Monday, December 31, 2012

မြစ်ကြီးနား အနီးရှိ ၀ိုင်းမော် ဒုက္ခသည် စခန်း များ၌ လူဦးရေ နှစ်ဆ တိုးလာ


Sunday, 30 December 2012 16:33
Written by မြန်မာ့ခေတ်၊ ဟိန်းသူ (ဝိုင်းမော်)

Hein Htuကချင် ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်း စစ်ဘေးရှောင် ဒုက္ခသည် စခန်းများ တွင် ဒုက္ခသည် ဦးရေ နှစ်ဆနီးပါး များ လာ ကြောင်း ငြိမ်းချမ်းရေး မိတ်သစ်များ အဖွဲ့မှ ကိုရှည်ရှည်က ပြောကြား သည်။

“တိုက်ပွဲတွေ ပြင်းထန် လာတဲ့ ပြီးခဲ့တဲ့ ၁၈ ရက် လောက်က စပြီး ဒုက္ခသည် စခန်း တွေမှာ လူဦးရေ တိုးပါတယ်။ ဒီနေ့ ထိ ဆိုရင် ၂ ဆလောက် တိုးလာ တယ်။ အခုလည်း လမ်းမှာ လာနေတဲ့ ဒုက္ခသည် တွေလည်း ရှိနေတယ်လို့ ကြားရတယ်” ဟု ၎င်းက ပြောကြားသည်။


ဝိုင်းမော် မြို့နယ် အတွင်းရှိ မိုင်းနား ကျေးရွာ အနီးတွင် ရှိနေသည့် KPC ဒုက္ခ သည်စခန်းတွင် ၅၆၉ ယောက်မှ ၁၀၄၇ ဦး အထိတိုးလာကြောင်း၊ စိန့်ဂျိုးဆက် ဒုက္ခသည်စခန်းတွင် ၃၄၅ ယောက်မှ ၈၁၆ ယောက် အထိ တိုးလာကြောင်း သိရ သည်။

“ဒုက္ခသည်စခန်းနားတွေမှာပဲ မြန်မာစစ်ကြောင်းတွေ သွားလာနေတာ တွေ့ နေရတယ်။ ကျွန်တော်တို့ ဒုက္ခသည် စခန်း ကို ရောက်နေတဲ့ အချိန်ပဲ ရွာသား တစ်ယောက် သေနတ် မှန်တာ တွေ့ခဲ့ရတယ်။ သေတော့ မသေဘူးဗျ” ဟု ငြိမ်းချမ်း ရေးမိတ်သစ်များ အဖွဲ့မှ ကိုသား ငယ် က ပြောကြားသည်။

အသက် ၅၀ ကျော် အမယ်အိုများနှင့် ၁၂ နှစ်အောက်ကလေးငယ်များ ဒုက္ခသည်စခန်းများတွင်တွေ့ရပြီး လူငယ်များ နှင့် ယောက်ျားသား များ မတွေ့ရကြောင်း ကိုသားငယ်က ၎င်းက ဆက်လက် ပြောကြားသည်။
ဝိုင်းမော်မြို့နယ်အတွင်းရှိ နမ်ဆမ်ရမ်၊ နမ်ဆော်ရမ်၊ အောင်ကြာရမ်၊ ကဇူရမ်၊ တာပရမ်၊ ဆိုင်းမိုင်၊ ၀မ်သောင်းနှင့် သလောကြီး အစရှိသော ကျေးရွာများမှ ဒုက္ခသည်စခန်းများတွင် အများဆုံး လာရောက် နေထိုင်လျက် ရှိနေကြောင်း သိရသည်။
KPC နှင့် စိန့်ဂျိုးဆက် ဒုက္ခသည်စခန်းများတွင် သောက်သုံးရေ ပြဿနာနှင့် အဓိက ရင်ဆိုင်နေရပြီး ၂ မိုင်ခန့်ဝေး သော နေရာတွင် ရေသွားခပ်ရသည်ဟု ငြိမ်းချမ်းရေးမိတ်သစ်များ အဖွဲ့က ပြောသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။