Thursday, August 16, 2012

တရုတ်ပြည်မှာ ခိုလှုံနေတဲ့ ကချင် ဒုက္ခသည်တွေကို KIO ပြန်ခေါ်

(ကချင်သတင်းဌာန)
ကချင်ပြည်နယ်တွင်း အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကြားတိုက်ပွဲများဖြစ်ပွားမှုကြောင့် တရုတ်ပြည်နယ်သို့ ထွက်ပြေးခိုလှုံနေ သော နောင်တောင်း (Nongdao) ရှိ ဒုက္ခသည်စခန်း ၆ ခုကို လနာ့ဇွပ် (Lana zup) စခန်းသို့ ပြောင်းရွှေ့ရန် KIO အရာရှိများ သြဂုတ် ၁၅ ယနေ့ လာရောက် ညွှန်ကြားလာခဲ့သည်။

တရုတ်ပြည်ရှိ ကချင်စစ်ပြေးဒုက္ခသည်စခန်းများသည် KIO ၏ အနီးကပ် ကြည့်ရှုမှုအောက်တွင် နေထိုင်စေရန် ရည်ရွယ်ချက်တစ်ခုဖြစ်သည် ဟုလည်း စခန်းသို့ KIO အရာရှိများ စခန်းအသီးသီးသို့ ၀င်ရောက် ပြောကြားသွားခဲ့ကြောင်းသိရသည်။

ထိုသို့ ပြောင်းရွှေ့ရန် KIO သည် တရုတ်အစိုးရနှင့် ညှိနှိုင်းသဘောတူပြီး ပြောင်းရွှေ့ရခြင်းဖြစ်ကြောင်း KIO အရပ်ဖက် အရှေ့ဘက်တိုင်း အုပ်ချုပ် ရေးမှူး ဒရှီ ဆိုင်းလီ (Salang Kaba Dashi Seng Li) မှပြောဆိုခဲ့သည်။

“KIO ထိန်းချုပ်နယ်မြေ ဒုက္ခသည်စခန်းအတွင်းရှိတဲ့ ဒုက္ခသည်များရဲ့ ပညာရေး၊ ကျန်းမာရေးများ ကိုကြည့် ပေးလို့ရတယ် တရုတ်ပြည်အတွင်း မှာဆိုတော့ ဆရာမတွေက ကျောင်းသားများကို ဘယ်လိုသင်ပေးနေလဲ ကျောင်းသားများ ဘာလိုနေလဲ ဒုက္ခသည်များရဲ့ ကျန်းမာရေးတွေ.… ဘာဆေးများလိုအပ်မှုတွေရှိနေလဲ… အဲဒါတွေလာကြည့်ဖို့အတွက် ခက် တယ် လာချင်တဲ့ အချိန်လာလို့မရဘူး” ဟု ပြောဆိုခဲ့ကြောင်း အစည်း အဝေးတွင် ပါဝင်ခဲ့သော ဒုက္ခသည်များကို ကူညီနေသည့် ကိုဂွန်ရှောင် ပြောသည်။  

စစ်ပြေးဒုက္ခသည်များကို KIA တပ်မဟာ (၃) နယ်မြေ အင်ဘာပါ (Nbapa) လနာ့ဇွပ် (Lana Zup) ဒုက္ခသည် စခန်းဆောက်လုပ်ရေး စီမံကိန်းများပြုလုပ်ပြီးသည်နှင့် ယခုလနောက်ဆုံးတွင် KIO မှကားဖြင့် ဒုက္ခသည်များကို လာခေါ်မည်ဖြစ်ကြောင်းပြောသည်။

၎င်းဒုက္ခသည် စခန်းများသို့ အုပ်ချုပ်ရေးမှူး ဆိုင်းလီနှင့် ပညာရေးမှူးများ၊ ဆေးမှူးများ၊ WPN (Wunpawng Ninghtoi အဖွဲ့)၊ အမျိုးသမီးရေးရာ အဖွဲ့များ၊ ရွှေလီမြို့ရှိအမှုထမ်းများစုစုပေါင်း ၂၀ ကျော် လာရောက် ပြောကြားခဲ့ခြင်းဖြစ်သည်။

“အခု အစိုးရပြောတဲ့နေရာကို 
မလိုက်နာဘူးဆိုရင် စည်းရုံးတဲ့အချိန်တခု အတွင်း အတူနေရအောင်လို့ ညွှန်ကြားထားတဲ့နေရာမဟုတ်တဲ့ တခြား ကိုယ်ကြိုက်တဲ့နေရာတွေမှာ တရုတ်ပြည်တွင်းမှာပဲ ဆက်နေမယ်ဆိုရင် ပြဿနာဖြစ်လာရင် KIO က တာဝန်ယူမှာမဟုတ်ဘူး” ဟု ပြောဆိုခဲ့ ကြောင်း အစည်းဝေးတက်ရောက်သူ ကိုဂွန်ရှောင်ဆက်ပြောသည်။

သြဂုတ်လ ၁၄ ရက်နေ့တွင် လော့ဖိုင် (Law Hpai) နှင့် ယန်လု (Yang Lu) စခန်းကို လာရောက်ပြောကြားခဲ့ခြင်းဖြစ်ပြီး လူဦးရေ ၆၃၀ ကျော်ရှိသော ငါနောင်ပါ (Nga Nawng Pa) ဒုက္ခသည်စခန်းတွင် ယနေ့တွင် ခဒေါင်း (Hka Dawng) စခန်းဘက်သို့ ပြောင်းရွှေ့ရန် ပြောဆိုသွားခဲ့ကြောင်းသိရသည်။

သြဂုတ် ၁၆ ရက် နေ့တွင်လည်း လုံကရောတ် (Lung Krawk) နှင့် နားကောင်း (Na Kawng) ဒုက္ခသည် စခန်းများ သို့သွားရောက်ကြောင်း သိရသည်။

ဒုက္ခသည်စခန်း ပညာရေးမှူးမှလည်း ကလေးများကျောင်းကိစ္စများ အတွက် စိတ် ပူစရာမလိုကြောင်း ရှင်းပြခဲ့သည်။

ဒုက္ခသည်များမူ
 နေရပ်ပြန်ရေးထက် နဂိုနေထိုင်သည့် နေရာမှ ပြောင်းရွှေ့ရန်ဆန္ဒမရှိသော်လည်း ထပ်မံရွှေ့ပြောင်းစေသည့် ဖိအားများကြောင့် ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း ပြောဆိုနေကြသည်။

တရုတ်ပြည်နယ် နောင်တောင်းခရိုင်ရှိ ကချင်စစ်ပြေးဒုက္ခသည် စခန်း များကို ပြီးခဲ့သည့်ဇွန်လိုင်လတွင်း တရုတ်ထိပ်ပိုင်းအရာရှိများက ကူးစက်ရောဂါများဖြစ်လာချိန် နေရပ်ပြန်ရန်နှင့် ပြောင်းရွှေ့ပေးရန် စတင်ဖိအားပေးမှုကြောင့် ဒုက္ခသည်တာဝန်ရှိသူများနှင့် တရုတ် အစိုးရညှိနှိုင်းဆွေးနွေးမှုကြောင့် ပြန်လည်နေခွင့်ရခဲ့ခြင်းဖြစ်သည်။

ထို့သို့ တရုတ်အစိုးရမှ ဒုက္ခသည်များအား ပြန်လည်နေထိုင်ခွင့်များ ပေးပြီးနောက် တရုတ်နှင့် KIO နှစ်ဖက် ဆွေးနွေးမှုများရှိခဲ့ပြီး ယခုချိန်တွင် KIOမှ ဒုက္ခသည်များကို မိမိဒေသတွင်းပြန်လည်အခြေချစေ၍ တာဝန်ယူဆောင်ရွက်ပေးမည့် ကိစ္စထွက်ပေါ်လာသည်။















No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။