Tuesday, December 25, 2012

ခရစ်စမတ်နေ့ ပြည်တွင်းစစ်သတင်းများ

(Myitkyina Blog)


ဟန့်တားတိုက်ပွဲများ 

 ဒီဇင်ဘာလ(၂၃)ရက် ညသန်းခေါင်အချိန်တွင် KIO ဗဟိုဌာနချုပ်သို့ စစ်ဆင်ရေးဆောင်ရွက်ရန် ချီတက် လာသော စစ်ယာဉ်(၂၅)ပါသော ယာဉ်တန်းကို မိုးမောက်မြို့အထွက်တွင် KIA တပ်ဖွဲ့မှ ဟန့်တား တိုက်ခိုက် ခဲ့ရာ ယာဉ်(၂)စီး ပျက်စီးသွားပြီး အစိုးရတပ်ဖွဲ့ဝင်(၁)ဦး ကျဆုံး၊ (၃)ဦး ထိခိုက်သွားကြောင်း သိရှိရသည်။
ဒီဇင်ဘာလ(၂၄)ရက်နေ့ စစ်ယာဉ်(၂၁)စီးဖြင့် ဒေါ့ဖုန်းယန်မှ သိန်လုံ (Ting Lung)သို့ ချီတက်လာသော တပ်မ(၈၈)ဟု ယူဆရသော စစ်ကြောင်းကို ဘန်ကောမူ(Ban Kau Mu)အနီး ဟန့်တားတိုက်ခိုက်ရာ အစိုးရစစ်သား(၂)ဦး ကျဆုံးပြီး (၉)ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

ကွမ်းရှောင်စခန်းကို လေကြောင်းမှထပ်မံတိုက်ခိုက်

ဒီဇင်ဘာလ(၂၄)ရက် မနက်၉ နာရီ ၁၅ မိနစ် မှ ၉ နာရီ ၃၀ မိနစ်အကြား မြစ်ကြီးနား လေတပ်စခန်းမှ စစ်ရဟတ်ယာဉ်(၂)စီးသည် KIA တပ်စခန်း ဖြစ်သော ကွမ်းရှောင်(Kum Shawng Post)နှင့် ခမွတ် (Hka Mut Post) ကို (၆)ကြိမ်လှည့်ပတ်ကာ ဒုံးကျည်များ၊ ၃၀ မမ စက်သေနတ် များ ဖြင့် ဒုတိယနေ့အဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့သည်။


ထိုသို့ပစ်ခတ်စဉ် မလိရေအားလျှပ်စစ်စက်ရုံမှ မြစ်ကြီးနား၊ ၀ိုင်းမော်မြို့ သို့ လျှပ်စစ်ပို့လွှတ်သော ဓါတ်အားလှိုင်း တာဝါတိုင်အား တမင်ရည်ရွယ် ပစ်ခတ်သဖြင့် လျှပ်စစ်မီးပြတ်တောက်ခဲ့ရသည်။
လေကြောင်းမှပစ်ခတ်ပြီးသည်နှင့် ၁၀ နာရီအချိန်တွင် ခမရ(၃၉၀) ခလရ(၂၉၈)တပ်ဖွဲ့သည် KIA စခန်းသို့ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ သည်။
လေကြောင်းမှ ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်လာသဖြင့် KIA ရှေ့တန်းစခန်း ကွမ်းရှောင်စခန်းမှ KIA တပ်ဖွဲ့များ ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။
မြစ်ကြီးနားမြို့ပေါ်ရှိ အစိုးရဌာနများ၊ မြန်မာအစိုးရစစ်တပ်ရင်းများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တို့သည် လျှပ်စစ်မီးဖြတ်တောက်မှုကို ကြိုတင်ပြင်ဆင်ထားသည့်အနေနှင့် မီးစက်၊ လောင်စာဆီများကို လွန်ခဲ့သည့် အပတ်မှ တိတ်တဆိတ်စီမံမှုများ ရှိခဲ့ကြောင်း သိရှိရသည်။

ခုခံတိုက်ပွဲဖြစ်

ဒီဇင်ဘာလ(၂၄)ရက် ညနေ(၅)နာရီအချိန်တွင် ၀ိုင်းမော်မြို့နယ်၊ မလိ ယန် မှ ဆက်လက်ချီတက် ထိုးစစ်ဆင် လာသော ခလရ(၂၁) ခမရ (၃၈၈) တပ်ဖွဲ့ကို KIA လှုပ်ရှားတပ်ရင်း(၂၅၅)တပ်ဖွဲ့တို့က ကနွယ် အင်ခွပ် (Kanoi Nhkrut)စခန်းမှ ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရှိရ သည်။

လက်နက်ကြီးဖြင့် ပစ်ခတ်

ဒီဇင်ဘာလ(၂၄)ရက် ည(၇)နာရီအချိန်မှစတင်ကာ လွန်ခဲ့သည့်(၂) ရက်က မြန်မာအစိုးရတပ်ဖွဲ့က ၁၂၀ မမ (၂)လက် လာရောက်ဖြန့်ကျက် ထားသော မန်ဆိုင်း(Man Sai)မှနေ၍ KIA တပ်ဖွဲ့များရှိရာ မန်ဂေါ် ကောင် (Mangau Kawng)သို့ လက်နက်ကြီးဖြင့် စတင်ပစ်ခတ်နေ ပြီဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့စစ်တပ်ကို KIA ၀တ်စုံထုတ်ပေးထား

KIO ဗဟိုဌာနချုပ်သို့ ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် ပါဝင်သည့် မြန်မာ အစိုးရတပ်ဖွဲ့ဝင်များအား KIA တံဆိပ်ပါ စစ်ယူနီဖောင်း ကို ထုတ်ပေး ထားကြောင်း သိရှိရသည်။

မြန်မာအစိုးရစစ်တပ်အင်အား ဆက်လက်ဖြည့်

ဒီဇင်ဘာလ(၂၄)ရက် မနက်(၂)နာရီခွဲအချိန် မိုးမောက်မြို့မှ ယာဉ်(၂၃) စီး ဖြင့် ချီတက်လာသော အင်အား (၄၀၀)ကျော်ပါ စစ်ကြောင်းသည် မနက်(၆)နာရီခွဲတွင် ဒေါ့ဖုန်းယန်သို့ ရောက်ရှိကာ၊ ယင်းမှတဆင့် တိန်လုံ (Ting Lung)ကျေးရွာသို့ ထပ်မံရောက်ရှိလာကြောင်း သိရှိရ သည်။
ယခုအချိန်တွင် KIO ဗဟိုဌာနချုပ်ကို ထိုးစစ်ဆင်ရန်အတွက် မြန်မာ အစိုးရတပ်ဖွဲ့ဝင် အင်အား(၂၀၀၀)ခန့် လိုင်ဇာဘက်သို့ စစ်ဦးလှည့် ထားကြောင်း သိရှိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။