Tuesday, December 4, 2012

အစိုးရတပ် ပစ်ခတ်မှုကြောင့် ဖားကန့် ရွာသား ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

(DVB)



ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ အစိုးရတပ် ရိက္ခာတင်ယာဉ်တန်း တခုက လမ်းမှာ သေနတ်နဲ့ ပစ်ခတ်သွားတဲ့အတွက် ဒေသခံကားသမား ဦးကွမ်ထပ် သေဆုံးပြီး ဒဏ်ရာရသူ ၃ ဦးကို မြစ်ကြီးနားဆေးရုံ ပို့ ဆောင်ခဲ့ပါတယ်။

နိုဝင်ဘာလ ၃ ရက်  မွန်းတည့် ၁၂ နာရီလောက်က မြစ်ကြီးနားဘက် ကလာတဲ့ အစိုးရတပ် ရိက္ခာတင် ယာဉ်တန်းတွေဟာ  ဖားကန့်မြို့နယ် ရှဒူးစွပ်ရွာထဲ ဖြတ်မောင်းလာစဉ်  သေနတ်တွေနဲ့ ပစ်ခတ်သွားတာလို့ ဒဏ်ရာရသူတွေကို အကူအညီပေးခဲ့တဲ့ တနိုင်းနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဝင်းဗိုလ်က ပြောပါတယ်။


“မနေ့က ကားနံပါတ် ခ/၉၉၇၃ ရပ်ထားတဲ့ ကားတစီးကို တပ်မ ၈၈ က ၀င်ပစ်တာ။ ဦးကွမ်ထပ်နော် အသက် ၄၈ နှစ် သေသွားတယ်။ ဒေါ်ထွေးကြည် ၅၈ နှစ် ညာဘက်တင်ပါးကနေ ဘယ်ဘက်တင်ပါး ဖောက်သွားတယ်။ ၆ နှစ်အရွယ် ကျောင်းသားလေးတယောက် ညာဘက်ပေါင် ဖောက်ထွက်သွားတယ်။ ဆေးရုံမှာ ၃ ယောက်ပေါ့။ မနေ့ကပဲ မိုးကောင်းကိုပို့တယ်၊ မိုးကောင်းဆေးရုံက မရဘူးဆိုလို့ မြစ်ကြီးနားဆေးရုံကို မနေ့ ညတွင်းချင်းပဲ ပို့လိုက်တယ်။”

ဒီပစ်ခတ်မှုမှာ အနီးအနားဝန်းကျင်က ထမင်းဆိုင်၊ ဈေးဆိုင်နဲ့ ဗွီဒီယို ဆိုင်တွေ ထိမှန်ခဲ့တာမှာ ကျော်ကျော် ဓာတ်ပုံဆိုင်က အဆိုးရွာဆုံးပျက်စီး ခဲ့တယ်လို့ ဦးဝင်းဗိုလ်က ပြောပါတယ်။

ပစ်ခတ်မှုမတိုင်ခင်က မြစ်ကြီးနားဘက်ကနေ တနိုင်းဘက်ကို ဦးတည် သွားနေတဲ့ ယာဉ် ၃၇ စီးပါ အစိုးရ တပ်ယာဉ်တန်းဟာ ရှဒူးစွပ်ရွာအ၀င် သုသာန်နားမှာ ကေအိုင်အေဘက်က ချောင်းမြောင်းပစ်ခတ်တာကို ခံခဲ့ရပြီး သူတို့ဘက်က ပြန်ပစ်ခဲ့တာဖြစ်ပါတယ်။
ရွာသားတွေရဲ့ပြောပြချက်အရ ရွာထဲကိုဖြတ်မောင်းဝင်လာတဲ့  စစ် ယာဉ်တန်းရဲ့ အရှေ့ဆုံးကားပေါ်ကနေ ဘေးဘက်ကို ပစ်ခတ်စဉ်မှာ ရွာသားတွေ ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

ဖားကန့်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့  ဩဂုတ်လကုန်ပိုင်းက စပြီး အစိုးရတပ်နဲ့ ကချင်လွတ် မြောက်ရေးတပ် (ကေအိုင်အေ) ကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားတဲ့အတွက် အနီးအနား ပတ်ဝန်းကျင်တ၀ိုက်က ရွာသားတွေ ထောင်နဲ့ချီပြီး ဖားကန့်မြို့ပေါ် ထွက်ပြေးခိုလှုံခဲ့ရပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။