Thursday, October 4, 2012

ကေအိုင်အေ ပြန်ကြားရေးမှူး ဦးလနန်နှင့် တွေ့ဆုံခြင်း

(ELEVEN MEDIA GROUP)

'ပြည်တွင်းမှာဖြစ်နေတဲ့ ဆယ်စုနှစ်ချီတဲ့ ပြည်တွင်းစစ်တွေဟာ နိုင်ငံရေးပြဿနာလို့ပဲ ပြောလို့ရတယ်။ တိုင်းရင်းသားတွေ ကိစ္စဟာလည်း နိုင်ငံရေးပြဿနာပါ'

မေး - ကေအိုင်အေနှင့် တပ်မတော်ကြား ၁၉၉၄ မှ အပစ်အခတ် ရပ်စဲလာတယ်။ ၂၀၁၁ ဇွန်မှာ တိုက်ပွဲတွေပြန်ဖြစ်လာတယ်။ ဘာကြောင့်ပါလဲ။

ဖြေ - တိုက်ပွဲကတော့ ၂၀၁၁ ဇွန်လမှာ ပြန်ဖြစ်လာတယ်ဆိုပေမယ့် တစ်ချိန်ချိန်မှာ ပြန်ဖြစ်မယ်ဆိုတဲ့ လမ်းကြောင်းကိုသွားနေတယ်။ အစိုးရကနေပြီးတော့ တော်လှန်ရေးအဖွဲ့ အစည်းတွေကို နိုင်ငံရေးနဲ့ ဖြေရှင်းတဲ့ ကဏ္ဍမရှိဘဲနဲ့ စစ်ရေးနဲ့ပဲ တော်လှန်ရေး အဖွဲ့အစည်းကိုင်ထားတဲ့ လက်နက်ကို ဘယ်လိုသိမ်းဆည်းမလဲ ဆိုတဲ့ပုံစံနဲ့ပဲ ငြိမ်းချမ်းရေးကို ချဉ်းကပ်တယ်။ အဲဒါကြောင့်ပဲ တိုက်ပွဲတွေ ပြန်ဖြစ်ပါတယ်လို့ ပြောရမှာပါ။

မေး - အခုလောလောဆယ်ဆယ် အစိုးရနဲ့ ဆရာတို့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ကွဲလွဲနေတဲ့ အချက်တွေက ဘယ်နှစ်ချက်လောက်ရှိပါသလဲ။

ဖြေ - အစိုးရစစ်တပ်ဟာ ကချင်ပြည်နယ်အတွင်းမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ပြဿနာရဲ့ အကြောင်းတရားကို အဓိကမထားဘဲနဲ့ လက်နက်ကိုဘယ်လိုဖြုတ်သိမ်းမလဲဆိုတဲ့ ကိစ္စကပထမအချက်ပါ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အမြဲတမ်းပြောနေတဲ့အချက်ကတော့ နိုင်ငံရေးပြဿနာဖြစ်တဲ့အတွက်ကြောင့်မို့ နိုင်ငံရေးနည်းလမ်းနဲ့ မှန်မှန်ကန်ကန်ဖြေရှင်းရမယ်ဆိုတဲ့ အချက်ကအဓိကပါ။ နိုင်ငံရေးကိစ္စနဲ့ ဖြေရှင်းမယ်ဆိုတဲ့နေရာမှာ တိုင်းရင်းသားတွေပြောဆိုနေတဲ့ နိုင်ငံရေး ဖြေရှင်းပုံနည်းလမ်းတော့ ရှိပါတယ်။ အဓိကဘာလဲဆိုတော့ ၁၉၄၈ ခုနှစ်မှာ စပြီးတော့ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဆိုတာ စပြီးပေါ်ထွန်းလာခဲ့တယ်။ အဲဒီပြည်ထောင်စုရဲ့ မူဝါဒအတိုင်း စစ်မှန်တဲ့ပြည်ထောင်စုပုံစံ နိုင်ငံရေးဖြေရှင်းပုံ၊ ဖြေရှင်းနည်း၊ နည်းလမ်းက အရေးကြီးတယ်ခင်ဗျ။ ဒီကိစ္စက အဓိကကွဲလွဲချက်ပါ။ အခုအစိုးရက ဘာလဲဆိုတော့ ဥပဒေထဲကိုဝင်မယ်။ ၂၀၀၈ ခုနှစ်၊ အခြေခံဥပဒေအတိုင်းပဲ နိုင်ငံရေးဆွေးနွေးမှု လုပ်ကြမယ်လို့ ရွေးစရာပါတယ်။ ဒါလည်း အဓိကွဲလွဲချက်ထဲမှာ ပါတာပါ။


မေး - ၂၀၁၁ ဇွန်လပိုင်းကနေ အခုအချိန်ထိ ဆရာတို့နဲ့ တပ်မတော်ကြားဖြစ်တဲ့ တိုက်ပွဲကြိမ်ရေ ဘယ်လောက်များရှိသွားပါပြီလဲ။

ဖြေ - မှတ်တမ်းယူထားတဲ့ စာရင်းအရဆိုရင် ၁၈၂၀ ရှိသွားပါပြီ။

မေး - ဆရာတို့အနေနဲ့ ပြည်ထောင်စုအဆင့် သုံးကြိမ်၊ ပြည်နယ်အဆင့် သုံးကြိမ်၊ အလွတ်သဘော လေးကြိမ် ဆွေးနွေးခဲ့တဲ့ အထဲမှာ တူညီချက်ရတဲ့ အချက်တွေ ဘာတွေရှိပါပြီလဲ။

ဖြေ - တွေ့ဆုံမှုကတော့ ကိုးကြိမ် လောက်ရှိပါပြီ။ အခုကျွန်တော်တို့ရှိတဲ့ နေရာမှာလည်း ပြည်နယ်အဆင့် ဗိုလ်မှူးကြီးသန်းအောင်အဖွဲ့နဲ့ တွေ့တယ်။ ဦးအောင်သောင်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ တွေ့တယ်။ နောက်ပိုင်း ဦးအောင်မင်းနဲ့ အလုပ်သဘောတွေ့တာမျိုးရှိတယ်။ ဒီတွေ့ဆုံမှုအပေါ် မှာတော့ အားလုံးက ပြေပြေလည်လည် နှစ်ဦးနှစ်ဖက်အနေနဲ့ အမြင်ဖလှယ်တာမျိုး ရှိခဲ့ကြတာပေါ့။ တပ်ပိုင်းဆိုင်ရာတွေကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောဆိုလာတဲ့အခါမှာတော့ ရောက်လာတဲ့ ကိုယ်စားလှယ်ကနေပြီးတော့ ဆုံးဖြတ်ပိုင်ခွင့်၊ ကတိပေးပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေပါမလာဘူး။

မေး - ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ ဗိုလ်မှူးချုပ်အောင်သော် ပြောသွားတာက အခု ကချင်ပြည်နယ်မှာ ပစ်ခတ်မှုတွေဖြစ်ပေါ်နေတာဟာ ကေအိုင်အေက အပစ်အခတ်ရပ်စဲရေးကို မဆွေးနွေးဘဲ နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုတဲ့ အချက်ကို ဆုပ်ကိုင်ထားလို့ လို့ ပြောပါတယ်။ ဆရာ့အမြင် ဘယ်လိုရှိပါသလဲ။

ဖြေ - ဒါဟာ ကေအိုင်အိုအဖွဲ့အစည်းကို အစိုးရဘက်ကနေပြီးတော့ ပေးထားတဲ့ သင်ခန်းစာအရ ပြောဆိုမှုပါ။ ၁၉၉၄မှာ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တဲ့နှစ်ဦးနှစ်ဖက် သဘောတူချက်တွေ နိုင်ငံရေးအဆင့်ကိုသွားကြမယ် ဆိုပြီးတော့ ကတိတွေပေးကြတယ်။ နှစ်ပေါင်း ၁၀ နှစ်ကျော်လုပ်လာတဲ့အခါမှာ နောက်ဆုံးကျတော့ နိုင်ငံရေးရပ်ဝန်းကို ရောက်မလာဘဲနဲ့ ကေအိုင်အိုမှာရှိတဲ့ ကေအိုင်အေ တပ်ကို ဘယ်လိုဖျက်သိမ်းမလဲဆိုတဲ့ အပိုင်းကို ရောက်လာပြီ။ ကျွန်တော်တို့ ပြန်ပြောတဲ့ကိစ္စက အပစ်အခတ်ရပ်စဲရေးကို ၁၀ နှစ်ကျော်လုပ်ခဲ့ဖူးတယ်။ အပစ်အခတ် ရပ်စဲရေးဆိုတဲ့ကိစ္စမှာ ဒေသဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်တစ်ခုနဲ့ပဲ လက်နက်ကိုင်အဖွဲ့အစည်းကို နိုင်ငံရေးသိက္ခာပျက်ပြယ်သွားအောင် လုပ်ထားတာမျိုးရှိခဲ့တယ်။ အပစ်အခတ်ရပ်စဲရေးဆိုတာဟာ ပစ်ခတ်မှုဟာ အဓိကမဟုတ်ပါ ဘူး။ အဓိက ကတော့ နိုင်ငံရေးလမ်းကြောင်းကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ အဓိကဆွေးနွေးကြဖို့ ဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးမှုကို ဆွေးနွေးမှု အဆင့်ဆင့်အတိုင်း အကောင်းဘက်ကို သွားမယ်ဆိုရင် ဒီရှေ့တန်းမှာ ဖြစ်တဲ့ ပစ်တာခတ်တာတွေဟာ သူ့ဟာသူပျက်ပြယ်သွားမှာပါ။ အမှန်တကယ်လည်း ဒီပြဿနာဟာ နိုင်ငံရေးပြဿနာ ဖြစ်ပါတယ်။ စားပွဲပေါ်မှာပဲ ဖြေရှင်းလို့ရတဲ့ကိစ္စပါ။ စစ်မြေပြင်မှာ ဒီကိစ္စဟာ ဖြေရှင်းလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးလမ်းကြောင်းကို မှန်မှန်ကန်ကန် ရောက်အောင် တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့အတိုင်း ဆွေးနွေးမှုလမ်းကို ရောက်အောင် ဖော်ဆောင်ပေးဖို့လိုတယ်။ အဲဒီလို ဖော်ဆောင်တဲ့အခါမှာ  အပစ်အခတ်ရပ်စဲရေးကိစ္စဟာ လက်မှတ်ထိုးစရာမလိုဘဲနဲ့ သူ့ဟာသူ ပြေငြိမ်းသွားမယ့် ကိစ္စပါ။ ကျွန်တော်တို့လည်း အဲဒီလမ်းကြောင်း အတိုင်းသွားတာပါ။ ဒီလမ်းကြောင်းကိုသွားရတဲ့ ကိစ္စကလည်း ၉၄ ကနေ ၂၀၁၀ ခုနှစ်အထိ ရထားတဲ့ ခါးသီးတဲ့အတွေ့အကြုံတွေက သင်ခန်းစာပေးသွားတာပါ။

မေး - ခါးသီးတဲ့ အတွေ့အကြုံဆိုတာ ဘာတွေပါလဲ။

ဖြေ - အများကြီးရှိပါတယ်။ ၉၄-၉၅ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း နိုင်ငံရေးအရ အပြောအဆိုလုပ်တယ်။ နောင်အရပ်သားစစ်အစိုးရ တက်လာတဲ့အခါမှ ပြောဆိုကြပါ။ အစီရင်ခံစာက ကျွန်တော်တို့ဘက်ကို အင်လွှတ်တာမျိုးရှိခဲ့တယ်။ ဒါကြောင့်မို့ အမျိုးသားညီလာခံမှာ တိုင်းရင်းသားတွေ အားလုံးကိုယ်စားအနေနဲ့ စစ်မှန်တဲ့အခြေခံဥပဒေ ဖယ်ဒရယ် ပုံစံပေါ်လာအောင် စာတမ်းတွေအများကြီး တင်ခဲ့တယ်။ အဲဒီတုန်းက အမျိုးသားညီလာခံ ကျင်းပရေးကော်မရှင်ဥက္ကဋ္ဌဟာလည်း အခုလက်ရှိ သမ္မတဦးသိန်းစိန် ဖြစ်ပါတယ်။ တိုင်းရင်းသားတွေအနေနဲ့ တင်ပြခဲ့တဲ့အဆိုတွေ၊ ဥပမာ တရားဝင်အသိအမှတ်ပြု လက်ခံတာမျိုးမလုပ်ဘဲနဲ့ အားလုံးပယ်ချခံရတယ်။‘ဒါတွေဟာ ဘာလဲဆိုတော့ တိုင်းရင်းသား အားလုံးရဲ့ နိုင်ငံရေးအပိုင်း အခွင့်အရေးတွေကို ဥပေက္ခာပြုတဲ့ ကိစ္စဖြစ်တယ်။ အဲဒီကာလအတွင်းမှာ ကေအိုင်အေ တပ်စခန်းတွေတည်ရှိရာ နေရာတွေမှာ စစ်တပ်က စခန်းတွေ အများကြီးတိုးချဲ့လာခဲ့တယ်။ နယ်မြေစိုးမိုးရေးကို တစ်နှစ်ကျော်ကာလ အတွင်းမှာလုပ်ခဲ့တယ်။ အဲဒီကာလ ၉၄-၂၀၁၀ အတွင်းမှာလည်း ကျွန်တော်တို့ရဲ့ တပ်စခန်းတွေကိုဝင်စီးပြီးမှ သတ်ဖြတ် ပစ်ခတ်တာမျိုး လုပ်ခဲ့ဘူးတယ်။ နောက်ဆုံးကျတော့ နိုင်ငံ ရေးဆိုတဲ့ ဝေါဟာရမသုံးဘဲ အစိုးသစ်မပေါ်ခင် ၂၀၀၉ ခုနှစ်မှာ ကျွန်တော်တို့ဘက်ကို လက်နက်ကိုင်တွေ ပုံစံပြောင်းသွားအောင် နယ်ခြားစောင့်အသွင်ပြောင်းဖို့ လှုပ်ရှားပေးလာတယ်။ ဒါတွေဟာ နိုင်ငံရေးအရ ဖြေရှင်းပုံမဟုတ်ဘဲနဲ့ နယ်မြေ စိုးမိုးရေး၊ စစ်အာဏာရှင် လက်နက်အားကိုးပြီးမှပဲ နေရာဒေသကိုစိုးမိုးနိုင်ရေး အဲဒီလိုချဉ်းကပ်ခဲ့တာဟာ ခါးသီးတဲ့ အတွေ့အကြုံတွေပါ။

မေး - လက်ရှိ သမ္မတက ကချင်စစ်ပွဲများ ရပ်တန့်သွားအောင် ကေအိုင်အေဘက်ကလည်း ပစ်ခတ်၊ တိုက်ခိုက်မှုများကို တားဆီးတဲ့ အမိန့်တွေ ထုတ်ပေးဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့တာရှိပါတယ်။ ဆရာတို့ အမြင်ကရော ဘယ်လိုရှိပါသလဲ။

ဖြေ - ‘ဒါဟာ ပြဿနာရဲ့ ဖြေရှင်းပုံ မဟုတ်ဘူး။ ရှောင်လွဲလိုတဲ့ကိစ္စပါ။ အဲဒီလိုရှောင်လွဲတဲ့ အကျင့်တွေကို ဆယ်စုနှစ်တစ်ခုကျော် အစိုးရဘက်က လုပ်ဆောင်ခဲ့တဲ့အတွက်ကြောင့် ပြည်တွင်းစစ်ဟာ ဘယ်တော့မှ ငြိမ်းအေးသွားတာမျိုးမရှိဘူး။ အပစ်အခတ် ရပ်စဲရေးလုပ်ရုံနဲ့ မြန်မာနိုင်ငံဟာ တည်ငြိမ်သွားဖို့ဆိုတာ အကြောင်းတရား မညီပါဘူး။ ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတဲ့ကိစ္စက အရေးကြီးတဲ့ကိစ္စပါ။ အစိုးရက အပစ်အခတ်ကို မလုပ်ပါဘူးဆိုတဲ့ နောက်ပိုင်းမှာလည်း ကချင်ဒေသမှာ ထိုးစစ်အများကြီး ဆင်ခဲ့တယ်။ ကေအိုင်အေတပ်စခန်း တော်တော်များများကို သိမ်းပိုက်လိုက်တယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း တပ်မဟာ-၄ ဒေသမှာလည်း အားလုံးကိုရှင်းပစ်လိုက်တယ်။ ဇန်န၀ါရီလ၊ ဖေဖော်ဝါရီလ အတောအတွင်းမှာ တပ်မ ဟာ (၃) ဒေသမှာရော၊ တပ်မဟာ(၅) ဒေသမှာရော နောက်ဆုံးဇူလိုင်လအထိ ကေအိုင်အေရဲ့ ရှေ့တန်းစခန်းတွေကို သိမ်းပိုက်လိုက်တယ်။ အပစ်အခတ်ရပ်စဲရေးကို ရပ်တန့်မယ်ဆိုတာ သံတမန်နည်းလမ်းအရ ပြောတဲ့စကားရပ်တွေပါ။ ရှေ့တန်းမှာဖြစ်ပျက်နေတာက အဲဒီလိုမဟုတ်ဘူး။ အမြဲတမ်းပစ်ခတ်မှုလုပ်နေကြတဲ့ ကေအိုင်အေ တပ်စခန်းတွေကို နေ့စဉ်နဲ့အမျှ ချဉ်းနင်းဖယ်ရှားသွားရမယ် ဆိုတဲ့ အထက်ကညွှန်ကြားချက်တွေဟာ အမြဲတမ်း ပို့လွှတ်နေတာပါ။  ရှေ့တန်းမှာ ဖြစ်ပျက်နေတဲ့ကိစ္စကို နိုင်ငံထိပ်ပိုင်းမှာ တာဝန်ယူနေတဲ့ ပုဂ္ဂိုလ်တွေကလည်း သိရှိဖို့တော့လိုပါတယ်။

မေး - ကေအိုင်အေတပ်စခန်းတွေကို သိမ်းပိုက်လိုက်တာ ဘယ်နေရာတွေမှာ ဖြစ်နေတာလဲ။ စခန်း ဘယ်နှခုလောက်ရှိပြီလဲ။

ဖြေ - အရေအတွက်နဲ့ပြောမယ်ဆိုရင် တော်တော်များပါတယ်။ ဇူလိုင်လအတွင်းမှာပဲ တပ်မဟာ-၅ အဆွယ် မှာရှိတဲ့ ခေါ်ဘွမ်း ဆိုတဲ့စခန်းကို အင်အား ၂၀၀ လောက်နဲ့ သိမ်းလိုက် တယ်။ (၁၂၀) မမအမြှောက်က်တွေထားဖို့ ညွှန်ကြားတာရှိတယ်။ အဲဒီစခန်းဟာ ကျွန်တော်တို့ လိုင်ဇာနဲ့ ခုနစ်မိုင်လောက်ပဲ ဝေးတယ်။ နောက်ပြီးတော့ တပ်မဟာ-၃ ဒေသမှာရော ကျွန်တော်တို့ စခန်းတွေကို ၀င်စီးတာရှိတယ်။ တပ်မဟာ-၄ မှာလည်း အတော်များများရှိတယ်။ ကျွန်တော်တို့ စခန်းနဲ့ အနီးဆုံးနေရာမှာ တပ်အင်အားတွေကို ဖြည့်တင်းထားတာမျိုး ဆက်တိုက်လုပ်နေတယ်။

မေး - မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီးတော့ အရင်ဆုံး ကန့်ကွက်ခဲ့တာ ဆရာတို့ အဖွဲ့အစည်းလို့ သိရပါတယ်။ အခုနောက်ပိုင်းမှာ ဆရာတို့အဖွဲ့တွေရဲ့ လှုပ်ရှားမှုနည်းသွားတယ်လို့ ထင်ပါတယ်။

ဖြေ - မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီးတော့ မဆောက်သင့်တဲ့အကြောင်းကို သူတို့တတွေရဲ့ လက်မှတ်တွေကို နယကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို ပေးပို့တာမျိုးရှိခဲ့တယ်။ တရုတ်အစိုးရကိုလည်း လူထုတွေရဲ့ ကန့်ကွက်စာပေးပို့တာမျိုး ရှိခဲ့တယ်။ အဲဒီကိစ္စမှာ လူထုတွေကို ၀ိုင်းပြီး ကန့်ကွက်ကြဖို့ ဆော်သြော်တာမျိုး မလုပ်ခဲ့ပါဘူး။ ကေအိုင်အိုမှာတပ်ဖွဲ့ ပေါ်လစီအရပါ။ ဒီလိုစီမံကိန်းမျိုးကို ဆော်သြောပြီး ၀ိုင်းဝန်း ကန့်ကွက်ကြပါဆိုတဲ့ဟာမျိုး လုပ်မှာမဟုတ်ပါဘူး။ တရားဝင်ပုံစံနဲ့ပဲ ချဉ်းကပ်မှာပါ။

မေး - မြစ်ဆုံစီမံကိန်းရပ်တာ တစ်နှစ်ပြည့်သွားပါပြီ။ ၂၀၁၅ ကျရင် မြစ်ဆုံဟာ အပေါင်းထွက်မလား၊ အနုတ်ထွက်မလားဆိုတာ ကျွန်တော်တို့ မသိခဲ့ရပါဘူး။ ဆရာတို့အဖွဲ့ရဲ့အမြင်ကိုလည်း သိပါရစေ။

ဖြေ - စီမံကိန်းအတွက် သဘောတူ ညီထားကြတဲ့အစိုးရနဲ့ စီမံကိန်းကို အမှန်တကယ်လုပ်မယ့် စီပီအိုင်ကုမ္ပဏီတို့ကြားမှာ ဘယ်လိုသဘောတူညီချက်မျိုးတွေ ရထားတယ်ဆို တဲ့အချက်က အဓိကအရေးကြီးပါလိမ့်မယ်။ မြန်မာနိုင်ငံလူထုရဲ့အင်အားဟာ ဘယ်လောက်အထိ ဒီဆန္ဒကို ခိုင်ခိုင်မာမာစွဲကိုင်ထားနိုင်မလဲ ဆိုတဲ့ ကိစ္စလည်း အဲဒီအပေါ်မှာ မူတည်ပါတယ်။ ကချင်လူထုကတော့ ရာသက်ပန်ကန့်ကွက်ကြမှာပါ။

မေး - နောက်ထပ်ဘာပြောစရာ ရှိပါသေးသလဲ။

ဖြေ - ပြည်တွင်းမှာဖြစ်နေတဲ့ ဆယ်စုနှစ်ချီတဲ့ ပြည်တွင်းစစ်တွေဟာ နိုင်ငံရေးပြဿနာလို့ပဲ ပြောလို့ရတယ်။ တိုင်းရင်းသားတွေ ကိစ္စဟာလည်းနိုင်ငံရေးပြဿနာပါ။ စစ်မှန်တဲ့ ပြည်ထောင်စုကိုဝိုင်းပြီး တည်ဆောက်ကြပါစို့ ဆိုပြီးတော့ ဗိုလ်ချုပ်အောင်ဆန်း က ၁၉၄၆ ကနေပြီးတော့ စည်းရုံးရေးလုပ်တယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေကလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့စကားကိုယုံကြည်ပြီးမှ စစ်မှန်တဲ့ ပြည်ထောင်စုပေါ်ထွန်းလာဖို့ ၀ိုင်းဝန်းကြိုးပမ်းပြီးမှပဲ သဘောတူညီချက် ထုတ်လိုက်ကြတယ်။ ဒီသဘောတူညီချက်ကြောင့်လည်း ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးပေါ်ထွန်းလာခဲ့တယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာ ပေါ်လာတဲ့ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေဟာလည်း ပြည်ထောင်စုစစ်စစ် မူမဟုတ်ခဲ့ပါဘူး။ ပြည်ထောင်စုအစစ်ပုံစံနဲ့ လုပ်ခဲ့တယ်။ ဒါဟာ ပြည်တွင်းစစ်ပေါ်ပေါက်လာမယ့် မျိုးစေ့ကြီးပါ။ ပြဿနာတွေ ပြန်ဖြေရှင်းဖို့ဆိုရင် ပြဿနာတွေရဲ့အဆုံးမှာဖြစ်တဲ့ တိုက်ပွဲကိုပဲ မီးမောင်းထိုးတာမျိုးမလုပ်ဘဲ ပြဿနာရဲ့ အရင်းအမြစ်ဖြစ်တဲ့ နိုင်ငံရေးပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ။နိုင်ငံရေးပြဿနာ ဖြေရှင်းတဲ့အခါမှာ အစိုးရဘက်က လိုလားနေတဲ့ ပုံစံတစ်ခုနဲ့ပဲသွားမလား။ တိုင်းရင်းသားတွေပြောဆိုနေတဲ့ အသံကိုပဲ နားထောင်ရမလားဆိုတဲ့ ကိစ္စအပေါ်မှာ တာဝန်ရှိတဲ့ အစိုးရတွေကနေပြီးတော့ စဉ်းစားဆုံးဖြတ်ရမယ့်အချက်တစ်ခုရှိတယ်။ အခုထိအစိုးရဟာ ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြမယ်။ စစ်မှန်တဲ့ပြည်ထောင်စုနဲ့ သွားကြမယ်ဆိုတဲ့ စဉ်းစားချက်တွေ ပြောဆိုချက်တွေ တစ်ခုမှ မကြားရသေးဘူး။ ဒါဟာဘာလဲဆိုတော့ သူတို့မူထဲမှာ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး စစ်မှန်တဲ့ပြည်ထောင်စုမူနဲ့ ဖြေရှင်းရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မရှိသရွေ့တော့ ပြည်တွင်းမှာ ငြိမ်းချမ်းရေးအစစ်ကို တက်လှမ်းနိုင်မှာ မဟုတ်ဘူး။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။