Friday, December 28, 2012

အစိုးရတပ်က KIA ကို ရဟတ်ယာဉ်များဖြင့် တိုက်ခိုက် (မေးမြန်းချက်)



(Democratic Voice of Burma)

ဒီနေ့မနက်မှာ အစိုးရတပ်ဖွဲ့တွေဟာ ကချင်လွတ်မြောက်ရေး တပ်မတော် ဌာနချုပ်ရှိရာ လိုင်ဇာနဲ့ အနီးဆုံး လဂျားယန်ကို လေယာဉ်တွေ ရဟတ်ယာဉ်တွေ အသုံးပြုပြီး ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို ထိခိုက်စေ နိုင်တယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ ပြောခွင့်ရ ဦးလနန်က ပြောပါတယ်။

ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့ မနေ့က အစိုးရ တပ်ဖွဲ့တွေရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးမှုတွေနဲ့ ပတ်သတ်ပြီး ဦးလနန်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
လေယာဉ်တွေနဲ့ ပစ်တယ်ကြားတယ်။

“ဒီနေ့ မနက် ၆ နာရီ ၀န်းကျင် ဒေါ့ဖုန်းယန် စခန်းကနေ လဂျားယန် ဘက်ကို လက်နက်ကြီးနဲ့ အရင်ပစ်ခတ်တယ်။ နောက် ၉ နာရီ ပတ်ဝန်းကျင်မှာ ဖိုက်တာ ၄ စင်းပေါ့။ ၂ စင်းတွဲ၊ ၂ စင်းတွဲနဲ့ လဂျားယန်ကို ဆက်တိုက်ပစ်တာမျိုးလုပ်တယ်။ ပစ်ခတ်ပြီး ၁၀ နာရီ ခွဲလောက်မှာ ရဟတ်ယာဉ် ၂ စင်း လိုက်ပါလာပြီး ပြန်ပစ်တာမျိုး လုပ်တယ်။ ဒါကြောင့် ဒီနေ့ တိုက်ခိုက်မှုကတော့ ဌာနချုပ် အနီးဆုံးမှာ ဖိုက်တာ ၄ စင်းနဲ့ အမ်အိုင် ၂၄ ၂ စင်း၊ အားလုံး ၆ စင်း၊ လာပစ်တယ်။ ပြီးတော့ လက်နက်ကြီးနဲ့ ပြန်ပစ်တယ်။ အခုလည်း ပစ်တုန်းပဲ။”


အစိုးရက ဒီရက်ပိုင်းအတွင်းမှာ ကေအိုင်အေကို စစ်ရေးနဲ့ ဖိအားပေးလာ တဲ့ သဘောပေါ့နော်။

“အဲဒီသဘောပါပဲ။ သူတို့ ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း ဗဟို ဌာနချုပ် ကို ၀ိုင်းရံထားတာ အင်အား ၃၀၀၀ လောက်ရှိတယ်။ လေကြောင်း ပစ်ခတ်မှုပြီးတဲ့အခါ မြေပြင်ကနေ လက်နက်ကြီး ပစ်ခတ်မှုရယ်၊ ခြေလျင် တပ် ချီတက်မှုလည်း ဒီမွန်းလွဲဆို စတင်လာနိုင်တဲ့ အတိုင်းအတာတော့ ခန်းမှန်းမိတယ်။”

စစ်တပ် အင်အားတွေ တိုးပြီး အခုလို လေယာဉ်တွေနဲ့ ထိုးစစ်ဆင်လာ တဲ့ အနေအထားက ကေအိုင်အေနဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို ထိခိုက်နိုင် တဲ့ အခြေအနေ ရှိလား။

“သက်ရောက်မှု ရှိမှာပါ။ ပုံမှန်ဖြစ်တဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ အမြစ်ဖြတ် ချေမှုန်းရေးဆိုတဲ့ ပြည်ပရန်ကို တွန်းလှန်တဲ့ ပုံစံနဲ့ ကျင့်သုံးလာမယ် ဆိုရင်တော့ တွေ့ဆုံဆွေးနွေးမှုကတော့ မှေးမှိန်မှုရှိလာမှာပါ။ နဂို ဦးအောင်သောင်း၊ ဦးအောင်မင်းတို့နဲ့ ဆွေးနွေးမှုကလည်း သုည အမှတ် ကို ပြန်ရောက်သွားမယ်လို့ ထင်တယ်။”

အခုလို ပစ်ခတ်တဲ့အတွက် အရပ်သားတွေ ထိခိုက်တာတွေရော ရှိလား။ ကေအိုင်အေဘက်က ထိခိုက်ကျဆုံးမှုရော ရှိလား။

“လေယာဉ်နဲ့ လာတိုက်မယ်ဆိုတာ ကြိုသတင်းရပြီးသားပါ။ ဒါကြောင့် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ စုရပ်ပေါ့နော်၊ အားလုံးက နေရာယူထား ပြီးဖြစ်လို့ ထိခိုက်တာမျိုးတော့ မရှိဘူး။ အရပ်သားတွေလည်း ထိခိုက် တာမျိုး မရှိဘူး။”

မနေ့က အစိုးရတပ်ကနေပြီး လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား တွေ သေဆုံးမှုရှိတယ်ဆိုတာ ကြားတယ်။ ပြောပြပေးပါလား။

“မနေ့က အရပ်သားတွေက မုံးလွဲချောင်းမှာ အလုပ်လုပ်နေကြတယ်။ အဲမှာ တဖက်တောင်ကနေပြီး ၁၀၅ မမ ၆ လုံးလောက် ဆက်တိုက် ပစ်လိုက်တာ အရပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်။ အဲထဲမှာ ၂ ယောက်ကလည်း တော်တော် စိုးရိမ်စရာ ရှိတယ်။ အရပ်သား ဆိုတာ သူတို့က ဒုက္ခသည် စခန်းမှာ နေတယ်။ နေ့ပိုင်းမှာ နေ့စားနဲ့ ၀င်ငွေရှာတဲ့ မိသားစုတွေပေါ့။”

တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဦးလနန် ဘာများ ပြောချင်ပါသေးလဲ။

“တခြားတော့ ဘာမှ မပြောချင်ဘူး။ ဒါပေမယ့် အစိုးရ စစ်ဆင်မှုဟာ ပြည်တွင်းစစ်ပုံစံမဟုတ်ဘဲနဲ့ ပြည်ပကနေ၀င်လာတဲ့ ပုံစံမျိုး ထိုးစစ် ဆင်တာမျိုးကတော့ ကျနော်တို့ ဘက်က စဉ်းစားစရာတွေ၊ ပြောဆို စရာတွေ၊ မှတ်ချက်ပြုစရာတွေ အများကြီးရှိလာနိုင်တယ် လို့ ပြောချင် တယ်။”

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။