Thursday, December 27, 2012

ဒီဇင်ဘာ (၂၇) မနက်ပိုင်း ပြည်တွင်းစစ်သတင်းများ

(Myitkyina Blog)


ဘွမ်ဆောမ်ထိုးစစ် မြန်မာအစိုးရတပ်ဖွဲ့ဝင် ကျဆုံးများ

ဒီဇင်ဘာလ(၂၆)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်တွင် စကခ (၂၁) လက်အောက်ခံ တပ်ဖွဲ့အင်အား (၁၅၀)ခန့်သည် ဘွမ်ဆောမ်အနီးရှိ KIA တပ်စခန်းကို စခန်းသိမ်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မြန်မာအစိုးရ တပ်ဖွဲ့ ၀င်(၁၀)ဦး ကျဆုံးပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အလောင်း များနှင့် ဒဏ်ရာရသူများကို ထော်လာဂျီ(၂)စီး၊ နွားလှည်း(၂)စီးဖြင့် ပြန်လည်သယ်ယူသွားကြောင်း သိရှိရသည်။

ခရစ္စမတ်ည လက်နက်ကြီးဖြင့် ထိုးစစ်ဆင်

ဒီဇင်ဘာလ(၂၅)ရက် ခရစ္စမတ်ညသန်းခေါင်အချိန်မှ ဒီဇင်ဘာလ (၂၆)ရက် မွန်းလွဲ(၁)နာရီကြား ဒေါ့ဖုန်းယန်၊ ခန်းကိုင်တောင်ရှိ အမြောက် တပ်ဖွဲ့က ၁၂၀ မမ (၃၀)ကြိမ် ၁၀၅ မမ (၂၀)ကြိမ်ခန့် ပစ်ခတ်တိုက် ခိုက်ခဲ့သည်။

 
ဒီဇင်ဘာလ(၂၅)ရက် ညသန်းခေါင်အချိန်တွင် ဂန်ဒေါ်ယန်ရှိ အမြောက် တပ်ရင်း(၃၇၀) မှ နမ်ဆန်ယန်ဘက်သို့ ၁၀၅ မမ (၂)ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
ဒီဇင်ဘာလ(၂၆)ရက်နေ့ မနက်(၉)နာရီမှ (၁၂)နာရီကြား မန်တဲ(Man Sai)တွင် ရောက်ရှိနေသော တပ်ဖွဲ့က ၁၂၀ မမ ဖြင့် ခယါတောင်(Hka Ya Bum)ဘက်သို့ (၁၀)ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

မြန်မာအစိုးရစစ်ကြောင်း ဟန့်တားတိုက်ခံရ

ဒီဇင်ဘာလ(၂၆)ရက် မွန်းလွဲ(၃)နာရီခွဲအချိန်တွင် ဂန်ဒေါ်ယန်မှ အင်ပေါင် (Npawn)ဘက်သို့ စစ်ကြောင်း ချီတက်လာသော ခလရ(၂၉၈) ခမရ (၃၉၀)တပ်ဖွဲ့ဝင်တို့အား KIA တပ်ဖွဲ့မှ ၀ါဖျရွာ(Wa Hpya)အနီးတွင် ဟန့်တားတိုက်ခိုက်ရာ အစိုးရတပ်ဖွဲ့ဝင်များ ထိခိုက်မှုများခဲ့သည်။ အစိုးရစစ်ကြောင်းမှ လား(၃)ကောင်၊ ၈၁ မမ အမြောက်ဆံ(၁)ထောင့်၊ ၈၀ မမ အမြောက်ဆံ(၁၆)လုံး၊ RPG ထိပ်ဖူး(၁)ထောင့်၊ ၇.၆၂ ကျည် များကို သိမ်းဆီး ရမိခဲ့သည်။
ယင်းစစ်ကြောင်းသည် နမ်ဆန်ယန်မှတဆင့် လိုင်ဇာသို့ ထိုးစစ်ဆင် တိုက်ခိုက်ရန် စီမံချက်၏ရှေးပြေးလမ်းရှင်း တပ်ဖွဲ့ဖြစ်ကြောင်း သိရှိရ သည်။

ထိခိုက်မှုများ

ဒေါ့ဖုန်းယန်မှတဆင့် မန်တဲချောင်း အရှေ့ဖက်ရောက်ရှိနေသော ခမရ (၃၂၀) ခလရ(၄၀) တပ်ဖွဲ့နှင့် KIA ဗဟို လုံခြုံရေးတပ်ဖွဲ့တို့ ဒီဇင်ဘာ လ(၂၆)ရက် မနက်(၈)နာရီအချိန်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ရာ မြန်မာ အစိုးရ တပ်ဖွဲ့ ဘက်မှ ထိခိုက်ကျဆုံးမှုများကြောင်း သိရှိရသည်။

ပန်ဝါဒေသ ထိုးစစ်အတွက်စီစဉ်

ပန်ဝါဒေသ၊ နယ်ခြားမှတ်တိုင်(၆)ရှိ KIA တပ်စခန်းကို ဒီဇင်ဘာလ (၂၇)ရက်နေ့ မနက်(၆)နာရီမှစတင်ကာ မြန်မာအစိုးရတပ်ဖွဲ့မှ ထိုးစစ် ဆင်ရန် ပြင်ဆင်လျက်ရှိသည်။ ယခုအချိန်တွင် ပန်ဝါဒေသတွင် တပ်မ (၈၈) လက်အောက်ခံ ခလရ(၁၀) (၁၃) (၇၇) ခမရ(၃၀၁) နှင့် မပခ လက်အောက်ခံ ခလရ(၇၄) (၂၆၀) တပ်ဖွဲ့များ လှုပ်ရှားနေကြသည်။ ထောက်ပံ့ရေးကို ရဟတ်ယာဉ်များအပြင်၊ ချီဖွေ(Chyahpwi) မှ လုပီ(Lu Pi)အထိ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။
ဒီဇင်ဘာလ(၂၅)ရက် ခရစ္စမတ်နေ့တွင် KIA တပ်ဖွဲ့ဝင်တို့၏ ဟန့်တား တိုက်ခိုက်မှု ရပ်စဲထားသည်ကို အခွင့်ကောင်းယူကာ ဘီးတပ် ၈၂ မမ (82 mm M 60 Recoilless Gun)ကို KIA တပ်စခန်းအနီး ပို့ဆောင် ထားခဲ့သည်။
နယ်ခြားစောင့်တပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင် (ဦးဇခုန်တိန့်ယိန်း၏ ပြည်သူ့စစ်)တို့သည်လည်း မြန်မာအစိုးရ တပ်ဖွဲ့နှင့် ပူးပေါင်းစစ်ဆင် ပါဝင်ရန် အတင်းတိုက်တွန်းလျက်ရှိကြောင်း သိရှိရသည်။ စစ်ဆင်ရေး တွင် မပါဝင် လိုသော ပြည်သူ့စစ်တပ်ဖွဲ့ဝင်(၃)ဦးသည် တရုတ်နိုင်ငံသို့ ထွက်ပြေးလွှတ်မြောက်လာသဖြင့် ၎င်းတို့၏မိသားစု ၀င်များကို မြန်မာ အစိုးရတပ်ဖွဲ့ဝင်များက ဓါးစားခံအဖြစ် ဖမ်းဆီးထားကြောင်း သိရှိရသည်။

ရွာသားများ နှိပ်စက်ခံရ၍ ထွက်ပြေးသူများလာ

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း စစ်ဆင်ရေးလှုပ်ရှားနေ သော ခလရ(၆၈) (၂၄၀)တပ်ဖွဲ့များသည် ဂါလိုင်(Ga Leng)ကျေးရွာသူ၊ ရွာသားများအား ရိုက်နှက်၊ နှိပ်စက်၊ ဖမ်းဆီး၊ ခြိမ်ခြောက်ခြင်း အမျိုးမျိုး ပြုမူနေ သောကြောင့် နမ်ဘား(Nam Ba)၊ မုန်နမ်(Mung Nam) ခူးနောင်(Hku Nawng)၊ ဖေါင်းဒုန် (Hpawng Dung) ခန်နောင်ပါ(Hkan Nawng Pa) မန်န(Man Na) နန်မ(Nang Ma)ကျေးရွာမှ ရွာသူရွာသား များ သည် ကွတ်ခိုင် မြို့သို့ လုံခြုံရေးအရ ရှောင်တိမ်းရောက်ရှိလာ ကြောင်း သိရှိရသည်။ ယခုအချိန်အထိ ကွတ်ခိုင်မြို့ရှိ ခရစ်ယာန် ဘုရား ရှိခိုးကျောင်းသို့ ရောက်ရှိလာသော မြန်မာ့တပ်မတော်အား ကြောက်ရွံ့၍ ထွက်ပြေးလာသူ ဒုက္ခသည် ပေါင်း(၅၀၀)ခန့် ရှိနေပြီဖြစ်ကြောင်း သိရှိ ရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။