Wednesday, August 15, 2012

မြစ်ကြီးနားမြို့နှင့် အင်တာနက်

၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်၊ ဗုဒ္ဓဟူးနေ့



 မြစ်ကြီးနားမြို့တွင် အင်တာနက်ဆိုင်း အများအပြားရှိသည်။ ဆိုင်များတွင် အသုံးပြုသူများလည်း ပုံမှန်ပင်။

Mobile ဖုန်းများဖြင့် အင်တာနက်အသုံးပြုနိုင်ပြီဖြစ်သော်လည်း အများစုများ ဆိုင်များတွင်သာ သုံးနေဆဲ။
ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့်ယှဉ်ပါက နည်းပညာ ဗဟုသုတပိုင်းတွင် များစွာ နောက်ကျကျန်ခဲ့ခြင်းမှာ လည်း အကြောင်းအရာတစ်ခုဖြစ်သည်။

ဖုန်းဖြင့် အသုံးပြုရသည်မှာ
- မျက်နှာပြင်သေးငယ်ခြင်း
- မြန်မာစာ ရိုက်ထည့်ရန်၊ မြင်ရရန် အခက်အခဲများရှိနေသေးခြင်း
- Wifi ဖြင့် အသုံးပြုရန်၊ Moderm ဖြင့် အသုံးပြုရန်မှာလည်း ကိုယ်ပိုင် ကွန်ပျူတာ၊ laptop များ ပိုင်ဆိုင်မှု နည်းနေသေးခြင်း
အကြောင်းအမျိုးမျိုးကြောင့် ဆိုင်များတွင်သာ သုံးနေဆဲဖြစ်သည်။

မြစ်ကြီးနားတွင် အင်တာနက်ဆိုင်များ၏ တစ်နာရီ အသုံးပြုခ မှာ ၄၀၀ ကျပ်ဖြစ်သည်။ အချို့ဆိုင်တွင် မီးမလာပါက ၅၀၀ ကျပ်ပေးရသည်။

နယ်မြေတည်ငြိမ်မှုနည်းလာပြီးနောက်ပိုင်း မြစ်ကြီးနားမြို့တွင် မကြာခဏ internet connection ပြတ်တောက်လေ့ရှိသည်။
သို့ရာတွင် ဖုန်းများတွင် connection ပြတ်တောက်ခြင်း မရှိကြောင်း သိရသည်။

အင်တာနက်ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။
''connection က ခဏခဏ ပြတ်တော့ အလုပ်မဖြစ်ဘူး၊ ဆီဖိုး အလုပ်သမားဖိုး ဆိုင်ခန်းဖိုး နဲ့ မနည်းရပ်တည်နေရတာ။ လိုင်းမရလို့ ဆိုင်မှာ လူမရှိလည်း လစဉ်ကြေးက လတိုင်း ပုံမှန်ပေးရတော့ အင်တာနက်ဆိုင်နဲ့ ရပ်တည်ဖို့က အခက်အခဲတွေ အများကြီးပဲ''

အချို့ဆိုင်များမှာ net game များနှင့် တွဲဖွင့်လေ့ရှိသည်။
connection မရပါက game ကစားသူများလာရောက်ပါက နည်းနည်းပါးပါး ကျန်အောင် gamer များကို အားထားခြင်းဖြစ်သည်။

မြစ်ကြီးနားမြို့၏ အင်တာနက် connection မှာ နိုင်ငံရေးနှင့် တိုက်ရိုက် အချိုးကျနေသကဲ့သို့ ဖြစ်နေသည်။
ကချင်ပြည်နယ်တစ်ဝန်း တိုက်ပွဲများပြင်းထန်လာပါက connection ကျသွားလေ့ရှိသည်။
ထို့ကြောင့် အချို့အင်တာနက်ဆိုင်များမှာ မိမိတို့ရပ်တည်နိုင်ရေးအတွက် ဥာဏ်နီဥာဏ်နက်များ ထုတ်လာသည့်ဆိုင်များလည်းရှိသည်။

ဘူတာကြီးနားရှိ အင်တာနက်ဆိုင်တွင် ပုံမှန်အသုံးပြုသူတစ်ဦးပြောသည်မှာ
''မိနစ် ၄၀ သုံးတာ ၁ နာရီစာပေးရတယ်။ ၄၀၀ ကျပ်တဲ့။ ၁၀၀၀ တန်ပေးရင် ၅၀၀ တန်နဲ့ ၁၀၀ အစားကို coffee mix တစ်ထုပ်အမ်းတယ်၊ မြစ်ကြီးနားမှာ ၁၀၀ တန် ၂၀၀ တန်ဆို ဆိုင်တော်တော်များများက အမ်းရတယ်လို့တောင်  မထင်ကြတော့ဘူး"

အခြားတစ်ယောက်ကလည်းပြောသည်။
''ကျွန်တော်သုံးခဲ့တာ ၂၀၀ ကျတယ်။ သူတို့က ကဒ်လေးတွေ လုပ်ထားတာလေ။ အကြွေမရှိလို့ဆိုပြီးတော့ ၁၀၀ တန်ကဒ်၊ ၂၀၀ တန်ကဒ်၊ ၃၀၀ တန်ကဒ်။ ခါတိုင်းတော့ ဒါတွေအမ်းတယ်။ နောက်ပိုင်းပိုဆိုးလာတယ်။
၂၀၀ ကျလို့ ၅၀၀ တန်ပေးတာ ၂၀၀ တန် တစ်ကဒ်နဲ့ ကော်ဖီတစ်ထုပ်အမ်းတယ်။ ဒါတော့ မဖြစ်သင့်ဘူးလေ။ ကဒ်က သူတို့ဆီပဲပြန်သုံးမှာ။ မရဘူး ၃၀၀ တန်ကဒ်ပေးဆိုပြီး ယူခဲ့ရတာ။
ဒီဆိုင်က တခြားဆိုင်တွေထက်စာရင် ပိုပြီး ဆိုးတယ်။ အမြဲသုံးနေကျ customer ကိုတောင် ၁၀၀၊ ၂၀၀ က အစတွက်ကပ်နေတာ။ ဒီရက်ပိုင်းဆို နံရံမှာရေးထားသေးတယ်။ ဘာတဲ့ ...
air-con အလကားမရပါ။ လူများပါက မအေးပါ။ ဒါကြောင့် လူပို တစ်ယောက် ၂၀၀ တဲ့။ မကြားဖူးသေးပါဘူးဗျာ"

မည်သို့ပင်ဆိုစေကာမူ အင်တာနက်ဆိုင်များတွင် connection ရပါက chatting ၀င်၊ မရပါက game ကစား၊ စက်ထဲတွင် ထည့်ထားသော ဇာတ်ကားများကြည့်၊ သီချင်းနားထောင် စသဖြင့် customer များကတော့ ရှိနေဆဲ ......


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။