Sunday, December 16, 2012

စတေးခံ တပ်သားဘဝ

(Myitkyina Blog)


စိတ်ဓါတ်ကျဆင်းပျက်ပြားနေပြီဖြစ်တဲ့ မြန်မာ့မျိုးချစ်တပ်မတော်သားတွေဟာ ရှေ့တန်းမှာ ဆက်ပြီး တာဝန်ထမ်းဆောင်လိုတဲ့ဆန္ဒ ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် နေ့စဉ်နဲ့အမျှ တပ်စခန်းကနေထွက်ပြေး လျက်ရှိနေကြတယ်။ ရှေ့တန်းထွက် တပ်မတော်သားတိုင်းဟာ နိုင်ငံအကျိုးရလဒ်မျှော်မှန်းစရာမရှိတဲ့ စစ်ပွဲကိုငြီးငွေ့လာနေကြပါပြီ။ အာဏာရှင်၊ အာဏာရူး လူတစ်စုရဲ့ တဖက်သတ်မှားယွင်းဆုံးဖြတ်ခဲ့တဲ့ နိုင်ငံရေးလှည့်ကွက်တွေနဲ့ လူမျိုးကြီးဝါဒကိုအခြေခံတဲ့ စတုတ္ထမြန်မာနိုင်ငံပေါ်ထွန်းရေးကို ရုပ်လုံးဖေါ် နေတဲ့ လူတစ်စုရဲ့ အမိန့်ပေးခိုင်းစေမှုတွေကြောင့် ရာစုနှစ်တစ်ဝက်ကျော်မှာ တပ်မတော်သား ထောင်ပေါင်းများစွာဟာ ဘ၀စတေးခံခဲ့ကြရတယ်။ အဲဒီတပ်မတော်သားတွေနဲ့ ဆက်စပ်နေတဲ့ မိသားစုဝင်တွေ၊ ဆွေးမျိုးအသိုင်းအ၀ိုင်းတွေဟာ မိသားစု ပြိုကွဲခံရပြီး ဘ၀တွေပျက်စီးခံခဲ့ရတာဟာ သောင်း၊ သိန်း ချီနေပြီ။


ဒါတွေကို စဉ်းစားတွေးခေါ်သိတတ် နားလည်သတိထားမိတဲ့ တပ်မတော်သားတွေဟာ တပ်စခန်း ကနေ ထွက်ပြေးလွတ်မြောက်ဘို့အတွက် အခွင့်အလမ်း၊ အခွင့်အရေးကို ရှာကြံလျက် ရှိနေကြတယ်။ “တပ်မတော်အင်အားရှိမှ၊ တိုင်းပြည်အင်အားရှိမည်”ဆိုတဲ့ တပ်မတော်အစိုးရရဲ့ ဟစ်ကြွေးသံတွေဟာ၊ အမှန်တကယ်ဖြစ်ပေါ်လာဘို့ ခက်ခဲပါတယ်။ စစ်တပ်ရဲ့ ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်ဟာ ခေတ်မီ ရုပ်ဝတ္ထုနဲ့ တည်ဆောက်မွမ်းမံနိုင်ပေမဲ့၊ အခြေခံအင်အားစု ဖြစ်တဲ့ အောက်ဆင့်အရာရှိ ငယ်တွေ၊ အောက်ခြေတပ်မတော်သားတွေဟာ ကျေးကျွန်သဖွယ်ဘ၀နဲ့၊ လုံးပမ်းနေကြရပြီး စိတ်ဓါတ်ခွန်အား လုံးဝကျဆင်းကာ နှလုံးရည်ပျောက်နေကြပါပြီ။


စစ်အစိုးရခေတ်မှာတော့ စစ်သားဆိုတဲ့ ဘီလူးခေါင်းစွပ်ပြီး ကိုယ်လုပ်ချင်ရာ၊ ကိုယ်လိုရာကို အတင်းအဓ္ဓမ ပြုမူပြီး ငွေကြေးအချိုသပ်ဖားအသိုင်းအ၀ိုင်းမှာ ခေါင်းလုပ်လို့ရခဲ့ပေမဲ့ အခုအချိန်မှာ စစ်တပ်ရဲ့အခန်းကဏ္ဍ ဟာ နေ၀င်ဆည်းဆာအချိန်ပါ။


မြန်မာအစိုးရစစ်တပ်ထဲမှာ အခြားအဆင့် ရဲဘော်တွေရဲ့ဘ၀ဟာ အလွန်သနားစရာတွေပါ။ အသက်ကို ဖက်နဲ့ထုပ်ထားရသလိုပါ။ တိုက်ပွဲဖြစ်တိုင်း ရှေ့ကလာမဲ့ ကျည်ကို သတိထားနေရသလို နောက်ကျည် ကိုလည်း ကြောက်နေရတဲ့ဘ၀တွေပါ။ စားရေး သောက်ရေး ခက်ခဲတဲ့အထဲ အထက်အရာရှိ အဆင့်ဆင့်ရဲ့ တာဝန်နဲ့မဆိုင်တဲ့ ကိုယ်ပိုင်ပုဂ္ဂလိကမှာ ၀န်ဆောင်ပေးနေရမှု၊ ညှင်းဆဲခိုင်းစေမှု တွေဟာလည်း ရဲဘော်တွေကို စိတ်ဓါတ်ကျဆင်း၊ ပျက်ပြားစေရတဲ့ဘ၀ ရောက်စေခဲ့တယ်။


ရှေ့တန်းစစ်ကြောင်းမှာပါဝင်တဲ့ တပ်မတော်သားတွေဟာ စစ်ယူနီဖောင်းကို ပြည့်ပြည့်စုံစုံ မ၀တ်ဆင် ဘဲ အရပ်ဝတ်တစ်ပိုင်းနဲ့ လှုပ်ရှားနေကြတယ်။ ထွက်ပြေးရာမှာ အလွယ်တကူ အသွင်ပြောင်းနိုင်ဘို့ အတွက်ပါ။ အချို့ရဲဘော်တွေဟာ
အားကစား ဘောင်းဘီ တွေကို ၀တ်ထားပြီး၊ ကြယ်သီးအဆင်သင့် ဖြုတ်ထားတဲ့ စစ်အင်္ကျီ အောက်မှာ အရပ်အင်္ကျီကို ၀တ်ဆင်ထားကြတယ်။ စစ်ဦးထုပ် မဆောင်းဘဲ ခမောက် ဒါမှမဟုတ် Cap ဦးထုပ် ဆောင်းထားကြ တယ်။ အချို့ဆိုရင် ညှပ်ဖိနပ် စီးထားကြတယ်။

ဒါတွေဟာ KIA ဖက်က အထင်မှားအောင် အရပ်သားအသွင်သဏ္ဍာန် ယူတာဖြစ်သလို၊ တိုက်ပွဲဖြစ်တာနဲ့ ဒါမှမဟုတ် အခွင့်အရေးရတာနဲ့ အလွယ်တကူထွက်ပြေးပြီး အရပ်သားအသွင်ပြောင်းနိုင်ဘို့ အဆင်သင့် ဖြစ်အောင် ပြင်ဆင်ထားတာပါ။ ဒီလိုနဲ့ဘဲ ဖားတစ်ပိုင်း၊ ငါးတစ်ပိုင်း စစ်သည်များကိုသာ ရှေ့တန်းနယ်မြေ တွေမှာ တွေ့နေကြရတယ်။ ဒါကြောင့် “မြန်မာအစိုးရစစ်သားတွေကို စစ်ဝတ်စုံအပြည့်နဲ့ ရှေ့တန်းမှာ တွေ့ချင်လှပါပြီ” ဆိုပြီး KIA စစ်သားတွေ ဟာသနှောပြီး ပြောဆိုနေကြတယ်။

ဒါတွေကြောင့်ဘဲ ရွှေလီမြို့မှာ KIO အဖွဲ့နဲ့ ဦးအောင်သောင်း အဖွဲ့တို့တွေ့ဆုံစဉ်တုန်းက KIO ဖက်က ပြောဆိုတဲ့စကားမှာ “မြန်မာအစိုးရစစ်သားတွေ ထဘီဝတ်ပြီးတက်လာတယ်”လို့ ထည့်ပြောရတဲ့အထိ ဖြစ်ခဲ့တယ်။ 

အဲဒါကို တွေ့ဆုံပွဲကိုတက်ရောက်လာတဲ့ ရွှေရောင်တပြောင်ပြောင်နဲ့ မီးပူခေါက်ချိုးအတိုင်း စစ်ဝတ်စုံအပြည် တပ်မတော်အရာရှိတွေက တပ်မတော်ကို သိက္ခာချတယ်ဆိုပြီး ဒေါပုန်ထခဲ့ကြတယ်။ ရှေ့တန်းမှာဖြစ်ပျက်နေတဲ့ တပ်မတော်သားတွေရဲ့ အဖြစ်မှန်ဘ၀ကို နေပြည်တော်မှာ အခန့်သားရှိတဲ့ သူတွေမသိလို့ ဒေါပုန်ထတာဖြစ်ပါလိမ့်မယ်။


ထွက်ပြေးတဲ့တပ်မတော်သားတိုင်းဟာ စစ်အသုံးအဆောင်ပစ္စည်းအားလုံးကို လွှင့်ပစ်ထားခဲ့ကြတယ်။ ခြေစီး စစ်ဖိနပ်၊ စစ်ရောင် ခြေအိတ်ကအစ အစိမ်းရောင်ပါတဲ့ အသုံးအဆောင်အားလုံးကို နာကျည်းစွာ ဖျက်ဆီးပစ်ခဲ့ကြတယ်။ သေနတ်တွေကိုလည်း လွှင့်ပစ်ဖျက်ဆီးခဲ့ကြတယ်။ 
တကယ်တော့ တပ်မတော် သားတွေဟာ မိမိထမ်းဆောင်နေရတဲ့ တာဝန်ဟာ အကျိုးမရှိလို့၊ ဘ၀စတေးခံနေရလည်း တိုင်းပြည် ကောင်းကျိုးရလာမှာ မဟုတ်ဘူး ဆိုတာကို စဉ်းစားမိတဲ့အတွက်၊ နောက်ဆုံးမှာတော့ တန်ဘိုးရှိတဲ့ လူ့ဘ၀၊ အသက်တစ်ချောင်း မပျက်စီးစေချင်လို့ အရဲစွန့်ထွက်ပြေးနေကြရတာ ဖြစ်တယ်။

အချို့တပ်ပြေးတွေဟာ ကံကုန်ကြလို့ မြန်မာအစိုးရစစ်ကြောင်းက ပြန်ဖမ်းမိတဲ့အတွက် ကံဆိုးစွာ စံပြအနေနဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြတယ်။ နိုဝင်ဘာလ(၂၄)ရက်နေ့က နားဖေါ့စစ်စခန်းမှာ အခြေချ တပ်စွဲလှုပ်ရှားနေတဲ့ ဆားမှော်အခြေပြု ခလရ(၁၀၅)တပ်ဖွဲ့က တပ်မတော်သား(၃)ယောက်ဟာ ကိုယ်လွတ်ရုံန်း ထွက်ပြေးခဲ့ကြတယ်။ 
စစ်အသုံးအဆောင်ပစ္စည်းအားလုံးကို တောထဲမှာ ဖျောက်ဖျက် လွှင့်ပစ်ထားခဲ့ကြတယ်။ အဲဒီထွက်ပြေးသွားတဲ့ တပ်ပြေး(၃)ယောက်ကို နားဖေါ့တပ်စခန်းကနေပြီး လက်နက်ငယ်၊ လက်နက်ကြီး တွေနဲ့ လိုက်လံပစ်ခတ်ကြပေမဲ့ ထိခိုက်မှုမရှိခဲ့ဘူး။

ကံအကျိုးပေးတဲ့အတွက် KIA တပ်ဖွဲ့နဲ့တွေ့ဆုံခဲ့ပြီး အဖမ်းခံခဲ့လို့ လူ့အသက်(၃)ချောင်း ဆက်လက် ရှင်သန်ခွင့် ရခဲ့တယ်။ အဲဒီတပ်ပြေးတွေ ပြောဆိုချက်အရ နားဖေါ့တပ်စခန်းမှာ ရိက္ခာပြတ်နေလို့ ထမင်းနပ်မှန် မစားရကြောင်း၊ သောက်ရေကိုလည်း ချွေသာသောက်သုံးနေရကြောင်း၊ နေပွင့်ချိန် နာရီပိုင်းမျှသာ နေပူဆာလှုံခွင့်ရကြောင်း၊ ရေမချိုးဖြစ်သည်မှာ နှစ်လခန့်ရှိပြီဖြစ်ကြောင်း မျက်ရည် တဖြိုင်ဖြိုင်ဖြင့် ရင်ဖွင့်ပြောဆိုကြတယ်။
ဆောင်းတွင်းဝင်လာပြီဖြစ်သော်လည်း အပေါ်ဝတ်အနွေးအထည်မရှိ၊ စောင်တစ်ထည်ကို ရဲဘော် (၂)ယောက် ပေါင်းအိပ်နေကြောင်း သိရတယ်။ အအေးဒါဏ်နဲ့ အာဟာရပြတ်လတ်တဲ့အတွက် ဒီအတောအတွင်း ရဲဘော်(၆)ယောက် ထက်မနည်း သေဆုံးသွားပြီဖြစ်ကြောင်းလည်း သိရတယ်။ ပိုပြီး စိတ်မကောင်းစရာကတော့ သေဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေဟာ နာရေးသတင်းကို မသိရှိတာဖြစ်ကြောင်း ပြောဆိုကြတယ်။ နားဖေါ့တပ်စခန်းဟာ အမြင့်ပေ(၆၀၀၀)ခန့် ရှိတဲ့အတွက် ဆောင်းတွင်းမှာ အပူချိန်ဟာ ရေခဲအမှတ်အောက်ရှိတဲ့ တောင်ထိပ်ပါ။

အဲဒီတပ်ပြေး(၃)ယောက်ဟာ စုတ်ပြတ်နေပြီဖြစ်တဲ့ အ၀တ်အစားကို ၀တ်ဆင်ထားကြပြီး သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ တရုတ်ပြည်ဘက်ကို ပြေးဝင်၊ အဲဒီကနေတဆင့် ဖြစ်တဲ့နည်းနဲ့ ဇာတိကို ပြန်နိုင်ဘို့ ဖြစ်တယ်လို့ ပြောဆိုကြတယ်။

ဒါတွေဟာ ကချင်ဒေသတွေမှာ နေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေတဲ့ တပ်မတော်သားတွေရဲ့ ဘ၀ပါ။ အချို့ဟာ လူမသိ သူမသိနဲ့ဘဲ တောတောင်ထဲလမ်းပျောက် အစာရေစာ ငတ်ပြတ်သေဆုံးခဲ့ကြရတယ်။ ရှေ့တန်း စစ်မြေပြင်ရောက် တပ်သားအချို့ဟာ နောက်တန်းပြန်နိုင်ရေးအတွက် နည်းလမ်းအမျိုးမျိုး အသုံးပြုကြ ကြောင်း သိရတယ်။ တိုက်ပွဲအနည်းငယ်ဖြစ်တာနဲ့ ဒဏ်ရာဖြစ်စေဘို့တွက် မိမိကိုယ်ကိုမိမိ အသက် အန္တရာယ်မဖြစ်နိုင်တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေမှာ ပစ်ခတ်ယူကြတယ်။ တိုက်ပွဲဒဏ်ရာရ ရဲဘော် အဖြစ် နောက်တန်းပြန်ကြတယ်။

ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် တပ်မတော်သားတွေဟာ ရှေ့တန်းမှာ အဓိပ္ပါယ်မရှိတဲ့တိုက်ပွဲကို ငြီးငွေ့လာကြပြီ ဖြစ်လို့ အဲဒီဘ၀ကနေ လွတ်မြောက်နိုင်ရေးအတွက် နည်းမျိုးစုံကို အသုံးပြုနေကြပါပြီ။

မနောသန်းနိုင်
 ၂၅-၁၁-၂၀၁၂

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။