကို ချဉ်းကပ်လာတဲ့ အထောက်အထား တွေ တွေ့ရတယ်၊ အဲဒီကိစ္စတွေ အလုပ်များနေတဲ့အခါမှာ အကြောင်း ပြန်ဖို့ နှောင့်နှေးသွားတာပါ” ဟု ပြောသည်။

အချိန်နှင့် နေရာကို KIO ခေါင်းဆောင်များနှင့် ညှိနှိုင်းဆွေးနွေးပြီးမှ သာလျှင် သိရမည်ဖြစ်ပြီး လတ်တလောတွင် အစိုးရထံသို့ အကြောင်း မပြန်ရသေးကြောင်း သိရသည်။

“ဒါကတော့ တွေ့ပြီးတော့မှ ဖြေရှင်းရမယ့် ကိစ္စတွေပါ၊ တွေ့တဲ့ နေရာမှာ လည်း အစိုးရဘက်ကနေပြီးတော့ သူတို့ အမြဲလိုချင်နေတဲ့ပုံစံ မဟုတ် ဘဲနဲ့ တိုင်းရင်းသားတွေဘက်က ဘာတွေ စဉ်းစားတယ်ဆိုတဲ့ အချက် လည်း သူတို့ထည့်ပြီးမှပဲ စဉ်းစားလာအောင် ကျနော်တို့ ကြိုးစားရမှာပဲ” ဟု ၎င်းက ဆိုသည်။

ယခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က ပြည်ထောင်စု အဆင့် ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌဖြစ်သူ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း နှင့် KIO ခေါင်းဆောင်များ တရုတ်နိုင်ငံ ရွှေလီမြို့ တွင် နောက်ဆုံး တွေ့ဆုံခဲ့စဉ် နှစ်ဖက်တပ်များ တင်းမာနေသည့် စစ်ရေး ကိစ္စ ပြေလည်စေရန် နိုင်ငံရေးတွေ့ဆုံရန် စီစဉ်ခဲ့သည်။

စစ်ရေးတင်းမာမှုကြောင့် KIO နှင့် အစိုးရတပ်အကြား တိုက်ပွဲများ ယနေ့ ဖြစ်ပွားခြင်း မရှိကြောင်း၊ KIA ဗဟို ဌာနချုပ်နှင့် ၁၅ မိုင် အကွာတွင် အစိုးရ က စစ်ရေးပြင်ဆင်ထားကြောင်း သိရသည်။

ကချင်အမျိုးသမီး အစည်းအရုံး – ထိုင်းနိုင်ငံ (KWAT) အဖွဲ့မှ မွန်နေလီ က “ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အကြိမ်ကြိမ် လုပ်တယ်၊ စစ်ပွဲတွေက မငြိမ်းဘူး ဆိုတော့ တကယ် ခံစားရတာက ပြည်သူလူထုတွေဖြစ်တယ်။ အဓိက အမျိုးသမီးနဲ့ ကလေးငယ်တွေ။ တိုက်ပွဲဖြစ်ပြီးဆိုလို့ရှိရင်လည်း အမျိုးသမီးနဲ့ ကလေးငယ်တွေ ပိုပြီး ခံစားရတယ်။ ဆွေးနွေးပွဲတွေ အကြိမ်ကြိမ်လုပ်ပြီးမှ တကယ်ပဲ မြန်မာနိုင်ငံ ငြိမ်းချမ်းမှုကို ဖော်ဆောင် နိုင်တဲ့ ရလဒ်ကို ဖြစ်စေချင်တယ်” ဟု ပြောသည်။

တွေ့ဆုံဆွေးနွေးရာတွင် KIO နှင့် အစိုးရ နှစ်ဖက်ကိုယ်စားလှယ်များ အနေနှင့်လည်း အဓိက လိုအပ်နေသည့် ပြဿနာ အကြောင်းအရင်းကို သေသေချာချာ ဆွေးနွေးအဖြေရှာသင့်ကြောင်း သူက ဆိုသည်။

မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရက် မစ်ချယ် သည် KIA နှင့် အစိုးရတပ်တို့ ဆက်လက်ဖြစ်ပွားနေသည့် စစ်ပွဲများ အဆုံးသတ်ရေးနှင့် ဒုက္ခသည်များ ကူညီရေး အတွက် မြစ်ကြီးနားမြို့သို့ မကြာသေးခင် ရက်ပိုင်းက သွားရောက် လေ့လာခဲ့သည်။

မစ္စတာ ဒဲရက် မစ်ချယ်သည် ကချင်လူမှု အခြေပြု အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး ကချင်ဒေသတွင်း စစ်ပွဲများ အဆုံးသတ်ရေးနှင့် စစ်ပြေး ဒုက္ခသည်များ ကူညီထောက်ပံ့ပေးရေး ကိစ္စများကို ဆွးနွေးရန် သွား သည့် နေ့တွင် ဖားကန့်မြို့နယ်ရှိ ကာမိုင်း ရဲစခန်းကို KIA က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် တဦး အပါအ၀င် ၃ ဦး သေဆုံး၍ ၁ ဦး ဒဏ် ရာရသည့် အပြင် KIA တပ်ဖွဲ့ဝင်များက မိုးကောင်း ချောင်းကူးတံတား ကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့သည်။

1 comment:

  1. ပြည်သူတွေရဲ့ ပိုက်ဆံတွေနဲ့ လက်နက်ဝယ်ကြ တိုက်ကြခိုက်ကြနဲ့ နှစ်ဖက်လုံးက လူတွေ သေကြ ပြည်သူတွေကိုလဲ ဒုက္ခရောက်ကြရ ဘယ်လိုလူမျိုးတွေကို ခေါင်းဆောင်တင်မိကြတာလဲ ဘယ်ဖက်ကရောကောင်းလဲ ရှေ့တန်းရောက် ကိုယ့်ပြည်ထောင်စုသားအချင်းချငိးသတ်ရတာကောင်းနေကြတယ်ထင်တယ် ဘာငြိမ်းချမ်းရေးလဲ နှစ်ဖက်လုံးလက်နက်မချမှတော့ ငြိမ်းချမ်းရေးကဝေလာဝေးပဲ ရှေ့ တန်းကတိုက်နေရတဲ့ နှစ်ဖက်လုံးက စစ်သားတွေက အသက်ပေးလို့ ခေါင်းဆောင်တွေကို ကာကွယ်ကြ ခေါင်းဆောင်တွေလဲ အနစ်နာခံလို့ ယူနီဖောင်းတောင်ခေါက်ရိုးမကျိုးကြဘူး အဲလောက်သတ်ချင်နေကြရင် ဟိုဖက်ဒီဖက် ခေါင်းဆောင်တယောက်ချင်း ဓါးချင်း ယှဉ်ခုတ်ပီး အဆုံးအဖြတ်ယူကြလေ စစ်သားငယ်တွေ အသက်ပေးစရာမလိုအောင်အနစ်နာခံကြပါလား လုပ်ရဲလားလို့ ...

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။