Thursday, December 6, 2012

အပြောနဲ့အလုပ် လက်တွေ့ညီစေချင်သည်

(စည်းလုံးခြင်းရဲ့အင်အား)


KIO နှင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတစ်ခုတွင် ဦးအောင်မင်းကိုတွေ့ရစဉ်

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌဖြစ်တဲ့ ဦးအောင်မင်းဟာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံတိုင်း အာဘောင်အာရင်းသန်သန်နဲ့ တကယ်ဘဲ ငြိမ်းချမ်းရေးလက်တစ်ကမ်း ရတော့မလို ပြောနေပါတယ်။ KIO နှင့် တွေ့ဆုံပွဲမတိုင်ခင် သုည ရောက်ဖို့ အနှုတ်လေး ရှိနေပြီး “သုည” အဆင့် ရောက်ဖို့ ရှိတယ်လို့ပြောပါတယ်။ တကယ်တမ်း လက်တွေ့ ဆွေးနွေးပွဲကြတော့ အနှုတ်လေးကနေ အနှုတ်ခြောက် အထိ ထိုးကျသွားတယ်လို့ စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။ KIA က ဆွေးနွေးတဲ့နေရာကို ပြည်တွင်း မြစ်ကြီးနားနဲ့ ဗန်းမော်မှာ သဘောမတူတဲ့ လေသံပြန်ထွက်လာပါတယ်။ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကလည်း စစ်ရေးနဲ့ လုံးပမ်းနေသယောင် ပြောဆိုပြီး တွေ့ဆုံပွဲမတက်ခဲ့လို့ ဦးအောင်မင်း Roll ကျခဲ့ရပါတယ်။


 တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

လူတွေမသိသေးတဲ့အချက်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဦးအောင်မင်းကို သဘောမတွေ့ဘူးလို့ ခိုင်လုံတဲ့ စစ်ဖက်သတင်းရပ်ကွက်က ရရှိပါတယ်။ ယခင်က ဒုတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းကို ဦးအောင်မင်းသွားရင် ထည့်ပေးပေမဲ့ ယခုအခါ ကစထ(၁) မှူး ဒုဗိုလ်ချုပ်ကြီး မြင့်စိုးကိုသာ တဆင့်လျှော့ ထည့်ပေးထားတာ တွေ့ရပါတယ်။ ဦးအောင်မင်းက စကားချီတိုင်း သမ္မတကြီး ဦးသိန်းစိန်ကိုပဲ ဘုရားတစ်ဆူ ဂူတစ်လုံးကဲ့သို့ ကိုးကွယ်နေရာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဥက္ကဌ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းကိုတော့ လေသံထဲမှာ နည်းနည်းလေးမှ မထည့်တဲ့အတွက် ဦးအောင်မင်းဟာ သူကြီးနဲ့ပေါင်းပြီး ဆယ်အိမ်ခေါင်းကို မထီမဲ့မြင် လုပ်ရာကျကြောင်း၊ တကယ်တမ်း အပစ်ရပ်ဆိုတာက ရှေ့တန်း နယ်မြေတွေမှာ တပ်ရင်းမှူး၊ တိုင်းမှူး၊ တပ်ချုပ်တွေနဲ့ KIA စစ်တပ်က ထိပ်ပိုင်းလူကြီးတွေ နားလည်မှုရှိရှိ၊ သတ်သတ်မှတ်မှတ် လုပ်ထားတဲ့ စာချုပ်ရေးထိုးနိုင်ကာမှ စစ်မှန်တဲ့ အပစ်ရပ်ဆိုတာ ဖြစ်လာဖို့ရှိကြောင်း၊ ဒါကို ဦးအောင်မင်းက စစ်သားအဖြစ်က လာရက်နဲ့ မသိချင်ယောင်ဆောင်ကာ အမှတ်ယူဖို့ စကားတွေကြီးပဲ ပြောပြောနေတာကို စစ်တပ်အနေနဲ့ မကြည်လင်တာ မဆန်းပါကြောင်း စစ်ဖက်နီးစပ်သူများက တင်ပြလာပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။