Sunday, November 4, 2012

ကချင်ပြည်နယ်၌ တိုက်ပွဲဖြစ်ပွားနေသည့် တစ်နှစ်ခွဲဝန်းကျင် ရှမ်းရွာများတွင်ပါ အမျိုးသမီးများပါမကျန် KIO/KIA မှ စစ်သား စုဆောင်းခြင်းများ ရှိနေသည့် အပြင် လူနေမှုဘဝ မလုံခြုံမှုကိုလည်း ခံစားနေရကြောင်း ဒေသခံများပြောကြား

(Eleven Media group)



ဝိုင်းမော်သာဂရ ဘုန်းကြီးကျောင်းမှ ရှမ်းဒုက္ခသည် စခန်းတစ်ခုကို စက်တင်ဘာလက တွေ့ရစဉ်

ကချင်ပြည်နယ်၌ တပ်မတော် နှင့် KIO/KIA အကြား တိုက်ပွဲများ ဖြစ်ပွား သည့် တစ်နှစ်ခွဲဝန်းကျင် ကာလအတွင်း ရှမ်းတိုင်းရင်းသားများ နေထိုင် ရာ ကျေးရွာများတွင်ပါ အမျိုးသမီးများပါမကျန် KIO/KIA မှ စစ်သား စုဆောင်းခြင်းများ ရှိခဲ့သည့်အပြင် လူနေမှုဘ၀ မလုံခြုံမှုများကိုပါ ခံစားနေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။

ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် KIO/KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားမှုသည် ၂၀၁၁ ခု နှစ်ဇွန်လအတွင်းက ပြန်လည်စတင်ခဲ့ပါသည်။ ထိုသို့စတင်ခဲ့ခြင်းသည် KIO/KIA နှင့် တပ်မတော် အကြား ပဋိပက္ခဖြစ်မှု နှစ်ပေါင်း ၆၀ ကျော်ကြာ အရှည်ကြာဆုံး ပြည်တွင်းစစ်အနေဖြင့် ဆက် လက်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ တိုက်ပွဲများသည် ဗန်းမော်ခရိုင် မိုးမောက် မြို့နယ်တွင် စတင်ခဲ့ကာ နောက်ပိုင်း၌ မြစ်ကြီး နား၊ ၀ိုင်းမော်၊ ဖားကန့်မြို့နယ်များ အထိပါ ဖြစ်ပွားသက်ရောက်မှုများ ရှိလာခဲ့သည်။


KIO/KIA နှင့် တပ်မတော်အကြား အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်ကို ၁၉၉၄ ခုနှစ်အချိန်က လက်မှတ်ရေးထိုးခဲ့ပြီးနောက် နယ်ခြား စောင့်တပ်ဖွဲ့စည်းရေး ကိစ္စနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲ ရာမှ ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက် ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါ သည်။ ယင်းကဲ့သို့ တိုက်ပွဲ စတင်မဖြစ်ပွားမီ အချိန်ကပင် KIO/KIA  အနေဖြင့် တပ်သားဟောင်းများကို ပြန်လည်ခေါ်ယူခြင်း၊ တပ်သားသစ် များစုဆောင်းခြင်းနှင့် လက်နက်ကိုင် တပ်ဖွဲ့ကို ပြင်ဆင်မွမ်းမံခြင်းများ ကြိုတင်လုပ်ဆောင်ခဲ့သည်။ တိုက်ပွဲအစတွင် တပ်မတော်မှKIO/KIA ဌာနချုပ် လိုင်ဇာဘက်သို့ ထိုးစစ်ဆင်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ၂၀၁၁ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ နောက်ပိုင်းတွင်မူ နိုင်ငံတော်သမ္မတ ၏ အမိန့်ညွှန်ကြားချက် အတိုင်း မိမိကိုယ်ကို ခုခံကာကွယ်ရုံမှလွဲပြီး ထိုးစစ်မပြုလုပ်ကြောင်း တပ်မတော် အရာရှိများက တရားဝင်ထုတ်ဖော် ပြောဆိုခဲ့သည်။

လက်ရှိအချိန်၌ KIO/KIA လက်အောက်တွင် တပ်မဟာ ငါးခုရှိပြီး တပ်မ ဟာ(၁)၊ တပ်မဟာ(၂)၊ တပ်မဟာ(၃)၊ တပ်မဟာ(၄)နှင့်တပ် မဟာ(၅) တို့ဖြစ်ကြပြီး ဌာနချုပ်မှာ လိုင်ဇာတွင်ရှိပါသည်။ KIO/KIA  ၏တပ်မဟာ ငါးခုနှင့် ဌာနချုပ်များ သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တို့တွင် အခြေစိုက်ခဲ့ခြင်း ဖြစ်သည်။

၂၀၀၉ခုနှစ်အတွင်း The New York Times သတင်းစာဆောင်းပါး ၌ ဖော်ပြခဲ့သော စာရင်းအရ KIO/KIA  တွင် တပ်သား ၄၀၀၀ ကျော် ရှိကြောင်း သိရပြီး ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလအတွင်း BBC သတင်းဌာနသို့ KIO/KIA  မှ တာဝန် ရှိသူများ၏ ပြောကြားချက်အရ ၎င်းတို့တွင်တပ်သားသစ် ၁၀၀၀၀ ခန့် နှင့်တပ်သားဟောင်း ၁၀၀၀၀ ခန့် ကို ပြန်လည်ခေါ်ယူခဲ့ပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၁ခုနှစ် တိုက်ပွဲများ ပြန် လည်စတင်ချိန်တွင်KIO/KIA နှင့် တပ်မ တော်တို့ နှစ်ဦးနှစ်ဖက်အကြား  အကျအဆုံးများစွာ ဖြစ်ပေါ်ခဲ့ပြီး တပ်သားသစ် လိုအပ်ချက်မှာလည်း KIO/KIAအတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ရပ် ဖြစ်လာခဲ့သည်။

တပ်သားသစ်များ လိုအပ်လာသည်နှင့်အတူ စစ်သားစုဆောင်းခြင်း များကိုKIO/KIA  မှ ဆက်တိုက် လုပ်ဆောင်လာခြင်းဖြစ်ကြောင်းနှင့်  အမျိုးသမီးများပါမကျန် စစ်သားစုဆောင်းမှုသို့ ပါရှိခဲ့ကာ ဒေသခံများ၏ လူနေမှုဘ၀များလည်း လုံခြုံမှု မရှိဖြစ်လာရခြင်းကို ကြုံတွေ့လာ ရကြောင်း ဒေသခံများက ပြောကြားသည်။ KIO/KIA အနေဖြင့် ကနဦး အချိန်များက ကချင်လူမျိုးများကို KIO/KIA  သို့ ၀င်ရောက်ရန် စည်းရုံးမှု များ ပြုလုပ်ထားခဲ့ပြီးဖြစ်သည်။

“ကချင်လူမျိုးမိသားစုတွေမှာ သားနှစ်ဦးရှိရင် တစ်ဦးက KIA ထဲ ၀င်ရမယ်။ မ၀င်မနေရဆိုပြီး ခွဲတမ်းချထားခဲ့တယ်။ နောက် မိန်းကလေးတွေကိုလည်း အကြောင်းအမျိုးမျိုးနဲ့ စွဲဆောင်ပြီး ကချင်နိုင်ငံ တည်ထောင်ဖို့အတွက်ဆိုပြီး KIAထဲကို ၀င်ရောက်စေခဲ့ပါတယ်။ တဖြည်းဖြည်း နဲ့ ကချင်တွေတင် မကတော့ဘဲ ကချင်ပြည်နယ်မှာ နေထိုင်နေကြတဲ့  ရှမ်း၊ ဗမာ၊ ကရင်၊ ကယား၊ ရခိုင် စတဲ့ တိုင်းရင်းသားတွေကိုပါ ဖမ်းခေါ်ပြီး စစ်ထဲဝင်ခိုင်းတာတွေ ရှိလာတယ်။ တချို့ကိုလည်း စစ်တပ် ထောက်လှမ်းရေးလို့ စွပ်စွဲပြီး ဖမ်းဆီးတယ်။ အကြပ်ကိုင်တယ်။ အသတ်မခံချင်ရင် KIA ထဲဝင်ရမယ်ဆိုပြီး အတင်းအကျပ် ၀င်ခိုင်းတာ တွေရှိပါတယ်။ ဒါတွေဟာ သူတို့ အစဉ်တစိုက် လုပ်ဆောင်လာခဲ့တာတွေပါ။ အခုချိန်မှာ တစ်ကျော့ပြန် လုပ်လာပါတယ်”ဟု ကချင်ပြည် နယ်ဒေသခံတစ်ဦးက ပြောပါသည်။

အခြားတစ်ဖက်တွင်လည်း ABSDF (မြောက်ပိုင်း)မှဟု စွပ်စွဲကာ KIO/KIA မှ စစ်သားစုဆောင်းမှု များရှိခဲ့သည်ဟု သိရသည်။ ABSDF (မြောက်ပိုင်း)သည် ၁၉၈၉ခုနှစ်တွင် ပေါ်ပေါက်လာခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကချင်) ဖြစ်ကာ KIOဗဟိုဌာနချုပ်သို့ ရောက်ရှိခဲ့သော တောခို ကျောင်းသားများ၏ တပ်မတော်ဖြစ်သည်။ ကချင်ပြည်နယ် ဗဟိုဌာနချုပ်သို့ ရောက်ရှိခဲ့သည့် တောခိုကျောင်းသားများကို KIO မှ စစ်သင်တန်းများ ပို့ချပေးခဲ့ပြီး KIA တပ်ရင်းများနှင့်အတူ တွဲဖက်ပြီး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်စေခဲ့ပါသည်။ ၁၉၉၄ ခုနှစ် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးချိန်တွင်  KIO/KIA မှ ၎င်းတို့နယ်မြေအတွင်း အခြေချနေထိုင်နေသော ABSDF(မြောက်ပိုင်း)ကို ဆက်လက်ရပ်တည် ခွင့်ကို အခက်အခဲတွေ့စေခဲ့ပါသည်။ ထို့ကြောင့် ABSDF(မြောက်ပိုင်း) တပ်ဖွဲ့ဝင်များအနက် အချို့မှာKIO/KIA ဘက်သို့ ကူးပြောင်းသွားကာ အချို့မှာလည်း အခြားလက်နက်ကိုင် အဖွဲ့အစည်းများသို့ ၀င်ရောက်ခြင်း၊ တစ်ဖက်နိုင်ငံများသို့ သွား ရောက်ခြင်း၊ လက်နက်ချပြီး နေရပ်ထံပြန်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထို့အတွက်ကြောင့် ယခုအချိန်KIO/KIA မှ စစ်သားစုဆောင်းမှုများ ပြုလုပ်ရာတွင် ABSDF(မြောက်ပိုင်း) မှဟုဆိုကာ စစ်သားစုဆောင်းမှုများ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။




လိုင်ဇာရှိ KIA စခန်းတွင် စစ်သင်တန်းတက်နေသော KIA စစ်သားများကို စက်တင်ဘာလက တွေ့ရစဉ် Photo: AFP


KIO/KIA မှစစ်သားစုဆောင်းမှုများ ပြုလုပ်ရာတွင် အနီးစပ်ဆုံး သာဓက အနေဖြင့် အောက်တိုဘာလအတွင်းက ကချင်ပြည်နယ် တနိုင်း မြို့နယ် နှင့် ပူတာအိုမြို့နယ်များမှ လူငယ်များကိုKIO/KIA မှ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ခြင်းများ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီးမှုများအနက် အောက်တိုဘာလ ၂၃ရက်နေ့ညနေပိုင်းက ပူတာအိုမြို့ မှ ၂၂မိုင်ကွာ ဝေးသော လုံရှာရန် ကျေး ရွာမှ လူငယ် ၂၂ ဦး ဖမ်းဆီးခံခဲ့ရခြင်းမှာ အထင်ရှားဆုံးဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးခံခဲ့ရသော လူငယ် ၂၂ ဦးတွင် အမျိုးသား ၁၉ ဦး နှင့် အမျိုးသမီးသုံးဦး ပါဝင်ခဲ့ကာ လုံရှာရန် ကျေးရွာသည် ရ၀မ်၊ လီဆူး၊ ဂျိန်းဖောနှင့် ရှမ်းတိုင်းရင်းသားများ နေထိုင် ရာ ကျေးရွာဖြစ်ပါသည်။

ကချင်ပြည်နယ်အတွင်း၌ နေထိုင်သူလူဦးရေ စုစုပေါင်း ၁၅၈၅၃၀၁ ဦးဝန်းကျင်ရှိသည့်အ နက် အဆိုပါ လူဦးရေ စာရင်းတွင် ကချင်မျိုးနွယ်စု ၆၂၈၂၈၂ ဦး၊ ဗမာလူမျိုး ၄၅၁၃၇၁ ဦး၊ ရှမ်းလူမျိုး ၃၇၇၈၄၆ နှင့် ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် အခြားတိုင်းရင်းသား ၁၂၆၈၄၃ ဦးလည်း ပါဝင် ကြောင်း အောက်တိုဘာလ ၃၀ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့ တွင် ပြုလုပ် ခဲ့သော KIO/KIA နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က ပြောခဲ့သည်။

ကချင်ပြည်နယ်အတွင်း ပြည်ထောင်စု တိုင်းရင်းသားအားလုံး မှီတင်း နေထိုင်နေကြသည့်အတွက်  တိုင်းရင်းသားတစ်မျိုးနှင့်တစ်မျိုး  လူမျိုးစွဲ များ မထားရှိဘဲ မှန်ကန်သော သဘောထားအမြင်များ ထားရှိပြီး  မျှတစွာ ဆက်ဆံပေးရန် ကေအိုင်အို အဖွဲ့သို့ အထူးအလေးထား တိုက်တွန်း လိုကြောင်း ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က အဆိုပါ ငြိမ်းချမ်းရေး ဆွေး နွေးပွဲတွင် ပြောကြားခဲ့သည်။

“အခုဆိုရင် မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော်နဲ့ တရုတ်နယ်စပ်တစ်ဝိုက်မှာ ရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်း တွေမှာ လူဦးရေ တစ်သိန်းနီးပါးရှိ တယ်။ အဲဒီမှာရှိနေတဲ့ လူဦးရေရဲ့ ၉၅ ရာခိုင်နှုန်းက ကချင်လူမျိုးတွေ ဖြစ်ကြ တယ်။ အံ့သြစရာ ကောင်း တာက အဲဒီစခန်းတွေမှာ အသက် ၁၅ နှစ်ကနေ အသက် ၅၀အောက် ကျန်းမာသန်စွမ်းတဲ့ ယောက်ျားတွေ ကို မတွေ့ရတာပဲ။ KIO/KIA တွေ က စစ်တပ်ကို ယှဉ်မတိုက်ဘူး။ ပြောက်ကျား စစ်ပဲ တိုက်ကြတယ်။ ချောင်းပစ်ပြေးပေါ့။ ချောင်းပစ်ပြေး ပြီးရင် နီးရာ ကချင်ရွာထဲဝင်ပြီး အ ရပ်သား၊ ရွာသားအသွင်နဲ့ နေလိုက် တယ်။ စစ်တပ်က လိုက်တိုက်ရင်း အဲဒီရွာတွေ ပျက်တော့တာပဲ။ စစ်ဘေး ရှောင်တို့၊ စစ်ပြေးတို့ဆိုတာ အဲလိုနည်းနဲ့ စပေါ်လာခဲ့တာ”ဟု မြစ်ကြီးနား ဒေသခံတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်အတွင်း ရှည်ကြာသော ပြည်တွင်းစစ်၏ ဒဏ်ကို ဒေသခံ များက အများဆုံးခံခဲ့ကြရကာ ကျေးရွာများမီးသင့်ပျက်စီးခဲ့ခြင်းနှင့် လူငယ် များစစ်သား စုဆောင်းရေးသို့ ပါရှိခဲ့ခြင်းများက ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ အထူး သဖြင့် ကချင်ပြည်နယ်အတွင်းရှိ ကချင်တိုင်းရင်းသား မဟုတ်သော ဒေသခံများမှာပဋိပက္ခများ၏ ဆိုးကျိုးကိုအများဆုံး ခံစားခဲ့ရခြင်းဖြစ်သည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ကချင်ပြည်နယ်ကရှမ်းတွေဟာ ငြိမ်း ချမ်းရေး စကားကို မပြောကြတာဟာ ကြောက်လို့ပါ။ ရှမ်းတွေက တောင်သူတွေ များ တယ်။ သူတို့ကို ကာ ကွယ်ပေးနိုင်မယ့် အစိုးရနဲ့ဝေး တယ်။ နီးရာဓား ကြောက်ရတဲ့သဘောပါ။ ဟိုအရင်တုန်းက ရှမ်း လူမျိုးအရေး လှုပ်ရှား တက်ကြွသူတွေကို ခေါ်ပြီးသတ်ပစ်တာမျိုးတွေ ရှိခဲ့တယ်။ အခုလည်း ဘယ်မီဒီယာ က ဘယ်လောက်ပဲမေးမေး ကိုယ်တွေ့ကြုံခဲ့တဲ့လူတွေက ခင်ဗျားတို့ကို ဘာမှပြောမှာမဟုတ်ဘူး”ဟု ၀ိုင်းမော်မြို့ခံတစ်ဦးက ပြောပြခဲ့ သည်။

“ဘုန်ကြီးကျောင်းလည်း လက်နက်ကြီးတွေ လာထိကုန်တယ်။ ဘယ်လိုမှ လည်း ညှိလို့မရတော့ ငါလည်း ပြေးနေရတာပဲ။ ရွာသားတွေကိုလည်းပဲ တွေ့ရာနေရာ မှာ စစ်မှုထမ်းဖို့ အများကြီး ခေါ်သွားလိုက်တယ်။ အခုတော့ ပြန်ပြီး အလင်းဝင်လာတဲ့ လူတွေလည်းရှိတယ်။ လူပေါင်း ၂၀ ကျော် လောက် တော့ ကျန်သေးတယ်။ အခုလိုထ တိုက်ကြတော့မှပဲ လူတွေ လည်း ကောင်းကောင်းမနေရ၊ ဘုန်းကြီးတွေလည်းကောင်းကောင်း မနေရတော့ဘူး။ လယ်ကွင်းတွေလည်း မလုပ်ရဘူး။ ကျွဲတွေ၊ နွားတွေ လည်း ပစ်ထားရတယ်။ လာမယ့် နှစ် တွေမှာစားရေးသောက်ရေးက မစဉ်းစားဝံ့စရာပဲ”ဟု မြစ်ကြီးနားမြို့နယ် အတွင်းရှိ ရှမ်းရွာတစ်ခုမှ ဘုန်းတော်ကြီးက မိန့်ကြားခဲ့သည်။

မြစ်ကြီးနားဝန်းကျင်မှစ၍ ဗန်းမော်မြို့အထိ ဧရာဝတီမြစ်ရိုးတစ် လျှောက် တွင် ရှမ်းလူမျိုးအများစုသာ နေထိုင်သော ကျေးရွာပေါင်း ၁၀၀ ကျော်ရှိပြီး ထက်ဝက်ခန့်မှာ လုံခြုံမှု မရှိကြောင်းလည်း ဒေသခံများက ပြောပြခဲ့သည်။

“နန့်ဝါဆိုတဲ့ရွာမှာ အိမ်တွေကန်ဖွင့် အတင်းအဓမ္မ၀င်လာပြီး လူငယ်တွေ ကို ဖမ်းခေါ်သွားတယ်။ ငွေပေးပြီး လွတ်လာတာလည်း ရှိတယ်။ ပြေးပြီး လွတ်လာတဲ့လူ လည်းရှိတယ်။ သူတို့နဲ့အိမ်ထောင် ပြုလိုက်ရတဲ့ ကလေးမ တွေလည်းရှိတယ်။ ဘယ်သူက ဘယ်လောက် မေးမေး အဖြေမှန် တော့ရမှာ မဟုတ်ဘူး။ ကိုယ့်ကို လာသတ်မှာတော့ ကြောက်ရတာကိုး။ အခုလောလော ဆယ်လည်း တနိုင်း၊ ပယင်းမှော်က လူတွေဖမ်းသွားတာ ဘာသတင်းမှ သဲသဲကွဲကွဲ မကြားရသေးဘူး။ ကချင်ပြည်နယ်က ရှမ်းတွေရဲ့ဘ၀ က အကြောက်တရားနဲ့ အသက်ရှင် ရတာ” ဟု ၀ိုင်းမော်မြို့နယ်မှ တောင်သူတစ်ဦးက ပြောကြားခဲ့ သည်။

လွန်ခဲ့သောနှစ်အတွင်းက နှစ်ဖက်ပစ်ခတ်မှုကြောင့် တစ်ရွာလုံး ပြေးလာခဲ့ ရသော ရှမ်းရွာများမှာ ဂါးဒီယန်၊ စံပိုင်၊ ကန်တော်ယန်၊ နန့်ဆန်ယန် စသောရွာများဖြစ်ပြီး မိမိတို့ပိုင်ဆိုင်သော အိုးအိမ်၊ ကျွဲ၊ နွား၊ ကြက်၊ ၀က် များကို အားလုံးပစ် ချထားခဲ့ရသည်ဟု ဒုက္ခသည်တစ်ဦး ကပြောကြား ခဲ့သည်။ နယ်မြေမအေး ချမ်းမှုကြောင့် မြို့၊ ရွာနှင့် ဝေးကွာ သော လယ်ကွင်း များ၌ လယ်ယာ အလုပ်လုပ်ကိုင်နိုင်မှုမရှိကြောင်းလည်း ဒေသခံများက ဆိုပါသည်။

“မိုးကောင်း၊ နမ္မတီး ၀န်းကျင် မှာရှိတဲ့ ရှမ်းရွာ ၁၀ ရွာဝန်းကျင် ကတော့ အေးချမ်းလုံခြုံမှုမရှိပါဘူး။ အဲ့ဒါမပြောနဲ့ မိုးကောင်းမြို့ပေါ် ရပ်ကွက်တွေ တောင်မှ မလုံခြုံဘူးလို့ ပြောလို့ရတယ်။ မြို့ပေါ်ဆီဆိုင်တွေ ဆက်ကြေး ကောက်တယ်လို့ ကြားရတယ်။ ဖားကန့်ဘက်တက်တဲ့ ကားတိုင်းကို လည်းပဲ ဆက်ကြေးတွေ ကောက်ပါတယ်။ မိုးကောင်းဝန်းကျင်က ကျေးရွာ တွေမှာတော့ စစ်မှုထမ်းဖို့ လူငယ်တွေကို ဖမ်းခေါ်သွားတာ ရှိခဲ့တယ်။ အခုတော့ တော်တော်များများ ပြန်ရောက်ပါပြီ”ဟု မိုးကောင်း မြို့ ကျားဖြူပါတီဥက္ကဋ္ဌ ဦးသန်းတင့်အောင်က ပြောကြားခဲ့သည်။

ထို့အပြင် ၂၀၁၁ ခုနှစ် ဇွန်လ အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ် ပွားပြီး နောက် စစ်ဘေးဒဏ်သင့် ဒေ သများအနက် ပူတာအိုဒေသမှာ စား ၀တ် နေရေးအတွက် ခက်ခဲစွာနေ ထိုင်နေရပြီး အဆိုပါဒေသသို့ ရိက္ခာ များပေး ပို့နိုင်ရန်အတွက် ပျက်စီးခဲ့ ရသော ပူတာအိုလမ်းပိုင်းကို ယခုနှစ် ပွင့်လင်း ရာသီတွင် ပြုပြင်မည် ဖြစ်သဖြင့် ပြုပြင်မှုများအပေါ် အ နှောင့်အယှက် များ မပြုရန် မေတ္တာ ရပ်ခံကြောင်း မြောက်ပိုင်းတိုင်း စစ် ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က ငြိမ်းချမ်းရေးဆွေး နွေးပွဲသို့ တက်ရောက်ခဲ့သည့် KIO/KIA ခေါင်းဆောင်များကို ပြောကြားခဲ့သည်။

KIO/KIA မှ အမျိုးသမီးများပါမကျန် စစ်သားစုဆောင်းခြင်းများ ရှိနေ သည် ဆိုသည်ကို KIO/KIA အ ဖွဲ့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အဖွဲ့ဝင် ဗိုလ်မှူးကြီး ဂျီးနောင်က “ဘယ်သူစုဆောင်းသလဲတော့ မသိပါဘူး။ ကျွန်တော်တို့ကိုယ်တိုင်ကတော့ မစုဆောင်းခိုင်းပါဘူး”ဟု ပြန်လည်ဖြေ ကြားခဲ့သည်။

လက်ရှိတွင် ၎င်းသည် နိုင်ငံရေးရုံးသို့ ရောက်ရှိနေသည့်အတွက် တိုက်ပွဲ များ မည်သည့်နေရာတွင် ဖြစ်ပွားနေသည်ကို မသိရှိကြောင်း၊ ဖြစ်တော့ ဖြစ်ပွားနေကြောင်း ဗိုလ်မှူးကြီး ဂျီးနောင်က ဆိုပါသည်။

ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရရှိရန်အတွက် KIO/KIA နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီတို့၏ ပထမအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို အောက်တိုဘာလ ၃၀ ရက် နေ့က တရုတ်နိုင်ငံ ရွှေလီမြို့ ၌ ပြုလုပ်ခဲ့သော်လည်း ထူးခြားသည့် အဖြေထွက်ပေါ်ခဲ့ခြင်းမရှိပေ။ အဆိုပါ ဆွေးနွေးပွဲသို့ တပ်ပိုင်းဆိုင် ရာနှစ်ဘက်ခေါင်းဆောင်များ တက်ရောက်ခဲ့ခြင်းမရှိသဖြင့် စစ်ရေးဆိုင် ရာ ထူးခြားသည့်အဖြေ ထွက်ပေါ်ခဲ့ ခြင်းမရှိဘဲ နိုင်ငံရေးနည်းလမ်းအရ ဆက်လက်ဆွေးနွေးရန်သာ သဘောတူညီခဲ့ကြသည်။

မိမိကိုယ်ကိုယ်ခုခံကာကွယ်ရုံမှ လွဲပြီး ထိုးစစ်မပြုလုပ်ရန် နိုင်ငံတော် သမ္မတ၏ အမိန့်ညွှန်ကြားချက်ကို နာခံလျက်ရှိကြောင်း တပ်မတော် အရာရှိများက တရားဝင်ထုတ်ဖော်ပြော ဆိုမှုများရှိခဲ့သည့်တိုင် တိုက်ပွဲဖြစ် ပွား မှုများမှာ ဆက်လက်ဖြစ်ပေါ်နေဆဲ  ဖြစ်သည်။ 
ထိုသို့ဖြစ်ပွားရာတွင် အောက်တိုဘာလ တစ်လတည်းတွင် တိုက်ပွဲပေါင်း ၉၀ ကျော်ဖြစ်ခဲ့ သည်ဟု KIO/KIA မှဗိုလ်မှူးကြီးဂျီးနောင်က ပြောကြားသည်။

တပ်မတော်ဘက်မှ ထိုးစစ်မပြု လုပ်ကြောင်း တပ်မတော်အရာရှိများ က အခိုင်အမာ ပြောဆိုနေသော်လည်း ယခုလပိုင်းအတွင်း တပ်မတော်၏ ထိုးစစ်များကို ဆက်တိုက် ရင်ဆိုင်နေရကြောင်း KIO/KIA ဘက်မှ တုံ့ပြန် ပြောကြားခဲ့သည်။

တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့် တစ်နှစ်ခွဲဝန်းကျင်ကာလအတွင်း မြစ်ကြီး နား၊ ဗန်းမော်၊ ၀ိုင်းမော်၊ မိုးမောက် စသည့်မြို့နယ်များမှ ဒေသခံ တိုင်းရင်းသားများသည် မိမိတို့နေထိုင်ရာ ကျေးရွာများကို စွန့်ခွာ ကာ မြို့ပေါ် ကယ်ဆယ်ရေးစခန်းများ၊ တောတွင်း ကယ်ဆယ်ရေးစခန်း များတွင် ခိုလှုံနေထိုင်လျက်ရှိကြပြီး နေရပ်မှစွန့်ခွာရသူ ဦးရေမှာ တစ်သိန်း ၀န်းကျင် ရှိနေကြောင်း သိရှိရသည်။
 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။