Wednesday, December 12, 2012

ဆွီဒင်ထုတ်လက်နက်တွေ ကချင်စစ်ပွဲမှာ မြန်မာစစ်တပ် အသုံးပြုနေ



ဒီဗွီဘီ

ဆွီဒင်နိုင်ငံထုတ် လက်နက်တွေကို ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ မြန်မာစစ်တပ်က အသုံးပြုနေတယ်လို့ ဆွီဒင်သတင်းစာ တစ်စောင်က ဖော်ထုတ်ရေးသား လိုက်ပါတယ်။

အီးယူဥရောပသမဂ္ဂက မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချမှု တားမြစ်ထားတဲ့ ကြားက ဥရောပ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဆွီဒင်နိုင်ငံက လက်နက်တွေကို အိန္ဒိယနိုင်ငံကနေ တဆင့် မြန်မာစစ်တပ်က ရသွားခဲ့တာလို့ ဆိုပါတယ်။

ဆွီဒင်လုပ်ဆင့်မြင့် အမ်-၃ ကားလ်ဂူးလ်စတပ် (Carl Gustav) ပုံခုံးထမ်း အမြောက်လက်နက်တွေကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က အစိုးရ တပ်ဖွဲ့တွေဆီကနေ သိမ်းပိုက်ရရှိခဲ့တဲ့ သတင်းကို ဆွီဒင် သတင်းစာ Svenska Dagbladet က အင်္ဂါနေ့က ရေးသားခဲ့တာပါ။


ဒီသတင်းနဲ့ ပတ်သက်ပြီး ဆွီဒင်အစိုးရ တာဝန်ရှိသူတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းကြည့်ရာမှ ဆွီဒင်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရက ဒီအချိန်မှာ တစုံတရာ မှတ်ချက်ပေး ပြောလို့မရသေးပေမယ့် စုံစမ်းတာတွေကို လုပ်သွားမယ်လို့ ပြောပါတယ်။

''အစိုးရကတော့ ဒီကိစ္စကို အတည်ပြု ထောက်ခံချက်မပေးသေးပေမယ့် ဒီလက်နက်တွေ ဘယ်ကလာသလဲ ဆိုတာကိုတော့ စစ်ဆေးဖို့ လိုတယ်လို့ ကျနော် ယူဆပါတယ်''

ဒီသတင်းကို လွန်ခဲ့တဲ့ သီတင်းပတ်တွေကတည်းက ရရှိနေတာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဒီလက်နက်ဟာ တင့်ကား ၁ စင်းကို ဖျက်ဆီးနိုင်တဲ့အထိ ပြင်းထန်ပြီးတော့ ဆားဖိုဖာ ဒိုင်နမစ်က ထုတ်လုပ်ထားတာလည်း ဖြစ်ပါတယ်။ စုံးစမ်းစစ်ဆေးတာတွေကိုလည်း သူတို့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ထုတ်လုပ်တဲ့ ကုမ္ပဏီက ဆိုပါတယ်။

ဒီသတင်းကို ဆွီဒင်သတင်းစာမှာ သတင်းထောက် ဘာတေးလစ်တနာက ရေးသားခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလက်နက်တွေကို ဆွီဒင်က အာရှမှာဆိုရင် ထိုင်းနဲ့ အိန္ဒိယကို ရောင်းချတယ်လို့ သတင်းထောက် ဘာတေးလစ်တနာက ဒီဗွီဘီကို ရှင်းပြပါတယ်။

''မြန်မာ-အိန္ဒိယ နယ်စပ်က မဏိပူရ၊ နာဂ သူပုန်တွေကို တိုက်ခိုက်ဖို့အတွက် ဒီလက်နက်တွေကို အရင် နှစ် စက်တင်ဘာလက အိန္ဒိယ စစ်တပ်က ပေးခဲ့တာပါ။''

အိန္ဒိယက ဆွီဒင်ထံကနေ ဒီလက်နက်တွေကို တရားဝင် ၀ယ်ယူနိုင်ပေမယ့် ဥရောပ သမဂ္ဂက လက်နက်ဝယ်ယူဖို့ တားမြစ်ထားတဲ့ မြန်မာကိုတော့ မပေးသင့်ဘူးလို့ သူက ပြောပါတယ်။ ဒီသတင်းကို ဒီနှစ် အောက်တိုဘာလမှာ အတည်ပြုနိုင်ခဲ့တာဖြစ်ပြီး လက်နက်တွေကို တိုက်ပွဲတွေမှာ ဒီထက် ပိုစောပြီးတော့ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

ဘာတေးလစ်တနာဟာ ကချင်ပြည်နယ်ကို မကြာသေးမီ အချိန်က သွားရောက်ခဲ့ပြီးတော့

ကချင်ပြည်နယ် ပန်ဝါမှာ အစိုးရတပ်ဖွဲ့တွေဟာ တိုက်ပွဲတွေမှာ ရဟတ်ယာဉ်ပေါ်ကနေ သေနတ်တွေနဲ့ အသုံးပြု တိုက်ခိုက်တာတွေ လုပ်တယ်လို့လည်း ပြောပါတယ်။

ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့က မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်တာတွေကို ရုပ်သိမ်းပေးခဲ့ပေမယ့် လက်နက်တင်ပို့တာကိုတော့ တားမြစ်ထားဆဲ ဖြစ်ပါတယ်။ ဒီအတွက် ဆွီဒင်က မြန်မာကို လက်နက်တင်ပို့တာကို လုပ်ဆောင်ခဲ့မယ်ဆိုရင် တားမြစ်ချက်ကို ချိုးဖောက်ရာ ရောက်နေပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။