Thursday, August 23, 2012

ဆတုံးမြို့နယ်တွင်း အစိုးရတပ်များ ဒေသခံများ ကို ဖမ်းဆီးစစ်ဆေးနေ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် မြစ်ကြီးနား ဝိုင်းမော်မြို့မှ ၄၃ မိုင်အကွာရှိ ဆတုံးပါ (Sadung Pa) တံတားနှင့် မင်းဂျန်ခက် (Ming Jang Hkyet) နေရာတို့တွင်  မြန်မာအစိုးရတပ် တပ်မ ၈၈ သည် လုံခြုံရေးများ ချထားကာ ဖြတ်သန်းသွားလာသော ပြည်သူလူထုများကို စစ်ဆေးမေးမြန်းပြီး ဖမ်းဆီးမှုများပြုလုပ်နေကြောင်းသိသည်။

စဂါပါ (Saga Pa) ကျေးရွာအနီး တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် သြဂုတ် ၁၁ ရက် မှစ၍ ၄င်းဆတုံးပါမြို့နယ်ခွဲရှိ တံတားတွင် မှတ်ပုံတင်များစစ်ဆေး မေးမြန်းကာ ဒေသခံအချို့ ကို ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများ ပြောသည်။

၁ မိုင်ကျော်အကွာတွင် ရှိသော ဆတုံးပါ (Sadung Pa) တံတားနှင့် မင်းဂျန်ခက် (Ming Jang Hkyet) တွင် မြန်မာအစိုးရ ဂိတ်မှ ဒေသခံများကို အလွတ်မပေး ဖမ်းဆီးစစ်ဆေးနေခြင်းကြောင့် ဖြတ်သန်းသွားလာ ကုန်သွယ်သူများနှင့် ဒေသခံများ ဈေးသည်များ အခက်ခဲရင်ဆိုင်နေရကြောင်း ဒေသခံတစ်ဦးပြောသည်။

“သူတို့မေးတာကို ကောင်းကောင်းပြောတတ်တဲ့သူတော့လွတ်ပေးတယ်.. မိန်းကလေးတွေကိုတော့ နင်တို့ယောင်္ကျားတွေက ဘာလုပ်တယ် KIO နဲ့အဆက် အသွယ်ရှိလား၊ KIO တွေကို တွေ့လား၊ ဘယ်ရွာကလဲ ဘာလုပ်တယ် အစုံမေးတယ်” ဟု စစ်ဆေးခံရသည့် ဝိုင်းမော်ဒေသခံတဦး KNG ကချင်သတင်းဌာန သို့ ပြောသည်။


သြဂုတ် ၁၇ နေ့တွင်လည်း မြစ်ကြီးနားမှ တက်လာသော နွားကုန်သည် ၄ ဦးကို စစ်ဆေးမေးမြန်း ညှင်းပန်းနှိပ်စက်ကာ ဖမ်းဆီးထားပြီးနောက်ပိုင်းမှ ပြန်လွတ်လိုက်ကြောင်း သိရသည်။

“မှတ်ပုံတင်စစ်တယ် မပါတဲ့သူကို မေးတယ် စစ်တယ် ဖမ်းတယ်.. ရွာသူကြီးတွေနဲ့ နယ်ခြားစောင့်တပ်နဲ့ အသိတွေက အာမခံချက်တွေနဲ့တော့လွတ်ပေး တယ်ပြောတယ်။ တချို့ကတော့ လက်ဆောင်တွေပေးပြီး သွားကြတယ်။ ဒီရက်ပိုင်းအတွင်း နေ့တိုင်းလိုလိုဖမ်းနေတာ ခုတလော ဝိုင်းမော်ဘက်ကို ဖမ်းသွားတာ ၈ ယောက်လောက် ရှိပြီ” ဒေသခံဆက်ဆိုသည်။
သြဂုတ် ၁၄ ရက်ညနေတွင်  ရင်းနော့ (Yin Naw) ကျေးရွာမှ နာမကျန်း လူနာကြည့်ရှုရာမှ ပြန်လာသော ဒေသခံများကိုဂိတ်တွင်စစ်ဆေးခဲ့ရာ ဂျဲန်ယော် (Gyen Yaw)ဆိုသူ နှင့် ဝူလိုင် (Wu Lai) ကျေးရွာမှ ဦးဘာနဘ (Banaba)၊ ဆိုင်ကယ် Carry သမား ဦးလဂွေ ယိန်းဟော (Lagwi Ying Haw)နှင့် ဒေါ်ဘောက်ဂျာ (Bawm Ja) တို့အား ဖမ်းဆီးထားကြောင်းသိရသည်။

ညအချိန် ဆိုင်ကယ်ဖြင့် ပြန်လာကြချိန် ၎င်းတို့ကို မင်းဂျန်ခက် (Ming Jang Hkyet) ဂိတ်တွင် စစ်ဆေးဖို့ ရပ်ခိုင်းရာ မရပ်ပေးသောကြောင့် မြန်မာအစိုးရတပ်များသည် ဆတုံးပါ (Sadung Pa) တံတားသို့ ဖုန်းဆက် အကြောင်းကြားပြီး ၄င်းတို့ကို ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တို့သည် သြဂုတ်လအတွင်း တိုက်ပွဲများပိုမိုပြင်းထန်လာပြီး အစိုးရတပ်များလည်း ကချင်ပြည်နယ်တ၀ိုက် စစ်အင်အားတိုးချပြီး ထိုးစစ်ဆင်နေချိန် ဒေသခံများကို ယခုလို ဖမ်းဆီးစစ်ဆေးခြင်းများပြုလုပ်နေခြင်းဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။