Saturday, September 29, 2012

တရုတ်ပြည်ဘက် တရားမ၀င် သစ်မှောင်ခိုထုတ်

(DVB)

ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ်လမ်းကနေ တရုတ်နိုင်ငံဘက်ခြမ်းကို ခွဲစိတ်ပြီးသား  သစ်တွေ နေ့စဉ် ၁၀ ဘီးကားတွေနဲ့ တရုတ်နိုင်ငံဘက်ခြမ်းကို တရားမ၀င် ပို့ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မျက်မြင်သက်သေ ဗန်းမော်ဒေသခံက "တရားမ၀င် သစ်တွေ၊ မှောင်ခိုတွေပဲ တအားချနေကြတယ်။ လေးပေအထူ၊ ငါးပေအထူ၊ ကိုးပေအထူ ကျွန်း၊ ပျဉ်းကတိုး၊ အင်ကြင်း၊ ပိတောက်၊ သံမလန် အစုံသွားတယ်။ တရုတ်ဘက်ကို ရောက်ရင်လည်း ဈေးကောင်းမပေးဘူး။ ၁၀ ဘီးကားတွေ တရက်ကို ၁၅ စီးလောက်ရှိတယ်" လို့ ပြောပါတယ်။

ဗန်းမော်ခရိုင်အတွင်းက တပ်မတော်၊ ရဲတပ်ဖွဲ့၊ သစ်တောဌာနနဲ့ အကောက်ခွန်ဌာနတွေကို ငွေပေးပြီး မြန်မာနိုင်ငံက ခွဲစိတ်ပြီးသား သစ်တွေကို တင်ပို့နေတာ ပါ။

တရုတ်နိုင်ငံဘက်က သစ်ဝယ်လိုသူတွေဟာ  အာဏာပိုင်တွေရဲ့ အစစ်အဆေး မေးမြန်းတာတွေ မရှိဘဲ ကချင်ပြည်နယ် ဗန်းမော်မြို့အထိ ဆင်းပြီး ၀ယ်ယူနေတယ်လို့လည်း ဒေသခံက ပြောပါတယ်။

"သယံဇာတတွေ တအားနစ်နာတယ်။ ပြီးရင် လွယ်ဂျယ်က ကုန်သည် တရုတ်လောပန်းတွေက သူတို့ လက်ခွဲ ဗန်းမော်က လူတွေကို ပိုက်ဆံပေးပြီး ကောင်းတုံမှာ သွားဝယ်ခိုင်းတာလေ။ ဟိုဘက်က တရုတ်တွေကလည်း မြန်မာစကားတတ်တာပဲ။ လမ်းမှာ အစစ်အဆေးလည်းမရှိဘူး။ သစ်လုပ်တဲ့သူဆို လွယ်ဂျယ်ကနေ ပါဂျဲရိုးတွေနဲ့ လာရင် လမ်းမှာရှိတဲ့ ဂိတ်တွေကလည်း ဘာမှ မပြောတော့ဘူး။ သူတို့ကို လိုင်းကြေးပေးထားတော့ တရုတ်မကလို့ အင်္ဂလိပ်ပဲလာလာ။"

တရုတ်နိုင်ငံဘက်က ခွဲစိတ်ပြီးသား သစ်အမျိုးမျိုးကို မြန်မာနိုင်ငံဘက် ကနေ ၀ယ်ယူနေပေမယ့် စားသောက်ကုန်နဲ့ ပတ်သက်တဲ့ မြန်မာနိုင်ငံ က ထွက်ကုန်တွေကို တရုတ်နိုင်ငံဘက်ကနေ မ၀ယ်ဖို့ ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။