Tuesday, September 18, 2012

ကချင်ပြည်နယ် လဂျားယန်တိုက်ပွဲတွင် ကျောင်းသားတပ်မတော် ၁ ဦးကျ

(ကချင်သတင်းဌာန)


ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်လမ်းရှိ လဂျားယန်တွင်တပ်ချထားသော ကချင်လွတ်မြောက်ရေးတပ်ဖွဲ့  မြန်မာပြည်လုံးဆိုင်ရာကျောင်းသားတပ်မတော် (ABSDF) များနှင့် မြန်မာအစိုးရတပ် ခလရ (၁၄၂) တပ်များသည် ယနေ့ နံနက် ၅ နာရီမှ အမြောက် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြပြီး  ကျောင်းသားတပ်မတော်မှ ၁ ဦးသေဆုံးခဲ့ ကြောင်းသိ ရသည်။

ထိုမြန်မာအစိုးရတပ်သည် တပ်မဟာ (၅) နယ်မြေ ဒေါ့ဖုန်းယန်မှ လက်နက်ကြီး မော်တာ(၈၁ မမ)နှင့် (၁၀၅ မမ) အမြောက်ဖြင့် KIA ကိုပစ်ခတ် တိုက်ခိုက်လိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၁၀ နာရီခန့်တွင်ပစ်ခတ်ခဲ့သော အမြောက်ကျည်ဆံ ကျရောက်ပေါက်ကွဲချိန် ကျောင်းသားတပ်မတော်တပ်ဖွဲ့တွင် ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းမှပြောသည်။

“ကျနော်တို့ရှိတဲ့ဘက်ကို အမြောက်မော်တာ ၂ လုံးလာကျတယ် ၁လုံးက မီးဖိုချောင်နားလာကျတယ် ၁ လုံးက ကျင်းမှာရှိနေတဲ့ ကျောင်းသားတပ်မတော်သား ၁ ဦးကိုလာထိသွားတယ်” ဟုရှေ့တန်းမှတာဝန်ရှိသူက ကချင်သတင်းဌာနသို့ပြောသည်။

မြန်မာအစိုးရတပ်မှလည်း သေဆုံး ထိခိုက်ဒဏ်ရာရှိမှုများရှိနိုင်သော်လည်း စာရင်းအတိကျမသိရှိကြောင်း ပြောသည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်မှုသည် နေ့လည် ၁၂ နာရီတွင် ခဏသာနားပြီး ယနေ့ညနေထိ ဆက်လက်၍ လက်နက်ကြီး လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်နေဆဲဖြစ်ကြောင်း ရှေးတန်မှဆိုသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။