Monday, August 20, 2012

မြန်မာ့တပ်မတော် ခလရ (၄၃၈) မှ တင်းဂျန့်ကျေးရွာသား အယောက် (၇၀) ကို ဘုန်းတော်ကြီးကျောင်းအတွင်း ဖမ်းဆီး ထိန်းသိမ်းထား

(www.kachinnet.net)

မြန်မာ့တပ်မတော် ခလရ (၄၃၈) တို့ တင်းဂျန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း ဖမ်းဆီး၊ ထိန်းသိမ်းထားသော တင်းဂျန့်ကျေးရွာသား အယောက် (၇၀) မှ၊ သားသမီး (၄) ဦး၏ မိခင် ဒေါ်ဂွန်ထန်ခေါန်ဘောက်သည် ဂျယ်ယန်းဒုက္ခသည်စခန်းသို့ ထွက်ပြေးလွတ်မြောက်လာကြောင်းသိရှိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်က (၄) ရက်နေ့တွင် ဒေါ်ဂွန်ထန်ခေါန်ဘောက်သည် တင်းဂျန့်ကျေးရွာရှိ မိမိနေအိမ်တွင် နေထိုင်စဉ် မြန်မာ့တပ်မတော် ခလရ (၄၃၈) မှ တင်းဂျန့်ဘုန်းတော်ကြီးကျောင်းအတွင်း ဖမ်းဆီး ထိန်းသိမ်းခြင်းခံရသည်။ ၁၀ ရက်ကြာထိန်းသိမ်းခံရပြီးမှ ရိက္ခာ ထောက်ပို့ စက်လှေဖြင့် ဒါဆိုင်းကျေးရွာသို့ ဇူလိုင်လ (၁၄) ရက်နေ့ တွင် ထွက်ပြေးလွတ်မြောက်လာပြီး၊ ဒါဆိုင်းမှ ဂျယ်ယန်းဒုက္ခသည် စခန်းသို့ ၂ ညအိပ် ၃ ရက်ခရီးဖြင့် ဇူလိုင်လ (၁၈) ရက်နေ့တွင် ရောက်ရှိခဲ့သည်။

ဒေါ်ဂွန်ထန်ခေါန်ဘောက်၏ ပြောဆိုချက်အရ ပထမ ထမ်းဆီးထိန်း သိမ်းခံရသူများထဲတွင် တင်းဂျန့်ကျေးရွာသားများနှင့်တကွ အနယ် နယ် အရပ်ရပ်မှ စီးပွားရှာသူများ၊ ဖြတ်သန်းသွားလာသူများ စုစုပေါင်း အယောက် (၁၂၀) ဦးခန့်ရှိပြီး၊ (၃) ရက်မြောက်နေ့တွင် ကျေးရွာ သားမဟုတ်သော သူများအယောက် (၅၀) ခန့်ကို လွတ်ပေးခဲ့သည်။
ကျေးရွာသားများကို KIA စစ်တပ်တွင် တာဝန်ထမ်းဆောင်သူများဟု စွပ်စွဲချက်ဖြင့် ထိန်းသိမ်းထားခြင်းဖြစ်သည်။ ဖမ်းဆီးထိန်းသိမ်းခံရ သူများထဲတွင် (၈) လ အရွယ်ရင်သွေးများမှ မျက်မမြင်ဒုက္ခိတ၊ သက် ကြီးရွယ်အိုများ အထိပါဝင်သည်။

ထိန်းသိမ်းခံရသူကျေးရွာသားတို့၏ နေထိုင်သည့်အခြေအနေမှာ၊ ဘုန်းကြီးကျောင်းဆောင်တွင်း တစ်ချို့မှာ ကြမ်းခင်းပေါ်၊ တစ်ချို့မှာ မြေကြီးပေါ်တွင် ဖျာ၊ မိုးကာခင်းပြီး နေထိုင်ရကြောင်း၊ မည်သူမှ ရွာအပြင် မထွက်ရဟု တင်းကျပ်စွာ တားမြစ်ထားသည်။ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာနှစ်ဦးကိုမူ စာသင်ကျောင်းသို့ သွားရောက် စာသင်ကြားခွင့်ပြုသည်။ စားရေးသောက်ရေးမှာ ဘုန်းကြီးကျောင်း အနီးအနားတွင် အိမ်ရှိသူများမှာ မိမိနေအိမ်မှ အိုးခွက်၊ ဆန်များ ယူဆောင်ပြီး ချက်ပြုတ်စားသောက်ရကြောင်း၊ စစ်တပ်မှ ရိက္ခာ တစ်စုံတစ်ရာပေးကမ်းခြင်းမရှိပေ။ ထိန်းသိမ်းခံရသူများတွင် ၀မ်းပျက် ၀မ်းလျှောနှင့် အကိုက်အခဲဖျားနာ အဖြစ်များကြောင်း၊ ဆေးတပ်မှ လည်းကုသပေးလျက်ရှိသကဲ့သို့ မိမိတတ်သိဆေးဖြင့် ကုသသူများ လည်းရှိကြောင်း သိရသည်။

သက်လတ်ယောက်ျားများကို ရှေ့တန်းစစ်မျက်နှာသို့ လက်နက်ရိက္ခာ ထမ်းပို့ခိုင်းပြီး၊ ရွာတွင်းတွင် မျက်နှာအုပ်ကာ ချုပ်နှောင်ထားသည်။ ကျေးရွာဥက္ကဌ ဦးတောင်ရန်ကိုမူ တစ်ကိုယ်လုံး နေရာမလွတ်အောင် ရိုက်နှက်နှိပ်စက်ထားသည်ကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရသည်။ ရွာတွင်းရှိ ကျွဲ၊ နွား၊ ကြက်၊ ၀က် တိရိစ္ဆာန်တို့ကို ပစ်ခတ်စားသုံးခြင်း ပြုသကဲ့သို့၊ အိမ်များမှ ငွေကြေး၊ လက်ဝတ်တန်ဆာ၊ ဆန်စပါး၊ ဖုန်း၊ အ၀တ်အထည်များကို မွှေနှောက်သိမ်းယူကြသည်။ သစ်မှောင်ခို သစ်ထုတ်သူများထံမှ ဆက်ကြေး တောင်းယူခြင်းလည်းရှိသည်။ ကျေးရွာတွင်း လက်ရှိ စစ်ဘေးဒုက္ခသည် ခိုလုံရာစခန်းဟု သတ်မှတ်ထားခြင်းမရှိသကဲ့သို့၊ တစ်ဦးတစ်ယောက်မျှ လွတ်မြောက် လာသည့် သတင်းမရရှိသေးကြောင်း ထွက်ပြေးလွတ်မြောက်လာသူ ဒေါ်ဂွန်ထန်ခေါန်ဘောက်၏ ပြောပြချက်အရ သိရှိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။