Wednesday, December 12, 2012

ကချင်ပြည်နယ်တွင် တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် သမ္မတဦးသိန်းစိန်၏ ညွှန်ကြားချက် တစ်နှစ်ပြည့်သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ

(Eleven Media Group)




ကချင်ပြည်နယ်တွင် တပ်မတော်အနေနှင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ညွှန်ကြားချက် ဒီဇင်ဘာလ ၁၀ ရက်က တစ်နှစ်ပြည့်ပြီ ဖြစ်သော်လည်း ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကချင်လွတ်မြောက် ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

''ဒီဇင်ဘာလဆန်းပိုင်းမှာ အရင်ကထက် ပိုပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်လာတယ်။ နိုဝင်ဘာလပိုင်းမှာ တိုက်ပွဲဖြစ်တာ နည်းသွားပြီး အခုရက်ပိုင်းမှ ပြန်ဖြစ်လာတဲ့ သဘောရှိတယ်။ ကချင်ပြည်နယ်နေရာအနှံ့မှာ ဖြစ်နေတယ်''ဟု ကချင်ပြည်နယ်မဲ ဆန္ဒနယ်အမှတ်(၁၂)အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူက ဒီဇင်ဘာလ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင်မျိုးစုံ၊ အဖွဲ့အစည်းမျိုးစုံ ပေါ်ပေါက်လာပြီး ပြည်တွင်းလက်နက်ကိုင် ဆူပူမှုများဖြစ်ပွားရာတွင် ကချင်ပြည်နယ်လည်း ပါဝင် လာခဲ့သည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းချက်အရ ၁၉၆၃ ခုနှစ် ဇွန်လ ၁၁ ရက်တွင် ကချင်လွတ်မြောက်ရေး ကောင်စီကိုယ်စားလှယ်အဖွဲ့ လာရောက်ဆွေးနွေးသော်လည်း သဘောတူညီမှု မရရှိခဲ့ဘဲ တိုက်ပွဲများသာ ဆက်လက်ဖြစ်ပွားခဲ့သည်။


၁၉၈၀ ပြည့်နှစ် သြဂုတ်လမှ ၁၉၈၁ ခုနှစ် မေလအထိ ၁၀ လကြာ နှစ်ဖက် အပြန်အလှန် အပစ်အခတ် ရပ်စဲခဲ့သည်။ ထို့နောက် ၁၉၉၀ ပြည့်နှစ် အောက်တိုဘာလ ၁၈ ရက်တွင် တပ်မတော်ထောက်လှမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို)ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံခဲ့သည်။ ၁၉၉၂ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် အစိုးရနှင့် ကေအိုင်အိုတို့ ပြန်လည် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု မှတ်တမ်းများအရ သိရသည်။ ၁၉၉၄ ခုနှစ်ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

အပစ်အခတ်ရပ်စဲပြီးနောက် ၁၇ နှစ်အကြာ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်တွင်မူ တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တို့ အကြား တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားမှုရှိလာကာ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် တာပိန် ရေအားလျှပ်စစ်တည်ရှိရာ ဒေသတစ်ဝိုက်တွင် စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ရခြင်း၊ လူမှုရေး၊ စီးပွားရေး ထိခိုက်လာမှုတို့ကြောင့်  ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်တွင် နိုင်ငံတော်သမ္မတက ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ထံ ကချင်ပြည်နယ်ရှိ KIA တပ်စခန်းများအား တပ်မတော်မှ ချီတက် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းမပြုရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။       
             
ကချင်ငြိမ်းချမ်းရေးအဖွဲ့ အကျိုးဆောင် ဦးခပရာခွန်းအောင်က ''ကျွန်တော်တို့ ကချင်ဒေသမှာ စစ်ပွဲစဖြစ်ဖြစ်ချင်း ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းမှာ နိုင်ငံတော်သမ္မတကြီးကို တွေ့ဆုံခွင့်ရရှိဖို့ ရန်ကုန်ကို ဆင်းလာတယ်။ ရန်ကုန်ရောက်တော့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းနဲ့ တွေ့တယ်။ သူက ပြောတယ်။ နိုင်ငံတော်သမ္မတကတော့ ကာလုံ(နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ) အစည်းအဝေးရှိလို့ ခင်ဗျားတို့ကို မတွေ့နိုင်ဘူး။ သမ္မတကြီးကပြောတယ်။ ကချင်ပြည်နယ်ကို ၁၀ ရက်အတွင်း အပစ်အခတ် ရပ်စဲရေးအမိန့် ထုတ်ပေးမယ်လို့ ဆိုတဲ့အတွက် ၀မ်းမြောက်ဝမ်းသာ ပြန်လာခဲ့ပါတယ်။ တကယ်လည်း ၁၀ ရက်အတွင်း ညွှန်ကြားချက် တစ်စောင်ထွက်လာတယ်။ အဲလို ညွှန်ကြားချက်ထွက်ပြီး နောက်ပိုင်းကာလမှာလည်း တိုက်ပွဲတွေက ရပ်မသွားဘူး။ ကချင်တပ်မဟာ ၄ ရှိတဲ့ ရှမ်းမြောက်ဘက်နဲ့ ကချင်တပ်မဟာ ၃ရှိတဲ့ မိုင်ဂျာယန်ဘက်မှာ ဆက်တိုက် ဆက်ဖြစ်တယ်။ တချို့နေရာတွေဆို စစ်ရှိန် တောင် ပိုမြင့်လာတယ်''ဟု ဒီဇင်ဘာလ ၁၁ ရက်က ပြောကြားခဲ့သည်။

တိုက်ပွဲဖြစ်ပွားမှုသည် မိုးမောက်၊ ဗန်းမော်၊ မန်စီ၊ ၀ိုင်းမော်၊ မြစ်ကြီး နားမြို့နယ်များအထိ သက်ရောက်မှု ရှိလာခဲ့သည့်အတွက် ၂၀၁၁ ခုနှစ် ဇွန်၊ ဇူလိုင်လများမှ စတင်ကာ ဒေသခံများသည် နေထိုင်ရာကျေးရွာများကို စွန့်ခွာမှုများ ရှိလာခဲ့သည်။ ၂၀၁၁ နှစ်ကုန်တွင် ကချင်ပြည်နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းများတွင် လူဦးရေ ၅၀၀၀၀ ကျော် ရှိလာခဲ့သည်။၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် စစ်ပွဲများကြောင့် မြစ်ကြီးနားနှင့် အခြားမြို့နယ်များတွင် မှီခိုနေသည့် ဒုက္ခသည် အရေအတွက်မှာ တစ်သိန်း ၀န်းကျင်ရှိကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ခန့်မှန်းထားကြသည်။ ဒုက္ခသည်များမှာ မြန်မာနိုင်ငံအတွင်း သာမကဘဲ တရုတ်နိုင်ငံအတွင်းသို့ပါ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး တရုတ်နိုင်ငံအစိုးရက လက်ခံရန် ငြင်းဆန်သဖြင့် ၂၀၁၂ ခုနှစ် သြဂုတ်လကုန်ပိုင်း၌ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည် ရွှေ့ပြောင်းရမှုများ ရှိခဲ့သည်။

ထို့ကြောင့် အဆိုပါကာလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများစွာ ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ပထမအကြိမ်အဖြစ် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးအပတ်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ တတိယအပတ်တွင်လည်းကောင်း အသီးသီး တွေ့ဆုံခဲ့သည်။တတိယအကြိမ်မြောက် တွေ့ဆုံပွဲကို တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ ၂၀၁၂ ခုနှစ်၊ မတ်လ ၈ ရက်မှ ၁၀ ရက်အထိလည်းကောင်း၊ စတုတ္ထအကြိမ်တွေ့ဆုံပွဲကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်က တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ ပြုလုပ်ခဲ့သော်လည်း အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီမှုမရရှိခဲ့ပေ။

''နိုင်ငံရေးအရ ဖြစ်ပေါ်လာတဲ့ ပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ စစ်ရေးအရ ဖြေရှင်းဖို့ ကြိုးစားတဲ့အတွက် အဖြေမရတဲ့အပြင် ပိုပြီး ရှုပ်ထွေးလာတယ်လို့ မြင်ပါတယ်။ နိုင်ငံတော်က ဆန္ဒရှိရင် တစ်ရက်တည်းနဲ့ ဖြေရှင်းလို့ရပေမယ့် ဆန္ဒမရှိတဲ့အတွက် ဆွဲဆန့်ထားတယ်လို့ ယူဆပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ တရားဥပဒေအရ အာမခံတဲ့ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးရှိရပါမယ်။ အခြေခံဥပဒေအရ တိုင်းရင်းသားဒေသများကို ဒီမိုကရေစီစနစ်အစစ်၊ ဖယ်ဒရယ်အစစ်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံရပါမယ်။ ဒါတွေကိုရဖို့အတွက် လွှတ်တော်ပြင်ပမှာ အကြေအလည် ဆွေးနွေးရမှာဖြစ်ပါတယ်။ ဆွေးနွေးစဉ်အတွင်းမှာ တပ်များရဲ့ရွေ့လျားမှုကို ထိန်းသိမ်းခြင်းဖြင့် အပစ်အခတ်ကို လျော့ချနိုင်ပါတယ်''ဟု ကချင်ငြိမ်း ချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက ဒီဇင်ဘာလ၁၁ရက်က ပြောကြားခဲ့သည်။

ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန်က ''အဓိကကတော့ အခုတပ်မတော်ဘက်က ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သူနဲ့ KIA ဘက်ကလည်း ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အရာရှိကြီးတွေ အချင်းချင်း တွေ့ဆုံဆွေးနွေးဖို့ကတော့ ဒီအချိန်မှာ အရေးအကြီးဆုံးဖြစ်ပါတယ်။ အခုဖြစ်နေတာက တပ်အချင်းချင်း ထိပ်တိုက် ပဋိပက္ခဖြစ်တဲ့ကိစ္စမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့အနေနဲ့က ဆုံးဖြတ်ဖို့ ခက်နေပြီးတော့ တပ်က ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အကြီးအကဲတွေကိုယ်တိုင် ဆွေးနွေးပြီးမှပဲ အဖြေရှာလို့ရမယ်''ဟု စက်တင်ဘာလ ၆ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

''ကေအိုင်အေအဖွဲ့အနေနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို လုံးဝ ညှိနှိုင်းဆွေးနွေးခြင်းမရှိဘဲ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ပြီးမှသာ အပစ်အခတ်ရပ်စဲမည်ဆိုသည့် အချက်ကို ကိုင်စွဲထားသဖြင့် လတ်တလောပစ်ခတ်မှုများ ဖြစ်ပေါ်နေရ ခြင်းဖြစ်ပါတယ်။ သမ္မတကြီးရဲ့ ညွှန်ကြားချက် ရရှိပြီးနောက်ပိုင်း တပ်မတော်အနေဖြင့် ကေအိုင်အေတပ်စခန်းများကို ထိုးစစ်ဆင်ခြင်းကို လုံးဝပြုလုပ်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် အများပြည်သူ အသုံးပြုလျက်ရှိတဲ့ လမ်းကြောင်းနဲ့ နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ်တစ်ဖက်မှ တိုက်ခိုက်လာမှုများအား ပြည်သူလူထု၏ အကျိုးစီးပွားကို အစဉ်စောင့်ရှောက်ရန် တာဝန်ရှိသည်နှင့်အညီ ယင်းတာဝန်ကိုသာ ထမ်းဆောင်နေခြင်းဖြစ်ပါတယ်'' ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိ ယ၀န်ကြီး ဗိုလ်မှူးချုပ်အောင်သော်က စက်တင်ဘာလ ၆ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပေါ်နေမှုနှင့် ဆက်လက်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို ကာကွယ်ရေးဝန်ကြီးဌာန၊ ရုံးအဖွဲ့မှူး ဒုတိယဗိုလ်မှူးကြီးကျော်သူထံ ဖုန်းဖြင့် ဒီဇင်ဘာလ ၁၁ ရက်က ဆက်သွယ်မေးမြန်းခဲ့ရာ 'မသိရှိသည့်အတွက် မည်သို့မျှ ပြောကြားလိုခြင်း မရှိပါကြောင်း'ဟု ပြန်လည်ဖြေကြားခဲ့သည်။

တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းသည် တစ်ကျော့ပြန် စတင်ဖြစ်ပွားသည့် ၂၀၁၁ ခုနှစ်၊ ဇွန်လမှ ၂၀၁၂ ခုနှစ်၊ ဇွန်လအထိ တစ်နှစ်တာအတွင်း တိုက်ပွဲဖြစ်ပွားမှုအကြိမ်ရေ စုစုပေါင်း ၂၀၀၀ ၀န်းကျင် ရှိခဲ့ကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားမှုသည် နိုဝင်ဘာလအတွင်း အနည်းသာ ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလကုန်ပိုင်း ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပေါ်လာကြောင်း ဒေသခံများက ဆိုသည်။

''ကလေးသူငယ်များအတွက် နှစ်နှစ်တာ ပညာသင်ကြားခွင့် ဖျောက်ဖျက်ပစ်လိုက်ခြင်းဟာ မျိုးဆက်တစ်ခုရဲ့ အနာဂတ်ကို ဖျက်ဆီးလိုက်တာနဲ့ တူပါတယ်။ အိုးအိမ်ပေါင်း ၃၀၀၀၀ လောက် ပျက်စီးပြီ။ ပြန်လည်နလံထူဖို့ နှစ်ပေါင်းများစွာ ကြာမှာဖြစ်တယ်။ စိုက်ပျိုးမြေ ဧကပေါင်းများစွာ ထုတ်လုပ်မှုမရှိဘူး။ နိုင်ငံတော်က ကုန်ထုတ်လုပ်မှု ကျဆင်းတဲ့အပြင် သူတို့တွေကို ကျွေးထားရတဲ့အတွက် အကုန် အကျ ထွက်ငွေရှိနေတယ်။
 ကျန်းမာရေးအရ ကာကွယ်နိုင်တဲ့ရောဂါ၊ ကုသနိုင်တဲ့ ရောဂါတွေနဲ့ မသေသင့်ဘဲ သေဆုံးရတယ်။ အသက်သုံးနှစ်အောက် ကလေးတွေ အာဟာရမပြည့်တဲ့အတွက် ရောဂါဝင်ပြီး သေဆုံးနေတယ်။ ဦးနှောက်ဉာဏ်ရည် ပြည့်ဝမှုမရှိတဲ့ ကလေးငယ်တွေ ဖြစ်သွားတဲ့အတွက် သူတို့အနာဂတ်ဟာ ပျောက်ကွယ်နေပြီ။ လူ ၁၀၀၀၀၀ ကျော်ဟာ မ၀ရေစာနဲ့ လူမဆန်စွာနေထိုင်နေရတယ်။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အားလုံး မပြည့်စုံတဲ့အတွက် နာလံထူဖို့ ခက်တယ်။ စစ်ပြီးရင်တောင် ထွန်ယက်စိုက်ပျိုးဖို့ ပေါက်ပြားတစ်လက်မှ မရှိကြတော့ဘူး။ အနာဂတ်ဟာ အမှောင်ဘဲဖြစ်နေတယ်''ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောကြားခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။