Wednesday, August 22, 2012

အစိုးရစစ်ကြောင်း တက်လာသောကြာင့် ဖါးကန့် ဒေသခံများ ထွက်ပြေးနေရ

(ကချင်သတင်းဌာန)


ကချင်ပြည်နယ်ကျောက်စိမ်းထွက်ရာဖားကန့်မြို့နယ် မော်မောဘွမ် (Mawmaw Bum) သို့ မြန်မာအစိုးရ စစ်ကြောင်းတခုသည် သြဂုတ် ၁၈ ရက်တွင် စစ်အင်အားများဖြင့် ထိုးစစ်ဆင်လာသောကြောင့် ရွာသားများကြောက်လန့်၍ လုံခြုံရာနေရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

မြန်မာအစိုးရတပ်များသည် ၎င်းသို့ဝင်ရောက်သောကျေးရွာများတွင် လုယက်မှုများညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်မည်ကိုစိုးရိမ်သောကြောင့် မောမော်ဘွမ်ရှိရွာသား၅၀၀ ကျော်နှင့် ကျောက်စိမ်းတူးသမားများသည် ဖားကန့်နှစ်ခြင်းအသင်းတော်နှင့် ကက်သလိတ် RC ဘုရားကျောင်းဝင်းသို့ သြဂုတ်လ၁၉ ရက် နေ့တွင် ထွက်ပြေးခိုလှုံလာခဲ့ကြောင်း စစ်ဘေးကူညီသူတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

မြန်မာအစိုးရတပ်များသည် စစ်အင်အား ၁၀၀ ကျော်ဖြင့် မောမော်ဘွမ်အနီးရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း(၆) ကိုထိုးစစ်ဆင် တိုက်ခိုက်ရန် ၎င်းနေရာသို့ ရုတ်တရက် စစ်ဆင်ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

မောမော်ဘွမ်သည် KIA ၏ အရေးပါသောနေရာတစ်ခုဖြစ်ကြောင်းသိရသည်။

၆ လနီးပါးတိုက်ပွဲများမရှိပဲ ငြိမ်နေသည့် ဖားကန့်ဒေသအတွင်းမြန်မာအစိုးရစစ်တပ်သည် ပြီးခဲ့သည့်အပတ်မှ စတင်၍ စစ်အင်အားများပြန်လည် တိုးချဲ့လာခြင်းဖြစ်သည်။

ဖားကန့်ဒေသအတွင်းအစိုးရနှင့် KIO ကြား တိုက်ပွဲများပြင်းထန်မှုမရှိသော်လည်း ပြီးခဲ့သည့် မေလ ၃၁ နေ့တွင် မြန်မာအစိုးရတပ် ခလရအမှတ် (၁၆)သည် ဆိုင်းတောင်ကျေးရွာ (Seng Tawng mare) သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံတဦးသေဆုံးပြီး ၆ ဦးဒဏ်ရာကာလူနေအိမ် အဆောက်အဦးတချို့ ပျက်စီးခဲ့သည်။

ဖားကန့်ဒေသသည် ကမ္ဘာတွင် အကောင်းဆုံးကျောက်စိမ်းထွက်ရှိရာနေရာဖြစ်ပြီး ၁၉၉၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ တို့ အပစ်ခတ်ရဲစဲရေးသဘောတူပြီးနောက် မြန်မာအစိုးရသည် ဖားကန့်ဒေသကိုစီမံခန့်ခွဲအုပ်ချုပ်ခဲ့သောကြာင့် နှစ်စဉ် ဝင်ငွေသန်းချီရရှိသည့်နေရာလည်း ဖြစ်ကြောင်းသိရသည်။

ယမန်နှစ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် မြန်မာအစိုးရတပ်ဖွဲ့ နှစ်ဖက်တိုက်ပွဲများစတင်လာချိန်မှ ဖားကန့်ဒေသကို KIO မှ အခွန်ငွေများ ပြန်လည်ကောက်ခံကာ အစိုးအကျိုးတူ ဧရာမကျောက်စိမ်း ကုမ္ပဏီများလည်း ရပ်ဆိုင်းထားရခြင်းဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။