Friday, November 30, 2012

စစ်ပြေး ဒုက္ခသည် စခန်း တခုကို အစိုးရ တပ်ဖွဲ့က မီးရှို့

(ရွှေဟင်္သာသတင်းဌာန)


ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ဖိုင်ကောင် ကျေးရွာတွင် အနီး ဖွင့်လှစ်ထားသော စစ်ပြေး ဒုက္ခသည် စခန်း တခုအား နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ခမရ (၂၄၀) အစိုးရ တပ်ဖွဲ့ တို့က ဝင်ရောက် မီးရှို့ဖျက်ဆီး ခဲ့သည်ဟု ဒေသခံ ရှမ်းဒုက္ခသည် တစ်ဦးက ဆိုပါသည်။ 

“အဲဒီ နေရာမှာ တိုက်ပွဲတွေ ခဏခဏ ဖြစ်နေတော့ အနီးနား ပတ်ဝန်းကျင်ရွာက လူတွေ ဖိုင်ကောင်းရွာ အနားမှာ ရှိတဲ့ ဒုက္ခသည် စခန်းမှာ ရှောင်တိန်း နေကြတာပါ။ ဒီစခန်းမှာ ရှမ်း၊ ကချင်၊ ပလောင် လူမျိုးတွေ နေကြတဲ့ စခန်းလည်း ဖြစ်ပါတယ်။ ဖြစ် ပုံကတော့ အဲဒီ(၂၇) ရက်နေ့မှာ တရုတ်ပြည်နယ် စပ်ဖက်က ဒုက္ခသည် တွေရဲ့ လျို့ဝှက် ရိက္ခာ စခန်းကို အစိုးရ တပ်က မီးရှို့ လိုက်တယ်။ ဒါကိုမကြေ နပ်တဲ့ KIA တပ်က လိုက်တိုက်တော့ အစိုးရ တပ်ဖွဲ့တွေက ဖိုင်ကောင်းရွာ ဒုက္ခသည် စခန်းကို မီးရှို့ ဖျက်ဆီး လိုက်တာ ဖြစ်ပါတယ်။” ဟု ဆိုပါသည်။


KIA တပ်ရင်း (၃၆) နှင့် အစိုးရ ခမရ (၂၄၀) တပ်ဖွဲ့တို့သည် နိုဝင်ဘာလ ၂၈ ရက် နံနက် (၇) နာရီ အချိန်၌ ဖိုင်ကောင်း ကျေးရွာ အနီးရှိ ကောင်းတုန် (Kawng Dung Hpai Kawng) တွင် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ပါသည်။ (၉) နာရီ အချိန်၌ စခန်းကို မီးရှို့ခဲ့ပြီး (၂၇)ရက်နေ့က ဖမ်းဆီးထားသော ဒုက္ခသည် (၂၀) ခန့် ကိုလည်း ခရစ်ယာန် ဘုရားကျောင်းအတွင်း တိုက်ပိတ်ပြီး အစာငတ်ခံ ထားခဲ့သည်ဟု ဆိုပါသည်။

ဤဒေသသည် ကချင် KIA တပ်မဟာ (၄) နယ်မြေဖြစ်ပြီး အစိုးရ တပ်ဖွဲ့နှင့် မကြာခဏ တိုက်ပွဲဖြစ်ပွား သောဒေသလည်း ဖြစ်ပါသည်။ ဖိုင်ကောင်းကျေးရွာတွင် လူဦးရေ ၄၀၀ ခန့်ရှိပြီး၊ ဒုက္ခသည် တထောင်ကျော် ရှိနိုင်သည်ဟု ဆိုပါသည်။ 

မူဆယ်မြို့နယ် တဝိုက်ရှိ လူများသည် အစိုးရနှင့် KIA တို့၏ တိုက်ပွဲကြောင့် မကြာခဏ ထွက်ပြေး နေကြရသဖြင့် မိမိတို့ ရိက္ခာ များကိုလည်း တရုတ် နယ်စပ်ဖက်၌ လျို့ဝှက်စွာ သိမ်းဆီး ထားကြ ရပါသည်။ ဤနေရာမျိုးကို အစိုးရ တပ်ဖွဲ့က မီးရှို့လိုက်သဖြင့် KIA တပ်မှ လိုက်လံ တိုက်ခိုက်ရာက ဒုက္ခသည် စခန်းကိုပါ မီးရှို့လိုက်ခြင်း ဖြစ်ပါသည်။ 

ဒုက္ခသည် များသည် ရှိသမျှ အ၀တ်အစားများ မီးလောင် သွားသဖြင့် ယခုလို ဆောင်းတွင်း ကာလ၌ အမိုးအကာမဲ့ စွာဖြင့် နေထိုင် နေရကြောင်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးများနှင့် အ၀တ်အစားများ အရေးပေါ် လိုအပ်နေသည်ဟု ဒုက္ခသည်များက ဆို ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။