Friday, December 21, 2012

မန္တလေး - မြစ်ကြီးနား ကုန်တင်ရထား မိုင်းခွဲခံရ



(Democratic Voice of Burma)

မန္တလေး - မြစ်ကြီးနားသွား ကုန်တင်ရထားဟာ ဒီကနေ့ မနက်ပိုင်း က မိုးညှင်းမြို့နယ်အတွင်းမှာ မိုင်းထိလို့ ရထားမောင်းသမား အပါအ၀င် ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိသွားပါတယ်။

မနက် အရုဏ်မတက်ခင် ၁ နာရီ ၁၅ မိနစ်လောက်မှာ မိုးညှင်းမြို့နယ် နမ္မား ဘူတာနဲ့ ၂ မိုင်အကွာမှာ မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံ တစ်ဦးက DVB ကို ပြောပါတယ်။

“နမ္မားကြီး ကျေးရွာနားမှာ မိုင်းကွဲတဲ့ အသံအရင်ကြားတယ်၊ နောက် သေနတ်ပစ်သံ ကြားတယ်။ မိုင်းကွဲပြီးမှ ပစ်ကြတာ ဖြစ်မယ်၊ ညဘက် ဆိုတော့ နှစ်ဖက်ပစ်သလား တစ်ဖက်ကပဲ ပစ်သလား သေချာ မသိလိုက်ဘူး။ ရထား တချို့မှောက်တယ်။ လောလောဆယ် အတည်ပြု မရသေးတဲ့ သတင်းတွေအရ လူ ၃ ယောက် ဒဏ်ရာရလို့ မိုးညှင်း ဆေးရုံ ပို့လိုက်ရတယ် ပြောတယ်။”


မိုးညှင်းမြို့နယ် ရဲတပ်ဖွဲ့က ကုန်တင်ရထား တိုက်ခိုက်ခံရတာ ဟုတ်မှန် ကြောင်း DVB ကို အတည်ပြုပြောဆိုပေမယ့် အသေးစိတ် မသိဘူးလို့ ဖြေဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို ဘယ်သူ ကျူးလွန်တယ်ဆိုတာ မသိရသေးပါဘူး။

မိုးညှင်းမြို့နယ် ပြည်သူ့ဆေးရုံကလည်း ဒဏ်ရာရလူနာ ၃ ဦး ဆေးရုံကို ရောက်လာတယ်လို့ ပြောပါတယ်။ ဒဏ်ရာရရှိသူတွေရဲ့ အခြေအနေကို မိုးညှင်း ဆေးရုံအုပ်ကြီးက အခုလို ရှင်းပြပါတယ်။

“သူတို့တွေ မျက်နှာမှာ ရထားစက်ခေါင်းက မှန်စတွေ ၀င်ကြတယ်။ ၁ ယောက်က ညာဘက် မျက်လုံးထဲ မှန်စ၀င်တာလည်း ရှိတယ်။ အခု မြစ်ကြီးနားဆေးရုံကို ကျမတို့ လွဲပေးလိုက်ပြီ။”

ဒဏ်ရာရသူတွေကို မျက်စိအထူးကု ဆရာဝန်ရှိရာ မြစ်ကြီးနား ဆေးရုံကို လွဲပြောင်းပေးလိုက်တယ်လို့ ပြောသွားတာပါ။
မန္တလေး - မြစ်ကြီးနား ရထားလမ်းကို မိုင်းခွဲခံထားရတဲ့အတွက် ယာယီ ရပ်ဆိုင်းထားပါတယ်။

မြန်မာနိုင်ငံရဲ့ ကျန်တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ အပစ်ရပ် သဘော တူညီချက်တွေကြောင့် တိုက်ပွဲတွေ ငြိမ်သက်နေပြီး မိုင်းခွဲတိုက်ခိုက်မှု တွေ မဖြစ်သလောက်ရှိပေမယ့် အစိုးရနဲ့ ကေအိုင်အို အကြား တိုက်ပွဲဖြစ်တဲ့ ကချင်ပြည်နယ်မှာ မိုင်းခွဲတိုက်ခိုက်မှုတွေ မရပ်စဲသေးဘဲ ဖြစ်နေတာပါ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။