Wednesday, November 14, 2012

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ မော်ဝမ်းဗျူဟာကုန်းနှင့် လမောင်ကုန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွား

(Eleven Media Group)


Wednesday, 14 November 2012

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ မော်ဝမ်းဗျူဟာကုန်းနှင့် လမောင်းကုန်း ကျေးရွာတွင်  နိုဝင်ဘာလ(၁၄)ရက်၊ (၁၂နာရီ၊၂၂မိနစ်) အချိန်ခန့်တွင် ကေအိုင်အေ(KIA)နှင့် တပ်မတော်ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

''နှစ်ဖက်ပစ်ခတ်ကြတာပါ။တပ်မတော်က ဗျူဟာကုန်းကနေ လမောင် ကုန်းကို လက်နက်ကြီးတွေနဲ့ပစ်တာ။ လူကတော့တစ်ဦးမှ မထိပါဘူး'' ဟု ဖားကန့်မြို့မှဒေသခံတစ်ဦးက ပြောကြားခဲ့သည်။ မိုးကောင်း-ဖားကန့် လမ်းပိုင်းမှာလည်း ကေအိုင်အေဘက်မှ စစ်ဆေးမှုများပြားလျက်ရှိပြီး ကချင်ပြည်နယ်မှတ်ပုံတင် ကိုင်ဆောင်ထားခြင်းမရှိသော အမျိုးသား များမှာ နိုဝင်ဘာလ (၁၁)ရက်နေ့မှစ၍ တက်ခွင့်မပြုဟု စုံစမ်းသိရှိရ သည်။


တက်ခွင့်မရှိသည့် အဓိကအကြောင်းအရင်းမှာ တပ်မတော်သားများက မိုးကောင်းမြို့မှနေ၍ ဖားကန့်ဘက်သို့ ချီတက်သွား၍ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။ ဖားကန့်မြို့သို့ သွားရောက်မည့် တခြားပြည်နယ်/တိုင်းများမှ အလုပ်သမားများ၊ လုပ်ငန်းရှင်များမှာ မြစ်ကြီးနားမြို့နှင့် မိုးကောင်းမြို့များ တွင် တက်ရောက်ရန် စောင့်ဆိုင်းနေကြရသည်ဟု သိရသည်။

'' ကားသမားတွေက ဒီလိုလမ်းတွေပိတ်ရင် ခရီးသည်ကိုလည်း ပိုက်ဆံ ပြန်အမ်းရတယ်။ ဆီဖိုးလည်းရှုံးတယ်။ ကားတွေက တစ်စီးကို (၂) သိန်းစီ ကေအိုင်အေကို ဆက်ကြေးပေးပြီးသားပါ။ အထက်က ဘယ်လိုညွှန်ကြား ထားလဲတော့ မသိဘူး။ ဆက်ကြေးမပြည့်သေးတဲ့ ကားတွေလည်း ဟင်းဖိုးတော့ ပေးနေကြတာပဲ။

လက်နက်ကိုင်အဖွဲ့အစည်းတွေက နိုင်ငံရေးအရ ဘယ်လိုသဘောထား ရှိနေ ရှိနေ ပြည်သူတွေကိုတော့ ဒုက္ခမပေးသင့်ပါဘူး''ဟု ပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက နိုဝင်ဘာလ(၁၃) ရက်နေ့က ပြော ကြားခဲ့သည်။

ဖားကန့်ဒေသအတွင်းတွင် စက်တင်ဘာ၊ အောက်တိုဘာလအတွင်းများ တွင် တပ်မတော်နှင့် ကေအိုင်အေကြား အပစ်အခတ်များ ဆက်တိုက်ဖြစ် ပေါ်ခဲ့ပြီး အရပ်သားများမှာ တိုက်ပွဲအတွင်း သေဆုံးခြင်း၊မိုင်းနင်းမိခြင်း၊ စသည်တို့ကြောင့် သေဆုံးသူဦးရေ အများအပြားရှိခဲ့ပြီး လက်နက်အဖွဲ့ များမှ နှစ်ဖက်ကျဆုံးသူများလည်း အများအပြားရှိခဲ့ကြောင်း ဒေသခံများ ၏ ပြောကြားချက်အရ စုံစမ်းသိရှိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။