Monday, September 24, 2012

ကချင်ပြည်နယ် ခြေလျင်တပ်ရင်းတစ်ရင်းမှ ရဲမေတစ်ဦးရဲ့ ရင်ဖွင့်ချက်


(စည်းလုံးခြင်းရဲ့အင်အား)


မြစ်ကြီးနားမြို့တွင်လုံခြုံရေးဆောင်ရွက်နေကြသည့် ခြေလျင်တပ်ရင်းတစ်ခုမှ တပ်ဖွဲ့ဝင်များ

အယ်ဒီတာ ။       ။ ကချင်ပြည်နယ်မှာ တိုက်ပွဲများဖြစ်ပွားနေရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ သမ္မတရဲ့ ပစ်မိန့်ရပ်တန့်ဖို့ ညွှန်ကြားချက်ကို လိုက်နာမှုမရှိကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ တပ်ရင်းအချို့ကတော့ ညွှန်ကြားချက်ကို လိုက်နာမှုရှိခဲ့ကြောင်း ကချင်ပြည်နယ်ရှိ ခြေလျင်တပ်ရင်းတစ်ရင်းရဲ့ ရှေ့တန်းအတွေ့အကြုံများကို တာဝန်ထမ်းဆောင်နေတဲ့ အရာရှိတစ်ဦးရဲ့ ဇနီးတစ်ဦးမှ စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့ ပေးပို့လာပါတယ်။ သူမရဲ့ဖြစ်စဉ်အရ သမ္မတရဲ့ ပစ်မိန့်ရပ်ခိုင်းတဲ့ အမိန့်အားလိုက်နာခဲ့တဲ့ တပ်မတော်လက်အောက်ခံတပ်အချို့မှာ တိုင်းစစ်ဌာနချုပ် တပ်များ၊ တပ်ရင်းများသာဖြစ်ပြီး ပိတ်ဆို့ရေးတာဝန်ကို ထမ်းဆောင်ရတဲ့ အနေအထား တွေ့ရှိရပါတယ်။ ဒါပေမဲ့ ကက (ကြည်း) ရဲ့ ထိုးစစ် တာဝန်တွေကို တိုက်ရိုက် အမိန့်ပေးခံရတဲ့ တပ်မ/စကခ တပ်များအဖို့ စစ်နည်းဗျူဟာ သဘောအရ ရပ်လို့မရနိုင်တဲ့ အခြေအနေတွေ ရှိတာကြောင့် ရှေ့တန်းတပ်များအနေနဲ့ သမ္မတအမိန့်ကို မလိုက်နာကြောင်း ယူဆနိုင်ပါတယ်။ KIA သတင်းနှင့် စပ်လျဉ်းပြီး အဆိုပါ ရဲမေရဲ့ အာဘော်သာဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။

ကျွန်မတို့ မပခတိုင်းလက်အောက်ခံ တပ်ရင်းတွေဟာ ဖားကန့်လိုမျိုး ကျောက်စိမ်းအကြံအဖန် ဂွင်တွေမှာထိုင်ရဖို့ တိုင်းမှူးကို တပ်ရင်းမှူးတွေက လက်ဆောင်ပဏ္ဏာတွေ ကန်တော့ပေးမှ ထိုင်ခွင့်ရပါတယ်။ လူမသိ သူမသိ ကွက်ပျောက်ဂွင်တွေလည်း ရှိပါတယ်။ အဲဒီဂွင်တွေကတော့ ကုန်သည်များက ဂိတ်ကြေး လိုင်းကြေးတွေ ဆက်သရတဲ့ စခန်းထိုင်များ၊ နယ်စပ်ဂိတ်များနဲ့ တံတားဂိတ်များ၊ လမ်းကြောင်းများအတွင်း လှုပ်ရှားစစ်ကြောင်းများဘဲ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်ကို လေ့လာကြည့်ရာမှာ တနေရာတွင် မပခတိုင်းမှူးဟောင်း ဗိုလ်ချုပ်ကျော်ဘက လပခတိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည် ချမ်းသာနေတာကို ပျင်းတောင်ပျင်းသေးတယ်လို့ ပြောကြောင်း ဖတ်ရှုလိုက်ရပါတယ်။

 

ကေအိုင်အေရှေ့တန်းစခန်းတစ်ခု

အမှတ် (၃၇) ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူးဟာ ဂိတ်ထိုင်ရင် ပိုက်ဆံများများ ရပြီးတော့ မှောင်ခိုကားများ ဖြတ်သန်းသွားလျှင် ကားတစ်စီးလျှင် ငွေကျပ် (၅) သိန်းနှုန်းဖြင့် သူ့ကို လာဘ်ထိုးရကြောင်း သိရှိရပါတယ်။ ကုန်သည်များက တရားမ၀င်သစ်များ ခိုးထုတ်တဲ့အခါမှာလည်း တပ်ရင်းမှူးနှင့် အရာရှိ လက်အောက်ငယ်သားများအား ခိုးထုတ်သည့် သစ်များအား (၁) တန်လျှင် ကျပ် (၂) သိန်းနှုန်းဖြင့် လာဘ်ထိုးရကြောင်း သိရပါတယ်။ ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦးဆိုလျှင် ကျပ်သိန်း (၂၀၀) ခန့် ၀င်ငွေ ရသွားခဲ့ပါတယ်။ အဲဒီရတဲ့ ပိုက်ဆံများကို ဂိတ်နားကရွာမှာ (၃၅) ကောင်အားရှိတဲ့ မီးစက်နဲ့ စာကြည့်တိုက်တစ်ခုကိုလည်း ဆောက်လုပ် လှူဒါန်းခဲ့ပါတယ်။ စာအုပ်တွေကိုတော့ သူငယ်ချင်းမှတဆင့် ဗိုလ်ကြီးကတော်က မြို့ကနေ ၀ယ်ပြီး ပို့ပေးပါတယ်။

နောက်ပြီး ဗလမင်းထင်တံတားတွင်လည်း ထိုနည်းအတိုင်း အရာရှိများက တံတားဂိတ်ကြေးအဖြစ် ကားများကို ကောက်ခံ လုပ်စားရပါတယ်။ ဒီလိုနဲ့ ရှေ့တန်းစခန်းထိုင် ထွက်ရတဲ့အခါမှာဆိုရင် တပ်ရင်းမှူးက တရားမ၀င် အကြံအဖန် ကျပ်သိန်း (၅၀၀) ခန့် ရပါတယ်။ တခါတလေဆို တပ်ရင်းမှူးက နောက်ဆုံးပေါ်ကား ၀ယ်နိုင်လောက်တဲ့အထိ ၀င်ငွေရပါတယ်။ ဗိုလ်မှူး၊ ဗိုလ်ကြီးများလည်း အထိုက်အလျှောက်တော့ ရကြပါတယ်။ ရှေ့တန်းကပြန်လာတဲ့ အရာရှိများအား တပ်ရင်းမှ ရေတွင်း၊ ရေကန်များအတွက် တစ်ဦးကို ကျပ် (၅) သိန်းစီ တောင်းခံပါတယ်။ တပ်ရင်းမှူးကတော့ တစ်ပြားတစ်ချပ်မှ အကုန်မခံခဲ့ပါဘူး။

ပြီးတော့ လက်အောက်အရာရှိများကို အစည်းအဝေးခေါ်ရင်လည်း တပ်ရင်းမှူးက ထိုင်ခုံမှာထိုင်ကာ အရာရှိတွေက မတ်တပ်နေရပြီး မိန့်ခွန်းများကိုလည်း မလိုအပ်ပဲ နှစ်နာရီ သုံးနာရီလောက် အကြာကြီး ပြောပါတယ်။ ယဉ်ကျေးမှု မရှိပဲ ရိုင်းစိုင်းစွာ ဆဲဆိုတတ်ပါတယ်။ ဂွင်ကောင်းရဖို့ အရာရှိတွေဟာ တပ်ရင်းမှူး ဟောက်စားလုပ်သမျှ ခေါင်းငုံ့ခံကြပါတယ်။ တပ်တွင် ဆန်စက် (၂) လုံး ရှိပါတယ်။ တပ်ရင်းတွင်းတွင်လည်း ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ဗူးသီး၊ ခရမ်းသီး၊ ကန်စွန်းရွက်၊ ကိုက်လန်၊ မုန်ညင်းရွက်၊ ခ၀ဲ၊ ဆလပ်၊ ကြက်သွန်ဖြူ/နီ၊ ရုံးပတီသီး၊ ပန်းဂေါ်ဖီ စသည်တို့ကို စိုက်ပျိုးထားသည့်အပြင် ကြက်၊ ၀က်၊ ဘဲ စသည်တို့ကိုလည်း မွေးမြူထားပါတယ်။

တပ်ရင်းရဲ့ဝင်ငွေထွက်ငွေများကို တပ်ရေးဗိုလ်ကြီးက ကိုင်တွယ်ပါတယ်။ သူကလည်း တစ်လကို ကျပ်တစ်သိန်းခွဲလောက် ရိုက်စားလုပ်ပါတယ်။ တပ်ထောက်ဗိုလ်ကြီးက ဓာတ်ဆီနှင့် လက်နက်ခဲယမ်းများကို ရောင်းစားပြီး အပိုဝင်ငွေရှာပါတယ်။ အဲဒီလို လာဘ်စားမှုများ ဖြစ်ပြီးနောက်ပိုင်းတွင် တပ်ရင်းမှူးချင်း နေရာချိန်းခံခဲ့ရပါတယ်။


ရှေ့တန်းထွက်လာသော မြန်မာစစ်ကြောင်းတစ်ခု

မကြာခင်မှာပဲ ခလရ (၃၇) အဖို့ ကံကြမ္မာငင်မဲ့ ဖြစ်စဉ်တစ်ခု ကြုံလာပါတော့တယ်။ ခလရ (၂၁) တပ်နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားပြီး KIA ခေါင်းဆောင်အရာရှိကို ခလရ (၂၁) တပ်က ဖမ်းမိခဲ့ပါတယ်။ အဲဒီလိုဖမ်းမိသွားတာကို KIA က သူတို့ခေါင်းဆောင်ကို ပြန်လိုချင်တယ်လို့ ပြောပါတယ်။ အဲဒါကို ခလရ (၂၁) တပ်က အကောင်းတိုင်း ပြန်မလွှတ်ပဲ ခြေတွေလက်တွေဖြတ်၊ ကြိုးနဲ့တုပ်ပြီးတော့ လမ်းပေါ်မှာ ပြန်ချထားပေးခဲ့တယ်။

အဲဒါကို KIA တပ်က မခံနိုင်လို့ ညှိုးပြီး အသေအကြေ တိုက်ခိုက်ပါတော့တယ်။ ခလရ (၂၁) တပ်ရဲ့ ခြံစည်းရိုးထိရောက်အောင် လိုက်ပြီး ပစ်ကြခတ်ကြပါတယ်။ အဲဒီမှာ အရာရှိတွေလည်းကျ၊ လက်အောက်ငယ်သားတွေလည်းကျပြီး တပ်ရင်းတစ်ခုလုံး နာရေးတွေနဲ့ ပြည့်နှက်သွားပါတယ်။ အဲဒီအချိန်မှာ စစ်ကူလိုတယ်ဆိုပြီး ခလရ (၃၇) တပ်ကို တိုင်းစစ်ဌာနချုပ်မှ စစ်ဆင်ရေးထွက်ခိုင်းတဲ့ စာရောက်လာပါတယ်။ အဲဒီအခါကျတော့ လမ်းကြောင်းလုံခြုံရေး၊ စခန်းလုံခြုံရေး၊ ဂိတ်လုံခြုံရေး လွှတ်ထားတဲ့ ရဲဘော်တွေအားလုံးစုပြီး အရာရှိတွေနဲ့ လူစစ်ကာ နှစ်ပတ်စာရိက္ခာနဲ့ ရှေ့တန်းထွက်ရပါတယ်။ ကနဦးမှာတော့ တပ်ရင်းမှူးအသစ်ရဲ့ လုပ်ရည်ကိုင်ရည်နဲ့ အတွေ့အကြုံကြောင့် တပ်မှ အကျအဆုံး နည်းနိုင်သမျှ နည်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ KIA အား ခလရ (၃၇) တပ်က ပိတ်ဆို့မှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ရပါတယ်။ ဒါကြောင့် ခလရ (၃၇) တပ်ဟာ အရာရှိ၊ အရာခံ၊ အကြပ်နဲ့ စစ်သည်များစွာ ကျဆုံးခဲ့ရပါတယ်။ KIA တွေဟာ ရထားလမ်းမှာလည်း မိုင်းခွဲ၊ မြို့ထဲမှာလည်း မိုင်းခွဲခဲ့ကြပါတယ်။ KIA ဟာ ၀ိုင်းမော်တံတားကိုလည်း မိုင်းခွဲခဲ့ပါတယ်။


ရှေ့တန်းစစ်မြေပြင်မှ ကေအိုင်အေအမျိုးသမီးတပ်ဖွဲ့ဝင်တစ်ဦး

စစ်တပ်က ဒါဏ်ရာရတဲ့အထဲမှာ ဗိုလ်မှူးအဆင့်တွေလည်း ပါသလို ခြေထောက်ဖြတ်ပစ်ရတဲ့ အရာရှိတွေလည်း ရှိပါတယ်။ နောက်ပြီး ဆေးဘုတ်နဲ့ ထွက်ရတဲ့သူတွေလည်း ရှိပါတယ်။ ညဘက်ဆို အိပ်ကောင်းခြင်း မအိပ်ရပါဘူး။ KIA က ပြောက်ကျား စစ်နည်းဗျူဟာသုံးပြီး နယ်မြေကျွမ်းကျင်တာကြောင့် နောက်တန်း ဌာနချုပ်တွေ လုံခြုံမှု မရှိတာ တွေ့နေရပါတယ်။ ကချင်လူမျိုး မပခတိုင်းမှူး ဗိုလ်မှူးချုပ်ဟောင်း အယ်လ်ကွန်ဖန်တောင် ဂေါက်ကွင်းမှ အပြန် KIA က ချုံခြိုချလို့ ကျဆုံးသွားခဲ့ဖူးပါတယ်။ KIA က ပြည်မအထိ ထိုးဖောက်မဲ့ သတင်းတောင် ကြားနေရတယ်။ မိုင်းတွေလည်း ခဏခဏ ကွဲပါတယ်။ အရာရှိလိုင်းထဲကိုတောင် မိုင်းဝင်ထောင်မယ်ပြောလို့ ကိုယ့်အိမ်ကိုယ်တောင် မအိပ်ရဲကြပါဘူး။ တပ်ရေးဗိုလ်ကြီးအိမ်မှာ စုပေါင်းပြီး အိပ်ကြရပါတယ်။ ခလရ (၃၇) တပ်ရဲ့ ခြံစည်းရိုးနောက်ကျော မလုံခြုံတော့ ညဘက်ဆို ရဲမေတွေက သတိထားပြီး အိပ်ကြရပါတယ်။ ဂျူဒို၊ ကျွမ်းဘားအဖွဲ့တွေလည်း ညဘက်ဆို သေနတ်ကိုင်ပြီး စောင့်ခိုင်းရပါတယ်။ တပ်မှာ စစ်သည်အင်အား (၁၀၀) ကျော်လောက်ရှိလည်း မလောက်ပါ။ တပ်မ (၈၈) ကို စစ်ကူတောင်းပြန်တော့လည်း တော်တော်နဲ့ မပေးပါ။

တခါတလေ တစ်ပတ်လုံး ထမင်းမစားရတဲ့အခါ လူတွေက အားမရှိတော့ဘူး။ မီးမြင်မှာ ကြောက်လို့ဆိုပြီး ထမင်းဟင်း ချက်မစားတဲ့ရက်တွေလည်း မနည်းတော့ဘူး။ စစ်သည်အများစုမှာ သဲဝဲတွေစား၊ ခြေထောက်တွေ ယောင်ကိုင်းပြီး လမ်းမလျှောက်နိုင်တော့လို့ ရဟတ်ယာဉ်နဲ့ သွားကြိုပြီး ဆေးရုံပို့ရ၊ မိုင်းထိတဲ့ သူတွေလည်း ဆေးရုံပို့ရပါတယ်။ အစာငတ်ရေငတ်နဲ့ တိုက်ခဲ့ရတာပါ။ အကျအရှုံးလည်း တော်တော်များပါတယ်။ စစ်သည်တွေ ကျဆုံးသွားခဲ့ရင် သူတို့ရဲ့ မိသားစုတွေက တပ်ပြင်ကို ထွက်ပေးရပါတယ်။ ရိက္ခာလည်း မရတော့ပါဘူး။ နောက်ပြီး တပ်ရင်းမှူးလည်း နံရိုးတစ်ချောင်းကျိုးသွားလို့ ဆေးရုံတက်ရပါတယ်။ ဆေးရုံပေါ်မှာ လူနာတွေ အများကြီးပဲ။ တချို့လူနာတွေဆို မျက်လုံးတွေထွက်၊ တချို့ကျတော့ အဝေးကြီးက လာရတာဆိုတော့ မပြည့်စုံကြဘူး။ အကျီ င်္မရှိတဲ့သူ၊ လုံချည်မရှိတဲ့သူနဲ့မို့ ခလရ (၃၇) က တပ်ရင်းမှူးကတော်နဲ့ အရာရှိကတော်တွေ လာကြည့်ပြီး ထောက်ပံ့ပေးခဲ့ရပါတယ်။

ခြေလျင်တပ်ရင်းတွေဟာ အမိန့်တွေ ခဏခဏ အမျိုးမျိုး ပေးခံနေရပါတယ်။ တော်ကြာ ရှေ့တန်းကို ရန်သူ့စခန်းအား အခုချက်ချင်း တက်ခိုင်းတယ်၊ ခဏကြာတော့ အခုချက်ချင်း ဆုတ်ခိုင်းပြန်ရော။ KIA တပ်ကို ၀ိုင်းမိထားပြီဆိုရင် ဆက်မတိုက်ရပဲ ပြန်ဆုတ်ရတာပါပဲ။ KIA ကို တွေ့နေရလဲ ပစ်မိန့်မပေးရင် မပစ်ရပါဘူး။ အဲဒီလိုဖြစ်တော့ သူများက ကိုယ့်ကို အရင်ပစ်သွားတာပေါ့။ ကျွန်မတို့ ကြားဖူးတာက အမိန့်ဆိုတာ ပြတ်သားပြီး အထက်မှ တာဝန်ယူရမယ်လို့ ခံယူထားပါတယ်။ ခြေလျင် တပ်ရင်းတစ်ရင်းက တပ်ရင်းမှူးတစ်ဦးဆိုရင် အမိန့်မရပဲ ဆုတ်ခွာမိလို့ ထောင်ကျကုန်တယ် ကြားတယ်။ ကျွန်မဆိုလိုချင်တာက ငြိမ်းချမ်းရေးလိုချင်ရင် နှစ်ဘက်ခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်ဖို့လိုတယ်။ ယခု နှစ်ဘက်လုံး အကျအဆုံးများနေတဲ့ တပ်မတော်သားများနဲ့ KIA တပ်ဖွဲ့ဝင်များဟာ မြေဇာပင်ဖြစ်နေလို့ ဘုရားရှင်ကိုသာ ပုံအပ်ရမဲ့ အနေအထားရှိပါတော့တယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။