Thursday, September 20, 2012

တနိုင်းမြို့သွား တံတား မိုင်းခွဲခံရ


(DVB)

ကချင်ပြည်နယ် နမ္မတီးမြို့နယ်မှာ ရှိတဲ့ မြစ်ကြီးနား - တနိုင်းမြို့သွား ကားလမ်းပေါ်က တံတား ၁ စင်း မိုင်းခွဲ ဖျက်ဆီးခံခဲ့ရပါတယ်။

နမ္မတီးမြို့နယ်ခွဲ ကံလှကျေးရွာအနီးက ရေအေးချောင်းတံတားဟာ စက်တင်ဘာလ ၁၈ ရက်နေ့ ည ၈ နာရီ ကျော်မှာ ဖောက်ခွဲဖျက်စီးခံရတာပါ။

၄၇ ပေရှည်တဲ့ ရေအေးချောင်းတံတားဟာ သံဘောင်တံတား ဖြစ်ပြီး ဗုံးဖောက်ခွဲတဲ့အတွက် တံတား သံဘောင်တွေ ပျက်စီးသွားတယ်လို့ နမ္မတီးဒေသခံက ပြောပါတယ်။

''သူက သံဘောင်တံတားဖြစ်တဲ့အတွက် သံဘောင်တစ်ချောင်း ပြတ်သွားတယ်။ နှစ်ခုတွဲမှာ နောက်တချောင်းက လည်း ပါးပါးလေးပဲ ကျန်တော့ ကားကြီးတွေ၊ ကားငယ်တွေ ဖြတ်ရင် အန္တရာယ်ရှိနိုင်တယ်။''

တံတားဖောက်ခွဲဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး နယ်မြေခံတပ်ဖွဲ့တွေက လူတဦးကို ဖမ်းဆီးထားတယ် လို့ ဆိုပါတယ်။

ရေအေးချောင်းတံတားဟာ မြစ်ကြီးနားမြို့ တနိုင်းမြို့သွား ကားလမ်းပေါ်က ဖြစ်ပါတယ်။

ရေအေးချောင်းတံတား ဖျက်ဆီးခံရတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်သွားပြီး တနိုင်းမြို့မှာ ကုန်ဈေးနှုန်းမြင့်တက်သွားတယ်လို့ ဒေသခံက ပြောပါတယ်။

ကချင်ပြည်နယ် နမ္မတီးဒေသမှာ အမှတ် (၃) စစ်ဆင်ရေးကွက်ကဲမှု ဌာနချုပ်နဲ့ တပ်ရင်း (၁၀) ရင်းရှိပြီး ဖောက်ခွဲခံရတဲ့ ရေအေးချောင်းတံတားနဲ့ စကခ (၃) ဌာနချုပ်နဲ့ဟာ ၁ မိုင်ပဲ ဝေးကွာတာပါ။

ဒီဖောက်ခွဲမှုဟာ ဘယ်သူ့လက်ချက်လဲဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။