Saturday, December 22, 2012

ကချင်လူငယ်တဦးရဲ့ ၂၉ နှစ်တာ ဖြတ်သန်းမှု

(ဧရာဝတီသတင်းဌာန)


ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်စခန်း တနေရာ (ဓာတ်ပုံ – နန်းသီရိလွင် / ဧရာဝတီ)

ပင်လယ်ရေပြင်အထက် ပေ ၅ ထောင်ကျော်မြင့်တဲ့ တောင်စောင်းတခုပေါ် ဖြစ်သလို တည်ဆောက်ထားတဲ့ ယာယီတဲငယ်အတွင်းမှာ ထင်းမီးဖို အရှိန်နဲ့ နွေးထွေးနေပါတယ်။ ထင်းမီးဖို ဘေးမှာတော့ ပခုံးပေါ်မှာ အပွင့် သုံးပွင့်ပါ စစ်ယူနီဖောင်း ၀တ်ဆင်ထားတဲ့ တိုင်းရင်းသား လူငယ်တဦးက သူ့ဖြတ်သန်းလာရတဲ့ ဘ၀နဲ့ ဖြစ်ချင်မြင်ချင်နေတဲ့ ဘ၀ကို ပြောပြဖို့ ပြင်ဆင်နေပါတယ်။

လွန်ခဲ့တဲ့ ၂၉ နှစ် နီးပါးက အခုလို ရာသီ၊ အခုလိုကာလမျိုးမှာ အင်မုဏ်ဂါဏ်ဆိုတဲ့ ကချင်တိုင်းရင်းသား လူငယ်တဦးကို ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင် တောတွင်းစခန်းတခုမှာ မွေးဖွားခဲ့တယ်။ လက်ရှိအချိန်မှာတော့ အဲဒီလူငယ်လေးဟာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) မှာ ဗိုလ်ကြီးအဖြစ်ရော၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ မဟာဗျူဟာ လေ့လာရေးဌာနမှာ အရာရှိတဦးအဖြစ်ပါ တာဝန်ထမ်းဆောင် နေပါတယ်။

 
“ကျနော့်ကို စစ်ဘေး ဒုက္ခသည်စခန်းမှာ မွေးခဲ့တာ။ မွေးပြီးတော့ ကျနော့်အသက် ၂ လသားမှာ ရွာပြန်ရတယ်လို့ ကျနော့်အဖေက ပြောဖူးတယ်။ ဒုက္ခသည်စခန်းဆိုတာက အခုခေတ်လို မိုးကာတဲနဲ့၊ လှူမယ့်တန်းမယ့်သူနဲ့ ရှိတာမဟုတ်ဘူး။ ရွာထဲမှာ စစ်ဖြစ်လို့ တောထဲ ၀င်ပုန်းရတာ” လို့ ဗိုလ်ကြီး အင်မုဏ်ဂါဏ်က ပြောပါတယ်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် အစိုးရတပ်နဲ့ KIA တို့ ဖြစ်ပွားခဲ့ကြတဲ့ တိုက်ပွဲတွေမှာ အင်ဂျန်းယန်မြို့နယ်၊ မှော်ဘုံတိုက်နယ်၊ လီရှန်ကျေးရွာမှာ နေထိုင်ကြတဲ့ အင်မုန်ဂါဏ်ရဲ့ မိဘတွေဟာ တိုက်ပွဲအခြေအနေ ဆိုးလာတိုင်း ရွာအနီးအနားက တောတောင်တွေထဲကို စစ်ဘေးပုန်းရှောင်ခဲ့ရတယ်။ ၁၉၈၀-၈၁ ခုနှစ် KIA နဲ့ မဆလ အစိုးရတို့ အပစ်အခတ်ရပ်ပြီး ငြိမ်းချမ်းရေးယူခဲ့ကြပေမယ့် KIA က ကိုယ်ပိုင် ပြဌာန်းခွင့် တောင်းဆိုခဲ့တဲ့အတွက် တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။

မွေးချင်းမောင်နှမ ၉ ယောက်ရှိတဲ့ အင်မုဏ်ဂါဏ်ဟာ စစ်ဘေး ရှောင်တိမ်းရင်းအသက် ၈ နှစ်အရွယ် ၁၉၉၂ ခုနှစ်မှ အင်ဂျန်းယန်မြို့နယ် ဒူဂန်ကျေးရွာမှာရှိတဲ့ ကျေးရွာကျောင်းမှာ ကျောင်းစတက်ခဲ့ရတယ်။

“အစိုးရကျောင်းနဲ့ အတော်ဝေးတယ်။ ၂ ရက်လောက် လျှောက်ရမှာ။ အဲဒီတော့ ရွာသုံးရွာကို ပေါင်းပြီး မူလတန်း ကျောင်းလေး ဖွင့်တယ်။ ရပ်ရွာလူကြီးတွေ ဖွင့်တဲ့ မူလတန်းကျောင်းလေးမှာ လေးတန်းအထိ တက်ခဲ့ရတယ်။ လေးတန်းအောင်တော့ KIO ကျောင်းတက်ရတယ်။ KIO ကျောင်းက ရွာကနေ ၂ နာရီလောက် လျှောက်ရတယ်။ ကလေးတွေ ဆိုတော့ ပြေးလွှားပြီး ကျောင်းသွားခဲ့ကြတာပဲ။ မနက်စောစောထ ကျောင်းကို ပြေး၊ မနက် ၈ နာရီခွဲလောက်ဆို ကျောင်းကို ရောက်တာပဲ” လို့ အင်မုဏ်ဂါဏ်က ငယ်စဉ် ကျောင်းသားဘဝကို ပြန်ပြောပြပါတယ်။

ကချင်ပြည်နယ်ဟာ တောင်တန်းထူထပ်ပြီး အသွားအလာ ခတ်ခဲတဲ့အတွက် ကချင်ကလေးငယ် အများစုဟာ KIO က ဖွင့်တဲ့ကျောင်းတွေနှင့် ခရစ်ယာန် သာသနာရေးကျောင်းတွေမှာ ပညာသင်ခဲ့ရတယ်လို့ အင်မုဏ်ဂါဏ်က ဆိုပါတယ်။

“မူလတန်းကျောင်းတက်တော့ ကျောင်းပိတ်တဲ့ ရက်တွေမှာ ကျောင်းရန်ပုံငွေ ရှာပေးရတယ်။ ကျောင်းအတွက် ရန်ပုံငွေ မရှိဘူး။ လှူမယ့်သူလည်း မရှိတဲ့အတွက် ကျောင်းပိတ်ရက်တွေမှာ ကျနော်တို့ ကျောင်းသားတွေက ရွှေကျင်ပေးရတယ်။ ကျနော် ၉ နှစ်သားလောက်  ပထမတန်း စတက်တော့ ရာသီဥတု အရမ်းဆိုးလို့ ရွှေမကျင်နိုင်ဘူး။ ကျောင်းသား တယောက်ကို ရွှေ တရွေးပေးရမယ်၊ ပိုက်ဆံဆိုရင် ၁၀၀ တောင်းတယ်။ ကျောင်းပြန်ဖွင့်တော့ အဲဒါကို ကျနော် မပေးနိုင်ဘူး။ ရွှေလည်း မကျင်နိုင်ခဲ့ဘူး။ ပိုက်ဆံလည်း မပေးနိုင်တော့ ကျောင်းဆက်မသွားဘဲ နားလိုက်ရတယ်။ အဲဒီလို မပေးနိုင်လို့ စာဆက်မသင်ရတဲ့သူတွေ အများကြီးရှိတယ်။ ကျနော်ကတော့ ရအောင် ပြန်တက်ခဲ့တယ်” လို့ အင်မုဏ်ဂါဏ်က ပြောပြပါတယ်။

ကချင်ပြည်နယ်မှာ တချို့တိုက်နယ်အဆင့် ဒေသတွေမှာတောင် မူလတန်းကျောင်း မရှိတဲ့အတွက် ပညာရေးမှာ အခုချိန်ထိ အခက်အခဲ ဖြစ်နေရဆဲလို့ သူက ပြောတယ်။ KIO ကျောင်းတွေမှာ မြန်မာအစိုးရကျောင်းတွေက ပြဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်းတွေအပြင် ကချင်စာ၊ ကချင်သမိုင်းနဲ့ တရုတ်စာတွေကိုလည်း သင်ပေးနေကြောင်း သိရပါတယ်။

“အခုလည်း ဘာမှ မထူးဘူး။ ကလေးတွေက ဒုက္ခသည် စခန်းတွေ ရောက်နေတယ်။ စခန်းတွေမှာ KIO က လွှတ်ပေးတဲ့ ဆရာမတွေနဲ့ လုပ်အားပေး ဆရာမတွေပဲ ရှိတယ်။ မူလတန်းပြီးရင် ဆက်တက်စရာ မရှိတော့ဘူး။ ဘယ်လောက် တော်တော် အတန်းကို တက်စရာမရှိတော့တာ” လို့ အင်မုဏ်ဂါဏ်က ပြောပြပါတယ်။

KIA တပ်ရင်း (၇) တည်ရှိရာ ပူတာအို ခရိုင်အတွင်းက အင်ဂွန်းလ KIO အထက်တန်းကျောင်းမှာ ၆ တန်းကနေ ၁၀ တန်းအထိ ပညာသင်ယူခဲ့ပြီး ဆယ်တန်းစာမေးပွဲကို KIO ကျောင်းသားအဖြစ် မြစ်ကြီးနား အထက (၂) မှာ ဖြေဆိုခဲ့ရပါတယ်။ ၁၉၉၂ ခုနှစ်မှာ KIA နဲ့ နအဖ အစိုးရရဲ့ အတွင်းရေးမှူး (၁) ဒု ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့အကြား အပစ်အခတ်ရပ်ရေး သဘောတူညီချက် ရရှိပြီးနောက် ကချင်ပြည်နယ်တွင်းရှိ KIO ကျောင်းများရှိ ဆယ်တန်းကျောင်းသားများကို မြစ်ကြီးနား အထက်တန်းကျောင်းများမှာ စာမေးပွဲ ၀င်ရောက်ဖြေဆိုခွင့်များ ပေးထားခဲ့တာပါ။

အသက် ၁၂ နှစ်အရွယ်မှာ ကျောင်းရန်ပုံငွေ မပေးနိုင်လို့ ကျောင်းနားထားရတဲ့အချိန် KIO တိုက်နယ်ရုံးက အင်မုဏ်ဂါဏ်ကို လာခေါ်သွားပါတယ်။ သူက ကျောင်းပြန်တက်ချင်လို့ KIO က ထွက်ပြေးလိုက်၊ ပြန်လာခေါ်လိုက် ဖြစ်ပြီးတဲ့နောက် သူတက်နေတဲ့ ကျောင်းက ဆရာတွေရဲ့ ထောက်ပံ့မှုနဲ့ ကျောင်းပြန်တက်ခွင့် ရသွားပါတယ်။

“ကျနော်တို့ ကလေးဘ၀ ၁၅-၁၆ နှစ်အထိ KIA ဆိုတာ လူဆိုးလို့ပဲ ထင်မှတ်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရပ်ထဲရွာထဲ သေနတ်တပြပြနဲ့ တဒိန်းဒိန်း တဒိုင်းဒိုင်း လုပ်နေတာကိုး။ KIA ၀င်လာပြီဆိုကတည်းက အိမ်ရှိတဲ့ကြက် သတ်ပေးရမယ် ဆိုတာမျိုး။ ကျနော်တိုက်နယ်ရုံးက ထွက်ပြေးလာတော့ ကျနော်တက်ရမယ့် ကျောင်းကို ကျနော့်ကို တက်ခွင့်မပေးဖို့ အမိန့်စာ ထုတ်ခဲ့တယ်။ ဒါပေမဲ့ ဆရာတွေကောင်းလို့ ကျနော် စာသင်ခွင့်ရခဲ့ပါတယ်။ ပြောလို့တော့ မကောင်းဘူးပေါ့” လို့ ပြောပြနေတဲ့ သူ့မျက်နှာမှာ အလိုမကျတဲ့ အရိပ်အယောင် တချို့ထင်ဟပ်နေပါတယ်။

“ကိုယ်က ပညာကောင်းကောင်းမွန်မွန် မတတ်ဘဲနဲ့ KIA စစ်သားလုပ်ရမှာကိုပဲ ကြောက်ခဲ့တယ်။ အရင်တုန်းက လူကြီး လုပ်ခဲ့ကြ၊ တာဝန်ထမ်းဆောင် ခဲ့သူတွေ တော်လှန်ရေးကို ဦးဆောင်သူတွေလုပ်ခဲ့တဲ့ လုပ်ရပ်တွေကို အခု ကျနော် ပြန်သုံးသပ်ကြည့်ပါတယ်။ ပြင်သင့်ပြင်ထိုက်တဲ့ဟာတွေ အများကြီး ရှိတယ်။ ပညာမတတ်ခဲ့လို့ အမြင်မရှိလို့ ဖြစ်ခဲ့တယ်၊ အမြင်မကျယ်လို့ ဖြစ်တယ်လို့ ကျနော်ထင်တယ်။ ကောင်းတာတွေလည်း အများကြီး လုပ်နိုင်ခဲ့ပါတယ်။ KIO ဟာ ကချင်အမျိုးသား အားလုံးရဲ့ ကံကြမ္မာကို ဖန်တီးနိုင်တဲ့ အဖွဲ့အစည်းဆိုတာကို ကျနော် ယုံကြည်ခဲ့တယ်။ ယုံကြည်နေဆဲပဲ” လို့ အင်မုဏ်ဂါဏ်က ဆိုပါတယ်။

ဆယ်တန်းအောင်ချိန်မှာ မုံရွာ စီးပွားရေး တက္ကသိုလ်ကို တက်ခွင့်ရခဲ့တယ်။ တက္ကသိုလ်တက်ဖို့ မုံရွာကို သွားရတဲ့ခရီးဟာ အင်မုဏ်ဂါဏ်အတွက် ကချင်ပြည်နယ်ပြင်ပကို ထွက်တဲ့ ပထမဆုံးခရီးလို့ သူက ဆိုပါတယ်။ တက္ကသိုလ် တက်ခွင့်ရဖို့ ရွှေမှော်တွေမှာ အလုပ်သွားလုပ်ပြီး ငွေစုခဲ့ရတယ်။ စီးပွားရေး တက္ကသိုလ်ကို အဝေးသင်မဟုတ်ဘဲ နေ့ကျောင်း တက်ဖို့အတွက် KIO အနေနဲ့ မထောက်ပံ့နိုင်ခဲ့ပါဘူး။

“ငယ်ငယ်တုန်းက မြင်ဖူးခဲ့တာ နိုင်ငံရေးတွေ၊ စစ်ရေးတွေ နားမလည်ခင်က ဗမာဆိုတာ အားလုံးက မကောင်းဘူး၊ မကောင်းတဲ့ လူမျိုးလို့ ထင်ခဲ့တယ်။ လူကြီးတွေက ဗမာဆိုတာ မကောင်းဘူး။ ဒို့လူမျိုးကို အမြစ်ပြတ်အောင် တိုက်နေတာ၊ လူမျိုးကြီး အားကိုးနဲ့ ဒို့လူမျိုး၊ လူမျိုးစု ငယ်တွေရဲ့ သမိုင်းအစဉ်အလာတွေကို ဖျောက်ဖျက်ချင်တယ်။ သူတို့လူမျိုး လုပ်ချင်တယ်။ ဗမာ မကောင်းတဲ့ အကြောင်းတွေပဲ ပြောပြခဲ့တယ်။ ကြီးလာချိန်မှာ တက္ကသိုလ်တွေ ဘာတွေရောက်၊ နည်းနည်းပါးပါး ခွဲခြားတတ်လာတော့ တကယ်တမ်းဆိုရင် မကောင်းတာ ဗမာ မဟုတ်ဘူး။ အစိုးရ မကောင်းလို့ ဗမာမကောင်းတာ ဖြစ်သွားတယ်” လို့ သူ့ရဲ့ ဖြတ်သန်းခဲ့မှုနဲ့ ယှဉ်ပြီး ပြောပါတယ်။

တက္ကသိုလ်တက်စဉ် ကာလမှာ ကချင်စာပေနဲ့ ယဉ်ကျေးမှုအသင်း၊ ကချင်မိသားစု အသင်းတွေမှာ ပါဝင်လှုပ်ရှားခဲ့ပြီး ကျောင်းပြီးချိန်မှာ KIO ထဲ ၀င်ရောက်ခဲ့တယ်။

“ကျနော်တို့ တိုင်းရင်းသားတွေ လိုချင်တာကတော့ ကိုယ်ပိုင် ပြဌာန်းခွင့်ပဲ။ ကိုယ်ပိုင် ပြဌာန်းခွင့် ရမှသာ ကျနော်တို့လည်း ကျနော်တို့ ပြည်နယ်ကောင်းဖို့ လုပ်နိုင်မယ်။ ကိုယ့်ဒေသကိုယ် စီမံခန့်ခွဲနိုင်မယ်။ ကိုယ်ပိုင် ပြဌာန်းခွင့်ကသာ ငြိမ်းချမ်းရေးရဲ့ လမ်းစလို့ ကျနော်ယုံကြည်တယ်” လို့ အင်မုဏ်ဂါဏ်က ဆိုပါတယ်။

အခုအချိန်မှာ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်မုဏ်ဂါဏ်ဟာ ကချင်တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတယ်လို့ ခံယူထားသူ ဖြစ်ပါတယ်။ လူပုံ ပိန်ပိန် ပါးပါးနဲ့ သဘောကောင်းပုံရတဲ့ မျက်နှာ၊ အသံတော်တော် ၀ဲဝဲနဲ့ စကားပြောတတ်တဲ့ သူဟာ မုံရွာ စီးပွားရေး တက္ကသိုလ်မှာ ဆုံတွေ့ခဲ့ရတဲ့ ဆရာ၊ ဆရာမနဲ့ သူငယ်ချင်းတွေ အားလုံးကို သတိရနေတယ်လို့ ပြောပါတယ်။

KIA နဲ့ မြန်မာ့အစိုးရ အဆက်ဆက်အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြားမှာ မွေးဖွားကြီးပြင်းလာတဲ့ အင်မုဏ်ဂါဏ်လို လူငယ်တွေဟာ ကချင်ပြည်နယ် တ၀ှမ်းလုံးမှာ ရှိနေပါတယ်။ တချို့လူငယ်တွေက သူတို့ မွေးဖွားလာတာဟာ KIO အတွက်လို့ ခံယူထားသလို တချို့လူငယ်တွေကတော့ ကချင်ပြည်နယ်နဲ့ ဝေးရာကို စွန့်ခွာ ထွက်ပြေးသူတွေလည်း ရှိကြပါတယ်။

ကချင်ပြည်နယ်မှာ မွေးဖွားတဲ့ ကလေးတွေအတွက် ကျောင်းမရှိပါဘူး၊ ဆေးခန်း၊ ဆေးရုံ မရှိပါဘူး။ အဆက်မပြတ် ဖြစ်နေတဲ့ တိုက်ပွဲတွေကြားမှာ တောထဲ တောင်ထဲ ရှောင်တိမ်းရင်း မွေးဖွားလာကြ၊ ပြေးလွှားရင်း စာသင်ကြနဲ့ ကြီးပျင်းလာရတာပါ။

၁၉၉၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်ထိ ရရှိခဲ့တဲ့ ၁၇ နှစ်တာ အပစ်အခတ် ရပ်စဲရေးကာလမှာ အပြေးအလွှား ခတ္တခဏ ရပ်ခဲ့ရပေမယ့် ခိုင်မြဲတဲ့ အဓွန့်ရှည်တဲ့ ငြိမ်းချမ်းရေး အနေအထားတခုကို မဖန်တီးနိုင်ခဲ့ကြပါဘူး။ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကြိုးစားနေပေမယ့် KIA နဲ့ အပစ်အခတ်ရပ်စဲဖို့ အခုချိန်အထိ သဘောတူညီချက် မရရှိသေးပါဘူး။ တခြား တိုင်းရင်းသားအဖွဲ့တွေနဲ့ အပစ်ရပ် သဘောတူ လက်မှတ်ထိုးထားပေးမယ့် KIA နဲ့ အစိုးရတပ်တွေကတော့ အပြန်အလှန် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရှိနေဆဲပဲ ဖြစ်ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။