Wednesday, October 10, 2012

မြန်မာ့တပ်မတော် အင်အား ၂၀ ရာခိုင်နှုန်းသုံး၍ KIA အားတိုက်ခိုက်နေ


သျှမ်းသံတော်ဆင့်သတင်း

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကို အစိုးရတပ် တပ်ရင်း ၁၂၀ ခန့်က စစ်ဆင်နေပြီး ယင်းပမာဏမှာ မြန်မာနိုင်ငံ တပ်အင်အား စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကို အသုံးပြုထားကြောင်း စစ်ရေး စောင့်ကြည့်လေ့လာသူများက ဆိုသည်။

“KIA ကို ထိုးစစ်ဆင်နေတာ တပ်မ ၆၆၊ ၇၇၊ ၈၈ တို့ပေါ့။ မကြာသေးခင်ကလည်း တပ်မ ၃၃ ထပ်ထိုးလာသေးတယ်” ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။

လိုင်ဇာမြို့နှင့် ၇ မိုင်အကွာတွင်လည်း အစိုးရတပ် ၁၂၀ မမ အမြောက်ဖြင့် KIO ဌာနချုပ် (လိုင်ဇာမြို့) အနီးသို့ နေ့တိုင်း ပစ်ခတ်လာနေကြောင်း၊ မည်သည့်တပ်က အင်အား မည်မျှသုံး တိုက်ခိုက်နေသည်ကို စုံစမ်းနေဆဲ ဖြစ်ကြောင်း ပြောပါသည်။

အစိုးရတပ်တွင် တပ်ရင်း စုစုပေါင်း ၅၆၀ ခန့်ရှိရာ KIA ကို တပ်ရင်း ၁၂၀ ခန့် အသုံးပြု တိုက်ခိုက်နေသည်မှာ မြန်မာ့တပ်မတော် တစ်ခုလုံး၏ အင်အား ၂၀ ရာခိုင်နှုန်း သုံးထားသည်ဟု စစ်ရေးအတွေ့အကြုံ နှစ် ၃၀ ရှိသူ ဦးအောင်ကျော်ဇောက သုံးသပ်ပြောဆိုသည်။

“ကျနော်တို့ ကချင်တပ်တွေကတော့ ပုံမှန် တပ်ရင်းက ၄၁ ရင်းရှိပါတယ်။ ပြည်သူ့စစ်တပ်နဲ့ ပေါင်းလိုက်ရင် တပ်ရင်း ၄၅ ရင်းရှိပါတယ်။ ထက်ဝက်ကျော်ကတော့ မြို့ပေါ်က ခေတ်ပညာတပ် လူငယ်တွေပေါ့” ဟု ဦးလနန်က ဆက်ပြောပြသည်။

KIA တပ်သည် အပစ်အခတ် မပျက်သေးခင်ကာလက တပ်ဖွဲ့အင်အား ၆၀၀၀ နှင့် ၇၀၀၀ ကြားရှိ၏။ အပစ်အခတ် ပျက်ပြားပြီးနောက်ပိုင်းတွင် တပ်အင်အား ၉၀၀၀ မှ ၁၀၀၀၀ ကျော်တိုးလာသည်ဟု ဦးအောင်ကျော်ဇောက ဆက်ပြောပါသည်။

မြန်မာအစိုးရတပ်က စစ်အင်အားအမြောက်အများသုံး စစ်ဆင်ရေး ပြုလုပ်နေခြင်းသည် သာမန်စစ်ဆင်ရေး မဟုတ်ပဲ အမြစ်ပြတ် စစ်ဆင်ရေးသာ ဖြစ်ကြောင်း KIA ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်က ပြောပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။