Tuesday, December 18, 2012

ကားမိုင်းမြို့ ရဲစခန်း သိမ်းပိုက်ခံရ

(Myitkyina Blog)



ကားမိုင်းမြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဒီဇင်ဘာလ(၁၈)ရက် မနက်(၄)နာရီ အချိန်တွင် KIA တပ်ဖွဲ့က လာရောက် သိမ်းပိုက်လိုက်ကြောင်း သိရှိရ သည်။ ရဲတပ်ဖွဲ့ဝင်(၁)ဦးကျဆုံးကာ လက်နက်မျိုးစုံ(၂၀)လက်ကို သိမ်း ဆည်းရ ကြောင်း သိရှိရသည်။ အချုပ်ခန်းတွင် မတရားချုပ်နှောင်ခံထားရ သူများနှင့် အချုပ်သားများကိုလည်း လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။


ကားမိုင်းမြို့ရဲစခန်းသည် ခရီးသွား ကချင်အမျိုးသားများကို လိုသည် ထက်ပို၍ စစ်ဆေးမေးမြန်းကာ မသင်္ကာသူ အဖြစ် ဖမ်းဆီးချုပ်နှောင်ခြင်း ပြုလုပ်လျက်ရှိသည်သာမက ဒေသခံ ကချင်ရွာသားများကိုလည်း KIA တပ်ဖွဲ့ဝင် ဖြစ်သည်၊ KIA တပ်ဖွဲ့ဝင်၏ဆွေမျိုးများဖြစ်သည်ဟုဆိုကာ မတရားဖမ်းဆီးနှိပ်စက်ခြင်း၊ ချုပ်နှောင်ခြင်းကို အစဉ်ပြုလုပ်နေသော ရဲစခန်းဖြစ်သည်။

ဖားကန့် ခရီးသွားပြည်သူများနှင့် ကျောက်ကုန်သည်များထံမှ ငွေကြေးကို နည်းနာအမျိုးမျိုး၊ ခေါင်းစဉ်အမျိုးမျိုး စုံတပ်ကာ တရားဝင်ဆက်ကြေး ကောက်ခံရာတွင် နာမည်ကြီးသည်။ ရရှိလာသောငွေကြေးများကို မြို့နယ်မှူး၊ ခရိုင်ရဲမှူး နှင့် ပြည်နယ်ရဲမှူး အထိ အဆင့်ဆင့်ခွဲဝေပေးနေရ သော တာဝန်ကိုလည်း ထမ်းဆောင်နေရသည်။

ကားမိုင်းမြို့ပေါ်ရှိ ရပ်ကွက်များနှင့်ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူများ နှင့်လည်း ကားမိုင်းမြို့ ရဲတပ်ဖွဲ့ဝင်များ ဆက်စပ်ပါဝင်လျက်ရှိသဖြင့် ဒေသခံ လူငယ်၊ လူရွယ်၊ လူအို၊ အမျိုးသမီး များပါ မူးယစ်ဆေးဝါးကို ယဉ်ပါးစွာသုံးစွဲနေကြသည်။ မိသားစုတိုင်းသည် မူးယစ်ဆေးဝါး၏ ကျိန်စာဒဏ်ကို ခံစားနေရသည်မှာ ကြာမြှင့်နေပြီဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။