Saturday, September 29, 2012

တိုက်ပွဲဖြစ်နေမှု ကေအိုင်အေက အပစ်ရပ်အမိန့် မထုတ်၍ ဖြစ်ကြောင်း သမ္မတပြော


(Democratic Voice of Burma)

ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ဆက်ဖြစ်တာဟာ အစိုးရဘက်က ပစ်ခတ်မှု ရပ်ဆိုင်းမိန့် ထုတ်ထားပေမယ့် ကချင်လွတ်မြောက်ရေးတပ်မတော်ဘက်က ပစ်ခတ်မှု ရပ်ဆိုင်းမိန့်တွေ မထုတ်တဲ့အတွက် တိုက်ပွဲပြန်ဖြစ်တာလို့ နိုင်ငံတော် သမ္မတက ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု ရောက်နေတဲ့ သမ္မတ  ဦးသိန်းစိန်က Asia Society မှာ ကျင်းပတဲ့ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

“ကချင်လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ထိတွေ့ဆက်ဆံမှုတွေ ရှိပါတယ်။ တချို့ သဘောထားလေးတွေက နည်းနည်းကွဲလွဲနေတာလေးရှိတယ်။ ဥပမာအားဖြင့် အစိုးရတပ်ဘက်က ပစ်ခတ်မှု ရပ်ဆိုင်းထားတယ်၊ ရပ်ဆိုင်းမိန့်တွေ ထုတ်ထားတယ်။ ဟိုဘက်က ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းတဲ့ အမိန့်တွေ မထုတ်ဘူး။ မထုတ်တဲ့အတွက် အောက်ခြေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိတယ်။ ဒါတွေကို တဖြည်းဖြည်းနဲ့ ရပ်စဲသွားအောင် လုပ်မယ်ဆိုရင် ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းသွားမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”


ကေအိုင်အိုအဖွဲ့ဟာ ၁၉၉၄ ခုနှစ်မှာ အပစ်ရပ်ခဲ့ပြီးဖြစ်ပေမယ့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် စစ်ကောင်စီ မဖျက်ခင်ထုတ်တဲ့ တိုင်းရင်းသားတွေ နယ်ခြားစောင့်တပ် ပြောင်းရင်ပြောင်း၊ မပြောင်းရင် လက်နက်ချ ဆိုတဲ့ ရာဇသံကြောင့် အပစ်ရပ်သဘောတူတာ ပျက်ပြီး တိုက်ပွဲပြန်ဖြစ်လို့ စစ်ရှောင်ဒုက္ခသည် ၁ သိန်းနီးပါး လောက် ရှိနေတာပါ။

သမ္မတက ၂၀၁၁ ခုနှစ်ကုန်ပိုင်းမှာ တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ တပ်မတော်ကို အမိန့်ပေးခဲ့တဲ့အကြားက တိုက်ပွဲတွေ ဆက်ဖြစ်နေတာဖြစ်ပြီး လက်ရှိမှာ ကေအိုင်အိုဌာနချုပ် လိုင်ဇာအနီးကို ချဉ်းကပ်လာနေတာပါ။

ကေအိုင်အေဘက်က အပစ်ရပ်မိန့် မပေးလို့ တိုက်ပွဲပြန်ဖြစ်ရတယ်ဆိုတဲ့ သမ္မတပြောကြားချက်အပေါ် ကေအိုင်အေ ပြောခွင့်ရသူ ဦးလနန်က ထိုးစစ်ကို ပြုလုပ်နေတာ ဘယ်သူပါလဲလို့ ပြန်လည်မေးခွန်း ထုတ် တုံ့ပြန်ပါတယ်။ အပစ်ရပ်ဖို့ထက် ပြသနာရဲ့ အရင်းအမြစ်ကို ဖြေရှင်းရမယ်လို့ ပြောပါတယ်။

“ထိုးစစ်လုပ်တာက ဘယ်အဖွဲ့လည်းဆိုတာ မေးစရာရှိတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့က ရမခကနေ ရှေ့တန်းကို ညွှန်ကြားမှုရှိတယ်။ ၁၈ ရက်ကနေစပြီးတော့ ရှမ်းပြည်မြောက်ပိုင်းမှာလည်း စစ်ဆင်ရေး ပြန်လုပ်ဖို့ ရှေ့တန်းထွက်တဲ့ တပ်ဖွဲ့တွေကို ညွှန်ကြားတာရှိတယ်။ ဒါကို ကြည့်ရင် သမ္မတကတော့ အမြဲတမ်း သူပြောတဲ့ စကားပါ။ ဒါပေမယ့် ရှေ့တန်းမှာ သူ့ညွှန်ကြားချက်တွေက ထိရောက်မှုရှိရဲ့လားဆိုတာ မေးစရာရှိတယ်။ ထိုးစစ်မလုပ်ဘူးဆိုပေမယ့် တပ်တွေ အလုံးအရင်းတက်လာတယ်ဆိုတာ ဒါ ထိုးစစ်ဆင်တာပဲ။”

ကချင်အတိုင်ပင်ခံအဖွဲ့ဝင်၊ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးညှိနှိုင်းရေးအဖွဲ့ဝင် ဦးဆင်ဝါးနော်က အစိုးရဘက်က ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ တရုတ်နိုင်ငံရွှေလီမှာ ဆွေးနွေးစဉ်တုန်းက အပစ်ရပ်ဖို့ သဘောတူမလို ဖြစ်ပြီးကာမှ စကားလုံး ၄ လုံး ရွေးချယ်မှုကြောင့် နဲ့ ပြန်ကြားရေး ၀န်ကြီးဟောင်း ဦးကျော်ဆန်းရဲ့ နေပြည်တော် ရှင်းလင်းပွဲပြောဆိုချက်ကြောင့် ပျက်ပြားခဲ့ပုံကို အခုလိုပြော ပါတယ်။

“နေပြည်တော်မှာ ဗိုလ်ချုပ်ကျော်ဆန်းက သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့အခါ ကေအိုင်အေကို အပုပ်ချပြောတာပေါ့။ သူတို့ နားထဲမှာ အဲဒီလိုမျိုးကြားသွားတာ။ နေပြည်တော်မှာတော့ ဒီလိုပြောနေပြီ။ ကေအိုင်အိုကို လက်ရှိအစိုးရက ဘယ်လိုမြင်သလဲ။ ဘယ်အဆင့်ထားသလဲ စသဖြင့် မေးခွန်းတွေ အများကြီး မေးလာတာပေါ့။”

နှစ်ဘက်ကိုယ်စားလှယ်တွေ ပဏာမ အလွတ်သဘော တွေ့ဆုံဆွေးနွေးနေကြတာထက် နှစ်ဖက်တာဝန်ရှိသူ တွေ အတည်ညှိနှိုင်း ဆွေးနွေးသင့်တယ်လို့ ဆိုပါတယ်။

ကေအိုင်အိုရဲ့ ထိပ်ပိုင်းခေါင်းဆောင်ရာထူးမှာ ဆယ်စုနှစ်နဲ့ချီပြီး လုပ်ဆောင်လာရာက နိုင်ငံရေး ပါတီထူထောင်ဖို့ နုတ်ထွက်ခဲ့တဲ့ ဒေါက်တာတူးဂျာကလည်း နှစ်ဘက်တိုက်ခိုက်မှုတွေဟာ တပ်နေရာ ချထားရေး ဆွေးနွေးအဖြေရှာဖို့ အဓိကကျနေတာ မြင်တွေ့တယ်လို့ ပြောပါတယ်။

“အခုက သူတို့အချင်းချင်း ယုံကြည်မှုအပိုင်းမှာ အားနည်းနေကြသေးတယ်။ ထပ်ပြီးတော့ တွေ့ဆုံဆွေးနွေး ကြဦးမယ်ဆိုရင် တပ်ပိုင်းဆိုင်ရာကို သူတို့ အကျေအလည် သဘောတူညီမှုရအောင် ဆွေးနွေးနိုင်ပြီ ဆိုရင်တော့ အပစ်အခတ်ရပ်စဲရေးကတော့ ဖြစ်လာမှာပါ။”

ကုလသမဂ္ဂ ညီလာခံ တက်နေတဲ့ သမ္မတက မိန့်ခွန်းမှာလည်း ကချင်စစ်ပွဲကိစ္စ၊ ရခိုင်ပြည် ကိစ္စ၊ အစိုးရ အကောင်အထည်ဖော်ဆောင်နေတဲ့ လုပ်ငန်းတွေ၊ စိန်ခေါ်မှုတွေ၊ အသီးအပွင့်တွေကို ထည့်သွင်း ရှင်းပြခဲ့ပါတယ်။

အစိုးရနဲ့ သက်ဆိုင်သူတွေ အားလုံးအကြား နိုင်ငံရေး သည်းခံမှုရှိရှိနဲ့ မျက်နှာစုံညီ ဆွေးနွေး အဖြေရှာခြင်းဆိုတဲ့ နိုင်ငံရေး ယဉ်ကျေးမှု ဓလေ့သစ်ကို စတင်ပုံဖော်နိုင်ပြီလို့ ပြောပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီကို တည်ဆောက်နိုင်ဖို့ဆိုရင် လက်နက်ကိုင် ပဋိပက္ခတွေအားလုံး ချုပ်ငြိမ်းသွားအောင် ဦးစွာ ဆောင်ရွက်ဖို့လိုတယ်လို့ ယုံကြည်တာကြောင့် ပြည်တွင်းမှာ ရေရှည်တည်တဲ့တဲ့ ငြိမ်းချမ်းရေးတရပ်ရဖို့ အလေးထား ဆောင်ရွက်နေတယ်လို့ သမ္မတက ပြောပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်လို့ ရေတို ရေရှည် စီမံချက်ချမှတ် ဖြေရှင်းမယ်လို့ သမ္မတက ပြောပါတယ်။

လွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင်တဲ့ နိုင်ငံအနေနဲ့ ကိုယ့်နယ်စပ်မျဉ်းတွေကို လုံခြုံအောင် ဆောင်ရွက်ခွင့်၊ အချုပ်အခြာအာဏာကို ကာကွယ်ခွင့်တွေ ရှိတယ်လို့ ယုံကြည်ပြီး အပြည်ပြည်ဆိုင်ရာ စံနှုန်း ကျင့်ထုံးတွေနဲ့ ကိုက်ညီအောင် ကြိုးစားလုပ်ဆောင်မယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် သူ့ကို အသုံးချမယ်ဆိုရင် အသုံးချခံဖို့ အဆင်သင့် ဖြစ်တဲ့အကြောင်းနဲ့ အစိုးရနဲ့ တိုင်းရင်းသားတွေဘက်က လိုလားဖို့ လိုကြောင်း ပြောဆိုထားပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။