Monday, November 12, 2012

အစိုးရတပ်မ (၈၈)မှ စစ်သားတစ်ဦး ကလေး ၃ ယောက်မိခင်တစ်ဦးအား အဓမ္မပြုကျင့်

By KNG 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် မြန်မာအစိုးရ တပ်မ ၈၈ စစ်သား တစ်ဦးမှ ခဆန် (Hka San) ကျေးရွာမှ ကလေး ၃ ယောက် မိခင် အမျိုး သမီး တစ်ဦးအား အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသခံများပြောသည်။

အင်အား ၅၀ ခန့်ရှိသော အစိုးရတပ်ဖွဲ့သည် ကားမိုင်း နှင့် မိုးကောင်း ကြားရှိ ခဆန် (Hka San) ကျေးရွာတွင် ၀င်ရောက်လာချိန် အောက်တို ဘာလ ၃၀ ရက်နေ့တွင် ထိုအမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။


ယခုချိန် ကားမိုင်းနယ်မြေတွင် လှုပ်ရှားနေသော အစိုးရတပ်ဖွဲ့များသည် ကချင်အမျိုးသမီးများကို အဓမ္မပြုကျင့်ခြင်း သာမက ဒေသခံ ယောင်္ကျား မိန်းကလေး မရွေး စစ်ဆေးမြေးမြန်းပြီး နှိပ်စက်မှုများ၊ ကြိုက်ရာပစ္စည်း လုယက်မှုများပြုလုပ်နေကြောင်းသိရသည်။

ထိုသို့ အစိုးရစစ်သားများဖမ်းဆီးနှိပ်စက်မှု အမျိုးမျိုးကြောင့် ခဆန် နှင့် အနီးတ၀ိုက်မှ ကချင်ကျေးရွာပြည်သူများသည်  ရွာပြင်သို့ထွက်ရန် စိုးရိမ်ကြောက်လန့်နေပြီး ယခုချိန် ပွင့်လင်းရာသီဖြစ်၍ သစ်သီးဝလံနှင့် လယ်ယာ စပါး ရိတ်သိမ်းချိန်ဖြစ်သော်လည်း စပါးများရိတ်သိမ်းဖို့သွားရန် ကြောက်နေကြောင်း သိရသည်။

အစိုးရကျောင်းသူ/သားများအတွက်လည်း အောက်တိုဘာ သီတင်းကျွတ် ကျောင်းပိတ်ပြီးနောက် နိုဝင်ဘာလ ၅ ရက်နေ့မှ ကျောင်းပြန်ဖွင့်ပြီဖြစ် သော်လည်း အစိုးရစစ်တပ်ဖွဲ့များ လှုပ်ရှားနေခြင်းကြောင့် ခဆန် (Hka San) ကျေးရွာနှင့် အနီးတ၀ိုက် ကျေးရွာများတွင် မူလတန်းကျောင်းများ မဖွင့်နိုင်သေးကြောင်း ဒေသခံများမှသိရသည်။

ယခုလိုရွာထဲသို့ အစိုးရတပ်ဖွဲ့များဝင်ရောက်လာသောကြောင့် ၎င်းကျေး ရွာဒေသခံများအားလုံးသည် နီးစပ်ရာ ကျေးရွာများဖြစ်သော နားဟိုင် ခေါ် နမ်ရှဲန် (Nam Sheng) ရွာသို့ ထွက်ပြေးတိမ်းရှောင်လာပြီး ထိုကျေးရွာရှိ ရိုမန်ကက်သလစ်ဘုရားကျောင်းတွင် ခိုလုံနေကြောင်း ကားမိုင်းဒေသခံ တစ်ဦးပြောသည်။

နားဟိုင်ရွာတွင် ထွက်ပြေးရောက်ရှိနေသော ဒုက္ခသည်များသည် အိမ်ခြေ ၅၇ မှ လူဦးရေ ၃၀၀ ကျော်ဖြစ်ကြောင်း သိရသည်။ ယခုချိန် ၎င်းတို့အား ခရစ်ယာန်အသင်းတော်များမှ အစားအသောက်နှင့် နေစရာ နေရာများကို စီစဉ်ပေးနေကြောင်း သိရသည်။
အခက်ခဲများကို ကူညီဖြေရှင်းပေးနိုင်ရန် UN ကူညီရေးအဖွဲ့များထံလည်း ဆက်လက် အကူအညီ တောင်းထားကြောင်း သိရသည်။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။