Thursday, December 27, 2012

ရှမ်းပြည်မြောက်ပိုင်းဒေသတွင် ပြည်သူများ ထွက်ပြေးနေရ

(ရွှေဟင်္သာသတင်းဌာန)


ရှမ်းပြည် မြောက်ပိုင်းတွင် ကွတ်ခိုင် မြို့နယ်ထဲ၌ အစိုးရတပ်ဖွဲ့များ၏ စစ်ရေး လှုပ်ရှားမှုများကြောင့် ယမာန့်နေ့မှ စတင်ပြီးဒေသခံ ပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးလျှက် ရှိကြောင်း တအာင်းပြည်နယ် လွတ်မြောက်ရေး တပ်ဦး (TSLF) မှ အတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူး တာဘုန်းကျော်က ပြောပါသည်။

“တနယ်လုံးက မြို့ပေါ်ကို ထွက်ပြေး နေတာလေ။ အခုဆိုရင် ကွတ်ခိုင် မြို့ပေါ်မှာ ဆိုရင် စစ်ပြေးဒုက္ခသည် တစ်ထောင်လောက် ရှိသွားပြီး။ ခရစ်ယန် ဘာသာဝင် ဆိုရင် ချာတ်ကျောင်းမှာ နေထိုင်ကြတယ်။ ဗုဒ္ဓ ဘာသာဝင် ဆိုရင် ဘုန်းကြီးကျောင်းမှာတည် နေကြတယ်။ ကျနော်တို့ ဒေသမှာ ဒုက္ခသည်စခန်း ဖွင့်ဖို့ မလွယ်ဘူး ခင်ဗျ။ မြို့နဲ့ နီးတဲ့ ပြည်သူ တွေကျတော့ မြို့ပေါ်ကို ဘဲထွက် ပြေးကြတယ်။ မြို့နဲ့ ဝေးတဲ့ပြည်သူ တွေ ကြတော့ တောထဲကို ဝင်ပြေးကြတယ်။” ဟုဆိုပါသည်။


(၅) ရက်ခန့် တိုက်ပွဲ ငြိမ်သက်ရာကနေ ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် အစိုးရ ခလရ (၆၈) ၊ ခမရ (၂၄၀) တပ်ဖွဲ့များသည် ကွတ်ခိုင် မြို့နယ် တဝိုက်၌ စစ်ဆင်ရေး လှုပ်ရှားမှုများ စတင်လာခဲ့ပါသည်။ အစိုးရတပ်ဖွဲ့ များ သည် စစ်ဆင်ရေး စတင်သည့် ကာလ တလျှောက်၌ ဒေသခံ ပြည် သူ များကို စစ်ဆေး မေးမြန်းခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်း၊ စွပ်စွဲချက်များ ပြုလုပ်ပြီး သတ်ဖြတ် ခြင်းများ အမြဲပြုလုပ်နေသောကြောင့် စစ်ဆင်ရေး ရှိသော နေရာတိုင်း၌ ဒေသခံများက နေရပ်စွန့် ထွက်ပြေးရခြင်းဖြစ် သည်။ 

ရှမ်းပြည် မြောက်ပိုင်းဒေသသည် ကချင်လွတ်လပ်ရေး တပ်မတော် ( KIA) ၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက် ရေး တပ်မတော် ( TNLA) နှင့် ရှမ်းပြည် တိုးတက်ရေး တပ်မတော် (SSA) တပ်ဖွဲ့များ လှုပ်ရှားနေသော ဒေသဖြစ်ပြီး အစိုးရ တပ်ဖွဲ့နှင့် မကြာခဏ တိုက်ပွဲဖြစ် ပွားသော ဒေသလည်း ဖြစ်ပါသည်။

အစိုးရတပ်များသည်၊ စစ်စခန်း တည်ဆောက်ခြင်း၊ အတင်းအဓမ္မ စေခိုင်း ခြင်း၊ တပ်သားသစ် အဖြစ် ဖမ်းဆီး သွပ်သွင်းခြင်း၊ ပေါ်တာအဖြစ် ဖမ်းဆီး ခြင်း၊ တပ်စခန်းအတွက် နေအိမ်များကို ပြောင်းခိုင်းခြင်း၊ သူပုန်ဆက် သွယ် သူဟု စွပ်စွဲပြီး ညှင်းပမ်း နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အမျိုးသမီး များ လိင်ပိုင်းဆိုင်ရာ ထိပါး နှောက်ယှက်ခြင်းများ ပြုလုပ်လျှက်ရှိကြောင်း ပြီးခဲ့ သည့် နိုဝင်ဘာလ (၅) ရက်နေ့က ပလောင် အမျိုးသမီး အစည်း အရုံးမှ စွပ်စွဲ ထားပါသည်။


ထိုစစ်ပြေး ဒုက္ခသည်များတို့သည် တရုတ်ပြည်သို့ ထွက်ပြေးလိုသော် လည်း မြန်မာ စစ်ပြေးဒုက္ခသည်များကို လက်မခံသော မူဝါဒကြောင့် ပြည်တွင်းမှာပင် မှီခိုနေရပြီး ရိက္ခာအခက်အခဲ ဖြစ်နေကြရသည်ဟု ဆိုပါသည်။ 

တအာင်း (ပလောင်) ဒေသတွင် ဒုက္ခသည်စခန်းအဖြစ် (၃) နေရာရှိပါသည်။ နမ့်ခမ်းမြို့ပြင်၊ မန်တုန်မြို့တွင်း နှင့် တိုးဟုန်ကျေးရွာ တို့တွင် ဖွင့်လှစ်ထား ပါ သည်။ စခန်းဖွင့်စ ကာလ၌ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်းမှ စေတနာရှင်များ အလှူရှင် များ အကူအညီပေးမှု ရှိခဲ့သော်လည်း တိုက်ပွဲ များ ပြင်းထန်လာသည်နှင့်အမျှ အကူအညီပေးမှုလည်း မဲ့ လာခဲ့ပါသည်။ 

အစိုးရသည် ယင်းစစ်ပြေး ဒုက္ခသည်များကို လျှစ်လျှူရှုထားကြောင်း၊ နိုင်ငံတကာ လာရောက်အကူအညီ ပေးရေးကို လည်း တားဆီးထားနေဆဲ ဖြစ်ကြောင်း ဆိုပါသည်။ ရှမ်းပြည်မြောက်ပိုင်းဒေသသည် ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ ကချင်ပြည် လွတ် မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရတို့ အပစ်အခတ်ရပ်စဲရေး ပျက်ပျယ်ပြီးနောက်ပိုင်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလာခဲ့ သည့် ဒေသဖြစ်ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။