Sunday, August 19, 2012

ABSDF မြောက်ပိုင်းနဲ့ အစိုးရတပ်ကြား တိုက်ပွဲဖြစ်

(ဘီဘီစီ မြန်မာဌာန)

မြန်မာနိုင်ငံမြောက်ပိုင်း KIA (ကချင်လွတ်မြောက်ရေးတပ်မတော်) ဌာနချုပ်နားက လဂျားယန်တောင်ကုန်းမှာ စခန်းချထားတဲ့ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရပ်တစ် တပ်ဦး) မြောက်ပိုင်း တပ်ဖွဲ့နဲ့ အစိုးရတပ်တွေအကြား စနေနေ့ညနေ ၅ နာရီ လောက်က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

အစိုးရရဲ့ ခလရ (၄၀) တပ်တွေ ABSDF တပ်စခန်းရှိရာနေရာဆီ ရှေ့တိုးတက်လာရာကနေ ရင်ဆိုင်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာလို့ ABSDF မြောက်ပိုင်းကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ စိုင်းလက ဘီဘီစီကို ပြောပါတယ်။

ကျောင်းသားတပ်ဖွဲ့တွေ ဘယ်နေရာမှာ နေရာယူမှု အားပျော့သလဲ ဆိုတာကို သိရဖို့ အစိုးရတပ်ဘက်က သွေးတိုးစမ်းတဲ့အနေနဲ့ ရှေ့တိုးတက်လာတာလို့ ယူဆရကြောင်း ပြောပါတယ်။

ABSDF ကျောင်းသားခေါင်းဆောင်အချို့နဲ့ သမ္မတ ဦးသိန်းစိန် အစိုးရအကြား တွေ့ဆုံမှုတွေရှိခဲ့အပြီးမှာပဲ အခုလို နှစ်ဖက်ကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။

ဒီတိုက်ခိုက်မှုတွေကြောင့် ABSDF နဲ့ အစိုးရကြား တွေ့ဆုံပြောဆိုနေမှု တွေကို ထိခိုက်နိုင်ကြောင်း၊ စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လိုလားတယ်လို့ အစိုးရကပြောနေပေမယ့် စစ်တပ်က ထိုးစစ်ဆင်မှု တွေရှိနေပြီး အစိုးရက သပ်သပ်၊ စစ်တပ်က သပ်သပ်ဖြစ်နေတယ်လို့ စိုင်းလက ပြောပါတယ်။

တိုက်ခိုက်မှုတွေအတွင်း ထိခိုက်သေဆုံးမှုတွေ မရှိဘူးလို့ သိရပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။